မျက်စိရှေ့က ဇာတ်ကားရိုက်နေသော လူနှစ်ယောက်ကို ကြည့်နေရင်းမှ မိစ္ဆာနတ်ဘုရား မထိန်းနိုင်အောင် ဒေါသထွက်လာတော့သည်။
“မင်းတို့ငါ့ကို မရှိတော့တဲ့ကောင်လို ဆက်ဆံနေတာလား”
သူချက်ချင်းပဲ လောထျန်းကို တည့်တည့်ကြည့်ကာ ဆက်ပြောလိုက်တော့၏။
“ငါမင်းနဲ့ အရင်စတာပေါ့လေ”
ဘုန်း
ထို့နောက် မိစ္ဆာနတ်ဘုရားက ချက်ချင်းပဲ မိုးပေါ်ကို လက်ညိုးထောင်လိုက်သည်.. အဆုံးမရှိသော တစ္ဆေညည်းသံများက ထိုလက်ညိုးမှတစ်ဆင့် မြစ်ဖျားခံကာ ထွက်ပေါ်လာပြီး ကောင်းကင်တစ်ခွင်လုံးကိုပင် အရောင်ပြောင်းသွားစေလိုက်သည်။
ဝိညာဥ်တစ်သောင်းလက်ညိုး
မိစ္ဆာနတ်ဘုရားက ထိုလက်ညိုးကို လောထျန်းရှိရာ တည့်တည့်ကို ညွှန်ပြလိုက်တော့၏။
“မကောင်းတော့ဘူး၊ မင်း အမြန်အနောက်ဆုတ်တော့..”
နေမင်းကိုးသွယ်ဘုရင်လည်း အော်ဟစ်နေရင်းမှ အလျင်စလို ကာကွယ်ဖို့ရန် အရှေ့တိုးလိုက်ပါသေး၏။
သို့သော် လောထျန်း၏ မျက်ခုံးတစ်ဖက်ပင့်ကာ ပြောလိုက်သံကိုသာ ကြားလိုက်ရသည်။
“နားညီးလိုက်တာ”
လောထျန်းက လက်ဝါးနှင့် ပြန်ရိုက်ချလိုက်သောကြောင့် ကောင်းကင်ဘုံလက်ဝါး ချက်ချင်း ပေါ်ထွက်လာခဲ့ပြီး မိစ္ဆာနတ်ဘုရားဘက်ကို အပြေးသွားလေ၏။
သို့သော် ဝိညာဥ်တစ်သောင်းလက်ညိုး၏ အစွမ်းကလည်း တောင်တစ်တောင်လို ပြင်းထန်စွာ ကျရောက်နေခဲ့သည်.. လက်ညိုး၏အစွမ်းကျရောက်သည့် နေရာတိုင်းမှာ အဆုံးမရှိသော ညည်းသံများ နေရာယူလိုက်ကြပြီး အစွမ်းကို ပိုအားမြင့်စေသည်.. တဖြည်းဖြည်း ပိုမိုသန်မာလာသော ထိုအစွမ်းက လူတိုင်း၏ ရင်ထဲကို အကြောက်တရားတွေ ရိုက်ထည့်ဖို့ လုံလောက်နေပြီပင်။
ထိုအစွမ်းနှင့် နှိုင်းယှဥ်လိုက်ပါက ဆယ်ပုံတစ်ပုံမျှသာ အရွယ်ရှိသော ကောင်းကင်ဘုံလက်ဝါးသည် ရွှေရောင်အလင်းတစ်ချို့ ဝန်းရံထားသည်ကလွဲရင် ဘာထူးခြားချက်မှ မရှိပေ။
ဝိညာဥ်တစ်သောင်းလက်ညိုး၏ အစွမ်းက တောက်လောင်နေသော လမင်းလို အလွန်ခံ့ညားစွာ ထွက်ပေါ်နေချိန်မှာ ကောင်းကင်ဘုံလက်ဝါးက ပိုးစုန်းကြူးအလင်းလိုမျိုးပင် သိမ်ငယ်သွားလေ၏။
ထိုမြင်ကွင်းက အဝေးကကြည့်နေသော မိစ္ဆာတွေအားလုံးရဲ့မျက်လုံးကို အလင်းရောင်များ တောက်ပစေခဲ့သည်။
“ဟဟ၊ ဒီကောင်က ငါတို့မိစ္ဆာနတ်ဘုရားကိုများ တိုက်ရိုက် တိုက်ခိုက်ရဲတယ်လို့.. သေချာပေါက် သေချင်နေတာပဲ”
“အေးလေ.. ကျန်တာမပြောနဲ့၊ အရွယ်ကိုပဲ ကြည့်လိုက်အုံး၊ အဲ့သုံးစားမရတဲ့လက်ဝါး နဲ့များ ဘာတွေ တိုက်ခိုက်ချင်နေတာလဲ မသိဘူး”
“ငါတို့မိစ္ဆာနတ်ဘုရားနန်းတော်ကို ရန်စရဲတဲ့ လူသားမျိုးနွယ်အမှိုက်ကောင်ရဲ့ ငရဲသွားပုံ သွားနည်းပေါ့လေ..ဟားဟားဟား”
“မိစ္ဆာနတ်ဘုရား..အဲ့ကောင်ကို သတ်ပစ်လိုက်စမ်းပါ”
ဝိညာဥ်တစ်သောင်းလက်ညိုးကြားမှာ လောထျန်း၏ လက်ဝါးတော့ သေချာပေါက် အပိုင်းပိုင်းဖြစ်ပြီပဲလို့.. ယူဆရင်း မိစ္ဆာတွေ ဂုဏ်ယူစွာ အော်ဟစ်ကြတော့သည်။
နေမင်းကိုးသွယ်ဘုရင်ပင် စိတ်လှုပ်ရှားနေပြီး မနေနိုင်စွာဖြင့် လောထျန်း၏အရှေ့မှ ကာကွယ်ပေးဖို့ရန် ကြိုးစားခဲ့ပါသေး၏။ သို့သော် ကံဆိုးစွာပဲ သူခြေတစ်လှမ်း နောက်ကျသွားခဲ့သည်
ကောင်းကင်ဘုံလက်ဝါးက ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းနဲ့ ထိနေပြီပင်
“ငရဲကိုသွားပေတော့”
မိစ္ဆာနတ်ဘုရား၏ အကျဥ်းတန်သော မျက်နှာထက်မှာ အပြုံးတစ်ခု ဝင်ရောက်လာ၏။
မကြာခင်မှာပဲ လောထျန်းရဲ့ ဆိုးဝါးတဲ့သေဆုံးခြင်းကို သူမျက်မြင် တွေ့ရတော့မည်..
ဘန်း
သို့သော်လည်း..
အပိုင်းပိုင်းပျက်ဆီးရမည့် ကောင်းကင်ဘုံလက်ဝါးက အားလုံးရဲ့ မျက်စိအောက်မှာ အကောင်းတိုင်း ရှိနေလေရဲ့
ထိုအစား ကြီးမားလှသော ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းက ရုတ်ချည်း နှစ်ပိုင်းကွဲသွားလေကာ.. မရှိတော့သလို ပျောက်ကွယ်သွားခဲ့သည်။
“ဘာ” မိစ္ဆာနတ်ဘုရား ထိုမြင်ကွင်းမှာ ကြက်သေသေသွားမိပြီး.. သူဘာကိုမှ နားမလည်နိုင်တော့ပေ။
ဘာတွေဖြစ်သွားခဲ့တာလဲ
သူက အနန္တဝိညာဥ်သခင်ကြီးရဲ့ ကိုယ်ပွားအဖြစ် အစွမ်းကိုအငှားယူထားပြီးသည့်အပြင် ဝိညာဥ်တစ်သောင်းလက်ညိုးကိုလဲ သင်ယူထားခဲ့သည်.. ဝိညာဥ်တစ်သောင်းလက်ညိုးသိုင်းက အနန္တဝိညာဥ်သခင်ကြီးရဲ့ အမွေအနှစ်သိုင်းတစ်ခုပဲ။
အပေါ်ကမ္ဘာရဲ့ ဘယ်လိုအရာကမှ အနိုင်မယူနိုင်သော တည်ရှိမှုတစ်ခု ဖြစ်သင့်တာလေ။
ဒါပေမဲ့ တစ်ချက်တည်းနဲ့ ထိုအစွမ်းက ဘာကြောင့် နှစ်ပိုင်းပြတ်သွားရတာလဲ။
“မဟုတ်ဘူး..မဟုတ်ဘူး၊ ငါမယုံနိုင်ဘူး။ မင်း သေလိုက်စမ်း “
သူ ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းကို ဆက်တိုက်ဆင့်ခေါ်ကာ လောထျန်းကို ချိန်ရွယ်တော့သည်။
သူ လောထျန်းကို အနိုင်ရမှ ဖြစ်တော့မည်.. ဒါမှ သူကျေနပ်နိုင်မည်။
သို့သော် မထင်ထားစွာပင်
ဘန်း၊ ဘန်း၊ ဘန်း
မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်တစ်သောင်းလက်ညိုး အစွမ်းများက ကောင်းကင်ဘုံလက်ဝါးအောက်မှာ ကြက်တစ်ကောင်အစာကောက်သလိုမျိုး တဘန်းဘန်းနှင့် ပြိုကွဲခဲ့ရသည်။
မျက်စိတမှိတ်အတွင်း အပိုင်းပိုင်း ပျက်ဆီးနေသောကြောင့် ဝိညာဥ်ပေါင်းများစွာဖြင့် စုဝေးထားသော ထိုအစွမ်းက နောက်ဆုံးမှာ မရှိတော့သလို ပျောက်ကွယ်ရတော့သည်။
ဒါက မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ ပြူးကျယ်လာသလို စိတ်ပျက်မှုတစ်ချို့ပါ ရင်မှာခံစားလိုက်ရသည်။
သို့သော် ထိုစိတ်ပျက်မှုတွေကို ချက်ချင်း ချုပ်တည်းလိုက်ပြီး ထပ်မံဟစ်ကြွေးလိုက်ပြန်၏။
“ဝိညာဥ်တွေ..ပြန်လာစမ်း”
ဝုန်း
ချက်ချင်းပဲ နေရာအနှံ့မှာ နားကွဲလောက်စရာ ဆူသံတွေ ပျံ့နှံ့သွားပြီး ကောင်းကင်ဘုံလက်ဝါးကြောင့် ထွက်ပြေးသွားသော ဝိညာဥ်များအားလုံးကို အတင်းအကျပ် ပြန်စုဝေးစေလိုက်ကာ ဝိညာဥ်တစ်သောင်းလက်ညိုးပုံစံ ပြန်ဖြစ်စေလိုက်သည်။
ထို့နောက် မိစ္ဆာနတ်ဘုရားက လောထျန်းကို စူးရဲစွာ ကြည့်ရင်းပြောလိုက်လေ၏။
“မင်း.ဘယ်လိုနည်းလမ်းတွေနဲ့ ငါ့အစွမ်းကို ပျက်ဆီးစေလဲဆိုတာ ငါမသိဘူး၊ ဒါပေမဲ့ မင်းကြိုးစားခဲ့သမျှ အကုန် အကျိုးမရှိစေရဘူး”
သူက ပြန်စုဝေးနေပြီဖြစ်သော ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းကို ကြည့်လိုက်ပြီး အေးစက်စွာ ဆက်ပြောသည်။
“ငါ့ရဲ့အနိုင်မယူနိုင်တဲ့အစွမ်းကို ဘာလို့ထင်လဲ.. အဲ့ဒါက မသေဆုံးနိုင်တာပဲ။ မင်းငါ့ရဲ့ ဝိညာဥ်တစ်သောင်းလက်ညိုးကို အကြိမ်တစ်ထောင် ဖြိုခွဲနိုင်တဲ့ အစွမ်း ပိုင်ဆိုင်ထားလို့ရတယ်.. ဒါပေမဲ့ ငါက အကြိမ်တစ်ထောင့်နဲ့မှတစ်ကြိမ် ပြန်စုဝေးစေမှာပဲ။ အဆုံးမှာ အနိုင်ရမှုက ငါ့ဆီကိုပဲပြန်ရောက်လာမှာ”
မိစ္ဆာနတ်ဘုရားက ကျယ်လောင်စွာ ရယ်လေတော့သည်..
အစောကမြင်ကွင်းကြောင့် ငြိမ်ကျသွားသော မိစ္ဆာအုပ်လိုက်ကြီးပင် ထိုဟစ်ကြွေးသံကြီးကြားမှာ တစ်ဖန်ပြန်လည် တက်ကြွလာတော့သည်။
နေမင်းကိုးသွယ်ဘုရင်လဲ မျက်နှာပျက်သွားလေကာ
“ဒီကောင်က တကယ်ကိုင်တွယ်ရခက်တာပဲ”
သူ့ရဲ့နှလုံးသားက အနည်းငယ်.ကူကယ်ရာမဲ့လာပြီပင်။
နေမင်းဘုရင်ကိုးသွယ်ဘုရင်က သူသည်လည်း မသေမျိုးဧကရာဇစ်တစ်ပိုင်း ဖြစ်လာသောကြောင့် မိစ္ဆာနတ်ဘုရားကို အလွယ်တကူ အနိုင်ယူနိုင်မည်ဟု အပိုင်တွက်ထားခဲ့မိသည်။
သူက မိစ္ဆာနတ်ဘုရားကို အထင်သေးမိသလို အနန္တဝိညာဥ်သခင်ကြီးရဲ့ အစွမ်းကိုပါ အထင်သေးလိုက်မိတာပဲ။
မိစ္ဆာနတ်ဘုရားက ဝိညာဥ်တစ်သောင်းလက်ညိုးကို အကြိမ်ကြိမ် ပြန်စုဝေးနိုင်ပြီဆိုမှတော့ ဒါရဲ့ဆိုလိုရင်းက သူ့မှာအဆုံးမရှိတဲ့ အသက်တွေရှိနေသလို.. အဆုံးမရှိတဲ့အစွမ်းတွေ ရှိနေတာပဲ မဟုတ်ဘူးလား။
သူက မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်နေရင်တောင်မှ အဆုံးမှာ မောပန်းလာလိမ့်မည်.. ဒါဆို တစ်ဖက်သူ လက်ချက်နဲ့ သေဆုံးရပေမည်။
သူဘာလုပ်ရတော့မှာလဲ။
ဒီလိုပြိုင်ဘက်မျိုးနဲ့ တွေ့တော့ သူဘယ်လို တိုက်ပေးရတော့မှာလဲ။
“စောက်ကျိုးနည်း နတ်ဘုရားအစွမ်းတွေ.. အကုန်ချီးပဲ”
သူ ကောင်းကင်ဘုံကိုသာ ကျိန်ဆဲနိုင်တော့သည်။
သို့သော် တစ်ဖက်က လောထျန်းကတော့ အဖက်မလုပ်စွာကြည့်နေရင်းမှ အဖက်မလုပ်စွာ ပြန်ပြောလိုက်ပါ၏။
“ဝိညာဥ်ဟုတ်လား၊ မင်းသတိမပေးရင် ငါမေ့တော့မလို့’
“ဟမ်..ဘာပြောတယ်၊ မင်းက ထပ်တိုက်ချင်သေးတာလား။ ငါပြောမယ်၊ အနန္တဝိညာဥ်သခင်ကြီးရဲ့ အစွမ်းက အနိုင်မယူနိုင်တဲ့အစွမ်းအပေါ် အခြေခံထားတာပဲ၊ ဒါပေမဲ့ မင်းစိတ်မပူပါနဲ့။ မင်းသေပြီးရင် ငါမင်းရဲ့ဝိညာဥ်ကိုလဲ စုပ်ယူထားမှာ.. ဒါဆိုမင်းလဲ တနည်းနည်းရဲ့ ငါ့ရဲ့အစွမ်းဖြစ်လာလိမ့်မယ်”
“မင်းလဲငါနဲ့ပူးပေါင်းလို့ ရသွားတာပေါ့”
မိစ္ဆာနတ်ဘုရားက လက်တစ်ဖက် မြှောက်လိုက်တော့သည်။
ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်း ပြန်လည်စုဝေးလာခဲ့သည်.. သို့သော် ဒီတစ်ခေါက်မှာ မိစ္ဆာနတ်ဘုရားက ပိုအစွမ်းသုံးထားခဲ့သည့်အတွက် စွမ်းအင်လှိုင်းက ပိုမိုကြောက်ဖို့ကောင်းလာသလို အရွယ်အစားလည်း ပိုကြီးသွားခဲ့သည်။
“မိစ္ဆာနတ်ဘုရားက ဘယ်သူမှ အနိုင်မယူနိုင်တဲ့သူပဲ”
“အဲ့ကောင်ကို သတ်ပစ်”
မိစ္ဆာအုပ်လိုက်ကြီးတစ်ခုလုံး မနေနိုင်အောင် တက်ကြွကုန်ကြပြီး တဒုန်းဒုန်း ဆောင့်ကြတော့သည်။
ဝုန်း..ဝုန်း
“ဟဟ၊ မင်းက လက်ဖဝါးသေးသေးလေးနဲ့ တားအုံးမှာလား၊ မင်းရဲ့လက်ဖဝါးက သေလောက်အောင် သန်မာနေရင်တောင် ဒီတစ်ခေါက် ငါ့အစွမ်းကို ဘယ်လိုမှ ဖျက်ဆီးနိုင်မှာမဟုတ်ဘူး”
လောထျန်းနှင့် တဖြည်းဖြည်း နီးကပ်လာသော ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းကို ကြည့်နေရင်း မိစ္ဆာနတ်ဘုရားက လှောင်သံအပြည့်ဖြင့် ပြောလိုက်လေ၏။
သို့သော် လောထျန်းက အရင်လို ကောင်းကင်ဘုံလက်ဝါးကိုတောင် အသက်မသွင်းတော့ဘဲ နီးကပ်လာသော ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းကို ရှုတည်တည် ကြည့်နေခဲ့သည်။
&အိုး.. မင်းက တစ်ခါထဲ အရှုံးပေးလိုက်ပြီလား။ လူသားမျိုးနွယ်တွေက.. ထင်တဲ့အတိုင်း သုံးစားမရဘူးပဲ၊ ဟားဟားဟား”
မိစ္ဆာနတ်ဘုရားက လောထျန်း၏စိတ်ဓာတ်ကိုပါ ချိုးနှိမ်ဖို့ရန် အဆက်မပြတ် လှောင်ပြောင်တော့သည်။
သို့သော် ထိုအချိန်မှာပဲ လောထျန်းက လက်နှစ်ဖက်ဖြင့် လက်ကွက်ဖော်လိုက်ပြီး မန္တာန်စရွတ်တော့သည်။
***