“အနန္တဝိညာဥ်သခင်ကြီး ဟုတ်လား”
ထိုနာမည်ကြောင့် လောထျန်းအနည်းငယ်.အံ့သြသွားသည်။
ထိုအနန္တဝိညာဥ်သခင်ကြီး၏ ဝိညာဥ်တစ်သောင်းစုဝေးခြင်းသိုင်းက ထျန်းယွမ်ကမ္ဘာမှာ တော်တော်လေး မွှေနှောက်ခဲ့သည်မလား..
ဒီနေ့မထင်ထားစွာပဲ အပေါ်ကမ္ဘာမှာ ထိုနာမည်ကို ထပ်ကြားလိုက်ရသည်။
ထို့အပြင် ထိုနာမည်က မိစ္ဆာနတ်ဘုရားနန်းတော်နှင့် ပတ်သတ်နေသေးသည်။
ကိစ္စတွေ မဆိုးရွားသွားခင် ဝင်ထိန်းသည့်အနေနှင့် လောထျန်း ချက်ချင်းပဲ ထိုမိစ္ဆာနတ်ဘုရားကို ရိုက်သတ်ဖို့ပြင်လိုက်သည်။
သို့သော် ထိုအချိန်မှာပဲ နေမင်းကိုးသွယ်ဘုရင်၏ အသံကိုကြားလိုက်ရသည်။
“မိစ္ဆာနတ်ဘုရား.. မင်း ဝူရန်စီရင်စုကို လာခဲ့တာ လက်စားချေဖို့မဟုတ်ဘူးမလား”
“မင်းက ဒီဝူရန်စီရင်စုကလူ.. မဟုတ်သေးဘူး၊ လူသားမျိုးနွယ်တွေအားလုံးကို အနန္တဝိညာဥ်သခင်ကြီးအတွက် စတေးမလို့မလား”
မိစ္ဆာနတ်ဘုရားက ရယ်မောလိုက်ပြီး ပြောလာသည်။
“အမှန်ပဲ”
“ပြီးဒါတင်မကသေးဘူး.. ဝူရန်စီရင်စုက ပထမခြေလှမ်းပဲရှိသေးတယ်။ ဒီနေရာကို ဖျက်ဆီးပြီးတာနဲ့ ကျိလန်ဒေသတစ်ခုလုံးကို ငါစတေးပစ်မှာ”
“ငါသာအဲ့လိုလုပ်ပေးရင် ငါ့ကိုမသေမျိုးဘဝ ရစေရမယ်လို့ အနန္တဝိညာဥ်သခင်ကြီးက ကတိပေးထားတယ်”
နေမင်းကိုးသွယ်ဘုရင် မျက်လုံးပြူးသွားပြီး ဒေါသတကြီးအော်တော့သည်။
“မင်းဘယ်လိုတောင် လုပ်ရဲတာလဲ”
မိစ္ဆာနတ်ဘုရားက ရယ်မောလိုက်ပြန်ကာ
“အေးငါလုပ်ရဲတယ်”
ပြောပြီးတာနဲ့ သူက လက်တစ်ဖက် မြှောက်လိုက်သည်။
ချက်ချင်းပဲ သူ့ဘေးမှာ ဟင်းလင်းပြင်တံခါးပေါက်တစ်ခု ထွက်ပေါ်လာသည်။
ထိုတံခါးပေါက်အတွင်းမှ မရေမတွက်နိုင်သော ဝိညာဥ်များစိမ့်ထွက်လာ၏။
မိစ္ဆာနတ်ဘုရားက လောဘကြီးစွာပဲ ထိုဝိညာဥ်တွေအားလုံးကို စုပ်ယူပစ်သည်။
ဝုန်း
ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ပေါ်က အရှိန်အဝါက ထိပ်ဆုံးမှတ်ကို ရောက်သွား၏။
“ဒါက..” နေမင်းကိုးသွယ်ဘုရင် လွန်စွာ ထိတ်လန့်သွားရသည်။
ထိုအချိန်မှာပဲ မိစ္ဆာနတ်ဘုရားက ခပ်ဖွဖွ ပြုံးကာ ပြောလိုက်၏။
“နေမင်းကိုးသွယ်ဘုရင်၊ ဒီနှစ်တွေထဲမှာ မင်းက ယောင်ခြောက်ဆယ်နဲ့ အလုပ်ကောင်းကောင်း.မလုပ်ဘူးလေ၊ တစ်နေကုန် ကျင့်ကြံနေပြီး ကျိလန်ဒေသရဲ့ ပြည်အရေးတွေကို လက်အောင်ငယ်သားတွေအပေါ်ပဲ လွှဲထားခဲ့တယ်မလား”
“ဒါပေမဲ့ မင်းရဲ့သုံးစားမရတဲ့ လက်အောက်ငယ်သားတွေက နဲနဲလောက် ပေးကမ်းလိုက်တာနဲ့ မိုးမမြင်လေမမြင် အပျော်ပါးလိုက်စားကြတော့တာပဲ”
“သက်ရှိသိန်းပေါင်းများစွာရဲ့ ဝိညာဥ်တွေကို ငါစုဆောင်းထားပြီးမှန်းတောင် သူတို့တွေ မသိကြဘူး”
“မင်းဘာပြောလိုက်တယ်” နေမင်းကိုးသွယ်ဘုရင် မထိန်းနိုင်အောင် တုန်ယင်သွားခဲ့သည်။
သူ တံခါးပိတ်ကျင့်ကြံခဲ့တဲ့ နှစ်တစ်ချို့အတွင်းမှာ မိစ္ဆာနတ်ဘုရားနန်းတော်က ဒီလောက်များပြားတဲ့ သက်ရှိတွေကို သတ်ဖြတ်ခဲ့တာလား..
မိစ္ဆာနတ်ဘုရားက နေမင်းကိုးသွယ်ဘုရင်၏ လန့်ဖြန့်သွားသော မျက်နှာကိုကြည့်ပြီး ပိုမိုဂုဏ်ဆာသွားကာ ဆက်လက်ရယ်မော လေတော့၏။
“ငါမင်းကို နောက်တစ်ခု ပြောပြအုံးမယ်”
“မင်း ကျိလန်ဒေသကို ဂရုမစိုက်တဲ့ နေ့ရက်တွေအတွင်းမှာ ငါတို့မိစ္ဆာနတ်ဘုရားနန်းတော်က ဝိညာဥ်တစ်သောင်းအစီအရင်ကို ဖန်တီးပြီးသွားပြီ”
“ဒီနေ့မင်းကိုသတ်ပြီးတာနဲ့ ငါတို့ရဲ့ပူဇော်ပွဲကြီး စတင်လိမ့်မယ်”
“နှစ်ပေါင်းများစွာ အားနည်းလာခဲ့တဲ့ အပေါ်ကမ္ဘာမှာ အပြောင်းအလဲကြီး ကြုံရပြီး မသေမျိုးဧကရာဇ်အသစ်တစ်ပါး ပေါ်ထွန်းလာမယ်လို့ ရှေ့ဖြစ်ဟော ရှိခဲ့တယ်”
“အဲ့ဒီမသေမျိုးဧကရာဇ်က မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ ဒီအရှင်ပဲကွ”
“နှစ်တစ်ချို့ကြာပြီးရင် ဒီမိစ္ဆာနတ်ဘုရားက ဒေသကိုးခုလုံးရဲ့ အသန်မာဆုံးဖြစ်လာလိမ့်မယ်”
သူ့ခန္ဓာကိုယ်ပေါ်က အရောင်အဝါတွေက မိုးထိုးတော့မတတ်ကို မြင့်မားလာချေပြီ။
မိစ္ဆာအုပ်လိုက်ကြီးကလည်း အားပေးစွာ အော်ဟစ်ကြလေရာ.. ထိုအသံများနှင့်ပင် ကောင်းကင်နှင့်မြေကြီးကို လှုပ်ခတ်ပစ်လိုက်သလို ခံစားရသည်။
ထိုအချိန်မှာပဲ နေမင်းကိုးသွယ်ဘုရင်က အသက်ပြင်းပြင်းတစ်ချက်ရှူရင်း ပြောလာသည်။
“မိစ္ဆာနတ်ဘုရား၊ မင်းမှာဒီလိုဆိုးယုတ်တဲ့ အကြံအစည်တွေ ရှိနေမယ်လို့ မထင်ထားဘူး”
“ဒီနေ့ဘာကိစ္စပဲရှိရှိ၊ ငါမင်းကိုသေချာပေါက် သတ်ပစ်မယ်”
မိစ္ဆာနတ်ဘုရားက ရွံရှာဟန်ဖြင့် ပြန်ပြောလိုက်သည်။
“သတ်မယ်..”
“မင်းတစ်ယောက်ထဲနဲ့လား”
“အရင်ကတော့ ငါလိုကောင်က ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်ကို ဘယ်ရန်စနိုင်ပါ့မလဲ”
“ဒါပေမဲ့ အခုမင်းက ငါ့ရှေ့မှာ နာမည်ပြောဖို့ ထိုက်တန်တဲ့ကောင်တောင် မဟုတ်တော့ဘူး”
မိစ္ဆာနတ်ဘုရားက ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။
သူ့ရဲ့လက်ရှိသန်မာမှုက နေမင်းကိုးသွယ်ဆယ်ဘွဲ့ရမသေမျိုးဘုရင်ထက် သာလွန်နေတာ သေချာပြီဖြစ်တဲ့အတွက် သူက ကြွားဝါဟန်အပြည့်ဖြင့် ထိုနေရာမှာ မားမားမတ်မတ် ရပ်နေလေ၏။
ထိုအချိန်မှာပဲ နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ ပြောလိုက်သည်။
မသေမျိုးဘုရင်ဟုတ်လား
“ဒီသခင်ကြီးက မသေမျိုးဘုရင်လို့ မင်းကို ဘယ်သူပြောလဲ”
“ဟမ်၊ မင်းဘာပြောချင်တာလဲ” မိစ္ဆာနတ်ဘုရား အံ့သြစွာ ပြန်မေးလိုက်သည်။
နေမင်းကိုးသွယ်ဘုရင်က မသေမျိုးဘုရင်နယ်ပယ် အဆင့်ကိုးရောက်နေပြီမှန်း အကုန်လုံး သိကြသည်ပင်။
ဒါကို ထိုသူကဘာကြောင့် အခုလို ပြောခဲ့ရတာလဲ..
ထိုအချိန်မှာပဲ နေမင်းကိုးသွယ်ဘုရင်က အေးစက်စွာ နှာမှုတ်ရင်း ဆက်ပြောသည်။
“နတ်ဘုရားတွေအားလုံး စုဝေးစမ်း”
ထိုစကားသံဆုံးသည်နှင့် ဆယ့်နှစ်လုံးထက်ကျော်သော နေလုံးနီတွေက သူ့ခေါင်းထက်မှာ ရုတ်တရက် ထွက်ပေါ်လာ၏။
“ဟမ်၊ ဒါက..”
မိစ္ဆာနတ်ဘုရားတစ်ယောက် ထိုနေလုံးတွေကြောင့် ရှုတ်ထွေးသွားသည်။
ထိုအချိန်မှာပဲ..
ကောင်းကင်ယံက နေလုံးကြီးက ပေါက်ကွဲထွက်သွားသည်။
ကျန်နေလုံးတွေလည်း တစ်လုံးပြီးတစ်လုံး ပေါက်ကွဲကုန်ကာ နေမင်းကိုးသွယ်ဘုရင်၏ ကိုယ်ပွားတွေအဖြစ် ပြောင်းလဲသွားသည်။
ထို့နောက် ပုံရိပ်အစစ်မှာ လာပေါင်းစည်းကြ၏။
ပုံရိပ်တစ်ခု လာပေါင်းတိုင်း ထိုသူ၏အရှိန်အဝါက တစ်ဆင့်တက်သွားပြီး နောက်ဆုံးပုံရိပ်အပြီးတွင်..
ဒုန်း
နေမင်းကိုးသွယ်ဘုရင်၏ ခန္ဓာကိုယ်ကနေ မသေမျိုးအလင်းတွေ မျက်စိကျိန်းလောက်အောင် ဖြာထွက်လာသည်။
သူ့တစ်ကိုယ်လုံးက နေလုံးအစစ်လိုမျိုး ပြောင်းလဲလာပြီး ကြည့်နေသူတိုင်းကို မနေနိုင်အောင် အကြည့်လွှဲစေလိုက်၏။
တစ်ချိန်ထဲမှာပဲ ကျိလန်ဒေသကြီးတစ်ခုလုံးပါ တုန်ယင်လာသည်.. များစွာသော ဂိုဏ်းများသည် ပြဿနာဖြစ်ပွားရာ ဦးတည်ချက်ကို ကြောက်လန့်တကြား ကြည့်လိုက်ကြ၏။
တောင်တန်းတစ်နေရာက ကျန်းပေါင်းများစွာ မြင့်သော ဧရာမမြွေကြီးတစ်ကောင်သည် ခွေနေရာမှ ခပ်ဖြည်းဖြည်း ခေါင်းထောင်ကြည့်လာပြီး တိုက်ပွဲကွင်းပြင်နေရာအရောက်မှာ မျက်လုံးတွေ ကျဥ်းမြှောင်းသွားသည်။
“ဒါ..က နေမင်းကိုးသွယ်ဘုရင် များလား” ထိုမြွေက ကိုယ့်ဘာသာ ရေရွတ်လိုက်သည်။
လှိုင်းထန်နေသော ပင်လယ်အလယ်က တစ်စုံတစ်ယောက်ကလည်း သုံးခွမှိန်းကြီးကို ကိုင်ထားရက်နှင့် ပင်လယ်မျက်နှာပြင်ပေါ် တက်လိုက်သည်။
“သူ အဆင့်တက်သွားပြီလား”
ထိုသူက ထိတ်လန့်စွာ ပြောလိုက်လေသည်။
တစ်ချိန်ထဲမှာပဲ လှိုဏ်ဂူတစ်ခုအတွင်းမှာ မျက်စိမှိတ်လှဲလျောင်းနေသော လှပသည့် မိန်းမပျိုတစ်ယောက်၏ မျက်လုံးအစုံဟာ ဖြတ်ခနဲ ပွင့်လာတော့သည်။
သူမ၏ လှပသော မျက်လုံးက မိုင်းပေါင်းသိန်းချီအဝေးမှာ ရပ်နေလောက်သည့် ဂုဏ်ယူမှုအပြည့်မျက်နှာကြီးကို မြင်ယောင်ရင်း တုန်ယင်လာပြီး မနေနိုင်စွာပြောလိုက်၏။
“မဖြစ်နိုင်တာ..”
ထိုအချိန်မှာ ကျိလန်ဒေသတစ်ခုလုံးက ပြင်းထန်စွာ တုန်ယင်နေသည်။
ကျိလန်ဒေသမှမဟုတ်ပေ.. မျက်စိမှိတ်အနားယူနေသော ဒါလောင်မသေမျိုးဘုရင်ပင် ကမ္ဘာ့အကာအကွယ်စည်းရှိရာဘက်ကို မနေနိုင်စွာ လှည့်ကြည့်မိသွား၏။
ထိုစွမ်းအင်တုံ့ပြန်မှုက အလွန်သေးငယ်ပေမဲ့ သူသေချာပေါက် အာရုံခံမိလိုက်သည်..
ထိုစွမ်းအင်သည် သူ့အတွက်အလွန်နီးစပ်ခဲ့ပြီးမှ ကျရှုံးခဲ့ရသော စွမ်းအင်နှင့် ဆင်တူလှသည်..
“နေမင်းကိုးသွယ်ဘုရင်၊ မင်းက တကယ်သွက်တာပဲ”
ဒါလောင်မသေမျိုးဘုရင် ခပ်တိုးတိုးရေရွတ်လိုက်သည်။
ထို့အတူ သီးသန့်နေရာတစ်ခု၏ အထီးကျန်ဆန်သော အုတ်ဂူများကြားက သတ်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်လည်း ကျိလန်ဒေသရှိရာဘက်ကို မျက်နှာမူရင်း နှုတ်ခမ်းတလှုပ်လှုပ် ဖြစ်သွားသည်။
ဘုန်း
ခံစားချက်များသွားသောကြောင့် ထိုသူခမျာ လက်ထဲမှာကိုင်ထားသည့် အုတ်ဂူကျောက်တိုင်ကိုပင် ဖျက်ဆီးမိသွားသည်။
“ဘာလို့လဲ.. တကယ်ပဲသူလား” ထိုသူက ဒေါသထွက်စွာ ပြောလိုက်သည်။
တစ်ချိန်ထဲမှာပဲ ကြီးမားသောခန်းမတစ်ခုအတွင်းက ပုလ္လင်ကိုမှီပြီး ဇိမ်ကျကျ နားနေသော လူတစ်ယောက်က မျက်လုံးကို ရုတ်တရက် ဖွင့်လိုက်၏။
ချက်ချင်းပဲ ထိုသူ၏ အရောင်အဝါတွေက ကောင်းကင်နှင့်မြေကြီးကြား ပြေးသွားတော့သည်။
“ဒီကောင်..သေချင်နေတာလား” သူ ခပ်တိုးတိုး ပြောလိုက်သည်။
ထို့အပြင် သီးခြားဖြစ်နေသော ကျွန်းပေါ်က ပြန်လည်မွေးဖွားခြင်းဖြစ်စဥ်ကို ထိန်းချုပ်နေသည့် ပုံရိပ်တစ်ခုက အံ့သြစွာဖြင့် ကျိလန်ဒေသဘက်ကို လှည့်ကြည့်လိုက်ပါ၏။
“အိုး၊ ဒီလောက်စွမ်းအားကြီးတဲ့သူ ရှိသေးတာလား”
“စိတ်မကောင်းစရာပဲ၊ ဒီလိုမှန်းသိရင် ငါအရင်ဆုံးကျိလန်ဒေသကို သွားပြီး အဲ့ကောင်ကို ဖမ်းခဲ့ပါတယ်ကွာ”
ထို့နောက် ထိုသူက မျက်စိရှေ့က ကျောက်တုံးကြီးမှာ သံမှိုစွဲခံထားရသော လူကို မျက်မှောင်တင်းတင်းကြုတ်ပြီး ကြည့်လိုက်သည်။
“ကြည့်၊ မင်းကလဲဆယ်ဘွဲ့ရမသေမျိုးဘုရင် ဖြစ်ပါရက်နဲ့ ဒီလောက်စောက်သုံးမကျရလား”
ထိုသူက ပြောပြီးသည်နှင့် လက်ညိုးကိုအားထည့်ပြီး အဖမ်းခံထားရသူကို လက်နက်မသုံးဘဲ လက်ညိုးဖြင့် အသားထဲကို ဖြည်းဖြည်းချင်း ဖောက်ဝင်လိုက်သည်။
သွေးများစိမ့်ထွက်လာတော့၏..
ထိုမြင်ကွင်းကို ကြည့်နေရင်း ထိုသူက သက်ပြင်းချကာ ပြောလိုက်သည်။
“အခု စထားပြီမှတော့ ငါကျိလန်ဒေသကို သွားလို့မရသေးတာ စိုးတာပဲ”
“မင်းကို သန့်စင်ပြီးတာနဲ့ ငါအဲ့ဒီ နေမင်းကိုးသွယ်ဘုရင်ကို သွားဖမ်းရမယ်”
***