“ ဟမ်.. သူ မန္တာန်ရွတ်နေတာလား”
လောထျန်းကို အဝေးကကြည့်နေသော မိစ္ဆာနတ်ဘုရား တစ်ယောက် မှင်သက်သွားလေသည်။
ဘာတွေဖြစ်နေတာလဲ
ဒီလိုအနီးကပ်အခြေအနေရောက်နေတာကို ထွက်မပြေးဘဲနဲ့.. သူက ဘာကိစ္စ မန္တာန်လာရွတ်နေတာလဲ။
သို့သော် မိစ္ဆာနတ်ဘုရား ချက်ချင်းပဲ တစ်ခုခု တွေးမိသွားကာ လှောင်ပြောင်လေတော့၏။
“ငါသိပြီ.. ဒီကောင်က သေတော့မှာသိလို့.. နောက်ဘဝပြန်မွေးဖွားနိုင်ဖို့ ဆုတောင်းနေတာပဲ”
“ကျွတ်..သနားဖို့ကောင်းတာကွာ။ ငါ့အစွမ်းကြောင့် သေခဲ့ရတဲ့ကောင်တွေအတွက် ပြန်မွေးဖွားနိုင်မဲ့ အခွင့်အရေးမှ မရှိတော့တာ”
မိစ္ဆာနတ်ဘုရား စကားပြောနေတုန်းမှာပဲ ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းက ကျရောက်လာတော့သည်။
“သခင်လေး..သတိထား၊ ကျုပ်ဝင်မယ်”
ထိုမြင်ကွင်းကြောင့် နေမင်းကိုးသွယ်ဘုရင်က မျက်လုံးကြီး ကျွတ်ကျမတတ် အော်ဟစ်လိုက်ပြီး တပြိုင်နက်ထဲမှာပဲ..
ဘန်းဘန်းဘန်း
သူ့ခေါင်းရဲ့ပတ်ပတ်လည်ကို အနီရောင်နေလုံးများစွာ ဝန်းရံသွားပြီး ထိုနေလုံးကိုအကြောင်းပြုရင်း တဟုန်ထိုးမြင့်တက်လာသော အစွမ်းကို အသုံးပြုကာ ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းကို ပိတ်ဖို့ ကြိုးစားလိုက်တော့သည်။
သို့ပေမဲ့ ထိုအချိန်မှာပဲ
ဘိ
ဝိညာဥ်တစ်သောင်းလက်ညိုးအစွမ်းက လောထျန်းနှင့် အလွန်နီးကပ်လာချိန်မှာ အထဲကနေ အဖြူရောင်ဝိညာဥ်သဏ္ဍာန်တစ်ခု ပေါ်ထွက်လာသည်။
ထိုဝိညာဥ်က အပေါ်ကနေအောက်ကို ဖြည်းဖြည်းချင်း ဆင်းသွား၏။
ထိုအဖြူရောင်ဝိညာဥ်နှင့် ထိတွေ့သည့်နေရာတိုင်းမှာ.. တစ်ယောက်၊ နှစ်ယောက်.. နောက်ဆုံး မရေမတွက်နိုင်လောက်သည်အထိ အဖြူရောင်ဝိညာဥ်တွေ ထပ်ပွားလာသည်။
အဖြူရောင်ကို ဗဟိုပြုဖြစ်ပေါ်စေသော ထိုဝိညာဥ်များ၏ မျက်နှာမှာ အရင်လို မုန်းတီးမှုအာဃာယတွေ မရှိတော့ပဲ..ပကတိ ငြိမ်းချမ်းနေ၏။
နောက်ဆုံး ထိုပုံရိပ်တွေက ဝိညာဥ်တစ်သောင်းလက်ညိုးအတွင်းကနေ ငြိမ်းချမ်းစွာ ထွက်မသွားခင် လောထျန်းကို ဦးညွတ်ခဲ့ကြသည်။
တစ်ဝိညာဥ် ဦးညွတ်တိုင်း၊ လောထျန်း၏ ကံတရားလဲ တိုးတက်လာခဲ့သည်။
ဝိညာဥ်တွေထွက်သွားသည်နှင့်အမျှ ဝိညာဥ်တစ်သောင်းလက်ညိုး၏ အစွမ်းကလည်း ဖျော့တော့လာတာ အခုဆို အရင်ရဲ့ သုံးပုံတစ်ပုံသာ ကျန်ရှိတော့သည်။
ထိုမြင်ကွင်းက နေမင်းကိုးသွယ်ဘုရင်ကို တိုက်ရိုက်ပဲ ဆွံ့အစေပါသည်။
အခုဘာတွေဖြစ်နေလဲ သူတကယ်မသိတော့ဘူး။
သူဝင်ပြီး ကူညီသင့်ရဲလားလဲ မသိတော့ပေ။
တစ်ဖက်က မိစ္ဆာနတ်ဘုရားလည်း လုံးဝကြောင်နေပေမဲ့ သူအမြန်ဆုံး တုံ့ပြန်နိုင်ခဲ့သည်။
ဘာတွေဖြစ်နေလဲဆိုတာ အတိအကျမသိရင်တောင်မှ ဒီတိုင်း ဆက်ခွင့်ပြုထားပါက လောထျန်းကြောင့် သူ၏ဝိညာဥ်တစ်သောင်းအစွမ်းတွေ အားလုံး ကုန်ဆုံးသွားပေလိမ့်မည်။
ဒီဝိညာဥ်တစ်သောင်းက သူတို့မိစ္ဆာနတ်ဘုရား နန်းတော်တစ်ခုလုံး နှစ်ပေါင်းထောင်နဲ့ချီပြီး စုဆောင်းခဲ့ရသော အရာများပင်။
ထိုဝိညာဥ်အစွမ်းတွေကို ဆုံးရှုံးလိုက်ရရင် သူ့ရဲ့ကြိုးစားမှုတွေပဲ ပျက်ဆီးရမှာမဟုတ်ဘူး.. သူ့ရဲ့ လက်ရှိကျင့်ကြံမှုအပေါ်မှာပါ အများကြီး သက်ရောက်နိုင်သည်။
“ပြန်လာကြစမ်း”
မိစ္ဆာနတ်ဘုရား အလျင်စလို အော်ဟစ်ရင်း အစွမ်းကိုအသည်းအသန်း ပြန်စုဝေးလိုက်သည်..
သို့ပေမဲ့ ဘယ်အရာက ထိုမျှလွယ်ကူပါမည်နည်း။
မိစ္ဆာနတ်ဘုရား အမိန့်ပေးလိုက်တာတောင်မှ ဝိညာဥ်တွေက ဆက်လက်ထွက်ခွာနေကြဆဲပင်။
ထိုမြင်ကွင်းကြောင့် မိစ္ဆာနတ်ဘုရားတစ်ယောက် အသားတွေပင် တဆတ်ဆတ် တုန်လာတော့သည်။
“မရဘူး..မသွားနဲ့..မသွားရဘူး။ မင်းတို့ကငါ့အစွမ်းပဲ”
သူ ဒေါသတကြီး အော်ဟစ်တော့သည်။
သို့ပေမဲ့ဝိညာဥ်တွေက မပြတ်ထွက်ခွာနေဆဲပင်။
ထိုအချိန်မှာ အဝေးကကြည့်နေကြသော မိစ္ဆာအုပ်လိုက်ကြီးကတော့ သေချာ မမြင်ရသောကြောင့် အနည်းငယ် ရှုတ်ထွေးလာကြသည်။
“ဟေ့ယောင်တွေ၊ အစောကအထိ ငါတို့မိစ္ဆာနတ်ဘုရားက အပီအပြင်ဖြဲနေတာလေ.. ဘာကိစ္စ ရပ်လိုက်တာတုန်းဟ”
“ဘာတွေဖြစ်နေတာလဲ၊ ငါတို့မိစ္ဆာနတ်ဘုရားက သနားပြီး မသတ်တော့တာလား”
“ဟ.. ဘယ်တုန်းက ငါတို့မိစ္ဆာနတ်ဘုရားက လူသားမျိုးနွယ်ကို သနားဖူးလို့လဲ”
“အေးလေ၊ မိစ္ဆာနတ်ဘုရားက လူသားကို အမုန်ဆုံးပဲ။ သူ့ဘေးမှာ လူသားတစ်ယောက်ပေါ်လာတာနဲ့ သေချာပေါက် သတ်ပစ်တာပဲကို”
မိစ္ဆာဂိုဏ်းသားတွေခဗျာ ပြောလေ၊ ရှုတ်လေ ဖြစ်လာပြီး အခြေအနေကို နားမလည်နိုင်တော့ပေ။
ထိုအချိန်မှာ မိစ္ဆာနတ်ဘုရားကလည်း သူ့အစွမ်းတွေ ယုတ်လျော့ရခြင်း၏ အဓိကအကြောင်းအရင်းကို ရှာတွေ့သွားခဲ့သည်။
&ဒါဟိုကောင် မန္တာန်ရွတ်နေလို့များလား”
သူချက်ချင်းပဲ လောထျန်းကို ဖြတ်ခနဲ ကြည့်လိုက်ချိန်မှာ လောထျန်းရဲ့ နှုတ်ခမ်းနှစ်ဖက်က တလှုပ်လှုပ်ရွတ်နေတာကို မြင်လိုက်ရ၏။
သူ ဘာမှ မမြင်ရသော်လည်း လောထျန်း၏ ပါးစပ်ကနေ ထွက်နေသော အစွမ်းတစ်ချို့ကို ခပ်ဖျော့ဖျော့ အာရုံခံမိနေသည်.. အဲ့ဒါက ရေကန်အလယ်က ကြာပွင့်တစ်ပွင့်လို ကြည်လင်အေးမြစေသည်။
လောထျန်း၏ ထိုအစွမ်းကြောင့် သူ၏ဝိညာဥ်အစွမ်းတွေ လျော့လာမှန်း အတည်ပြုနိုင်သွားသည်နှင့် မိစ္ဆာနတ်ဘုရား အလွန်စိတ်ဆိုးသွားတော့သည်။
သို့သော် လောထျန်းက တစ်ချက်တောင် စောက်ဖက်မလုပ်ပဲ ထိုအစား ပိုမိုမြန်ဆန်စွာ ရွတ်ဆိုလိုက်သည်။
ဝိညာဥ်တွေထပ်ပြီး ထွက်သွားနေကြသည်မို့.. မိစ္ဆာနတ်ဘုရားတစ်ယောက် လဲကျတော့မလိုပင် ဖြစ်သွားလေ၏။
“ငါတောင်းပန်ပါတယ်.. ကျေးဇူးပြုပြီး ရပ်လိုက်ပါတော့။ ငါမင်းကိုအသက်ချမ်းသာပေးပါ့မယ် မဟုတ်ဘူး၊ ဝူယန်စီရင်စုတစ်ခုလုံးကို အလွတ်ပေးပါ့မယ်..ဟုတ်ပြီလား”
သူ တုန်ယင်စွာဆိုလိုက်သည်။
မိစ္ဆာနတ်ဘုရား နောက်ဆုံးတော့ လက်နက်ချပြီပင်။
ထိုအချိန်မှာ အနည်းငယ် အံ့သြနေသော နေမင်းကိုးသွယ်ဘုရင်လည်း လောထျန်းကို တစ်လှည့်၊ မိစ္ဆာနတ်ဘုရားကို တစ်လှည့်ကြည့်ပြီး သဘောပေါက်သွားတော့သည်။
“သခင်လေး.. ဒါကမင်း မန္တာန်ရွတ်နေလို့လား” သူအံ့သြစွာမေးလိုက်တော့သည်။
လောထျန်း ခဏရပ်လိုက်ပြီး ခေါင်းညိတ်ကာ ဖြေလိုက်သည်။
“အင်း”
ထို့နောက် သူ ပြန်လည်ရွတ်ဆိုကာ.. ဝိညာဥ်တွေကို လွတ်မြောက်စေလိုက်သည်။
သို့သော် တစ်ဖက်က မိစ္ဆာနတ်ဘုရားက လောထျန်းခဏရပ်သွားတာကို အခွင့်ကောင်းယူပြီး ဝိညာဥ်တွေကို ခန္ဓာကိုယ်ထဲ ပြန်သိမ်းဆည်းလိုက်တော့၏။
ဝှီး
ထိုမှသာ သူစိတ်သက်သာစွာ သက်ပြင်းချလိုက်နိုင်ပြီး မျက်လုံးထဲက တစ္ဆေမီးတောက်လဲ ပြန်လည်လောင်ကျွမ်း လာခဲ့သည်။
သူ တိတ်တဆိတ် ရေတွက်လိုက်ရာ သုံးပုံနှစ်ပုံတောင် လျော့သွားခဲ့သော ဝိညာဥ်အရေအတွက်ကြောင့် သူတော်တော်လေး အံ့သြသွားရသည်။
ထိုဝိညာဥ်တွေကို ရဖို့ သူ သေလောက်အောင် ကြိုးစားခဲ့ရပါသော်လည်း အခုတော့ စက္ကန့်ပိုင်းအတွင်းမှာပဲ အများကြီး ဆုံးရှုံးလိုက်ရ၏။
အကယ်၍ နည်းနည်းလောက်ပဲ ထပ်ဆုံးရှုံးရရင်တောင် သူ့ရဲ့ကျင့်ကြံဆင့်ကိုပါ ထိခိုက်လာတော့မည်ဖြစ်သည်။
“စောက်နှလုံးသားမရှိတဲ့ကောင်.. ငါ့ရဲ့ဝိညာဥ်တွေကို ငါပြန်သိမ်းလိုက်ပြီ၊ မင်းထိလို့မရတော့ဘူး”
သူ လောထျန်းကို ဒေါသတကြီး ကြည့်လိုက်ပါ၏။
ထိုစကားကြောင့် နေမင်းကိုးသွယ်ဘုရင်က ဘေးကနေ ဝင်ပြောလာခဲ့သည်။
“မိစ္ဆာနတ်ဘုရား၊ မင်းကငါအဖိုးကြီးကို မေ့နေတာလား”
ထိုမှ မိစ္ဆာနတ်ဘုရား လန့်သွားပြီး နေမင်းကိုးသွယ်ဘုရင်ကို လှည့်ကြည့်လိုက်မိကာ.. အခြေအနေမကောင်းတော့မှန်း ရိပ်စားမိလိုက်သည်။
နေမင်းကိုးသွယ်ဘုရင်က မသေမျိုးဧကရာဇစ်တစ်ပိုင်းပဲ..
ထို့အပြင် မျက်စိအရှေ့က ကျက်သတုံးကောင်ကလည်း ကောင်းကင်ဘုံကိုဆန့်ကျင့်နိုင်သည့် ဘီလူးတစ်ကောင်ဖြစ်သည်..
ထိုကောင်စုတ်ကြောင့် သူ့ရဲ့ဝိညာဥ်အစွမ်းကို ပေါ်ပေါ်ထင်ထင် ထုတ်မသုံးနိုင်တော့လေရာ.. သူ့ရဲ့တိုက်ကွက်များစွာ ကန့်သတ်ခံလိုက်ရသည်။ သူသာ ထိပ်တိုက်ရင်ဆိုင်ရရင် အရေးနိမ့်တော့မှာမလား။
သို့ပေမဲ့ မိစ္ဆာနတ်ဘုရား အများကြီး မတွေးတောနိုင်ခင်မှာပဲ.. လောထျန်း၏ မျက်မှောင်ကြုတ်နှင့်ပြောတာကို ကြားလိုက်ရသည်။
“ကျုပ် ဝိညာဥ်တွေကို မလွှတ်ပေးနိုင်တော့ဘူးလို့ မင်းကို ဘယ်သူပြောလဲ”
“ဟမ်.. မင်းဘာပြောချင်တာလဲ” မိစ္ဆာနတ်ဘုရား အနည်းငယ် ရင်ထိတ်လာပြီပင်..
သို့သော် လောထျန်းက လှလှလေး ပြုံးပြလိုက်ပြီးနောက် တည်ငြိမ်စွာပဲ မန္တာန်ပြန်ရွတ်လိုက်သည်။
ဒီတစ်ခေါက် လောထျန်းရွတ်လိုက်သည့် မန္တာန်က အရင်ကနဲ့မတူညီတော့ပေ။
ထို့ကြောင့်မိစ္ဆာနတ်ဘုရား လှောင်ပြောင်ကာ မေးခွန်းထုတ်ဖို့ ပြင်လိုက်သည်.. သို့သော် ထိုအချိန်မှာပဲ
သူ့ခန္ဓာကိုယ်အတွင်းကနေ အဖြူရောင်ဝိညာဥ်ပုံရိပ်တစ်ခု ထင်ဟပ်လာပြီး ထိုပုံရိပ်က ခပ်ဖြည်းဖြည်းပဲ ကောင်းကင်ပေါ် တက်ကာ ခန္ဓာကိုယ်ထဲမှ ထွက်သွားလေ၏။
“ဘာ” ထိုမြင်ကွင်းကြောင့် မိစ္ဆာနတ်ဘုရား အလွန်ထိတ်လန့်သွားတော့သည်။
သေချာပေါက် ထိုဝိညာဥ်တွေအားလုံးကို သူ့ရဲ့အသိစိတ်ပင်လယ်ထဲမှာ ပိတ်မိထားပေမဲ့.. ဘာကြောင့် ဝိညာဥ်တွေက လွတ်မြောက်နေရတာလဲ။
သူ အတွေးလွန်နေစဥ်မှာပဲ..ပိုများတဲ့ အဖြူရောင်ပုံရိပ်တွေ ဆုတ်ခွာလာလေ၏။
ခဏလေးအတွင်းမှာ မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်အစွမ်းက သိသာစွာ လျော့နည်းလာသည်။
“သေစမ်း.. မင်း…မင်းဘာလုပ်လိုက်တာလဲ”
မိစ္ဆာနတ်ဘုရားတစ်ယောက် လောထျန်းကို ကြည့်ကာ ဒေါသတကြီး အော်ဟစ်ပါတော့၏။
လောထျန်းက ထိုအသံကိုကြားမှ မျက်လုံးဖွင့်ကြည့်လိုက်သည်။ ထို့နောက် အံ့သြစွာ ပြောလိုက်လေ၏။
“အလုပ်ဖြစ်သားပဲ”
***