ကျိလန်ဒေသ၏ ဝိညာဥ်တိုက်စားတောင်ကြားတွင် တစ်ဝက်လောက်ထိ အမည်းရောင် မြူခိုးများ အပြည့်ဖုံးလွှမ်းထား၏။
ထိုအမည်းရောင် မြူခိုးအတွင်းမှာ ဝိညာဥ်သဏ္ဍာန်တွေ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေပြီး.. မကြာခဏဆိုသလို ခြောက်ခြားဖွယ် သားရဲဟိန်းသံတစ်ချို့ကို ကြားရသည်။
ထိုအမည်းရောင်မြူခိုးများ အလွန်တွင် မိုင်သောင်းချီကျယ်ပြန့်သော စွန့်ပစ်နယ်မြေကြီးရှိပြီး ထိုနေရာမှာ သက်ရှိတွေမနေနိုင်သောကြောင့် မြက်ပက်တစ်ပင်တောင် မတွေ့ရပေ။
အရာအားလုံးက ပျက်ဆီးခြောက်သွေ့နေသည်။
ထိုအချိန်မှာ..
ဝုန်း
ဟင်းလင်းပြင်တံခါးပေါက် တစ်ခု ထွက်ပေါ်လာပြီး ထိုအထဲမှ လောထျန်းနှင့် နေမင်းကိုးသွယ်ဘုရင်တို့ အပြင်ထွက်လာကြသည်။
“သခင်လေးလောထျန်း၊ ဒါက ကျိလန်ဒေသရဲ့ သက်ရှိတားမြစ်နယ်မြေဖြစ်တဲ့ ဝိညာဥ်တိုက်စား ချောက်ကမ်းပါးပဲ”
“ဝိညာဥ်တိုက်စားချောက်ကမ်းပါး ဟုတ်လား”
လောထျန်း.အပေါ်မော့ကြည့်လိုက်ရာ အမည်းရောင်မြူခိုးအတွင်းမှ အပြင်ကို ရုန်းထွက်ဖို့ကြိုးစားနေသော ဧရာမသားရဲ အရိပ်တစ်ခုကို တွေ့လိုက်ရသည်။
သို့သော် ထိုသတ္တဝါ၏ခေါင်းက မြူခိုးအစွန်းနှင့် နီးကပ်လာသည်နှင့် မမြင်ရသောအင်အားတစ်ခုက ထိုကောင်ကြီးကို ပြန်ဆွဲခေါ်သွားလေ၏။
“ဒါက..” ထိုမြင်ကွင်းကြောင့် လောထျန်းအနည်းငယ် အံ့သြသွားသည်။
အနောက်က နေမင်းကိုးသွယ်ဘုရင်၏ နှုတ်ခမ်းကအနည်းငယ် တွန့်သွားပြီးမှ သက်ပြင်းဖွဖွ ချလိုက်သည်။
“ဒါက ကျိလန်ဒေသရဲ့ ဆရာသခင်ကြီးပါ.. သူကဝိညာဥ်တိုက်စားချောက်ကမ်းပါးကို ဖျက်ဆီးဖို့ကြိုးစားခဲ့တယ်.. ဒါပေမဲ့ ဒီထဲကို ခြေချလိုက်တာနဲ့ ဝိညာဥ်တိုက်စားချောက်ကမ်းပါးရဲ့ အရှင်သခင်ဆီမှာ တိုက်ခိုက်ခံလိုက်ရပြီး ဝိညာဥ်ကော ခန္ဓာကော ဒီနေရာမှာ ပိတ်မိသွားခဲ့တာပဲ”
“ဒီအမည်းရောင်မြူခိုးတွေအနောက်မှာ မိစ္ဆာမျိုးနွယ်သခင်ကြီးတွေ အများကြီး ပိတ်မိနေတယ်..လူသားမျိုးနွယ်တွေလဲ ပါတယ်။ ဒီကိုဖျက်ဆီးဖို့လာတဲ့သူတွေလဲ ပါသလို မတော်တဆ ရောက်လာတာတို့.. အပေါ်က တွန်းချခံလိုက်ရလို့ ပြုတ်ကျသွားတာမျိုးလဲ ရှိတယ်”
လောထျန်း မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“ဒီလောက်လူအများကြီး ပိတ်မိနေခဲ့တာကို ပြန်ကယ်ဖို့ မတွေးကြဘူးလား”
လောထျန်း ရှုတ်ထွေးနေတာပင်.. ဘယ်လိုပဲဆိုဆို ထိုသူတွေအားလုံးက ကျိလန်ဒေသ၏ သူရဲကောင်းများဖြစ်သည်။.သူတို့တွေ ဒီနေရာမှာ ပိတ်မိပြီး မကျွတ်မလွတ်နဲ့ ကစားခံနေရတာကို ဘယ်လိုများ သည်းခံနေကြတာလဲ။
လောထျန်း၏ မေးခွန်းကြောင့် နေမင်းကိုးသွယ်ဘုရင်တစ်ယောက် ခါးသက်စွာ ပြုံးလိုက်လေကာ
“ ကျုပ်တို့က ဘယ်လိုလုပ် မလုပ်ချင်တာ ဖြစ်ရမှာလဲဗျာ၊ ဒါပေမဲ့ ကျုပ်တို့မှာ အရည်အချင်းမရှိဘူး..”
သူက သက်ပြင်းချလိုက်ပြီးမှ ဆက်ပြောသည်။
“ကျိလန်ဒေသရဲ့ သမိုင်းကြောင်းမှာ မိစ္ဆာမျိုးနွယ် မသေမျိုးဘုရင်ခြောက်ယောက် ပူးပေါင်းပြီး ဝိညာဥ်တိုက်စားတောင်ကြားကို အတင်းအကျပ် ဝင်ခဲ့ကြတယ်.. ဒါပေမဲ့ လေးယောက်က အထဲမှာပိတ်မိသွားပြီး လွတ်လာတဲ့နှစ်ယောက်တောင်မှ ဒဏ်ရာပြင်းလွန်းလို့ မကြာဘူး.. သေသွားတာပဲ”
လောထျန်း အံ့သြစွာပြောလိုက်တော့သည်။
“ဒီနေရာက ဒီလောက်တောင် အင်အားကြီးတာလား”
နေမင်းကိုးသွယ်ဘုရင်က ခေါင်းယမ်းလိုက်လေကာ
“တကယ်အင်အားကြီးတာက အမည်းရောင်မြူခိုးဗျ”
“ဟမ်” လောထျန်း အံ့သြစွာပဲ ထိုအမည်းရောင်မြူခိုးကို တဖန်ထပ်ကြည့်လိုက်ပါသည်.. သို့ပေမဲ့ ဘာထူးခြားတာမှ မတွေ့ခဲ့ရဘူး။
ထိုအချိန်မှာ နေမင်းကိုးသွယ်ဘုရင်က ဆက်ပြောသည်။
“ဒီအမည်းရောင်မြူခိုးက နတ်ဘုရားတောအုပ်ရဲ့ အဆိပ်တစ်မျိုး ဖြစ်မယ်.. သူတို့အပေါ် မသက်ရောက်ပေမဲ့ အပေါ်ကမ္ဘာက ကျင့်ကြံသူတွေကို အများကြီးထိခိုက်စေတယ်”
“ဘယ်လိုထိခိုက်စေတာလဲ.. ဘာလဲ ရှုမိတာနဲ့ တန်းအဆိပ်တက်ပြီး သေတာမျိုးလား”
“ဒါဆို ဒီလောက်ဒုက္ခများမှာမဟုတ်ဘူး၊ ကျုပ်တို့အသက်အောင့်လိုက်ရင် ဖြစ်နေတာပဲ။.အသက်အောက်ပြီး တိုက်ခိုက်ရင်တောင်မှ မသေမျိုးချီစွမ်းအင်တစ်ခုတည်းနဲ့ ကျုပ်တို့ မသေမျိုးဘုရင်တွေက နှစ်တစ်ရာနှစ်ရာလောက် ရှယ်တိုက်ခိုက်ပေးလိုက်မှာပေါ့”
“ဒါဆို ဘာဖြစ်လို့လဲဗျ”
“ဒီအမည်းရောင်မြူခိုးက စိတ်ဝိညာဥ်အစွမ်းနဲ့ မသေမျိုးချီကို အားနည်းစေတယ်။ ကျင့်ကြံမှုဘယ်လောက်မြင့်မြင့် အကျိုးမထူးဘူး၊ ပြီးဒီအမည်းရောင်မြူခိုးက တားလို့ကိုမရဘူး။ ဘယ်လိုအတားအဆီးမျိုးလုပ်လုပ် ဒီကောင်က အလွယ်တကူ ဖြတ်လာနိုင်တယ်”
“ဒီမြူခိုးထဲ ဝင်လိုက်တာနဲ့ ကျုပ်တို့အစွမ်းက ကိုးဆယ်ရာခိုင်နှုန်းလျှော့ခံလိုက်ရတော့ ကျန်တဲ့တစ်ဆယ်ရာခိုင်နှုန်းနဲ့ပဲ တိုက်ခိုက်ရတယ်၊ တစ်ခါတစ်လေ.. အဲ့ထက်တောင်.နည်းသေးတယ်”
သူက ကူကယ်ရာမဲ့စွာ ဆက်ရှင်းပြလိုက်သည်။
“ဒီတော့ဗျာ.. ဒီတားမြစ်နယ်မြေရဲ့ အရှင်သခင်ကလည်း အချဥ်မဟုတ်ဘူး၊ အဲ့တော့ ကျုပ်တို့ဘက်က လူက ဆယ်ဘွဲ့ရမသေမျိုးဘုရင် တစ်ယောက် ဖြစ်နေရင်တောင် သေရတာပဲ”
“ဆယ်ရာခိုင်နှုန်းပဲ ဆယ်ဘွဲ့ရမသေမျိုးဘုရင်တစ်ယောက်က ဘယ်လောက်စွမ်းမှာမလို့လဲ”
လောထျန်း ထိုမှပဲ သဘောပေါက်တော့သည်။
“ဒီမြူခိုးက တော်တော်ဆိုးဝါးတာပဲ။ ဒီလိုဆိုမှတော့ တားမြစ်နယ်မြေအရှင်သခင်က ဒီမြူခိုးတွေကို ကျိလန်ဒေသတစ်ခုလုံးဆီ ဘာကြောင့် မလွှတ်ပေးတာလဲ.. ဒါဆို ကျိလန်ဒေသတစ်ခုလုံး ပြီးပြီလေ”
လောထျန်း သိချင်စွာ မေးလိုက်သည်။
နေမင်းကိုးသွယ် ဘုရင်က ခေါင်းညိတ်ပြီး ပြောပြ၏။
“ဟုတ်တယ်..ဒီမြူခိုးတွေသာ ပျံ့သွားလို့ကတော့ ကျိလန်ဒေသတစ်ခုလုံး ပျက်ဆီးပြီပဲ..မဟုတ်ဘူး၊ ဒေသကိုးခုလုံးသေမှာ”
“ဒါပေမဲ့ ဒီမြူခိုးကထိန်းချုပ်လို့မရဘူး၊ အနည်းဆုံးတော့ ဒီတားမြစ်နယ်မြေအရှင်သခင် မထိန်းချုပ်နိုင်ဘူးဗျာ။ ဒါကြောင့် အဲ့ဒီကောင်က ဒီထဲမှာဆိုလုံးဝဆရာကြီးပဲ၊ ဒါပေမဲ့ အပြင်ရောက်လာလို့ကတော့ အခွင့်အရေးတစ်ခုတောင် မရစေရဘူး”
“ဒါကြောင့် သူလဲအပြင်မထွက်ရဲသလို.. ကျုပ်တို့လဲ မဝင်ရဲဘူး။ ဒီလိုနဲ့ ကျုပ်တို့ကြား နားလည်မှုတစ်ခု တည်ဆောက်နိုင်သွားပြီး အချင်းချင်း ဘယ်သူမှ မကျူးကျော်ကြတော့ဘူး”
လောထျန်း ခပ်ဖွဖွ ခေါင်းညိတ်လိုက်၏။
ထိုအချိန်မှာပဲ..
အဝေးက အမည်းရောင်မြူခိုးများက ရုတ်ချည်းအရှေ့တိုးလာကာ.. အထဲကနေ ဧရာမမျက်နှာကြီးတစ်ခုကို တွေ့လိုက်ရသည်။
“နေမင်းကိုးသွယ်ဘုရင်၊ မင်းဘာကိစ္စ ရောက်လာတာလဲ.. ဘာလဲမင်းလဲ သူတို့လို အလောင်းလာလှူတာလား”
ထိုဧရာမမျက်နှာကြီး၏ သြရှရှအသံကြီးကြောင့် လောထျန်း သွားတွေပင် ကြိမ်းလာသလို ခံစားလိုက်ရသည်။
နေမင်းကိုးသွယ်ဘုရင်ကလည်း အေးစက်စက်ပြန်တုံ့ပြန်၏။
“ဒီတားမြစ်နယ်မြေအရှင်သခင်၊ စောက်ပိုတွေပြောမနေနဲ့၊ မင်းငါ့ရဲ့ ကျိလန်ဒေသကို အနိုင်ကျင့်လာတာကြာပြီ။ အခုမင်းရဲ့ပျက်ဆီးချိန်ပဲ”
ထိုဧရာမမျက်နှာက ပထမတော့ အံ့သြသွားပြီးမှ လှောင်ပြောင်ဖို့ ပြင်လိုက်သည်။ သို့သော် တစ်စုံတစ်ခုကို သတိထားမိသွားဟန်ရပြီး စိတ်ပျက်စွာ မေးလိုက်လေ၏။
“မင်း…မင်းက မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာပြီလား”
သေချာပေါက် ထိုသူက မမျှော်လင့်ထားဟန်ရှိသည်။
ထိုစကားကြောင့် နေမင်းကိုးသွယ်ဘုရင် ပြုံးသွားလေကာ
“အမှန်ပဲ”
ဒီတားမြစ်နယ်မြေအရှင်သခင်က မျက်လုံးအနည်းငယ် ကျဥ်းမြှောင်းကာကြည့်လိုက်ပြီးမှ အံကြိတ်သံဖြင့် ပြောလာ၏။
“မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာရင်တောင်မှ ဘာဖြစ်သလဲ။ ဒီဝိညာဥ်တိုက်စားချောက်ကမ်းပါးထဲကို မင်းခြေတစ်လှမ်းချတာနဲ့ သေရမှာပဲ။ ငါ့ချောက်ကမ်းပါးအောက်မှာ မသေမျိုးဧကရာဇ်တစ်ပိုင်းကို မမြုပ်နှံဖူးတာလဲ မဟုတ်ဘူး.. ငါက ကြောက်စရာလား”
ဒီတားမြစ်နယ်မြေအရှင်သခင်၏ စကားတွေက အမှန်ဖြစ်နေသောကြောင့် နေမင်းကိုးသွယ်ဘုရင် မျက်မှောင်တင်းတင်းကြုတ်သွားလေ၏။
ကျိလန်ဒေသမှာ မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်ရောက်အောင် ကျင့်ကြံနိုင်သော ပါရမီရှင်တစ်ယောက် ရှိခဲ့ဖူးပါသည်။
ထိုပါရမီရှင်ကလည်း ဝိညာဥ်တိုက်စားချောက်ကမ်းပါးကို ရှင်းလင်းရန်အတွက် ချောက်ကမ်းပါးထဲဝင်ပြီး အသေအကြေတိုက်ပွဲဝင်ခဲ့ကာ.. အဆုံးမှာ နောင်တတရားတွေအပြည့်နဲ့ သေဆုံးခဲ့ရသည်။
ထို့ကြောင့်ပဲ ကျိလန်ဒေသ၏ နောက်မျိုးဆက်မသေမျိုးဘုရင်တွေက ချောက်ကမ်းပါးတစ်ဝိုက် ခြေမချရဲတော့တာ ဖြစ်သည်။
သို့ပေမဲ့ ဒီနေ့ကမတူတော့ဘူးလေ..
ဒီနေ့အတွက် ဒီချောက်ကမ်းပါးကို ရှင်းလင်းဖို့ရောက်လာတဲ့သူက သူမှမဟုတ်တော့ပဲ…
ဒီနေရာမှာ အဓိကဇာတ်ကောင်က လောထျန်းသာဖြစ်၏။
***