နောက်ထပ် မသေမျိုးဘုရင်တစ်ယောက် သေဆုံးသွားလေပြီ..
ဤသည်မှာလည်း သူတို့အားလုံးခဗျာ ဆက်တိုက် အသတ်ခံလိုက်ခြင်းပင်။
မိစ္ဆာနတ်ဘုရားနန်းတော်က မိစ္ဆာမျိုးနွယ်တွေ အကုန် လန့်ဖြန့်ကုန်ကြသည်။
သူတို့အားလုံးက ဝူရန်စီရင်စုမှာ အပီအပြင် ပွဲကြမ်းပြီး လုယက်သတ်ဖြတ်ရင်း ချမ်းသာအောင်လုပ်ဖို့ ရည်ရွယ်ချက်ဖြင့် ရောက်လာခဲ့ကြ၏။
ဘယ်လိုပဲပြောပြော.. လူသားတွေကို သတ်ဖြတ်ရခြင်းက သူတို့မိစ္ဆာတွေအတွက် ဘယ်တုန်းကမှ အန္တရာယ်များသော အလုပ်တစ်ခု မဟုတ်ခဲ့ပေ။
ဒါပေမဲ့ အခုလိုမျိုး အခြေအနေတွေ ပြောင်းပြန်လှန်သွားမည်ဟု မထင်ခဲ့ရိုး အမှန်ပါချေ။
အခုတော့ သူတို့ဘက်က ထိပ်သီးမသေမျိုးဘုရင်သုံးယောက်လုံး အသတ်ခံလိုက်ရပြီ
တစ်ချို့ပါးနပ်သော မိစ္ဆာတစ်ချို့ဆိုလျှင် တစ်ဖြည်းဖြည်း အနောက်ဆုံးတန်းကို သွားနေခဲ့ပြီး အခွင့်အရေးရသည်နှင့် ထွက်ပြေးဖို့ပင် အသင့်ပြင်ထားကြ၏။
ထိုအချိန်တွင် ကံကြမ္မာအရှင်၇ သေဆုံးသွားခဲ့ပြီး ဖြစ်ပြီး လောထျန်းကတော့ လက်မောင်းအရှင်၆ကို အခုထိ ရှာမတွေ့သေးတာမို့ မျက်မှောင်ကြုတ်လိုက်သည်။
“ကောင်းရော.. တကယ် ပုန်းနိုင်တာပဲကွာ”
လောထျန်း မနေနိုင်စွာ ချီးကျူးလိုက်၏။
ထို့နောက် သူ ရုတ်တရက် ကျို့ကုန်း ဘက်လှည့်လိုက်သည်။
ထိုအချိန်မှာ ကံကြမ္မာအရှင်၇၏ သေဆုံးမှုကို မျက်ဝါးထင်ထင် မြင်ထားရ၍ ကျို့ကုန်းက ကြောက်ချီးပါနေပြီဖြစ်သည်။
လောထျန်း လှည့်ကြည့်လာတာကို မြင်သည်နှင့် သူ့ခြေထောက်တွေ ပျော့ခွေသွားသည်မှာ မြေပြင်ပေါ် ဒူးထောက်ကျလုနီးပါးပင်။
“မင်း.. မင်းဘာလုပ်မလို့လဲ” သူ တုန်ယင်စွာ ပြောလိုက်သည်။
လောထျန်းက မျက်မှောင်ကြုတ်နှင့် ကြည့်ရင်း ပြောလိုက်၏။
“ခုနက ဓားကြီးခြောက်ချောင်းနဲ့ကောင်လေ.. သူဘယ်မလဲ”
“ဟမ်” ကျို့ကုန်းကြောင်သွားလေပြီ။
လောထျန်း၏ မေးခွန်းကို သူနားမလည်ဘူး။
ဓားခြောက်ချောင်းနဲ့ကောင် ဟုတ်လား..
သူ လက်မောင်းအရှင်၆ ကို ပြောနေတာများလား။
သူ့ကို လောထျန်းက သတ်ပစ်လိုက်ပြီ မဟုတ်ဘူးလား..
အဲ့ဒါကလည်း တစ်ချက်ထဲနဲ့လေ..
ဒါကို လောထျန်းက ဘာတွေ လာမေးနေတာလဲ..
တစ်ဖက်က လောထျန်းက အဖြေမရသောကြောင့် ဒေါသတွေ အုံကြွလာပြန်သည်။
“မင်းက သူငယ်ချင်းကို သစ္စာရှိသားပဲ”
လောထျန်းက ပြောပြီး ခြေတစ်လှမ်းတိုးလိုက်သည်။
ဝူး
လောထျန်း၏ ခန္ဓာကိုယ်က လူသတ်အရိပ်အငွေ့တွေက ကျို့ကုန်းကို ချက်ချင်း လွှမ်းခြုံပစ်လိုက်၏။
“မင်း..မင်း” လူသတ်အရိပ်အငွေ့တွေ လွှမ်းခြုံခံလိုက်ရသော ကျို့ကုန်းတစ်ယောက် လှုပ်ရှားဖို့မပြောနှင့်၊ အသက်ရှုတောင် မရှုဝံ့တော့ပေ။
လောထျန်းကို ကြောက်ရွံ့စွာကြည့်ရင်း.ကြီးစွာ နောင်တရနေတော့သည်။
သူ..သူဘာလို့ အနှီလူသားကို ရန်စမိခဲ့ရတာလဲ။
“မပြောဘူးပေါ့လေ” လောထျန်း အေးစက်စွာ မေးလိုက်သည်။
ကျို့ကုန်း ကြားသည်နှင့် မျက်နှာတစ်ခုလုံး ဖြူစွတ်သွားတော့၏။
“သူ.. သူသေပြီ”
ဟိုကောင်ကဖြင့် သေသွားပြီကို.. ဘယ်ရောက်သွားမှန်း သူက ဘယ်လိုလုပ် သိမှာတုန်းလို့။
ထိုစကားကြောင့် လောထျန်း မျက်လုံးထဲ အေးစက်သော အလင်းတစ်ချို့ ဖြတ်ပြေးသွားတော့သည်။
“မင်းမှာ အားကိုးစရာ ရှိနေသေးပုံပဲ.. ကြည့်ရတာ ကျုပ်မင်းကို အထင်သေးမိခဲ့တယ်။ အခုထက်ထိတောင် မင်းက သူငယ်ချင်းကို.သစ္စာဖောက်ဖို့ ငြင်းသေးတယ်ပေါ့လေ.. ရတယ်၊ အခုမလိုတော့ဘူး။ မင်းလဲငရဲကိုသွားလိုက်တော့”
လောထျန်း ပြောပြီးသည်နှင့် ကျို့ကုန်းကို လက်ဝါးနှင့် ရိုက်ချလိုက်သည်။
ဘုန်း
ကျို့ကုန်းတစ်ယောက် ချက်ချင်းကို သွေးမြူအဖြစ် ပေါက်ကွဲသွားလေရဲ့။
ကျို့ကုန်း၏ ဝိညာဥ်ပါမကျန် ပျက်ဆီးသွားခဲ့သည်။
ထိုမြင်ကွင်းကြောင့် လဲ့ထျန်နှင့် တစ်ခြားသူတွေ ခဏတာ ဘာလုပ်ရမည် မသိတော့ပေ။
“ကျို့ကုန်း.. အဲ့မကောင်းဆိုးဝါး.. သေပြီလား”
“ဒီကောင်တကယ် သေပြီလား”
“ဟဟ၊ ကောင်းတယ်၊ အဲ့ကောင်က သေသင့်တဲ့ကောင်”
အသက်ရှင်ကျန်ရစ်ခဲ့သော လူတစ်ချို့သည် ပြင်းထန်စွာဒဏ်ရာရနေသော မိတ်ဆွေများကို တစ်လှည့်၊ သေဆုံးသွားရရှာသော မိတ်ဆွေများကို တစ်လှည့်ကြည့်လိုက်ပြီး မျက်ရည်များ မထိန်းနိုင်စွာ စီးကျလာလေတော့သည်။
ကျို့ကုန်းက သူတို့ကို သေလောက်အောင် အနိုင်ကျင့်ခဲ့သည်။
အခုတော့ သူတို့တွေ လက်စားချေနိုင်ခဲ့ပြီ။
ထိုအချိန်မှာ တစ်ဖက်က မြူခိုးအရှင်၁ကတော့ မျက်စိရှေ့က မြင်ကွင်းကို အလွန်ဆွံ့အဟန်ဖြင့် ကြည့်နေလေ၏။
“ဘာ..ဘာတွေ ဖြစ်နေတာလဲ”.
သူလုံးဝ မှင်သက်နေခဲ့သည်။
သူက အခမ်းအနားကို စတင်နိုင်ရန်အတွက် လောထျန်းကို အချိန်ဆွဲဖို့ ထိုသုံးယောက်ကို ခိုင်းစေခဲ့သည်။
ဒါပေမဲ့ မျက်စိတစ်မှိတ်အတွင်းမှာ ထိုသုံးယောက်လုံး သေသွားလိမ့်မယ်လို့ ဘယ်သူ ထင်ခဲ့မိမှာလဲ။
ဒါပေမဲ့ သူတို့သေသွားပြီဆိုတော့ သူ ဘာဆက်လုပ်ရတော့မှာလဲ..
အခမ်းအနားပွဲက စတင်ခဲ့ချေပြီ..
လောထျန်းသာ သူ့ကိုလာသတ်ခဲ့ရင် သူတစ်ယောက်ထဲ သေရမှာမဟုတ်ဘူး၊ ဒါဆို အခမ်းအနားကိုပါ နှောက်ယှက်ခံရလိမ့်မည်။
မြူခိုးအရှင်၁ တစ်ယောက် ဘာဆက်လုပ်ရမည်ကို တကယ် မသိတော့ပေ။
လောထျန်းသူ့ကို တိုက်ခိုက်လာမှာ စိုး၍ ကြောက်ရွံ့စွာပဲ စိုက်ကြည့်နေနိုင်တော့သည်။
သို့ပေမဲ့လောထျန်းက သူ့ကို သတိမထားမိဘဲ ထိုအစား ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်နေခဲ့သည်။
“ထူးဆန်းတယ်၊ အဲ့ကောင် ဘယ်ရောက်သွားတာလဲ။ ဒီလိုပြေးနိုင်ဖို့ ဘယ်တုန်းတည်းက ပြင်ဆင်ခဲ့တာများလဲ”
လောထျန်း ခပ်တိုးတိုး ပြောနေခဲ့သည်။
ထိုအချိန်မှာပဲ ဝေ့လင်ယွီက လောထျန်းဘက်ကို သတိကြီးကြီး တိုးကပ်လိုက်ပြီး တိုးညှင်းသောလေသံဖြင့် ပြောလိုက်၏။
“အဟမ်း.. သခင်လေး လောထျန်း၊ ကျွန်မ မေးချင်လို့ပါ၊ သခင်လေး ဘာကိုရှာနေတာလဲဟင်”
လောထျန်း မျက်မှောင်ကြုတ်နှင့်ပဲ ဖြေပေးလိုက်သည်။
“ကျုပ်က ဓားခြောက်ချောင်းနဲ့ကောင်ကို ရှာနေတာ၊ သူ့ကိုမတွေ့တော့ဘူး။ ကြည့်ရတာ အမှောင်ထဲပုန်းနေပြီး ချောင်းတိုက်မလို့ နေမယ်”
ဝေ့လင်ယွီ မှင်သက်သွားလေ၏။
“မ..မတွေ့တော့ဘူး ဟုတ်လား”
လောထျန်း ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်၊ ကျုပ်သူ့ကို အစောပိုင်းတိုက်ခိုက်တုန်းက ကျုပ်ရဲ့ တိုက်ကွက်က မပြည့်စုံခဲ့ဘူး။ အဲ့ဒါကို အာရုံစိုက်နေမိတာနဲ့ အဲ့ကောင်ကို မျက်စိအောက်က လွတ်သွားတယ်ဗျာ။ အခု ဘယ်ပျောက်သွားမှန်းကို မသိတော့ဘူး”
လောထျန်း သက်ပြင်းချလိုက်သည်။
သူသာ ကောင်းကင်ဘုံလက်သီးသိုင်းကို သေချာလေ့ကျင့်ခဲ့ပြီး အခုလိုမျိုး တိုက်ပွဲမှာမှ လေ့ကျင့်ဖို့အသုံးမပြုခဲ့လျှင် တိုက်နေရင်း သတိလွတ်မှာမဟုတ်ခဲ့ပေ။
ဒါဆိုရင် ထိုကောင်အခုလို မလွတ်မြောက် နိုင်ဘူး။
ဝေ့လင်ယွီတစ်ယောက် အချိန်အကြာကြီး အာစေးမိနေပြီးမှ နောက်ဆုံး ပြောလာခဲ့သည်။
“သခင်လေး ပြောနေတဲ့သူက.. မိစ္ဆာနတ်ဘုရားနန်းတော်က လက်မောင်းအရှင်၆လား”
လောထျန်း အံ့သြစွာပဲ သူမကို ချက်ချင်း လှည့်ကြည့်လိုက်တော့သည်။
“ဟုတ်တယ်..သူပဲ။ သူဘယ်ရောက်သွားလဲ တွေ့လိုက်လား”
ဝေ့လင်ယွီ၏ နှုတ်ခမ်းက တွန့်လိမ်သွားပါတော့သည်။
“ကျွန်မတွေ့လိုက်တာပေါ့”
“အိုး ဒါဆို ဘယ်မှာလဲ” လောထျန်း မေးလိုက်သည်။
ဝေ့လင်ယွီ၏ မျက်နှာထက်မှာ ကူကယ်ရာမဲ့သော အမူအရာတစ်ခု ရှိနေသည်။
“သူ သေပြီလေ”
“ဟမ်” လောထျန်း ခဏမျှ အံ့သြသွားသည်။
ဝေ့လင်ယွီကပဲ ဆက်ရှင်းပြပေးလိုက်၏။
“သခင်လေး ဓားနဲ့ခုတ်လိုက်တဲ့အချိန်မှာ လက်မောင်းအရှင်၆ရဲ့ ခန္ဓာကော ဝိညာဥ်ပါမကျန် ပျောက်ကွယ်ခဲ့တာပါ..”
ထိုစကားကြောင့် လောထျန်း လုံးဝ အံ့သြသွားတော့သည်။
သူကိုင်ထားတဲ့ လက်ထဲကဓားကို ချက်ချင်း ငုံ့ကြည့်လိုက်ပြီး ခပ်တိုးတိုး ပြောလိုက်၏။
“မဖြစ်နိုင်တာ.. အဲ့ဒီဓားချက်မှာ အစွမ်းက မပါသလောက်ပဲကို။ အဲ့ကောင်က ဘယ်ကဘယ်လို သေသွားရတာတုန်း”
တကယ်ကို လောထျန်းတစ်ယောက် ထိုဓားချက်ကို မအောင်မြင်သော ဓားချက်တစ်ခုအဖြစ်သာ သတ်မှတ်ထားခဲ့လေ၏။
ထိုကြောင့် လက်မောင်းအရှင်၆၏ သေဆုံးမှုက သူ့ကိုမှင်သက်စေခဲ့သည်။
ဝေ့လင်ယွီခဗျာ နာကျင်စွာထိုးကိုက်လာသော ဦးခေါင်းနှင့် ခပ်တိုးတိုးပြောလိုက်လေ၏။
“သူ တကယ်သေသွားပါပြီရှင်၊ ကျွန်မ သေချာမြင်လိုက်ပါတယ်”
လောထျန်း ကြားတော့ မနေနိုင်စွာ ပင့်သက်ရှိုက်လိုက်ပြီးမှ ကျို့ကုန်းသေဆုံးသွားခဲ့သော နေရာကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဒါဆို ဒီကျို့ကုန်းဆိုတဲ့ကောင်က ကျုပ်ကို မလိမ်ခဲ့ဘူးပေါ့”
ဝေ့လင်ယွီ ကူကယ်ရာမဲ့စွာ ခေါင်းညိတ်ပြလိုက်သည်။
လောထျန်း ရုတ်တရက် အနေခက်သွားကာ အကြိမ်ရေတစ်ချို့ ခြောက်ကပ်စွာဖြင့် ရယ်မောလိုက်လေ၏။
“ကျုပ်ကဖြင့်.. ဒီကောင်က တော်တော် ခေါင်းကြောမာတယ်၊ ဘာညာ တွေးနေခဲ့တာ။ ဒီလိုဖြစ်မယ်မှန်း မသိခဲ့ဘူး။ ဟားဟားဟား”
ဝေ့လင်ယွီ လုံးဝကို ပြောစရာစကား ပျောက်ဆုံးသွားချေပြီ။
ထိုအချိန်မှာပဲ လဲ့ထျန်က အဝေးကနေ ရုတ်တရက်လှမ်းအော်လိုက်သည်။
“သခင်လေး၊ ရန်သူကို လုံးဝမချေမှုန်းရသေးပါဘူး”
ဟမ် လောထျန်း အသံကြား၍ လှည့်ကြည့်လိုက်သည်။
ထိုအချိန်မှာ လဲ့ထျန်း၏ ဒဏ်ရာကနဲနဲ သက်သာလာပြီဖြစ်ပြီး ပျံသန်းနိုင်နေခဲ့ပြီ။
လဲ့ထျန်က လောထျန်း၏ဘေးကို ရောက်လာပြီး တုန်ယင်စွာ ဆိုလာခဲ့သည်။
“သခင်လေးလောထျန်း၊ ဟိုကောင်ရဲ့ နာမည်က မြူခိုးအရှင်၁ပဲ။ သူက မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ အဆင့်တစ် ပညာရှင်တစ်ယောက်.. သူတစ်ခုခု ကြံစည်နေပုံရတယ်။ သခင်လေး ဂရုစိုက်ပါဗျ”
လောထျန်း ထိုစကားကြောင့် မြူခိုးအရှင်၁ ဘက်ကို လှည့်ကြည့်လိုက်သည်။
ထိုသူခမျာ လောထျန်း၏ အကြည့်ကို လက်ခံရသည်နှင့် တစ်ကိုယ်လုံး တုန်ယင်သွားရှာသည်။
“ချီးပဲ၊ အချိန်နဲနဲပဲ လိုတော့တာကို
မြူခိုးအရှင်၁ စိတ်ထဲမှာ စိတ်ပျက်သွားခဲ့ပေမဲ့ ဒီအချိန်မှာ သူဘာမှ မတတ်နိုင်ခဲ့ဘူး”
လောထျန်းက မြူခိုးအရှင်၁ကို မျက်မှောင်ကြုတ်ဖြင့် ကြည့်လိုက်သည်။
လောထျန်း တိုက်ခိုက်တော့မည့် အချိန်မှာပဲ..
ဝုန်း
တိုက်ပွဲကွင်းပြင်ထဲမှာ ရဲရဲတောက်နေသော နေလုံးတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဘိ
မှောင်မဲနေသော ပတ်ဝန်းကျင်သည် ချက်ချင်း တောက်ပသွားလေ၏။
“ဟမ်”
ကောင်းကင်ကို မော့ကြည့်နေရင်းမှ လောထျန်းမျက်နှာပေါ်မှာ ရှုတ်ထွေးရိပ်တို့ ထင်ဟပ်လာသည်။
ထိုအချိန်မှာပဲ လူသားမျိုးနွယ်ကော၊ မိစ္ဆာမျိုးနွယ်ကော မကျန်.. တိုက်ပွဲကွင်းပြင်တွင်ရှိနေသော သက်ရှိများထံမှ နာမည်တစ်ခုကို ရေရွတ်သံက တပြိုင်နက်ထဲ ထွက်ပေါ်လာ၏
“နေမင်းကိုးသွယ် ဆယ်ဘွဲ့ရမသေမျိုးဘုရင်”
***