ခေါင်းတလားထဲမှ ထွက်လာသော ပုံရိပ်သည် သုံးကျန်းခန့်မြင့်မားသော အရပ်ကို ပိုင်ဆိုင်ထားပြီး ပိန်ခြောက်နေသော အသားအရေ ရှိသည်။
သေချာ အနီးကပ်ကြည့်ရှုလိုက်လျှင် နီရဲနေသော အရိုးစုများဖြင့်သာ တည်ဆောက်ထားမှန်း တွေ့ရလိမ့်မည်။
ဦးခေါင်းပါမကျန် တစ်ကိုယ်လုံးက အရိုးစုသာ ရှိတော့သည်။ ထိုသူ၏မျက်လုံးနှစ်ဖက်ကနေ မြေအောက်လောက၏ ဝိညာဥ်မီးတောက်တို့ လောင်ကျွမ်းနေသည့်အတွက် အလွန်ကျောချမ်းဖွယ် မြင်ကွင်းတစ်ခုပါပင်။
ထို့အပြင် ခန္ဓာကိုယ်ပတ်ပတ်လည်ကို မည်းနက်နေသော တစ္ဆေစွမ်းအင်များက အမဲရောင်ခြုံထည်တစ်ခုနှယ် ဝန်းရံထား၏။
ထိုခြုံထည်အနက်ကြီးဆီကနေ ခြောက်ခြားဖွယ် ညည်းသံတို့က မပြတ် ကြားနေရပြန်သေးသည်.. မသိလျှင် ထောင်ပေါင်းများစွာသော ဝိညာဥ်များကို မကျွတ်မလွတ်အနေအထားဖြင့် ဖမ်းဆီးထားသည့်အတိုင်း။
လောထျန်း ထိုသူကိုကြည့်နေရင်း ပါးစပ်ဟဖို့ ပြင်လိုက်သည်။
သို့ပေမဲ့ လဲ့ထျန်ထံမှ တုန်ယင်နေသော အသံကိုသာ ဦးစွာကြားလိုက်ရ၏။
“ဒါ..ဒါဘာကြီးလဲ”
“ဟမ်၊ မင်းတို့ပြောတော့ မိစ္ဆာနတ်ဘုရားကို ခေါ်မှာဆို..သူက မိစ္ဆာနတ်ဘုရား မဟုတ်ဘူးလား”
လောထျန်း ချက်ချင်းပဲ လဲ့ထျန်ကို လှမ်းမေးလိုက်ပါ၏။
လဲ့ထျန်က အလျင်စလို ခေါင်းယမ်းပြလာသည်။
“ဒါ မိစ္ဆာနတ်ဘုရားမဟုတ်ဘူး.. ကျုပ်သူ့ရဲ့ ပုံတူပန်းချီကိုမြင်ဖူးတယ်။ သူက ကျော့မော့သန့်ရှင်းပြီး အမျိုးကောင်းသားနဲ့ တူတဲ့ ရုပ်ရှည်ရှိတယ်.. သူ့ရဲ့ မိစ္ဆာအသွင်ကတောင်မှ ဒီလိုကြီး ကြည့်ရမဆိုးဘူး”
လောထျန်း ရှုတ်ထွေးလာသော မျက်နှာနှင့် ထိုသေရာမှထလာသော မိစ္ဆာကောင်ကို ပြန်ကြည့်လိုက်ပါ၏။
ထိုအချိန်မှာပဲ မြူခိုးအရှင်၁က ပြောလိုက်သည်။
“မိစ္ဆာနတ်ဘုရားကို နှုတ်ဆက်ပါတယ်ဗျ၊ နတ်ဘုရားအစွမ်းကို အောင်မြင်စွာ ရယူနိုင်တဲ့အတွက်လည်း ဂုဏ်ပြုပါတယ်။ အခုဆို ကျိလန်ဒေသက မိစ္ဆာနတ်ဘုရား အလိုကျ ခစားပေးရပါတော့မယ်”
“ဂုဏ်ယူပါတယ် မိစ္ဆာနတ်ဘုရား” အနောက်က မိစ္ဆာဂိုဏ်းသားတွေထံမှ တညီတညွတ်အသံများ ထွက်ပေါ်လာသည်။
သူတို့မျက်စိထဲမှာ လက်ရှိကျိလန်ဒေသ၏ အုပ်ချုပ်သူ နေမင်းကိုးသွယ်ဘုရင်က အရေးမပါတော့ဟန်ရှိသည်။
ထိုအချိန်မှာ မိစ္ဆာနတ်ဘုရားက လက်တစ်ဖက်ကို အသာဝေ့ယမ်းပြလိုက်သောကြောင့် ကျန်မိစ္ဆာတွေ ငြိမ်သက်သွားကြသည်။
မိစ္ဆာနတ်ဘုရားက ခေါင်းစောင်းပြီး သူ့လက်ဖဝါးကိုသူ ပြန်ငုံ့ကြည့်လိုက်၏။ ထို့နောက်မှာ သူ့အကြည့်က လက်ဖဝါးမှ တစ်ဆင့် ပုခုံးအထိ ရောက်လာသည်။.
အနုပညာလက်ရာတစ်ခုကို ရှုစားနေသည့်နှယ် သူ့မျက်လုံးက အလွန်အသက်ဝင်နေသည်။
“ဟဟ.. ပြီးပြည့်စုံတဲ့ အခြေအနေပဲ။ ဒီသန်မာမှုက စောက်ရမ်းကောင်းတယ်”
ထိုအချိန်မှာပဲ ဒေါသထွက်နေသော အသံတစ်ခု ထွက်ပေါ်လာသည်။
“မိစ္ဆာနတ်ဘုရား၊ မင်းက မကောင်းတဲ့ နည်းလမ်းကိုအသုံးပြုပြီး နတ်ဆိုးသိုင်းကို.ကျင့်ကြံရဲတယ်လား”
ထိုအသံကိုကြားမှသာ မိစ္ဆာနတ်ဘုရားက ကောင်းကင်ပေါ်က နေလုံးနီကို သတိထားမိခဲ့သည်။
မိစ္ဆာနတ်ဘုရား၏ အရိုးခြောက်မျက်နှာပေါ်မှာ ရုပ်ဆိုးသော အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
“နေမင်းကိုးသွယ်ဘုရင်၊ မင်းငါ့ကို မနာလိုဖြစ်နေတာလား”
“ငါကမင်းကို မနာလိုရမယ်..ဖွီ၊ မင်းကတန်လို့လား” နေမင်းကိုးသွယ်ဘုရင်က ဒေါသတကြီး အော်ဟစ်လိုက်၏။
မိစ္ဆာနတ်ဘုရားက ခပ်ပေါ့ပေါ့ ရယ်သွေးလိုက်ပြီး ဆက်ပြောသည်။
“မင်းက ဒီကျိလန်ဒေသကို အုပ်စိုးလာတာ ကြာပြီ၊ မိစ္ဆာဂိုဏ်းတွေအားလုံးက မင်းကို အထူးအလေးပေးပြီး နာခံခဲ့ကြတယ်.. ဒါပေမဲ့ သူတို့တွေ မသိတာက ငါတို့မိစ္ဆာနတ်ဘုရားနန်းတော်ကမှ ကျိလန်ဒေသရဲ့ စစ်မှန်တဲ့အုပ်ချုပ်သူ ဖြစ်ဖို့ ထိုက်တန်တယ်ဆိုတာပဲ”
“ ဒီနှစ်တွေအများကြီးမှာ မိစ္ဆာနတ်ဘုရားဖြစ်တဲ့ ငါက မင်းရဲ့လက်အောက်မှာ နေပြီး အရှက်ကွဲခံခဲ့တယ်.. ကိုယ့်ကိုယ်ကို နှိမ့်ချပြီး သည်းခံခဲ့တယ်။ ကျိလန်တာအိုစည်းကြောင်းကိုတောင်မှ မင်းက ထိန်းချုပ်ခဲ့တယ်.. ငါတို့ကို နှစ်ရာချီကြာမှ တစ်ခါပဲအသုံးပြုခွင့်ပေးတယ်”
“ ဒါပေမဲ့ အခုတော့ အရာအားလုံးပြောင်းလဲသွားပြီ။ ငါကျိလန်တာအိုစည်းကြောင်းရဲ့ အစွမ်းကို ဖမ်းဆုတ်နိုင်တဲ့အတွက် ငါကမင်းကို ကျော်လွန်သွားပြီကွ။ မင်းကို ရင်ဆိုင်ရရင်လား.. ဟဟ၊ ငါလက်ချောင်းတစ်ချက်ထဲနဲ့ မင်းကို သတ်ပစ်လို့ရတယ်။ မင်းငါ့ကိုမနာလိုနေတာပဲ”
မိစ္ဆာနတ်ဘုရား၏ ရယ်သံက ပတ်ဝန်းကျင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။
ထိုစကားလုံးများကြောင့် မိစ္ဆာအုပ်ကြီးလည်း တက်ကြွသွား၏။
“မိစ္ဆာနတ်ဘုရားက အစွမ်းအကြီးဆုံးပဲ၊ မိစ္ဆာနတ်ဘုရားက အစွမ်းအကြီးဆုံးပဲ”
တစ်ဖက်က လဲ့ထျန်တို့ အုပ်စုခဗျာမှာတော့ ပျက်ယွင်းသွားသော မျက်နှာများကို ဟန်ဆောင်ပြီးတောင် မဖုံးကွယ်နိုင်တော့ပေ။
အခုဆိုရင် မိစ္ဆာနတ်ဘုရားက နေမင်းကိုးသွယ် ဘုရင်ကို ကျော်လွန်သွားခဲ့ပြီလို့ ပြောတာမလား..
ကျိလန်ဒေသက အပြောင်းအလဲကြီး ကြုံရတော့မှာလား..
ကျိလန်ဒေသ၏ လက်ရှိအုပ်ချုပ်သူ နေမင်းကိုးသွယ်ဘုရင်က မိစ္ဆာတစ်ယောက်ဖြစ်ပြီး ရက်စက်ရင်တောင်မှ လူသားမျိုးနွယ်အတွက် မျှော်လင့်ချက်ရှိပါသေး၏။
ဒါပေမဲ့ မိစ္ဆာနတ်ဘုရားအုပ်ချုပ်ရင်တော့လား..
သူက လူသားတွေအားလုံးကို.တိုက်ရိုက်ပဲ ဖျက်ဆီးပစ်လိမ့်မည်။
သူတို့အားလုံး အလွန်အမင်း စိတ်ပျက်မှုကြီးကို ခံစားလိုက်ရသည်။
သို့သော် ထိုအချိန်မှာပဲ..
ဘုန်း
လေထဲကနေလုံးနီထံမှ ပေါက်ကွဲသံကြီး ထွက်လာခြင်းပင်။
နေလုံးနီကြီးဆီမှ အလွန်ကြောက်ဖို့ကောင်းသော အင်အားက မိစ္ဆာနတ်ဘုရားရှိရာကို တဟုန်ထိုး ပြေးဝင်လာ၏။
နေမင်းကိုးသွယ်ဘုရင်ဘက်က တိုက်ခိုက်လိုက်တာပင်။
မိစ္ဆာနတ်ဘုရားက အနည်းငယ်ပြုံးနေရင်းပဲ လှမ်းပြောလိုက်သည်။
“ကောင်းတယ်”
ပြောပြီးသည်နှင့် သူက လက်တစ်ချောင်းကို ဖြည်းဖြည်းချင်း ဆန့်လိုက်သည်။
အိုး
တအီအီ ညည်းနေသော တစ္ဆေအော်သံများက ပိုမိုကျယ်လောင်လာကာ နေလုံးကြီးအနားကိုပါ ရိုက်ခတ်လာ၏။
ဘုတ်
ထိုအသံအစွမ်းက နေလုံး၏အစွမ်းနဲ့ ရိုက်မိသွားသည်။
သို့တိုင်အောင် မိစ္ဆာနတ်ဘုရား၏ လက်ညိုးက ထုတ်နေသော အစွမ်းက မလျော့သွားဘဲ နေလုံးနီကြီဆီ တိုးဝင်နေ၏။
ဝုန်း
ချက်ချင်းဆိုသလိုပင် ထိုအစွမ်းက နေလုံးကြီးကို ဖောက်ထွက်နိုင်ခဲ့ပြီး တစ်ဝက်ခန့် ပျောက်ကွယ်စေလိုက်သည်။
“ဒါက..”
ထိုမြင်ကွင်းကြောင့် မိစ္ဆာတွေ အစက အံ့သြသွားကြသော်လည်း ချက်ချင်းဆိုသလို ကျယ်လောင်စွာ ရယ်မောကြတော့၏။
သူတို့နိုင်ပြီ..
သူတို့၏မိစ္ဆာနတ်ဘုရားက နေမင်းကိုးသွယ် ဘုရင်ကို ထိပ်တိုက်ရင်ဆိုင် နိုင်ခဲ့ချေပြီ။
ကောင်းကင်ပေါ်က နေလုံးနီက နေမင်းကိုးသွယ်ဘုရင် အစစ် မဟုတ်ပေမဲ့လည်းပေါ့..
အရင်တုန်းကဆိုရင် နေမင်းကိုးသွယ်ဘုရင်၏ ကိုယ်ပွားတစ်ခုတည်းနှင့် သူတို့မိစ္ဆာနတ်ဘုရားနန်းတော်တစ်ခုလုံးကို အမှုန့်ချေဖို့ လုံလောက်သည်မလား။
ဒီနေ့တော့ သူတို့ဘက်က အနိုင်ရခဲ့လေပြီ..
“နေမင်းကိုးသွယ်ဘုရင်၊ မင်းရှုံးသွားပြီ။ ငါပြောမယ်.. ငါ့ဆီမှာ အညံ့ခံပြီး မဟာမိတ်လုပ်ဖို့ တောင်းဆိုပါ။ ဒါဆို မင်းကိုအသက်ရှင်ခွင့်ပေးမယ်”
သို့ပေမဲ့ နေလုံးနီဆီမှ အေးစက်သော နှာမှုတ်သံတစ်ခုကိုသာ ကြားလိုက်ရ၏။
“မင်းကတန်လို့လား”
ထိုစကားကြောင့် မိစ္ဆာနတ်ဘုရား၏မျက်နှာက ပြိုတော့မဲ့မိုးလို မည်းမှောင်သွားသည်။
သူ့မျက်စံအိမ်ထဲက တစ္ဆေမီးတောက်တွေက ကြောက်ဖို့ကောင်းအောင် အရှိန်တက်လာပြီး အေးစက်စက် ပြောလိုက်သည်။
“မင်းက အခွင့်အရေးကိုငြင်းပစ်ပြီး အာခံချင်တယ်ပေါ့.. ကောင်းပြီလေ၊ ဒီလိုဆိုမှတော့ ငါဒီနေ့ပဲမင်းကိုသတ်မယ်”
ချက်ချင်းပဲ မိစ္ဆာနတ်ဘုရား၏ လက်မောင်းရိုးကြီးက ရှည်ထွက်လာပြီး နေလုံးနီကို ဆုပ်ကိုင်လိုက်သည်။
ထိုလက်ရိုးကြီးက နေလုံးကို ဖောက်ထွက်ပြီး ကောင်းကင်တစ်ဖက်ခြမ်းက တိကျသော ဦးတည်ရာတစ်ခုကို.ဦးတည်သွားလေသည်။
“နေမင်းကိုးသွယ်ဘုရင်၊ မင်းရဲ့ တံခါးပိတ်ကျင့်ကြံတဲ့နေရာမှာ ပုန်းနေတာနဲ့ ငါ့ဆီကလွတ်မယ် ထင်နေလားကွ၊ ငါကအခု ဘယ်သူမှအနိုင်မယူနိုင်တဲ့ မိစ္ဆာတစ်ကောင်.ဖြစ်လာပြီ.. ငါမင်းကို ရေဆုံးမြေဆုံးထိ လိုက်ဖမ်းမယ်”
ထိုအချိန်မှာပဲ..
ရှည်ထွက်နေသော လက်ကြီးက ရပ်တန့်သွားပြီး ကောင်းကင်ဘုံက နေလုံးကိုဖြတ်၍ ပုံရိပ်တစ်ခုကိုပါ ဆွဲခေါ်လာခဲ့သည်။
“ဘာ”
ထိုရင်းနီးလွန်းသော ပုံရိပ်ကြောင့် မိစ္ဆာအုပ်လိုက်ကြီး လန့်ဖြန့်သွားကြသည်။
ထိုသူက ကျိလန်ဒေသရဲ့ အသန်မာဆုံး နေမင်းကိုးသွယ် ဆယ်ဘွဲ့ရ မသေမျိုးဘုရင်မှအပ တစ်ခြားမဖြစ်နိုင်ပါချေ။
ထိုသူ၏ခန္ဓာကိုယ်အစစ်ကို မိစ္ဆာနတ်ဘုရားက မိုင်ပေါင်းသိန်းချီအဝေးကနေ ဆွဲခေါ်နိုင်ခဲ့သည်။
ထိုအရာက ဘာကိုဆိုလိုတာဖြစ်မလဲ..
မိစ္ဆာနတ်ဘုရား၏သန်မာမှုက ထိုသူကို လုံးဝကျော်လွန်နေပြီလို့ ပြောလိုက်တာပင်။
“မင်း..”
တစ်ဖက်သူက သူ့ခန္ဓာကိုယ်အစစ်ကို တကယ်ဆွဲခေါ်နိုင်မည်ဟု မထင်ခဲ့သောကြောင့် နေမင်းကိုးသွယ် ဘုရင် အနည်းငယ် လန့်လာခဲ့သည်။
“ဟီးဟီး..သေပေတော့” မိစ္ဆာနတ်ဘုရားက ပြောပြီးတာနှင့် လက်တစ်ဖက်မြှောက်လိုက်သည်။
ချက်ချင်းဆိုသလို သူ့လက်က နေမင်းကိုးသွယ်ဘုရင်၏ ခန္ဓာကိုယ်ထဲဖောက်ဝင်သွားလေ၏။
“ဟီးဟီး”
ပတ်ဝန်းကျင်မှာသွေးတွေ လွင့်စင်သွားသည်။
“အားးး”
နေမင်းကိုးသွယ်ဘုရင်က မနေနိုင်စွာ ညည်းညူလိုက်ပြီး မသေမျိုးစွမ်းအင်ကို အသုံးပြုရင်း ရုန်းထွက်ဖို့ ကြိုးစားသည့်တိုင်အောင် မအောင်မြင်ခဲ့ပေ။
“နေမင်းကိုးသွယ်ဘုရင်၊ ရုန်းမနေနဲ့။ အခုငါ့ကိုအနိုင်ယူနိုင်တဲ့သူ မရှိတော့ဘူးလို့ ငါမပြောခဲ့ဘူးလား။ ဒါကမှအစွမ်းအစစ်အမှန်ပဲ.. အနန္တဝိညာဥ်တာအိုအစွမ်း”
နေမင်းကိုးသွယ်ဘုရင် အံကြိတ်ကာ ပြောလိုက်တော့သည်။
“မင်းယုတ်ညံ့တဲ့ကောင်၊ မင်းက အနန္တဝိညာဥ်သခင်ကြီးလိုမျိုး မကောင်းတဲ့လမ်းစဥ်ကို ရွေးချယ်ခဲ့တယ်.. ငါမင်းကို သေချာပေါက်သတ်မယ်”
***