“နေမင်းကိုးသွယ်ဆယ်ဘွဲ့ရမသေမျိုးဘုရင် ဟုတ်လား”
လောထျန်း အနည်းငယ် ခေါင်းမော့ကြည့်လိုက်၏။
နာမည်ကြည့်ရသလောက် ထိုသူက ကျိလန်ဒေသ၏ ထိုဆယ်ဘွဲ့ရမသေမျိုးဘုရင် ဖြစ်တန်ရာသည်။
မြူခိုးအရှင်၏ မျက်နှာမှာလည်း ထိတ်လန့်ရိပ်တို့ ထင်ဟပ်နေသည်။
နေမင်းကိုးသွယ်ဘုရင်က အဘယ်ကြောင့် ပေါ်လာရပါသနည်း။
သူတို့ မိစ္ဆာနတ်ဘုရားနန်းတော်က အချိန်ကိုတွက်ချက်ပြီးမှ ဝူရန်စီရင်စုကို တိုက်ခိုက်ခဲ့တာပင်။.အခုလောက်ဆိုရင် နေမင်းကိုးသွယ်ဆယ်ဘွဲ့ရမသေမျိုးဘုရင်က တံခါးပိတ်ကျင့်ကြံမှုမှာပဲ ရှိနေသင့်သေး၏။
ဒါပေမဲ့ ဒီလူတကယ်ကြီး ပေါ်လာလိမ့်မည်လို့ ဘယ်သူ ထင်ခဲ့မိမှာလဲ။
အခုချိန်မှာ ရောက်လာတာက အနီရောင်နေလုံးတစ်ခုထဲပဲ ဆိုပေမဲ့..
ဒီအချက်ကပဲ နေမင်းကိုးသွယ်ဘုရင်က ကျိလန်ဒေသကို.စောင့်ကြည့်နေဆဲဆိုတာ သိသာစေပါသည်။
ထိုသူသာ မိစ္ဆာနတ်ဘုရားနန်းတော်၏ လုပ်ရပ်ကို သံသယဝင်သွားခဲ့ရင် အကုန်ပြီးဆုံးသွားလိမ့်မည်။
ဒါပေမဲ့ သူတို့ဘက်ကလည်း အစီအစဥ်ကို စတင်လိုက်ခဲ့ပြီ..
ဒါက လေးပေါ်တင်ကာချိန်ရွယ်ပြီးသော လေးမြှားတစ်ခုလိုမျိုး နောက်ပြန်ဆုတ်လို့ မရတော့ချေပြီ။
နေမင်းကိုးသွယ်ဘုရင် ရောက်လာခဲ့ရင်တောင်မှ တားနိုင်မှာ မဟုတ်ဘူး။
မြူခိုးအရှင်၁၏ မျက်လုံးထဲ စိတ်ပိုင်းဖြတ်မှု တစ်ချို့ ဝင်ရောက်လာပြီး ဦးညွတ်အရိုအသေပေးလိုက်တော့သည်။
“မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မြူခိုးအရှင်၁ က နေမင်းကိုးသွယ်ဘုရင်ကို အရိုအသေပေးပါတယ်။ မသေမျိုးဘုရင် ဘာကြောင့်ရောက်လာသလဲ မေးလို့ရမလားဗျ”
ထိုအချိန်မှာပဲ နေလုံးနီဆီမှ အသံတစ်ခု ထွက်လာသည်။
“မိစ္ဆာနတ်ဘုရားနန်းတော်၊ ငါ ပြတ်ပြတ်သားသား ပြောခဲ့ဖူးမယ် ထင်တယ်။ ဝူရန်စီရင်စုကို ဖျက်ဆီးလို့ မရဘူး။ မင်းတို့ မိစ္ဆာနတ်ဘုရားနန်းတော်က ကောင်တွေ ကန့်သတ်ထားတာတွေ ဖယ်ပြီး ကိုယ့်နေရာကိုယ် ပြန်လိုက်ကြစမ်း။ ပြီးသွားတဲ့ကိစ္စတွေကို ငါပြန်မပြောဘူး”
နေမင်းကိုးသွယ်ဘုရင်၏ အသံက မဟာခေါင်းလောင်းကြီးတစ်ခုလို ကောင်းကင်နှင့်မြေကြီးကြား ပဲ့တင်ထပ်နေသည်။
စကားတစ်ခွန်းဆီတိုင်းမှာ ပါနေသော ဖိအားက လူတွေကို မနာခံဘဲမနေနိုင်အောင်.ပြုလုပ်နေ၏။
လဲ့ထျန်နှင့် တစ်ခြားသူတွေအားလုံး တုန်ယင်သွားကြသည်။
“ဒါ..နေမင်းကိုးသွယ်ဘုရင်က မိစ္ဆာနတ်ဘုရားနန်းတော်ကို တကယ်ကြီး ပြန်ဆုတ်ခိုင်းလိုက်တာလား”
“ကျုပ်တို့ ဝူရန်စီရင်စုက မဖျက်ဆီးခံရတော့ဘူးပေါ့”
“ကောင်းတယ်၊ ကောင်းတယ်”
သူတို့တွေအနေနဲ့ နေမင်းကိုးသွယ်ဘုရင်က အခုလိုမျိုး သူတို့ဘက်က တရားမျှတမှုရှာဖွေပေးမည်ဟု ဘယ်တုန်းကမှ မမျှော်လင့်ရဲခဲ့ပါချေ။
ဒါက သူတို့အတွက် အကောင်းဆုံးသော.သတင်းကောင်းပဲ။
သို့ပေမဲ့ တစ်ဖက်က မိစ္ဆာဂိုဏ်းသားတွေခဗျာ ထိုစကားကိုကြားပြီး မိုးကြိုးထိမှန်သွားသလို ခံစားလိုက်ရလေ၏။
“နေမင်းကိုးသွယ်ဘုရင်၊ ဒါဘာကိုပြောတာပါလဲ”
မိစ္ဆာဂိုဏ်းသားတစ်ယောက်က အနည်းငယ် အာခံချင်ဟန်ဖြင့် မေးလိုက်သည်။
“ဟုတ်တယ်၊ နေမင်းကိုးသွယ်ဘုရင်ကလည်း မိစ္ဆာမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ပါရက်နဲ့ ဘာကြောင့်များ လူသားတွေအစား ပြောပေးနေရတာလဲ”
တစ်ခြားမိစ္ဆာ၏ ဒေါသတကြီး မေးခွန်းထုတ်သံလည်း ထွက်လာပြန်သည်။
“နေမင်းကိုးသွယ်ဘုရင်က မမျှတဘူး”
မိစ္ဆာဂိုဏ်းသားတွေ တစ်ယောက်ပြီးတစ်ယောက် မကျေနပ်ကြောင်း ပြောလာကြသည်။
ထိုအချိန်မှာ အနီရောင်နေလုံးဆီမှ အေးစက်သော နှာမှုတ်သံတစ်ခု ကြားလိုက်ရ၏။
ချက်ချင်းပဲ
ဘုန်း
မိစ္ဆာနတ်ဘုရားနန်းတော်၏ မိစ္ဆာဂိုဏ်းသားတွေပေါ်ကို ဖိအားလှိုင်းတစ်ခု ရုတ်ချည်းပြုတ်ကျလာလေသည်။
ဘုတ်
ထိုဖျော့တော့သော ဖိအားနှင့်ပင် မိစ္ဆာဂိုဏ်းသားတွေအကုန် မခံနိုင်စွာ ဒူးထောက်လိုက်ကြသည်။
တစ်ချို့အားနည်းသူများဆိုလျှင် နေရာမှာတင် သွေးအန်ပြီး လဲကျသွားတော့၏။
မြူခိုးအရှင်၁ အံ့သြစွာ ပြောလိုက်သည်။
“နေမင်းကိုးသွယ်ဘုရင်၊ ဒါဘာကိုဆိုလိုတာပါလဲ”
တစ်ဖက်ကလူက အေးစက်စွာ မဲ့လိုက်ရင်း.ပြန်ပြောလာခဲ့သည်။
“ဘာကိုဆိုလိုတာလဲ ဟုတ်လား။ မင်းတို့ မိစ္ဆာနတ်ဘုရားနန်းတော်က ဒီဘုရင်ရဲ့အမိန့်ကို ပွင့်ပွင့်လင်းလင်းကြီး ငြင်းဆန်ရဲတဲ့ သတ္တိရှိနေတယ်ပေါ့လေ။ ငါကလတစ်ချို့ တံခါးပိတ်ကျင့်ကြံလိုက်မိတာ။ ကျိလန်ဒေသတစ်ခုလုံးကို မိစ္ဆာနတ်ဘုရားနန်းတော်က ပိုင်သွားမှန်း မသိခဲ့ဘူးပဲ”
ထိုစကားကြောင့် မြူခိုးအရှင်၁ အနည်းငယ် မျက်နှာပျက်သွားသည်။
“နေမင်းကိုးသွယ်ဘုရင်၊ ဒီကိစ္စက ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်ဘက်က တုံးအခဲ့တာပါ။ အပြစ်မမြင်ပါနဲ့.. ကျွန်တော် ဒီနေရာမှာပဲ တောင်းပန်ပါတယ်”
သူ ချက်ချင်းပဲ ခါးကိုင်းချလိုက်သည်။
သို့ပေမဲ့ ခါးပြန်မတ်ပြီးတာနဲ့ သူက တစ်ဆတ်ထဲ ပြောလိုက်လေသည်။
“ဒါပေမဲ့ နေမင်းကိုးသွယ်ဘုရင်ရဲ့ ပြန်ဆုတ်မိန့်ကို လက်မခံနိုင်မှာ စိုးရပါတယ်ဗျ”
“မင်း ဘာပြောတယ်ကွ”
နေမင်းကိုးသွယ်ဘုရင်၏ အသံက ပိုမိုအေးစက်လာသည်။
ချက်ချင်းပဲ မြူခိုးအရှင်၁အပေါ် လေးလံသော လူသတ်ဖိအားတွေ ကျဆင်းလာသည်။
သို့ပေမဲ့ မြူခိုးအရှင်၁က မကြောက်ရွံ့သွားပဲ ဂုဏ်ယူဟန်ဖြင့် ပြောလိုက်သည်။
“ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်နဲ့ ဝူရန်စီရင်စုကြားမှာ အမြဲတမ်း ကတောက်ကဆတွေ ရှိနေခဲ့တာပါ။ အခု သူတို့ဘက်က အရင်ရန်စခဲ့တာမဟုတ်ရင် ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားနန်းတော်က တိုက်ခိုက်ဖို့ ကြိုးစားမှာ မဟုတ်ပါဘူးဗျ”
“ဒါ့အပြင် ကျွန်တော်တို့ဘက်က ကျိလန်ဒေသရဲ့ စည်းမျဥ်းနဲ့အညီ ကျိလန်ဖယ်ထုတ်ခြင်းပွဲကိုလည်း လုပ်ဆောင်ပြီးပါပြီ။ နေမင်းကိုးသွယ်ဘုရင်ရဲ့ စကားတစ်ခွန်းနဲ့ နောက်ပြန်ဆုတ်လို့ မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလား”
မြူခိုးအရှင်၁က စည်းမျဥ်းဆိုသော စကားလုံးကို အသုံးပြု၍ နေမင်းကိုးသွယ်ဘုရင်ကို ချည်တုတ်ဖို့ကြိုးစားသည်။
ဒါပေမဲ့ နေမင်းကိုးသွယ်ဆယ်ဘွဲ့ရ မသေမျိုးဘုရင်က ခြောက်ကပ်စွာ ရယ်မောလိုက်လေသည်။
“ကတောက်ကဆ အခြေအနေ.. တရားမျှတမှုအတွက်.. ဟုတ်လား။ဟဟ၊ အဲ့ဒါသာ အမှန်ဆိုရင် ဒီ စတေးခံအစီအရင်တွေက ဘာတွေလဲ”
စတေးခံအစီအရင်တွေဆိုတဲ့ စကားလုံးကို ကြားသည်နှင့် မြူခိုးအရှင်၁ မျက်နှာကို မထိန်းနိုင်တော့ပေ။
တစ်ဖက်သူက အခုလောက် လျှင်မြန်စွာ သိသွားမည်ဟု မထင်ခဲ့သောကြောင့် သူ့မျက်လုံးထဲ အံ့သြရိပ်တစ်ချို့ စွန်းထင်းလာ၏။
ထိုစတေးခံအစီအရင်များသည် မိစ္ဆာနတ်ဘုရားနန်းတော်၏.အကြီးဆုံး လျှို့ဝှက်ချက် ဖြစ်လေသည်။
နေမင်းကိုးသွယ်ဘုရင်သာ သိသွားခဲ့ရင် ဒုက္ခများကုန်လိမ့်မည်။ ထို့ကြောင့် သူ.လုံးဝ ဝန်ခံလို့ မရပါချေ။
“နေမင်းကိုးသွယ်ဘုရင် ဘာပြောနေလဲ ကျွန်တော်မသိပါဘူး”
မြူခိုးအရှင်၁က မျက်လုံးများကျဥ်းမြှောင်းရင်း ဆိုလိုက်သည်။
နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ မဲ့လိုက်တော့သည်။
“အေး၊ ငါပြောတာကိုနားမလည်ရင် စောက်စကားအပိုတွေ တစ်ခွန်းမှ ဟဖို့ မကြိုးစားနဲ့။ ငါမင်းကို.နောက်ဆုံးအခွင့်အရေး ပေးမယ်။ ဒီနေရာက လစ်လိုက်တော့၊ မဟုတ်ရင် ငါမင်းကိုအခုပဲ သတ်ပစ်မယ်”
နေမင်းကိုးသွယ်ဘုရင်၏ လေသံထဲက လူသတ်ငွေ့များကို ဖုံးကွယ်မထားခဲ့ပါချေ။
တစ်ဖက်သူ၏ လူသတ်အရိပ်အငွေ့က မသေမျိုးဘုရင်နယ်ပယ်အဆင့်ကိုး ရှိသော အဆင့်မြင့်ကျင့်ကြံသူ မြူခိုးအရှင်၁ အတွက်ပင် ခုခံဖို့ မစွမ်းသာခဲ့ဘူး။
ခုခံဖို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူးလေ..
ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်ရဲ့ အစွမ်းက သာမာန်မသေမျိုးဘုရင်တစ်ယောက်နဲ့ တူညီမတဲ့လား..
သို့ပေမဲ့ မြူခိုးအရှင်၁က လက်မလျော့ချင်သေးပေ။
ထို့ကြောင့် နေမင်းကိုးသွယ်ဘုရင်၏ လူသတ်အရိပ်အငွေ့တွေကို တောင့်ခံရင်း အံကြိတ်ကာပြောလိုက်၏။
“ဒီကိစ္စက.. ကျွန်တော်တို့ မိစ္ဆာနတ်ဘုရားရဲ့ ဆုံးဖြတ်ချက်ပါဗျ။ ကျွန်တော်သူ့ကို မဆက်သွယ်ပဲ မနေရဲပါဘူး”
သူသည် အပြစ်အားလုံးကို မိစ္ဆာနတ်ဘုရားအပေါ် လွှဲချလိုက်တော့သည်။
နေမင်းကိုးသွယ်ဘုရင်ဘက်က စာနာမှုတစ်ချို့ ပြပေးဖို့ပဲ မျှော်လင့်ရပါ၏။
သို့ပေမဲ့ နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။
“မင်းက သနားစရာကောင်ကိုသုံးပြီး ငါ့ကို ခြိမ်းခြောက်နေတာလား။ ကောင်းပြီ၊ မိစ္ဆာနတ်ဘုရားကို ဒီခေါ်လိုက်စမ်းပါ။ ငါနဲ့တိုက်ရိုက်ပြောခိုင်းလိုက်။ အဲ့ကောင် ဆန့်ကျင်ရဲသလား ငါကြည့်မယ်”
နေမင်းကိုးသွယ်ဘုရင်၏ စကားကိုနားထောင်ပြီးမှ မြူခိုးအရှင်၁ က စိတ်သက်သာစွာ သက်ပြင်းတစ်ချက်ချပြီး ခေါင်းညိတ်လိုက်သည်။
“ဟုတ်ကဲ့၊ ဒါဆိုခဏစောင့်ပါဗျ”
ထိုအချိန်မှာပဲ တစ်ဖက်က လေ့လာနေသော လောထျန်းကို မြင်သွား၍ မြူခိုးအရှင်၁၏ လက်လှုပ်ရှားမှုက ပို၍ပင် မြန်ဆန်သွားတော့သည်။
ဘိ
ချက်ချင်းပဲ မြူခိုးအရှင်၁၏ ပတ်ပတ်လည်မှာ ထွင်းစာတစ်ချို့ ဝဲပျံလာကာ ပတ်ဝန်းကျင်ပင် ပြောင်းလဲမှုတစ်ချို့ ကြုံတွေ့လိုက်ရသလို လှုပ်ရှားသွား၏။
“ဆင့်ခေါ်သိုင်းပဲ.. သူ မိစ္ဆာနတ်ဘုရားကို ဒီနေရာကို ဆင့်ခေါ်မလို့လား”
လောထျန်းဘေးက ဝေ့လင်ယွီက ဖြူဖွေးသွားသော မျက်နှာနှင့် ပြောလိုက်တော့သည်။
လောထျန်း သူမကို ချက်ချင်း လှည့်ကြည့်လိုက်ကာ
“ဘာဖြစ်လို့လဲ”
ဝေ့လင်ယွီ၏ တစ်ကိုယ်လုံးက တုန်ယင်နေချေပြီ
“သခင်လေး မသိဘူး..အဲ့ဒီမိစ္ဆာနတ်ဘုရား နန်းတော်ရဲ့ မိစ္ဆာနတ်ဘုရားက ရက်စက်ကြမ်းကြုတ်ပြီး ကြောက်ဖို့ကောင်းတဲ့ မိစ္ဆာတစ်ကောင်ပဲ။ ကျွန်မတို့ ဝူရန်စီရင်စုမှာ ကြောက်စရာကောင်းတဲ့ သူ့အကြောင်းကို ငယ်ငယ်တည်းက လူကြီးတွေက ပြောပြခဲ့ကြတယ်”
“ဝူရန်စီရင်စု.. မဟုတ်ဘူး ကျိလန်ဒေသရဲ့ ဘယ်လူသားအိမ်မှာမဆို မိစ္ဆာနတ်ဘုရားဆိုတဲ့ နာမည်ကို ကြားတာနဲ့ အဲ့ဒီအိမ်ရဲ့ ကလေးတိုင်း ကြောက်ပြီးငိုကြွေးကုန်ကြတယ်ရှင့်”
ဝေ့လင်ယွီတစ်ယောက် စကားပြောနေစဥ်မှာပဲ သူမ၏ ခန္ဓာကိုယ်ဟာ ကြောက်လန့်တကြား တုန်ယင်နေရှာသည်။
လောထျန်း မျက်တောင် တဖြတ်ဖြတ် ခတ်လိုက်ပါ၏။
“မိစ္ဆာနတ်ဘုရား.. ငါအဲ့နာမည်ကို ဘယ်မှာ ကြားဖူးနေပါလိမ့်” သူဘယ်လိုမှ စဥ်းစားမရခဲ့ချေ။
ထို့နောက် လောထျန်းက နေလုံးနီဘက်ကို မျက်နှာမူပြီး မျက်မှောင်ကြုတ်နှင့် တွေးလိုက်ပြန်၏။
“ပြီးဒီကောင့်အသံရောပဲ.. ငါဘယ်မှာ ကြားဖူးနေတာလဲ”
***