ဝါး
အနန္တဝိညာဥ်သခင်ကြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်နှင့် အဆုံးမရှိတဲ့ဖိအားတွေ ပျံ့လွင့်လာ၏။
ထိုအော်သံတစ်ခုထဲနှင့်တင် လူတိုင်း၏ဝိညာဥ်ကို လှုတ်ရမ်းလိုက်သလို ခံစားလိုက်ရသည်။
အွတ်..
အဝေးက ဝေ့လင်ယွီတို့အုပ်စု ချက်ချင်းကို သွေးအန်ရလေပြီ..
နေမင်းကိုးသွယ်ဘုရင်လည်း ဒဏ်ရာတော့ မရသွားပေမဲ့ မျက်နှာတစ်ခုလုံး ဖြူစုတ်သွားသည်။
မိစ္ဆာဂိုဏ်းသားတွေကတော့ တော်တော်လေး အခြေအနေဆိုးပါ၏ အစောပိုင်းက လောထျန်း မန္တာန်ရွတ်ဆိုစဥ်တွင် သူတို့၏ ဝိညာဥ်က ခန္ဓာကိုယ်မှဆုတ်ခွာထားကြပြီးဖြစ်သည်။
အနန္တဝိညာဥ်သခင်ကြီး၏ အော်သံကြားမှာ ခန္ဓာကိုယ်အကာအကွယ် မရှိတော့သောကြောင့် ဝိညာဥ်အပိုင်းပိုင်း ဖြစ်သွားပြီး အသေးငယ်ဆုံးမြူမှုန်အဖြစ် ပြိုကွဲသွားကြလေ၏။
ထွက်ပြေးနေပြီဖြစ်သော မြူခိုးအရှင်၁ တောင် ချွင်းချက်မရှိ.. သေဆုံးသွားခဲ့သည်။
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် ကျောရိုးတစ်လျှောက်လုံး ချမ်းစိမ့်သွားလေကာ၊ ကတုန်ကယင် ပြောလိုက်တော့၏။
“တစ်ချက်..တစ်ချက်ထဲနဲ့ မိစ္ဆာနတ်ဘုရားနန်းတော်တစ်ခုလုံး ပျက်ဆီးသွားပြီ”
မိစ္ဆာနတ်ဘုရားနန်းတော်ဆိုတာ ကျိလန်ဒေသ၏ ထိပ်သီးဂိုဏ်းတွေထဲက တစ်ခုပဲ..
ထိုမိစ္ဆာတွေအားလုံးက လောထျန်းကြောင့် ဝိညာဥ်လွင့်မြောနေသည်ဆိုလျှင်တောင် အကုန်လုံးကို တစ်ချက်တည်းဖြင့် ရှင်းသွားသည့် အနန္တဝိညာဥ်သခင်ကြီးကိုလည်း လျှော့တွက်လို့မရပါချေ။
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် စိတ်ဓာတ်အကြီးအကျယ် ကျသွားတော့သည်..
မိစ္ဆာနတ်ဘုရား၏ ရည်ရွယ်ချက်ကို စောစော ရှာမတွေ့ခဲ့သည့်အတွက် ကြီးစွာနောင်တရပါ၏။
“အခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီ..”
ထိုအချိန်မှာ မိစ္ဆာနတ်ဘုရားကတော့ အနန္တဝိညာဥ်သခင်ကြီးကို ကြည့်နေရင်း သူ့မျက်လုံးက ပိုမိုအရိုင်းဆန်လာတော့သည်။
“လောထျန်း၊ မင်းကအရမ်းတွေ တော်တတ်နေတာမလား.. အခုဇရှိရင် အနန္တဝိညာဥ်သခင်ကြီးကို တိုက်ခိုက်ကြည့်စမ်း”
သူက ခပ်ပြုံးပြုံး ရန်စသည်။
ထိုအချိန်မှသာ အနန္တဝိညာဥ်သခင်ကြီးကလည်း လောထျန်းကို လှည့်ကြည့်လိုက်သည်..
သို့သော် လှည့်ကြည့်မိသည်နှင့် ထိုသတ္တဝါကြီးခဗျာ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားကာ မလှုပ်ရှားနိုင်တော့ပေ.. သူ့မျက်လုံးထဲမှာလည်း ရှုတ်ထွေးမှုတစ်ချို့ အရိပ်ထင်လာသည်။
သို့ပေသည့် မိစ္ဆာနတ်ဘုရားက အနန္တဝိညာဥ်သခင်ကြီး၏ မူမမှန်မှုကို သတိမထားမိဘဲ ဆက်လက်ရန်စဆဲပင်။
“လောထျန်း၊ မင်းမှာ သေလောက်အောင် ထူးချွန်တဲ့ စွမ်းဆောင်ရည်တွေ ရှိနေရင်တောင်မှ.. အနန္တဝိညာဥ်သခင်ကြီးရဲ့ ရှေ့မှာ မင်းက ပုရွက်ဆိတ်တစ်ကောင်ပဲ။ ငရဲကိုသွားပေတော့”
သူက တဆတ်ထဲမှာ အောင်ပွဲခံသည့်အနေဖြင့် မေးကိုဆတ်ခနဲ မော်ချီပြီး လက်တစ်ဖက်ပင် မြှောက်လိုက်သေး၏။
အနန္တဝိညာဥ်သခင်ကြီး၏ လောထျန်းကို တစ်ကိုက်ထဲနှင့် မြိုချမည့်မြင်ကွင်းကို သူ အသင့်စောင့်စားနေလိုက်သည်။
သို့သော် အချိန်အကြာကြီး စောင့်ခဲ့သည့်တိုင်အောင် ဘာအသံမှ မကြားရသေး၍ သူ အံ့သြလာကာ မော့ကြည့်ရတော့၏။
“ဟမ်၊ ဘာတွေဖြစ်နေတာလဲ”
သူ့အရှေ့မှာ သွေးတစ်စက်မစွန်းသေးဘဲ ရပ်နေသော လောထျန်းကို ထီးထီးကြီး တွေ့လိုက်ရသည်..
လောထျန်းနှင့် မျက်နှာချင်းဆိုင်မှာ အနန္တဝိညာဥ်သခင်ကြီးက အသေကောင်ကြီးလိုမျိုး တောင့်တင်းစွာ ရပ်နေလေရဲ့..
“အနန္တဝိညာဥ်သခင်ကြီး.. သူ့ကိုသတ်လိုက်လေ၊ ဘာလဲ..ခင်ဗျားက ကျုပ်တို့သဘောတူညီမှုကို ဖျက်ဆီးချင်တာလား”
မိစ္ဆာနတ်ဘုရား မကျေနပ်လွန်းစွာဖြင့် ဒေါသတကြီး မေးခွန်းထုတ်လိုက်၏။
သို့ပေမဲ့ အနန္တဝိညာဥ်သခင်ကြီးက တုတ်တုတ်တောင်မလှုပ်ချေ..
လောထျန်းကတော့ အနန္တဝိညာဥ်သခင်ကြီးကို ကြည့်နေရင်း မျက်မှောင်တင်းတင်း ကြုတ်သွားကာ အေးစက်စက် ဖြစ်သွားသည်။
“သွားစမ်း” သူ အေးစက်စွာ အမိန့်ပေးလိုက်တော့၏။
ထိုစကားသံထွက်သွားသည်နှင့် မိစ္ဆာနတ်ဘုရားက ချက်ချင်းကို မျက်လုံးတွေ တဖိတ်ဖိတ် တောက်ပသွားပြီး ကျယ်လောင်စွာ ရယ်မောကာ အမြန်ဝင်ပြောတော့သည်။
“ဟားဟား၊ မင်းကများ အနန္တဝိညာဥ်သခင်ကြီးကို စော်ကားရဲတယ်၊ မင်းသေရမဲ့အချိန်ရောက်ပြီကွ”
တကယ်တော့ အနန္တဝိညာဥ်သခင်ကြီးက မတိုက်ခိုက်သေးသည့်အတွက် မိစ္ဆာနတ်ဘုရား အနည်းငယ် ပူပန်သွားခဲ့တာပင်..
လောထျန်း၏ တိုက်ရိုက်ရန်စမှုကို ကြားလိုက်ရမှပဲ သူ့နှလုံးသားက စိတ်သက်သာရာ ရသွားတော့သည်။
အနန္တဝိညာဥ်သခင်ကြီးက ဘယ်သူမလို့လဲ..
သမိုင်းတစ်လျှောက်လုံးမှာ ဘယ်သူက သူ့ကို မလေးမစား ပြောရဲလို့လဲ..
အခု လောထျန်းက မျက်နှာရှေ့တည့်တည့်မှာ ဆဲရေးလိုက်လေပြီ..
သေချာပေါက် လောထျန်းတစ်ကောင် အဆိုးရွားဆုံးနည်းလမ်းနဲ့ မသေမချင်း နှိပ်စက်ခံရပြီး ခပ်ဖြည်းဖြည်း သေဆုံးပေတော့မည်။
ဒါကလည်း သူအမြင်ချင်ဆုံးအရာပင်။
ထိုအချိန်မှာပဲ အနန္တဝိညာဥ်သခင်ကြီး၏ ခန္ဓာကိုယ်က တကယ်ကို လှုပ်ရှားလာပါ၏။
မိစ္ဆာနတ်ဘုရား အပျော်လွန်သွားလေကာ.. ဒဏ္ဍာရီလာ အရက်စက်ဆုံးပုဂ္ဂိုလ်၏ အလွန်ကြောက်ဖို့ကောင်းသော တိုက်ကွက်ကို အသင့်စောင့်စားနေလိုက်သည်။
သို့သော် ခဏချင်းမှာပဲ သူ အကြီးအကျယ် မှင်သက်ရလေသည်..
ကမ္ဘာဖျက်ကွက်တွေ ထုတ်သုံးရမည့် အနန္တဝိညာဥ်သခင်ကြီးက လျင်မြန်စွာပဲ ခန္ဓာကိုယ်တစ်ခုလုံးကို တစ်ဝက်အထိ သေးငယ်စေလိုက်ကာ ဟင်းလင်းပြင် တံခါးပေါက်အတွင်း ပြန်ဝင်သွားခဲ့သည်။
ဝုန်း
လေးလံသော အသံတစ်ချက်အပြီး တံခါးပေါက် ပိတ်သွားသည်နှင့် အစီအရင်ဆယ်ခုကျော်ပါ ချခဲ့သေး၏။
မသိလျှင် ရွံစရာကောင်းသော ပစ္စည်းတစ်ခုကို ရှောင်ရှားလိုက်သည့်နှယ်။
ဟင်းလင်းပြင်တံခါးပေါက်က မရှိတော့သလို ပျောက်ကွယ်သွားသည့်အပြင်.. ကောင်းကင်နှင့်မြေကြီးလည်း ပုံမှန်လို ပြန်ဖြစ်သွား၏။
တကယ်ကို.ဘာမှမဖြစ်ခဲ့သည့်အတိုင်းပဲ။
“ဘာလို့လဲ.. ဘာလို့ ဒီလိုဖြစ်သွားရတာလဲ” မိစ္ဆာနတ်ဘုရား၏ မျက်လုံးနှစ်ဖက်က ရှုတ်ထွေးခြင်းကြီးစွာ ပြူးကျယ်နေတော့သည်။
ဘာလို့လည်း.. သူကသူ့ရဲ့ကိုယ်ပိုင်ဝိညာဥ်ကိုတောင် စတေးပြီး ဒီမအေဘေး လောထျန်းကို သတ်ဖို့အတွက် အနန္တဝိညာဥ်သခင်ကြီးကို ဆင့်ခေါ်ခဲ့တာလေ..
ဒါပေမဲ့ အနန္တဝိညာဥ်သခင်ကြီးက သူ့ကိုဒီတိုင်းပစ်ထားပြီး ထွက်ပြေးလိုက်တာလား..
ဘာလို့ အနန္တဝိညာဥ်သခင်ကြီးရဲ့ပုံစံက ကြောက်ရွံ့နေသလို ဖြစ်နေရတာလဲ
သူဘာကိုကြောက်နေတာလဲ..
ဒီစောက်ကျိုးနည်း လောထျန်းကိုလား..
မိစ္ဆာနတ်ဘုရားတစ်ယောက် နှလုံးသားထဲမှာ အဖြေရှိနေသည့်တိုင် ဝန်မခံချင်ခဲ့ပေ။
ဘာလို့လဲ.. လောထျန်းက လူသားလေ..
သူ့ဘဝတစ်လျှောက်လုံး အထင်သေးခဲ့တဲ့ လူသားမျိုးနွယ်က လူသားတစ်ယောက်ကို အနန္တဝိညာဥ်သခင်ကြီးက ကြောက်နေတာလား။
နတ်ဘုရားတစ်ပါးလို သူခစားခဲ့ရတဲ့ အနန္တဝိညာဥ်သခင်ကြီးကလေ..
မဟုတ်ဘူး..မဖြစ်နိုင်ဘူး။ ဒါမဖြစ်ရဘူး သူ လက်မခံချင်စွာပဲ ကျယ်လောင်စွာ အော်ဟစ်တော့သည်။
ထိုအချိန်မှာ လောထျန်းကလည်း သူ့ အကြည့်ကို ပြန်ရုတ်လိုက်ပြီး အနောက်လှည့်ကြည့်လိုက်ချိန်မှာ.. အနောက်က မိစ္ဆာနတ်ဘုရားနန်းတော်၏ မိစ္ဆာအုပ်လိုက်ကြီးကို မြင်သွား၏။
“ကျုပ်ပြောမယ်.. မင်းဘာကိစ္စ ဟိုကောင့်ကို သွားဆင့်ခေါ်တာတုန်း၊ ဟိုမှာကြည့်လိုက်၊ မင်းရဲ့ဂိုဏ်းသားတွေ အကုန် သေကုန်ရှာပြီ” သူ ခေါင်းယမ်းရင်း ပြောလိုက်သည်။
“ငါ..” မိစ္ဆာနတ်ဘုရား ထိုမှ လန့်ဖြန့်သွားပြီး အနောက်လှည့်ကြည့်လိုက်ရာ.. မျိုးဆက်တုံးကုန်ပြီ ဖြစ်သော မိစ္ဆာနတ်ဘုရားနန်းတော်ကို တွေ့လိုက်တော့သည်။
“မဟုတ်ဘူး” သူ နောက်တစ်ကြိမ် ရူးသွပ်စွာ အော်ဟစ်လိုက်ပြန်၏။
ဘာလို့ဘာလို့ ဒီလိုမျိုး ဖြစ်ကုန်ရတာလဲ။
အနန္တဝိညာဥ်သခင်ကြီးက လောထျန်းကို မတိုက်ခိုက်ဘဲ ဘာလို့ သူ့ရဲ့မိစ္ဆာနတ်ဘုရားနန်းတော်ကိုပဲ ဖျက်ဆီးသွားရတာလဲ။
မြေကြီးပေါ်မှာ အတုန်းအရုံး လဲကျနေသော အလောင်းတွေကိုကြည့်ရင်း မိစ္ဆာနတ်ဘုရားခဗျာ ရုတ်တရက် တငိုငိုတရယ်ရယ် ဖြစ်လာတော့သည်။
လောထျန်း မျက်မှောင်ကြုတ်သွားလေကာ အံ့သြတကြီး ပြောလိုက်၏။
“ရူးသွားတာလားဟ”
သူ စိတ်ဝိညာဥ်အစွမ်းဖြင့် စစ်ဆေးလိုက်ချိန်မှာ မိစ္ဆာနတ်ဘုရား၏ အသိစိတ်ပင်လယ်က တကယ်ကို ရှုတ်ထွေးနေပြီး ရူးသွပ်နေသည့် အရိပ်အယောင်တစ်ချို့ ပြနေလေသည်။
လောထျန်း မတတ်နိုင်စွာ သက်ပြင်းဖွဖွ ချလိုက်တော့သည်။
ဟုတ်ပါသည်လေ.. မိစ္ဆာနတ်ဘုရားအတွက် ဒီနေ့အများကြီး ဖြစ်ပျက်ခဲ့တာဆိုတော့ ရူးတာလည်း ဖြစ်သင့်တာပဲ။
ထိုအချိန်မှာ မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်က တလှုတ်လှုတ်ဖြစ်လာပြီး တောင်စဥ်ရေမရာ အော်လာပြန်သည်။
“သခင်ကြီး.. ကျုပ်ကိုမရိုက်ပါနဲ့၊ မရိုက်ပါနဲ့.. ကြောက်ပါပြီဗျ”
ခဏအကြာမှာတော့ သူတကယ်ကို ရူးသွပ်သွားလေပြီ..
“ငါကမင်းရဲ့ ဝိညာဥ်သားရဲမဟုတ်ဘူး၊ သွားစမ်း၊ ထွက်သွားကြ”
ထို့နောက် မိစ္ဆာနတ်ဘုရားတစ်ယောက် ချက်ချင်းပဲ မြေပေါ်လဲကျသွားပြီး ဘောလုံးတစ်လုံးလို တွန့်လိမ်လာကာ.. တစ်စုံတစ်ခုကို ကြောက်ရွံ့နေသည့်နှယ် ဝမ်းနည်းတကြီး ငိုကြွေးလေတော့သည်။
လောထျန်းကတော့ မျက်မှောင်ကြုတ်ဖြင့် ပွဲကြည့်နေလိုက်သည်။
ထိုအချိန်မှသာ နေမင်းကိုးသွယ်ဘုရင်လဲ လောထျန်းဘေးကို ပြန်ရောက်လာတော့၏။
“ဒီကောင်က ကလေးတုန်းက လူသားတစ်ယောက်ဖမ်းတာခံလိုက်ရပြီး ဝိညာဥ်သားရဲအဖြစ် နှိပ်စက်ခံခဲ့ရတယ်၊ နောက်ပိုင်း အခွင့်အရေးရလာတော့မှ အဲ့လူသားရဲ့လက်ထဲက လွတ်လာပြီး မိစ္ဆာနတ်ဘုရားနန်းတော်ကို ဝင်နိုင်ခဲ့တာ.. အဲ့လိုကနေ တစ်ဆင့်ချင်း အောင်မြင်လာခဲ့တာပဲ”
“ဝိညာဥ်သားရဲအဖြစ် နှိပ်စက်ခံခဲ့ရတဲ့ အတိတ်က သူ့ဘဝရဲ့ အကြီးဆုံးအမုန်းတရားတစ်ခုလိုမျိုးပဲ.. ဒါကြောင့် သူက လူသားတွေကို မုန်းတီးပြီး အခုလို လိုက်သတ်နေတာလေ”
***