မိစ္ဆာနတ်ဘုရား၏ အတိတ်ဇာတ်ကြောင်းကို နားထောင်လိုက်ရတော့ လောထျန်း တော်တော်လေး နားလည်သွားတော့သည်။
“အော်..ဒါကြောင့် ဒီကောင်က လူသားတွေကို အခုလို မယားငယ်မုန်း မုန်းနေတာကိုး”
ထျန်းယွမ်ကမ္ဘာ အတိတ်ကကြုံခဲ့ရသော ကပ်ဘေးကြီးသုံးခုမှာ ကျိလန်ဒေသက လူသားမျိုးနွယ်ကို အများကြီးသတ်ပစ်ခဲ့တာလည်း ထိုအကြောင်းအရင်းကြောင့်ပင် ဖြစ်တန်ရာ၏။
ရှေးမိစ္ဆာနယ်မြေနဲ့ ထျန်းမင်နယ်မြေလိုမျိုး ထျန်းယွမ်ကမ္ဘာ၏ အရင်းအမြစ်တွေကို သိမ်းယူဖို့အားမသန်ကြပဲ ကျိလန်ဒေသက လူသားမျိုးနွယ်ကို ဇိမ်ခံပြီးကို သတ်ခဲ့ကြတာပင်။
လောထျန်း ထိုတုန်းက မိစ္ဆာမျိုးနွယ်နှင့် လူသားမျိုးနွယ်ကြားက ကွာခြားချက်ကြောင့်ဟု ထင်ခဲ့သေးသည်။
အခုမှသာ မိစ္ဆာနတ်ဘုရား၏ အတိတ်အတွေ့အကြုံကြောင့် ဖြစ်မှန်း.လောထျန်း သဘောပေါက်လိုက်သည်။
ထိုသူတောင်းစားက သနားဖို့ကောင်းသလိုလို ရှိပေမဲ့လည်း လောထျန်း မသနားမိပါချေ။
သူ လက်တစ်ဖက်ကို ဖြည်းညှင်းစွာမြှောက်လိုက်ပြီး စိတ်ဝိညာဥ်အစွမ်းဖြင့် ဝိညာဥ်ဖိနှိပ်လက်သည်းကို အသက်သွင်းကာ လက်ဖြောက်တီးလိုက်တော့သည်။
ဝူး
ဝိညာဥ်ဖိနှိပ်လက်သည်းက မိစ္ဆာနတ်ဘုရား၏ ဝိညာဥ်ကို တိုက်ရိုက်ပဲ ထိုးဖောက်သွားလေ၏။
အွတ်
စိတ်ရူးဖောက်နေသော မိစ္ဆာနတ်ဘုရားဝိညာဥ်ခဗျာ လက်သည်း၏ ဖောက်ထွင်းမှုကြား အပိုင်းပိုင်း ပြိုကွဲသွားတော့သည်။
“မိစ္ဆာနတ်ဘုရားသေပြီလား”
အဝေးကကြည့်နေသော လဲ့ထျန်တစ်ယောက် သူ့မျက်လုံးသူပင် မယုံနိုင်စွာ ခပ်တိုးတိုး ပြောလိုက်တော့၏။
မိစ္ဆာနတ်ဘုရားဆိုတာ ကျိလန်ဒေသ၏ ထိပ်သီးမသေမျိုးတစ်ယောက်ဖြစ်ပြီး.. လူသားမျိုးနွယ်အပေါ် တစ်ချိန်လုံးချိန်ရွယ်ထားသော ဓားတစ်ချောင်းပင်။
အခုတော့ ထိုမကောင်းဆိုးဝါးက ဒီတိုင်းသေသွားပြီလား။
အချိန်တစ်ခုကြာသည်အထိ သူတို့တွေ အလွန်ရှုတ်ထွေးနေကြကာ ဘာပြောရမလဲ မသိတော့ပေ။
နေမင်းကိုးသွယ်ဘုရင်ကတော့ ထိုမြင်ကွင်းကို ကြည့်နေရင်း သက်ပြင်းချလိုက်သည်..
ထို့နောက် သူချက်ချင်း သတိဝင်သွားကာ လောထျန်းကို လှည့်အရိုအသေပေးလိုက်ပြီး ပြောလိုက်၏။
“ကျိလန်ဒေသရဲ့ အခက်အခဲကြီးကို ဖြေရှင်းပေးလို့ ကျေးဇူးတင်ပါတယ်။ သခင်လေးသာ မကူညီရင်.. ကျိလန်ဒေသတစ်ခုလုံး အမြစ်ပျက် ဖျက်ဆီးခံလိုက်ရမှာပဲ”
ထိုအချိန်မှာ နေမင်းကိုးသွယ်ဘုရင်၏ ပုံစံက လောထျန်းကို အကြီးကြီး လေးစားနေကာ.. အနည်းငယ်သော်မှ လျစ်လျူမရှုရဲဟန် ရှိသည်။
ဒီလောထျန်းက သူ့ထက်အများကြီး သန်မာတာကို သူကောင်းကောင်း သိသွားလေပြီ..
သူ့ကို မတော်တဆ ဘဝကူးပြောင်းစေတော့မည့် ကိစ္စကို ခဏထား.. အနန္တဝိညာဥ်သခင်ကြီးကို စကားတစ်ခွန်းထဲနှင့် မောင်းထုတ်နိုင်သည် ဆိုကတည်းက သာမာန်လူတစ်ယောက် ဖြစ်စရာလား။
လောထျန်း၏.သန်မာမှုက ဘယ်လောက်ရှိနေမလဲ သူမသိပါချေ..
သို့ပေမဲ့ သူတစ်ခုတော့ သေချာသိသည်.. လောထျန်းက နေမင်းကိုးသွယ်မသေမျိုးဘုရင် ဖြစ်တဲ့ သူကိုယ်တိုင်တောင် ရန်စလို့ရတဲ့ သူ မဟုတ်ဘူးပဲ။
လောထျန်းက ခေါင်းညိတ်ကာ ပုံမှန်လိုပဲ တုံ့ပြန်လာ၏။
“ဒါဒီတိုင်း အသေးအဖွဲ့လေးပါ”
လောထျန်းဘက်က အခုလိုမျိုး ဂုဏ်မယူသည့်ပုံစံကြောင့် နေမင်းကိုးသွယ်ဘုရင်တစ်ယောက် ပိုမိုအံ့သြသွားကာ လေးစားမှုတွေ ယိုဖိတ်လာတော့သည်။
“သခင်လေးလောထျန်း..” ထိုအချိန်မှာ ဝေ့လင်ယွီကလည်း စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် စပ်စုစွာအရှေ့တိုးလာ၏။
“အဟမ်း.. မင်းတို့တွေ အဆင်ပြေကြရဲ့လား” လောထျန်း အပြုံးတစ်ခုဖြင့် မေးလိုက်သည်။
ဝေ့လင်ယွီ ပြုံးပြုံးလေး ပြန်ဖြေလိုက်ပါသည်။
“ကျွန်မ ဒဏ်ရာနည်းနည်းပဲ ရတာပါ၊ အဆင်ပြေပါတယ်..ဒါပေမဲ့”
သူမက လဲ့ထျန်တို့ဘက်ကို လှည့်ကြည့်လိုက်ပြီးမှ ဆက်ပြောသည်။
“အကိုလဲ့ထျန်က ကိုယ့်ကိုယ်ကို မကုနိုင်လောက်တော့ဘူး”
နေမင်းကိုးသွယ်ဘုရင်လဲ လှည့်ကြည့်လိုက်ချိန်မှာ မျက်မှောင်တင်းတင်း ကြုတ်သွား၏။
သူတစ်ချက် ကြည့်လိုက်ရုံဖြင့် တွေ့နိုင်ပါသည်.. အများကြီး ထိခိုက်ထားသော ထိုကောင်လေး၏ အခြေအနေက ကယ်လို့မရနိုင်တော့ဘူး။
နေမင်းကိုးသွယ်ဘုရင် သက်ပြင်းချလိုက်ပြီး အင်္ကျီထဲက ကြွေပုလင်းများစွာကို ထုတ်လိုက်ကာ လဲ့ထျန်တို့ဘက် ပစ်ပေးလိုက်သည်။
“ဒီဆေးလုံးတွေက မင်းတို့ရဲ့အတွင်းဒဏ်ရာကို မကုသပေးနိုင်ပေမဲ့ ပိုမဆိုးလာအောင်တော့ တားပေးနိုင်တယ်၊ ဒါတွေစားလိုက်ပါ”
လဲ့ထျန်တို့အုပ်စု ချက်ချင်းပဲ စိတ်လှုပ်ရှားသွားလေ၏။
နေမင်းကိုးသွယ်ဘုရင်က ကျိလန်ဒေသ၏သခင်ကြီးပဲ..
ထိုသူက တကယ်ကြီး သူတို့ကို ဆေးဝါးပေးလိုက်တာလား..
အချိန်တစ်ခုကြာသည်အထိ လဲ့ထျန်တို့အုပ်စုသည် ကျေးဇူးလဲတင်သလို ကြောက်လဲကြောက်သောကြောင့် ဘာမှ မတုံ့ပြန်ရဲတော့ပေ။
ထိုအချိန်မှာ လောထျန်းက ရုတ်တရက် ဝင်ပြောလိုက်၏။
“နေမင်းကိုးသွယ်ဘုရင်”
“ဟုတ်ကဲ့..သခင်လေး ဘာများညွှန်ကြားမလို့ပါလဲ”
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် လျစ်လျူမရှုရဲစွာဖြင့် လျင်မြန်စွာ ဖြေကြားလိုက်သည်။
လောထျန်း မျက်မှောင်ကြုတ်ဖြင့် ပြောလိုက်၏။
“ကျုပ်က ကျိလန်ဒေသကမဟုတ်တဲ့အတွက် ကျုပ်ဝင်မပါသင့်တဲ့ ကိစ္စဆိုတာရှိတယ်၊ ဒါပေမဲ့ ကျုပ်ကလည်း လူသားမျိုးနွယ်ဝင်ပဲ။ ကျိလန်ဒေသက လူသားမျိုးနွယ်ရဲ့ ရှင်သန်ရေးအတွက် ကျုပ်စိတ်ပူမိတယ်”
နေမင်းကိုးသွယ်ဘုရင်၏မျက်နှာက ချက်ချင်း ဖြူဖွေးသွားလေကာ ခပ်ခြောက်ခြောက် ရယ်မောလိုက်တော့သည်။
“သခင်လေး ဘာကိုစိတ်ပူလဲ ကျုပ်သိပါတယ်၊ တကယ်တော့ အဲ့ဒါက ကျိလန်ဒေသရဲ့ အရမ်းကိုကြာနေတဲ့ပြဿနာဟောင်း တစ်ခုပဲ။ ကျုပ်လဲ လူသားမျိုးနွယ်နဲ့မိစ္ဆာမျိုးနွယ်ကြားက ဆက်ဆံရေးကို ပြေလျော့စေဖို့ ကြိုးစားချင်ပါတယ်ဗျာ.. ဒါပေမဲ့ ဒီမျိုးနွယ်နှစ်ခု တိုက်ခိုက်လာခဲ့တာက ရှေးကတည်းကပဲ။ ဒါက ကျုပ်လို ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက် ဖြေရှင်းနိုင်မဲ့ ရန်ညှိုးမဟုတ်ပါဘူး”
ထိုစကားကြောင့် ဘေးမှာရှိနေသော လဲ့ထျန်ကလည်း ချက်ချင်း ဝင်ဖြေရှင်းလိုက်တော့၏။
“နေမင်းကိုးသွယ်ဘုရင်ပြောတာ မှန်ပါတယ်၊ ကျိလန်ဒေသကို ခရမ်းနေမင်းဘုရင် မအုပ်စိုးစဥ်က ကျွန်တော်တို့အခြေအနေက ဒီထက်ပိုဆိုးတယ်.. အခုမှ နည်းနည်းလေး ပြေလျော့လာတာပါ”
လောထျန်း ခေါင်းညိတ်လိုက်ကာ
“ ကျုပ်နားလည်ပြီ”
သူချက်ချင်းပဲ နေမင်းကိုးသွယ်ဘုရင်ဘက်ကို လှည့်ကာ ဆက်ပြောလိုက်၏။
“ကျုပ်အနေနဲ့ ကျိလန်ဒေသတစ်ခုလုံးကို အုတ်မြစ်ကစပြီး မပြောင်းလဲလိုဘူး။ ဒါပေမဲ့ မင်းတို့ဘက်က လိုက်လျောသင့်တဲ့အချက်တစ်ခုကို သဘောတူပေးမယ် မျှော်လင့်တယ်”
“ ကျေးဇူးပြုပြီးပြောပါ အရှင်”
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် စိတ်လှုပ်ရှားလွန်း၍ အခေါ်အဝေါ်တွေပင် ပြောင်းကုန်တော့သည်။
“ကိစ္စကြီးတော့မဟုတ်ဘူး.. ကျိလန်ဒေသက လူသားမျိုးနွယ်ကို ကျိလန်ဒေသကနေ စိတ်ကြိုက်ဝင်ထွက်ခွင့် ပြုပေးလိုက်ပါ။ ဒီမှာမနေချင်တဲ့ လူသားတွေကို ထွက်သွားခွင့်ပေးလိုက်”
ထိုမှသာ နေမင်းကိုးသွယ်ဘုရင် စိတ်သက်သာစွာ သက်ပြင်းချလိုက်ပြီး
“ကျုပ် သဘောတူပေးနိုင်ပါတယ်”
ဘယ်လိုပဲဆိုဆို ဒါက နေရာပြောင်းရွှေ့အစီအမံ ဖွင့်ပေးရတဲ့ တာဝန်လေးပဲ.. ထိုမျှနှင့် လောထျန်းကို ရန်စလို့ မတန်ဘူးလေ။
လဲ့ထျန်တို့ အုပ်စုကတော့ ပျော်လဲပျော်သွားသလို တစ်ချိန်ထဲမှာ အလွန်အမင်း အံ့သြသွားခဲ့ကြသည်။
သူတို့တွေ ကျိလန်ဒေသကနေ ထွက်သွားနိုင်တော့မည်.. ကျိလန်ဒေသက သူတို့၏ မွေးရပ်မြေဆိုပေမဲ့ ဒါက ငရဲတစ်ခုပဲ မဟုတ်လား။
အခုတော့ မိစ္ဆာမျိုးနွယ်၏ အုပ်စုလိုက်သတ်ဖြတ်ခြင်းကနေ လွတ်မြှောက်နိုင်တော့မည်.. ဒါက မဟာကောင်းချီးတစ်ခုပဲ။
“ ကျေးဇူးတင်ပါတယ် သခင်လေး လောထျန်း၊ ကျေးဇူးတင်ပါတယ် နေမင်းကိုးသွယ်ဘုရင်”
လောထျန်း ခေါင်းတစ်ချက်သာ ညိတ်ပြလိုက်ပြီး နေမင်းကိုးသွယ်ဘုရင်ဘက် လှည့်ကာ ဆက်ပြောလိုက်သည်။
“ပြီးတော့ ကျုပ်နောက်ထပ် ဒုက္ခပေးချင်တဲ့ ကိစ္စတစ်ခုရှိပါသေးတယ်”
“သခင်လေး ယဥ်ကျေးနေပါပြီ.. တိုက်ရိုက် ပြောလိုက်ပါဗျ”
“ကျုပ် ကျိလန်ဒေသရဲ့ တားမြစ် နယ်မြေကို သွားချင်တယ်”
“ဘာ..တားမြစ် နယ်မြေဟုတ်လား”
နေမင်းကိုးသွယ်ဘုရင်၏မျက်နှာက အနည်းငယ် ပြောင်းလဲသွားတော့သည်။
“ဘာလို့လဲ ပြဿနာရှိလို့လား”
လောထျန်းလဲ မျက်မှောင်ကြုတ်သွားတော့၏။
ထိုစကားကြောင့် နေမင်းကိုးသွယ်ဘုရင် လျင်မြန်စွာ ခေါင်းယမ်းလိုက်လေကာ
“မဟုတ်ဘူး၊ ပြဿနာမရှိပါဘူးဗျ။ ဒီတိုင်း.. တားမြစ်နယ်မြေနဲ့ ကျိလန်ဒေသနဲ့က ငြိမ်းချမ်းနေတာကြာပါပြီ၊ ဒါကြောင့် သခင်လေးဘာကြောင့် သွားချင်တာလဲ ဒီတိုင်းသိချင်မိလို့ပါ”
လောထျန်း အဖက်မလုပ်စွာ ဖြေပေးလိုက်၏။
“ကျုပ်က ဘာရယ်မဟုတ်ဘူး..ဖျက်ဆီးချင်ရုံတင်။ ဖြစ်နိုင်ရင် အဲ့ကနေတစ်ဆင့် နတ်ဘုရားတောအုပ်ထဲထိပါ သွားချင််တယ်.. နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုးတစ်ချို့ကို သတ်မလို့ ဘာညာပေါ့”
“ဟမ်းးး” နေမင်းကိုးသွယ်ဘုရင်တစ်ယောက် လုံးဝ ကြောင်အမ်းသွားလေ၏။
တားမြစ်နယ်မြေကို ဖျက်ဆီးမယ်ဟုတ်လား..
ထားပါ၊ ထိုကိစ္စကို အပေါ်ကမ္ဘာ၏ မရေမတွက်နိုင်သော ထိပ်သီးဂိုဏ်းများစွာ ကြံစည်ဖူးသည့်အတွက် နားလည်ပေးလို့ ရပါသေးသည်။
သို့ပေမဲ့ 'နတ်ဘုရားတောအုပ်ထဲထိ ဝင်ပြီး နမိတ်ဆိုးတစ်ချို့ကို သတ်မယ် ဘာညာ ဟုတ်လား
ဒီဟာသက မများလွန်းဘူးလား။
နတ်ဘုရားတောအုပ်ရဲ့ နမိတ်ဆိုး ဆိုတာ မသေမျိုးဧကရာဇ်တွေတောင် အလွယ်တကူ ရန်မစရဲတဲ့ တည်ရှိမှုပဲ။
နေမင်းကိုးသွယ်ဘုရင် အစက ငြင်းမလို့ ပြင်လိုက်သော်လည်း
အနန္တဝိညာဥ်သခင်ကြီးကိုတောင် မျက်လုံးထဲ မထည့်သော လောထျန်း၏သန်မာမှုကြောင့် လောထျန်း လုပ်နိုင်လောက်သည်ဟု ရုတ်တရက် တွေးမိလိုက်သည်။
ထိုကြောင့် သူအသက်ပြင်းပြင်း တစ်ချက်ရှုပြီးတာနှင့် ပြောလိုက်တော့၏။
“ကောင်းပါပြီ၊ သခင်လေးမှာ ဒီလိုရည်ရွယ်ချက် ရှိမှတော့ ကျုပ် အဖော်ပြုပေးပါ့မယ်ဗျ”
***