လောထျန်း ရွတ်ဆိုနေခဲ့သော မန္တာန်က တကယ်တော့ ကောင်းကင်ဘုံအာရုံပြုနည်း စာအုပ်ထဲက ပြန်လည်မွေးဖွားခြင်းမန္တာန် ပဲ ဖြစ်၏။
ဝိညာဥ်ကိုအသုံးပြုရသည့် သိုင်းပညာတိုင်းကို ကောင်းကင်ဘုံအာရုံပြုနည်း စာအုပ်ထဲက သိုင်းတွေနဲ့ ဖြေရှင်းလို့ရသည်။
ဒါကြောင့်ပဲ.. မိစ္ဆာနတ်ဘုရားရဲ့ ဝိညာဥ်တစ်သောင်းလက်ညိုးသိုင်းကို မြင်တဲ့အချိန်မှာ လောထျန်း သတိရသွားပြီး မန္တာန်ရွတ်ခဲ့လိုက်သည်.. တကယ်ပဲ မိစ္ဆာနတ်ဘုရားရဲ့ အစွမ်းကို လျော့ပါးစေခဲ့တာပင်။
သို့ပေမဲ့ မိစ္ဆာနတ်ဘုရားဘက်က လွတ်မြောက်သွားသော ဝိညာဥ်တွေကို အတင်းအကျပ် ပြန်ခေါ်လိုက်တဲ့အချိန်မှာ သူ၏မန္တာန်က ဝိညာဥ်တွေကိုအရင်လို မလွတ်မြောက်စေတော့မှန်း လောထျန်း သတိထားမိလိုက်သည်။
မိစ္ဆာနတ်ဘုရားဘက်က အစွမ်းကို အသက်သွင်းလိုက်တာနဲ့ သူ့ရဲ့မန္တာန်နဲ့ ဝိညာဥ်တွေကြားကို အကာအကွယ်တစ်ခု ခြားလိုက်သလို ခံစားလိုက်ရပြီး မန္တာန်က ဝိညာဥ်တွေကို မလွတ်မြောက်စေတော့ပေ။
ထို့ကြောင့် လောထျန်းက မန္တာန်ရွတ်ဆိုတဲ့အချိန်မှာ သူ့ဝိညာဥ်အစွမ်းကိုပါ အနည်းငယ် အသုံးပြုကြည့်ခဲ့သည်.. ထိုအရာက တကယ်ကို အလုပ်ဖြစ်သွားပုံရပြီး ရလဒ်က အလွန်သိသာနေခဲ့သည်လေ။
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ထဲကနေ ပိုများသောဝိညာဥ်တွေ လွတ်မြောက်သွားသောကြောင့် လောထျန်း၏ မျက်လုံးတွေ တောက်ပသွားတော့သည်။
“ငါ့အစွမ်းရဲ့ တစ်ထောင်ပုံတစ်ပုံလောက်ပဲ သုံးထားခဲ့တာကို ဝိညာဥ်တွေကို လွတ်မြောက်အောင် လုပ်နိုင်ခဲ့တာပဲ.. ဒီလိုဆိုမှတော့ ငါအစွမ်းပိုသုံးလိုက်ရင် ဘယ်လို ဖြစ်သွားမလဲ”
လောထျန်း စိတ်ထဲမှ တွေးလိုက်တော့သည်။
တစ်ဖက်က မိစ္ဆာနတ်ဘုရားကတော့ လောထျန်း၏ ပြောင်းလဲသွားသော မျက်နှာကို ကြည့်နေရင်း ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားလေရဲ့။
“မင်းဘာလုပ်မလို့လဲ” သူတုန်ယင်စွာ မေးလိုက်တော့သည်။
ဒီလောထျန်းက တကယ်ကိုထူးဆန်းတဲ့သူပင်..
အထူးသဖြင့် ထိုလောထျန်း အခုလိုမျိုး လှလှလေး ပြုံးလိုက်တာနဲ့ သူ အလွန်အမင်း မသက်မသာခံစားရသည်။
ထိုအချိန်မှာပဲ လောထျန်းက ခပ်ပြုံးပြုံး ပြောလိုက်ပါ၏။
“ခဏစောင့်၊ ကျုပ်ဒီတစ်ခေါက် အစွမ်းကို တစ်ရာပုံတစ်ပုံ သုံးကြည့်ပေးမယ်”
“ဟမ်” မိစ္ဆာနတ်ဘုရား လုံးဝရှုတ်ထွေးသွားသည်။
လောထျန်း၏ ဆိုလိုရင်းကို သူနားမလည်ပါချေ။
သို့သော်လည်း မိစ္ဆာနတ်ဘုရားတစ်ယောက် ချက်ချင်း.နားလည်သွားခဲ့ရပါသည်။
လောထျန်းက ချက်ချင်းပဲ လက်နှစ်ဖက်ကို ပူးယှက်ပြီး မန္တာန်စရွတ်တော့သည်.. မန္တာန်စရွတ်တာနဲ့ လောထျန်း၏ ခန္ဓာကိုယ်ပတ်ပတ်လည်မှာ အင်အားတစ်ခု ဝန်းရံလာတာကို ခံစားလိုက်ရ၏။
ထိုအင်အားကို မိစ္ဆာနတ်ဘုရား မဝေခွဲနိုင်ခင်မှာပဲ
ဘိဘိဘိ
မိစ္ဆာနတ်ဘုရား၏ ခန္ဓာကိုယ်ကနေ ဓာတ်မီးတစ်လုံးလို အလင်းရောင်များ စူးရှစွာထွက်ပေါ်လာတော့သည်။
ထိုသို့ဖြင့် မရေမတွက်နိုင်သောဝိညာဥ်များ လွတ်မြောက်လာတော့၏။
“ပြန်လာကြမင်းတို့ ပြန်လာကြစမ်း”
မိစ္ဆာနတ်ဘုရားတစ်ယောက် အကြီးအကျယ် စိတ်ဓာတ်ကျလေပြီ..
ဝိညာဥ်တွေထွက်သွားတဲ့နှုန်းက အရင်ကထက် ဘာကြောင့် ပိုများလာရတာလဲ။
ဒီတိုင်းဆက်ဖြစ်နေရင်.. စက္ကန့်ပိုင်းအတွင်းမှာ သူ့အစွမ်းတွေ အကုန်ကုန်သွားလိမ့်မည်။
“စောက်ချီးတဲ့မှ.. ငါမင်းကို အသေသတ်ပစ်မယ်ကွ’
ဝိညာဥ်တွေ လွတ်မြောက်နေတာ မြင်လေလေ၊ မိစ္ဆာနတ်ဘုရား.ပိုဒေါသထွက်လေလေပင်။
လောထျန်းကို ချက်ချင်း ဆွဲဖြဲတော့မတတ် စူးစူးရဲရဲကြီး ကြည့်နေခဲ့သည်.. ထိုအချိန်မှာပဲ လောထျန်းက ရုတ်တရက် မျက်လုံးပွင့်လာပြီး ခေါင်းညိတ်ကာ ပြောလိုက်လေသည်။
“အင်း.. ရလဒ်က သိသာသားပဲ၊ ဒါဆို ဆယ်ပုံတစ်ပုံအစွမ်း သုံးကြည့်မယ်ကွာ’
လောထျန်း ပြန်လည်ရွတ်ဆိုပါတော့သည်။
ဝုန်း
ဒီတစ်ခေါက်မှာ ပိုမိုအားကောင်းလာသော ဝိညာဥ်အစွမ်းကြောင့် မန္တာန်စာလုံးများက အပြင်ဘက်ကိုပါ သဏ္ဍာန်ထင်စေပြီး အဘက်ဘက်ကို ပျံ့နှံ့သွားလေ၏။
“ သေလိုက်စမ်း”
ထိုအချိန်မှာ မိစ္ဆာနတ်ဘုရားကလည်း အော်ဟစ်ရင်းမှ လောထျန်းကို အသေတိုက်ဖို့ ဒုန်းဆိုင်းပြေးလာနေခဲ့သည်။
“မင်း စဥ်းတောင်မစဥ်းစားနဲ့” တစ်ဖက်က နေမင်းကိုးသွယ်ဘုရင်ကလည်း အော်ဟစ်ရင်း ပြေးလာခဲ့သည်။
လောထျန်း တစ်ယောက် ဘာနည်းလမ်းတွေ သုံးနေလဲတော့ သူမသိပါချေ။ သို့ပေမဲ့ သူသိတာတစ်ခုက လောထျန်းသာ မန္တာန်ရွတ်နေသရွေ့ မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်အစွမ်းတွေ ယုတ်လျော့ကုန်လိမ့်မည်။ ထို့ကြောင့် မိစ္ဆာနတ်ဘုရားကို ဖျက်ဆီးခွင့် လုံးဝပေးမှာမဟုတ်ဘူး။
ချက်ချင်းပဲ မိစ္ဆာနတ်ဘုရားနဲ့ နေမင်းကိုးသွယ်ဘုရင်တို့ ထိပ်တိုက်တွေ့ကြလေကာ..
နေမင်းကိုးသွယ်ဘုရင်၏ လက်သီးချက်က မိစ္ဆာနတ်ဘုရားကို တိုက်ရိုက်ပဲ ထိုးဖောက်သွား၏။
ဂျွတ်
မိစ္ဆာနတ်ဘုရား၏ အနီရဲရဲအရိုးစုထဲက အပိုင်းတစ်ချို့ ထင်ရှားစွာ ကျိုးကြေသွားလေ၏။
“ဟမ်.. ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ” နေမင်းကိုးသွယ်ဘုရင်ပင် အံ့သြသွားသည်။
သူအရင်တုန်းက မိစ္ဆာနတ်ဘုရား၏သန်မာမှုကို စမ်းသပ်ခဲ့ဖူးပါသည်။
ထိုအနီရောင်အရိုးများက မူလအဆင့်မသေမျိုးလက်နက်ထက်ပင် မာကြော၏။
သူတို့အရင်တုန်းက တိုက်ခိုက်ခဲ့စဥ်ကဆိုလျှင် သူ့လက်တွေ နာကျင်ကိုက်ခဲလာသည်အထိ ထိုးကြိတ်ခဲ့တာတောင်မှ ထိုအရိုးက တုတ်တုတ်တောင် လှုတ်ခဲ့တာမဟုတ်ဘူး။
သို့ပေမဲ့ အခုတော့ လက်သီးတစ်ချက်ထဲနဲ့ ကျိုးကြေသွားတယ်တဲ့လား ဘယ်လိုလုပ်ပြီးလဲ။
တစ်ဖက်က မိစ္ဆာနတ်ဘုရားလည်း အံ့သြနေပါ၏.. သို့ပေမဲ့ သူ့၏အာရုံစိုက်မှုက ကျိုးကြေသွားသော နံရိုးအပေါ်မှာ ရှိမနေဘူး..
အခုချိန်မှာ သူ့ခန္ဓာကိုယ်ထဲကနေ ဝိညာဥ်အစွမ်းတွေက ရေတံခွန်ကရေတွေ အမြင့်ကနေပြုတ်ကျသလိုမျိုး အရှိန်ပြင်းပြင်းနဲ့ကို ထွက်သွားနေတာဖြစ်သည်။
“မဖြစ်ဘူး.. မဖြစ်ဘူး” သူ့ခန္ဓာကိုယ်ထဲက အစွမ်းတွေက ကြောက်ဖို့ကောင်းလှတဲ့ အရှိန်နှုန်းနဲ့ ထွက်သွားကုန်သည့်အတွက် မိစ္ဆာနတ်ဘုရားတစ်ယောက် သွေးရူးသွေးတန်း အော်ဟစ်ရုံသာ တတ်နိုင်တော့၏။
ဘိ
နောက်ဆုံးတော့ မိစ္ဆာနတ်ဘုရား၏ကိုယ်ထဲက နောက်ဆုံးအကာအကွယ်စည်း ကျိုးပျက်သွားလေကာ.. သူ့အရောင်အဝါများပင် လျင်မြန်သော နှုန်းထားဖြင့် လျော့ကျလာခဲ့သည်။
“ဟမ်”
အရှေ့က နေမင်းကိုးသွယ်ဘုရင်က အရင်ဆုံးသတိပြုမိသူပင်။
မိစ္ဆာနတ်ဘုရား၏ စွမ်းအင်သာမက.. ကျင့်ကြံဆင့်ပါ တဖြည်းဖြည်း လျော့ကျလာမှန်း သူခံစားလိုက်ရသည်။
အရင်က မသေမျိုးဧကရာဇ်တစ်ပိုင်းထက် ကျော်လွန်ခဲ့သော မိစ္ဆာနတ်ဘုရား၏ ကျင့်ကြံမှုက မသေမျိုးဘုရင်အဆင့်ကိုးကို ပြန်ကျသွားခဲ့သည်.. ထိုအဆင့်က ဟိုးအရင်က မိစ္ဆာနတ်ဘုရား၏ ကျင့်ကြံဆင့်အမှန်ဖြစ်သည်။
သို့သော်လည်း ထိုမျှနှင့်မပြီးသေချေ။
မသေမျိုးဘုရင်အဆင့်ကိုးကို ရောက်နေသည့်တိုင်အောင် ရပ်တန့်မသွားသေပဲ ထိုမှ အဆင့်ရှစ်.. အဆင့်ခုနှစ်..
နောက်ဆုံးအဆင့်ငါးဖြစ်သွားကာ..
မျက်စိတစ်မှိတ်အတွင်းမှာ မသေမျိုးဘုရင်နယ်ပယ် အဆင့်တစ်ကို လျော့သွားလေ၏။
“မိစ္ဆာနတ်ဘုရား” မြူခိုးအရှင်တစ် ခဗျာ အဝေးကကြည့်နေရင်းမှ နှလုံးသားတစ်ခုလုံး တင်းကျပ်လာတော့သည်။
မိစ္ဆာနတ်ဘုရားက သူတို့ဂိုဏ်း၏ အသန်မာဆုံးပုဂ္ဂိုလ်တစ်ယောက် ဖြစ်သလို.. သူ၏ ကျောထောက်နောက်ခံ ဆိုလည်း မမှားပေ။
အခုတော့ မိစ္ဆာနတ်ဘုရား၏ သန်မာမှုက သူ့ထက်ပင် နိမ့်ကျနေခဲ့ပြီ
သူဘာဆက်လုပ်ရတော့မှာလဲ။
ဒီလိုဆိုရင် သူတို့မိစ္ဆာနတ်ဘုရားနန်းတော်က နောက်ဆုံးမှာ အင်အားနည်းသွားပြီပဲမလား..
မဟုတ်ဘူး၊ ဒါတင်မကသေးပေ။
သူတို့မိစ္ဆာနတ်ဘုရားနန်းတော်က ဒီနေ့ပြဿနာအကြီးကြီး ရှာထားခဲ့တာပင်။
လောထျန်းကော၊ နေမင်းကိုးသွယ်ဘုရင်ကောက သူတို့ကို လွှတ်ပေးမှာမဟုတ်ဘူး..
ဒါဆို မိစ္ဆာနတ်ဘုရားနန်းတော်တစ်ခုလုံး ကျိလန်ဒေသကနေ မောင်းထုတ်ခံရတော့မှာပဲ။
မြူခိုးအရှင်၁ စိတ်ထဲမှာတော်တော်လေး ဆိုးရွားလာတော့၏။
သူ လျင်မြန်စွာပဲ ပတ်ဝန်းကျင်ကို အကဲခတ်လိုက်သည်။ အကုန်လုံးက တိုက်ပွဲမှာပဲ အာရုံစိုက်နေပြီး သူ့ကိုသတိမထားမိသောကြောင့် လူအုပ်အနောက်ကနေ လျှိုလျှိုလေး ထွက်သွားလိုက်ကာ အရှိန်အဝါကိုပိတ်သိမ်းလိုက်ပြီး တိတ်တဆိတ် လစ်ထွက်လိုက်တော့သည်။
ထိုအချိန်မှာ လေထဲက မိစ္ဆာနတ်ဘုရားကတော့ လောထျန်းကို ဒေါသတကြီးကြည့်ပြီး စိတ်တိုစွာပြောလိုက်၏။
“ မင်း..ဘာလို့”
မိစ္ဆာနတ်ဘုရားတစ်ယောက် သူ့အခြေအနေသူ နားလည်ပါသော်လည်း.. လောထျန်းကို တိုက်ခိုက်ချင်ဆဲပင်။ သို့သော် သူ့ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ချိန်မှာပဲ.. မူမမှန်သောတစ်စုံတစ်ခုကို သတိထားမိလိုက်သည်။
“ဘာဖြစ်နေတာလဲ၊ ဘာလို့ငါ့ခန္ဓာကိုယ်ငါ မထိန်းချုပ်နိုင်တော့တာလဲ”
“ဟမ်.. ငါ့ခန္ဓာကိုယ်က အဲ့မှာဘာလုပ်နေတာလဲ”
မျက်စိရှေ့မှာနောက်ထပ် မိစ္ဆာနတ်ဘုရားတစ်ယောက်ကို မြင်လိုက်ရသောကြောင့် မိစ္ဆာနတ်ဘုရား အလွန်အမင်း ထိတ်လန့်သွားတော့သည်။
မိစ္ဆာနတ်ဘုရားတစ်ယောက် သူ့ခန္ဓာကိုယ်ကို ဘယ်လိုမှ မထိန်းချုပ်နိုင်တော့ပေ။
ချွမ်း..
ထိုအချိန်မှာပဲ အမဲရောင်ချိန်းကြိုးကြီးများ ရုတ်တရက် ထွက်ပေါ်လာကာ မိစ္ဆာနတ်ဘုရားကို ပိတ်လှောင်လိုက်၏။.
သူ လန့်သွားပြီး ချက်ချင်းသတိဝင်သွားခဲ့သည်။
“မင်း.. မင်းငါ့ရဲ့ဝိညာဥ်ကို ဆွဲထုတ်လိုက်တာလား” သူ ထိတ်လန့်စွာ ပြောလိုက်သည်။
ဒါဘယ်လိုအခြေအနေကြီးလဲ။
သူကခန္ဓာကိုယ်ထဲမှာ ရှင်းရှင်းလင်းလင်းကြီး ရှိနေခဲ့တာလေ.. ဒါကို လောထျန်းက သူ့ဝိညာဥ်ကို အတင်းအကျပ် ဖယ်ထုတ်လိုက်တာလား။ အသက်ရှင်နေတဲ့ သူတစ်ယောက်ရဲ့ ဝိညာဥ်ကို ဒီလိုကြီး ဆွဲထုတ်လို့ရလား
ဒါဘယ်လို သဘောတရားကြီးလဲ။
နေမင်းကိုးသွယ်ဘုရင်က ထိုမြင်ကွင်းကိုကြည့်ပြီး မျက်နှာကိုခပ်မဲ့မဲ့လုပ်ရင်း ပြောလိုက်သည်။
“မိစ္ဆာနတ်ဘုရား၊ ဒါမင်းလုပ်တာ မင်းခံရတာပဲ။ ငါပြော..”
သို့သော် သူ့စကားမဆုံးခင်မှာပဲ.. ခန္ဓာကိုယ်ကနေ တဖြည်းဖြည်း ထွက်ခွာနေသော သူ့ဝိညာဥ်ကိုပါ သတိထားမိသောကြောင့် ရုတ်တရက် ရပ်တန့်သွားလေ၏။
***