“ဒါ..ဒါဘာတွေ ဖြစ်နေတာလဲ”
နေမင်းကိုးသွယ်ဘုရင် မျက်လုံးများပြူးကျယ်စွာဖြင့် အလွန်အံ့သြစွာမေးခွန်းထုတ်လိုက်သည်။
သို့သော် သူချက်ချင်းပဲ လောထျန်းကို အော်ဟစ်တော့သည်။
“သခင်လေး..ရပ်တော့၊ မြန်မြန်ရပ်တော့”
လောထျန်း မျက်လုံးဖွင့်ကြည့်လိုက်သည်..
သို့သော် မျက်စိအရှေ့က အရာအားလုံးကို ကြည်လင်စွာမြင်လိုက်ရသည်နှင့် လောထျန်းပင် အံ့သြသွားလေ၏။
“မင်းဘာလုပ်နေတာလဲ၊ မင်းဘာလို့ခန္ဓာကိုယ်ထဲက ထွက်လာတာလဲ”
လောထျန်း မေးလိုက်တာပင်။
အမေးခံလိုက်ရသော နေမင်းကိုးသွယ်ဘုရင်ခဗျာ ပြောစရာမရှိတော့ချေ။
ဒါတွေအားလုံးကို ဒီလောထျန်းက လုပ်နေတာ ရှင်းရှင်းလင်းလင်းကြီး မြင်နေပါရက်နှင့်..
အခုသူ့ကို ဘာလုပ်နေတာလဲ ပြန်မေးလိုက်တာလား..
ဘယ်သူကများ အားအားယားယား ခန္ဓာကိုယ်ထဲကနေ ထွက်သွားကြလို့လဲ။
နေမင်းကိုးသွယ်ဘုရင်ခဗျာ စိတ်ဆိုးလွန်း၍ လောထျန်းကို ချက်ချင်းတိုက်ခိုက်ချင်စိတ် ပေါက်သွားခဲ့သည်။
သို့သော် ထိုအတွက် အချိန်မကျသေးပါချေ.. ထို့ကြောင့် အလွန်ခါးသက်နေသော မျက်နှာနှင့် ကူကယ်ရာမဲ့စွာ ပြောလိုက်ရလေ၏။
“ကျုပ်..ကျုပ်လဲ မထွက်ချင်ပါဘူး၊ သခင်လေး.. မင်းလုပ်ခဲ့တာပဲ”
လောထျန်း အံ့သြစွာ ပြန်ပြောလိုက်သည်။
“အာ.. ကျုပ်လုပ်လိုက်မိတာလား”
နေမင်းကိုးသွယ်ဘုရင် ခေါင်းညိတ်လိုက်သည်။
“ကျုပ်တင်မဟုတ်ဘူး.. ဟိုကိုလဲ ကြည့်လိုက်အုံး”
ထိုသူကပြောပြီးတာနှင့် လက်ညိုးထိုးလိုက်သည့်အတွက် လောထျန်း.လိုက်ကြည့်လိုက်ပါသည်
လောထျန်းတစ်ယောက် ချက်ချင်းပင် မထိန်းနိုင်အောင် မျက်နှာကြီး တွန့်လိမ်သွား၏။
အဝေးတစ်နေရာက မိစ္ဆာအုပ်လိုက်ကြီးက မြေပြင်ပေါ်မှာ အပြားလိုက်ရှိနေခဲ့ပြီး ထိုခန္ဓာကိုယ်တွေအပေါ်မှာ သူတို့ဝိညာဥ်တွေက ဝဲပျံနေခဲ့သည်။
လောထျန်း ချက်ချင်း ခေါင်းမွှေးထောင်သွားပြီး တစ်ဖက်ကို လှည့်ကြည့်လိုက်ရာ.. ဝေ့လင်ယွီတို့ အုပ်စုလဲ ဝိညာဥ်တွေထွက်ကုန်မှန်း တွေ့လိုက်ရသည်။
“ကျုပ်လုပ်ခဲ့မိတာလား” သူ ထိတ်လန့်စွာ ပြောလိုက်သည်။
နေမင်းကိုးသွယ်ဘုရင်က ခေါင်းညိတ်ပြီး ပြောပြလာ၏။
“အတိအကျပါပဲ.. ကံကောင်းလို့ သူတို့တွေက ဝေးနေကြလို့.. မဟုတ်ရင် ပြန်လည်မွေးဖွားခြင်း မြစ်ကမ်းပါးကိုတောင် ရောက်နေလောက်ပြီ”
လောထျန်း အနေခက်စွာ ပြုံးလိုက်တော့သည်။
“ကျုပ်မှားတာ.. သေးငယ်တဲ့ ဘေးထွက်ဆိုးကျိုးလေးဖြစ်သွားတယ် ဟဲဟဲ၊ အခုပြန်ထည့်ပေးမယ်နော်”
နေမင်းကိုးသွယ်ဘုရင် ခေါင်းရမ်းကာ ခပ်ပြတ်ပြတ် ပြောလိုက်သည်။
“မလိုဘူး..ရတယ်၊ ကျုပ်ဘာသာ လုပ်မယ်”
ချက်ချင်းပဲ သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းတစ်ချက် ထွက်လာပြီး.. ဝိညာဥ်က ခန္ဓာကိုယ်ထဲ ပြန်ရောက်သွားခဲ့သည်။
ဘယ်လိုပဲဆိုဆို.. သူက မသေမျိုးဧကရာဇ်တစ်ပိုင်းပဲ၊ လောထျန်း မန္တာန်မရွတ်သရွေ့ သူ့ခန္ဓာကိုယ်ထဲ ပြန်ဝင်ဖို့က လွယ်ကူသောအရာတစ်ခု ဖြစ်သည်။
သို့သော် ဝေ့လင်ယွီနဲ့ ကျန်သူများကတော့ ထိုအရည်အချင်းမျိုး မရှိကြပေ။
သူတို့အားလုံး လောထျန်းကို မျှော်လင့်တကြီး ကြည့်လာကြ၏။
လောထျန်းဘက်မှ ဝိညာဥ်အစွမ်းဖြင့် ဝိညာဥ်တွေကို ပြန်ရောက်စေမှသာ အကုန်လုံး အဆင်ပြေသွားခဲ့ကြသည်။
ခန္ဓာကိုယ်ထဲကို ဝိညာဥ်ပြန်ရောက်လာခဲ့ပေမဲ့ ထိုသူတွေအားလုံးခဗျာ သေလောက်တဲ့ကပ်ဘေးကြီးကို ကြုံတွေ့လိုက်ရသလို ရုပ်မျိုးဖြစ်နေလေ၏။
“ဒီတိုက်ပွဲက ဒီလောက်အန္တာရာယ်များမယ် မထင်ထားခဲ့မိဘူး”
“ဟုတ်တယ်.. ဒီလောက်ဆိုးဝါးတဲ့တိုက်ပွဲမျိုး ကျုပ်တစ်သက်လုံး ကြားတောင်မကြားခဲ့ဖူးဘူး”
ထိုခပ်တိုးတိုး စကားသံများကို လောထျန်း ကြားလိုက်ရသော်လည်း ဘာပြန်ပြောရမည် မသိသောကြောင့် အနေခက်စွာပဲ ပြုံးပြလိုက်တော့သည်။
ထိုအချိန်မှာပဲ မိစ္ဆာနတ်ဘုရား၏ အော်သံကြမ်းရှရှကြီးကို ရုတ်တရက် ကြားလိုက်ရ၏။
“ဟိုသူတောင်းစား..ငါ့ကို အခုလွှတ်စမ်း၊ မဟုတ်ရင် မင်းသေချာပေါက် အသေမကောင်းစေရဘူး”
မိစ္ဆာနတ်ဘုရား၏ဝိညာဥ်ကို အမဲရောင်ချိန်းကြိုးကြီးများက တုတ်နှောင်ထားသောကြောင့် သူ့သန်မာမှုကလည်း သိသာစွာ လျော့ကျလာခဲ့သည်..
လောထျန်း မန္တာန်ရွတ်တာ ရပ်လိုက်တာတောင်မှ မိစ္ဆာနတ်ဘုရားတစ်ယောက် သူ့ခန္ဓာကိုယ်ထဲ ပြန်မဝင်နိုင်တော့ပေ။
လောထျန်း၏ မျက်နှာက ချက်ချင်းမဲမှောင်သွားကာ အေးစက်စက် ပြောလိုက်တော့သည်။
“ကျုပ်မင်းကို မေ့တောင်နေတာ”
လောထျန်းက ခရမ်းနေမင်းဘုရင်နဲ့ တစ်ခြားသူတွေကိုပါ လှည့်ပြောလိုက်သည်။
“ကျန်တဲ့သူတွေ ဝေးဝေးသွားနေကြပါ”
“ကောင်းပြီ”
နေမင်းကိုးသွယ်ဘုရင်က အပိုစကားတစ်ခွန်း မဆိုတော့ပဲ.. ချက်ချင်းပဲ မီတာပေါင်းများစွာ တိုက်ရိုက်အနောက်ဆုတ်လိုက်သည်။
ဒီနေရာကအရမ်းအန္တာရယ်များလှသည်.. သူဘယ်လိုမှ ဆက်မနေနိုင်ဘူး။
နေမင်းကိုးသွယ်ဘုရင်၏ ပုံစံကြောင့် ဝေ့လင်ယွီတို့အုပ်စုလဲ ပိုမိုဝေးကွာသော နေရာကို ဆုတ်လိုက်ကြတော့သည်။
ထိုမှသာ လောထျန်းက မိစ္ဆာနတ်ဘုရားကို လှည့်ပြောလိုက်၏။
“ကောင်းပြီ.. အခုမင်းကိုကိုင်တွယ်ရမဲ့ အချိန်ရောက်ပြီ”
လောထျန်းက မန္တာန်ပြန်စဖို့ လုပ်လိုက်သည်။
ထိုအချိန်မှာပဲ မိစ္ဆာနတ်ဘုရား၏ မျက်လုံးထဲ အမုန်းတရားတစ်ချို့ ဖြတ်ပြေးသွားကာ အဓိပ္ပါယ်ပါပါ ပြောသံကိုကြားလိုက်ရ၏။
“ ခွေးကောင်..မင်းငါ့ကို တွန်းအားပေးလိုက်တာပဲ။ ငါသေရမယ်ဆိုရင်တောင် မင်းကိုပါ ဆွဲချသွားမှာ”
လောထျန်း အနည်းငယ် အံ့သြသွားတော့သည်။
ဒီမိစ္ဆာနတ်ဘုရားက နောက်ဆုံးအကွက် ကျန်နေသေးတာလား။
ထိုအချိန်မှာပဲ မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်ကနေ အလင်းရောင်တစ်ချက် လက်သွားခဲ့သည်။
ဘိ
ချက်ချင်းပဲ သူ့ဝိညာဥ်ထက်မှာ အနီရောင်နေတစ်လုံး ထွက်ပေါ်လာ၏။
“အနန္တဝိညာဥ်သခင်ကြီး၊ ကျွန်တော်မျိုးက သခင်ကြီးကို အပြည့်အဝခစားလိုပါတယ်။ သခင်ကြီးရဲ့ ခန္ဓာကိုယ်အစစ်ကို ဖိတ်ခေါ်ပါတယ်”
ထိုအော်သံအပြီးမှာ ကောင်းကင်နှင့်မြေကြီးတစ်ခုလုံး ပြောင်းလဲသွားသလို ခံစားလိုက်ရသည်။
အဝေးမှာရှိနေသော နေမင်းကိုးသွယ်ဘုရင်လည်း ထိုစကားကိုကြားသည်နှင့် အကြီးအကျယ် မျက်နှာပျက်သွားကာ ချက်ချင်းအော်ဟစ်တော့၏။
“သခင်လေးလောထျန်း၊ သူ့ကိုမြန်မြန်သတ်လိုက်၊ အနန္တဝိညာဥ်သခင်ကြီးကို မခေါ်စေနဲ့”
သို့ပေမဲ့ မိစ္ဆာနတ်ဘုရားက ခပ်မဲ့မဲ့ ပြောလာသည်။
“နောက်ကျသွားပြီ.. မင်းတို့နောက်ကျသွားပြီကွ”
သူကချက်ချင်းပဲ လောထျန်းဘက်ကို ပြန်လှည့်ပြီး မုန်းတီးမှုအပြည့်ဖြင့် ဆက်ပြောလိုက်သည်။
“ငါအစပိုင်းတုန်းက အနန္တဝိညာဥ်သခင်ကြီးဆီကနေ စွမ်းအင်ကို အငှားတောင်းပြီး သူ့အစားဝိညာဥ်တွေ စုဆောင်းပေးဖို့ ကတိပေးခဲ့တယ်.. ဒါကြောင့် ငါသူ့ရဲ့ကိုယ်ပွားဖြစ်လာရင်တောင် ငါ့ရဲ့မှတ်ဉာဏ်တွေ မပျက်ဆီးသွားဘူး”
“ဒါပေမဲ့ မင်းကအားလုံးကို ဖျက်ဆီးလိုက်မှတော့ ငါ့မှာရွေးစရာမရှိတော့ဘူး။ ငါ့ရဲ့မှတ်ဉာဏ်ကို အပြီးတိုင်ဖျက်ဆီးပြီး အနန္တဝိညာဥ်သခင်ကြီးရဲ့ ခန္ဓာကိုယ်အစစ်ကို ဆင့်ခေါ်လိုက်ပြီကွ”
“သူအားလုံးကိုသတ်လိမ့်မယ်.. ဟီးဟီး၊ သူငါ့အတွက် အားလုံးကို သတ်ပေးလိမ့်မယ်”
မိစ္ဆာနတ်ဘုရားက သွေးရူးသွေးတန်း အော်ဟစ်နေတော့သည်။
“ငါသေရင် ငါနဲ့အတူ အပေါ်ကမ္ဘာတစ်ခုလုံးကိုပါ ဆွဲခေါ်သွားမယ်”
ထိုအချိန်မှာပဲ
ဘုန်း
မိစ္ဆာနတ်ဘုရား၏ခေါင်းထက်ကနေ ဟင်းလင်းပြင် တံခါးပေါက်တစ်ခု ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
မိစ္ဆာနတ်ဘုရား၏ မျက်လုံးများ ဝင်းလက်သွားပြီး ကောင်းကင်ပေါ် လက်တစ်ဖက်မြှောက်ကာ အော်ဟစ်လိုက်သည်။
အနန္တဝိညာဥ်သခင်ကြီး ထွက်လာခဲ့ပါ
ဝုန်း
တစ်ဖက်ခြမ်းက ဟင်းလင်းပြင်တံခါးပေါက်ပါ ပွင့်သွားခဲ့ပြီး ထိုအထဲမှ နှိုင်းယှဥ်၍မရနိုင်လောက်အောင် ကြောက်ဖို့ကောင်းသော တစ္ဆေအငွေ့အသက်များ ထိုးထွက်လာခဲ့သည်။
“မကောင်းတော့ဘူး”
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် တစ်ကိုယ်လုံး.တုန်ယင်သွားလေ၏။
ဒီလိုမျိုး အဆုံးသတ်လိမ့်မည်လို့ သူလုံးဝ မထင်ထားမိဘူး။
အနန္တဝိညာဥ်သခင်ကြီးဆိုတာ ဘယ်သူမလို့လဲ..
ဒါကဒဏ္ဍာရီလာမကောင်းဆိုးဝါးပဲ..
ထိုသူက အကျွင်းအကျန် ရှေးနတ်ဘုရားတစ်ပါးလို့တောင် ပြောကြသေးသည်။
ထိုသူ၏ ကျင့်ကြံမှုက မသေမျိုးဧကရာဇ်တွေထက်ပင် သာလွန်လေသည်။
ဟိုအရင်ကတည်းကနေ အခုထိ အနန္တဝိညာဥ်သခင်ကြီးနဲ့ ပတ်သတ်တဲ့ ကိစ္စတိုင်းက သတ်ဖြတ်ခြင်းနဲ့ စစ်ပွဲတွေပဲ ရှိသည်။
အခု.. ထိုပုဂ္ဂိုလ်က တကယ်ကြီး ရောက်လာတော့မည်။
အနန္တဝိညာဥ်သခင်ကြီး၏ ခန္ဓာကိုယ်အစစ် ရောက်လာခဲ့ရင်.. ကျိလန်ဒေသတစ်ခုလုံး သေချာပေါက် ပျက်ဆီးသွားမှာပဲ။
မဟုတ်ဘူး.. ကျိလန်ဒေသတင် မဟုတ်ဘူး။
အပေါ်ကမ္ဘာတစ်ခုလုံး အဆုံးသတ်သွားမှာပဲ။
ထိုအချိန်မှာပဲ သွေးစွမ်းအင်တွေ အဆုံးမရှိအောင် ဝန်းရံခြင်းခံထားရသော ဧရာမ လက်သည်းကြီးတစ်ဖက်က ဟင်းလင်းပြင်တံခါးပေါက်ကနေ ထွက်လာခဲ့သည်။
ထိုလက်သည်းနှင့်အတူ အလွန်ကြောက်ဖို့ကောင်းသည့် အရှိန်အဝါတွေပါ ကပ်ပါလာသောကြောင့် မိစ္ဆာနတ်ဘုရားပင် ဝိညာဥ်တစ်ခုလုံး အပိုင်းပိုင်း ဆုတ်ပြဲတော့မလို ခံစားလိုက်ရသည်။
သို့သော် ထိုမျှ နာကျင်နေသည့်တိုင်အောင် မိစ္ဆာနတ်ဘုရား၏ မျက်နှာထက်မှာ ကြောက်ရွံ့မှု တစိုးတစိတောင် မရှိပေ။
သူ့၏မျက်လုံးထဲမှာ ရူးသွပ်မှုတွေပဲ ပြည့်လျှံနေလေ၏။
“မင်း..သေပေတော့၊ ဟားဟားဟား၊ မင်းရဲ့နည်းလမ်းတွေက အရမ်းမိုက်နေတော့ကော ဘာဖြစ်သလဲ။ နောက်ဆုံးတော့ မင်းလဲငါနဲ့အတူ သေရတာပဲမလား လူသားကောင်။ ငါ့လို မိစ္ဆာနတ်ဘုရားနန်းတော်ရဲ့ မိစ္ဆာနတ်ဘုရားက လူသားတစ်ယောက်ရဲ့ လက်ထဲ ဘယ်တော့မှ အသေမခံဘူးကွ”
မိစ္ဆာနတ်ဘုရားက တငိုငိုတရယ်ရယ်ဖြင့် ခံစားချက်အပြည့်နဲ့ ပြောနေခဲ့သည်။
ထိုအချိန်မှာ
ဟင်းလင်းပြင်တံခါးပေါက်ကနေ ခြောက်ခြားစရာ ပုံရိပ်ကြီးက ထွက်လာပြီးပြီဖြစ်သည်။
ထိုပုံရိပ်ကို မြင်တာနဲ့ မိစ္ဆာနတ်ဘုရားက စူးနေအောင် အော်ဟစ်တော့၏။
“အနန္တဝိညာဥ်သခင်ကြီး.. ဒီသူတောင်းစားကို ကျွန်တော်မျိုးအစား သတ်ပေးပါ။ ကျွန်တော်မျိုးရဲ့ဝိညာဥ်ကို သခင်ကြီးဆီ ဆက်သပါ့မယ်”
***