“ဒီတားမြစ်နယ်မြေအရှင်သခင် မင်း လျှာရိုးမရှိတိုင်း ပြောချင်ရာ ပြောမနေနဲ့၊ ဒီနေ့မှာ သေချာပေါက် ဒီချောက်ကမ်းပါး ပျက်ဆီးစေရမယ်”
နေမင်းကိုးသွယ်ဘုရင် ကျယ်လောင်စွာ ရယ်မောလိုက်ပါတော့၏။
လောထျန်း ဒီနေရာမှာရှိနေမှတော့ ဒီတားမြစ်နယ်မြေအရှင်သခင် အရင်လို ခေါင်းကြောမာနိုင်ပါအုံးမလား။
ထိုအချိန်မှာ ဒီတားမြစ်နယ်မြေအရှင်သခင်ကလည်း နေမင်းကိုးသွယ်ဘုရင်တစ်ယောက် မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာသောကြောင့် ဘဝင်မြင့်လာတာပဲဟု ယူဆလိုက်သည်။
သူက အေးစက်စက်တစ်ချက် ရယ်လိုက်ပြီးမှ ပြောလာ၏။
“ကောင်းပြီလေ၊ ငါမင်းကိုချောက်ကမ်းပါးထဲက စောင့်နေမယ်။ မင်းအထဲကို ခြေတစ်လှမ်းချတာနဲ့ သေမယ်သာမှတ်”
ထိုသူက ပြောပြီးတာနှင့် လောထျန်းကို တစ်ချက်တောင်မကြည့်တော့ဘဲ ဧရာမမျက်နှာကြီးက ပျောက်ကွယ်သွားလေတော့သည်။
နေမင်းကိုးသွယ်ဘုရင်က ချက်ချင်းပဲ လောထျန်းကို ပြောလိုက်၏။
“သခင်လေး ဘာဆက်လုပ်မှာပါလဲ”
လောထျန်း၏ ပုံစံက ခဏလောက်တွန့်ဆုတ်နေဟန်ရှိသည်.. ထို့နောက် ရုတ်တရက် အသိစိတ်ပင်လယ်ကို ဖွင့်လိုက်ကာ ပြောလိုက်လေ၏။
“မင်းတို့တွေ ထွက်ခဲ့တော့”
ဝူး..ဝူး..ဝူး
ချက်ချင်းပဲ လောထျန်းအရှေ့ကို ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။
ဧကရာဇ်ဆေးလုံး၊ နဂါးကျောက်တုံးနှင့် မြုပ်နှံခံလိုက်ရသောတားမြစ်နယ်မြေ အရှင်သခင်ပင်။
ကမ္ဘာ့အကာအကွယ်စည်းကို ကျော်ဖြတ်ချိန်မှာ ထိုသူတွေ မခံနိုင်မည်စိုးသောကြောင့် လောထျန်းက အတွင်းအသိစိတ်ပင်လယ်ထဲ ပစ်ထည့်ထားကာ အခုမှ အပြင်ထုတ်ပေးလိုက်ခြင်း ဖြစ်သည်။
“အိုး.. နောက်ဆုံးတော့ အပြင်ရောက်ပြီ၊ သခင်လေးရဲ့ အတွင်းကမ္ဘာက ပျင်းဖို့ကောင်းလိုက်တာ” ဧကရာဇ်ဆေးလုံးက သားရဲငယ်အသွင်ပြောင်းလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။
“ဒါဘာကြီးလဲ” ဘေးမှာရပ်နေသော နေမင်းကိုးသွယ်တစ်ယောက် ဧကရာဇ်ဆေးလုံးကြောင့် လန့်သွားတာပင်။
အဘယ်ကြောင့်ဆိုသော် ထိုအကောင်ပေါက်၏ အတွင်းမှ ဧကရာဇ်ချီစွမ်းအင်အနည်းငယ်ကို သူအာရုံခံ၍ ရနေသည်လေ…
ဒါဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
ထိုဧကရာဇ်ချီစွမ်းအင်က မသေမျိုးဧကရာဇ်တစ်ပိုင်းရောက်မှ စတင်ကျင့်ကြံနိုင်တာဖြစ်ပြီး များပြားလာလျှင် မသေမျိုးဧကရာဇ်တစ်ပါးပင် ဖြစ်လာနိုင်သည်။
ဒီအကောင်ပေါက်ကလည်း မသေမျိုးဧကရာဇ်တစ်ပိုင်းလား။
ဒါပေမဲ့ ထိုကောင်၏ အသက်က ဘယ်လောက်မလို့လဲ။
ထိုအချိန်မှာ နေမင်းကိုးသွယ်ဘုရင်၏ အကြည့်က နဂါးကျောက်တုံးအပေါ် ကျရောက်သွားပြန်ကာ ထပ်မံအံ့သြသွားသည်။
“ဒါကကော.ဘာကြီးလဲ”
နဂါးကျောက်တုံး၏ ဝိညာဥ်အစွမ်းမှာ ရှေး နဂါးအရိုးတစ်စိတ်တစ်ပိုင်း ဝန်းရံထားတာကို သူမြင်နေရသည်။
ထိုနဂါးအရိုးကြောင့်လား… ဝိညာဥ်အစွမ်းကြောင့်လားမသိ၊ သူအနည်းငယ် ကြောက်ရွံ့လာခဲ့၏။
ဒါကဧကရာဇ်ချီစွမ်းအင်ပဲ.. ဒါကိုမှ အလွန်သန့်စင်သော ဧကရာဇ်ချီစွမ်းအင် ဖြစ်နေသည်။
အလွန်နည်းပါးသော ပမာဏဖြစ်ပေမဲ့လည်း သူ့ခန္ဓာကိုယ်ထဲက ဧကရာဇ်ချီအစွမ်းနှင့်မတူပဲ ထိုစွမ်းအင်ကနေ အလွန်ပြီးပြည့်စုံမှုကို ခံစားရလေသည်။
ထိုအတွေးကြောင့် နေမင်းကိုးသွယ် ဘုရင်တစ်ယောက် ခြောက်ခြားလာတော့သည်။
ဧကရာဇ်ချီစွမ်းအင်ပိုင်ဆိုင်ထားသော မသေမျိုးဧကရာဇ်တစ်ပိုင်း အကောင်ပေါက်လေးကပင် တော်တော် အံ့သြဖို့ကောင်းနေပြီဖြစ်သည်။
ဒုတိယတစ်ယောက်က ပိုအံ့သြစရာကောင်းနေမည်လို့ သူလုံးဝ မထင်ထားမိဘူး။
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် အလွန်မသက်မသာ ခံစားလာရသောကြောင့် နဂါးကျောက်တုံးကို ဆက်မကြည့်ရဲတော့ပဲ တတိယပုံရိပ်ကို အကြည့်ပို့လိုက်ပါ၏။
သို့သော် သူထပ်မံ ဆွံ့အရပြန်သည်။
“ဒီကောင်.. ဒီကောင်က တားမြစ်နယ်မြေကပဲ၊ ဒါပေမဲ့ ဝိညာဥ်ပဲရှိတော့တာလား”
“ဒါပေမဲ့ ဝိညာဥ်အနေအထားမှာတောင် စိတ်ဝိညာဥ်အစွမ်းက အရမ်းပြင်းထန်တယ်၊ သာမာန်သားရဲမဟုတ်တန်ဘူး.. ဒါတားမြစ်နယ်မြေ အရှင်သခင်ပဲ။ ဒါပေမဲ့ ဘယ်တားမြစ်နယ်မြေရဲ့အရှင်သခင်လဲ”
နေမင်းကိုးသွယ်ဘုရင်တစ်ယောက် လုံးဝ ကြောင်အမ်းသွားပါတော့သည်။
ဒီလောထျန်း၏ အတွင်းကမ္ဘာထဲမှာ.ဘာတွေ ထည့်ထားတာလဲ။
ထိုသူပုံမှန်လိုမျိုး ဆွဲဲထုတ်လိုက်သည့် သုံးဦးအနက် တစ်ဦးက မသေမျိုးဧကရာဇ်တစ်ပိုင်းဖြစ်ပြီး.. ကျန်တစ်ယောက်က မပြီးပြည့်စုံသေးသော မသေမျိုးဧကရာဇ် ဖြစ်တန်ရာက၊ နောက်ဆုံးတစ်ယောက်က တားမြစ်နယ်မြေအရှင်သခင် ဖြစ်နေသည်။
ဒီပေါင်းစပ်မှုက တကယ်ကို မတွေးထားစေတာပဲ။
သို့ပေမဲ့ ခဏအကြာမှာ ထိုအရာက ကျိုးကြောင်းသင့်သလို သူခံစားလိုက်ရသည်။
မကောင်းဆိုးဝါးတစ်ကောင်အနားမှာ မကောင်းဆိုးဝါးတွေ ရှိနေတာ ပုံမှန်ပဲလေ။
ထိုအချိန်မှာ.လောထျန်းက နဂါးကျောက်တုံးကို ပြောလိုက်သည်။
“သခင်ကြီး.. ခင်ဗျား ရှေးနဂါးအရိုးရဲ့စွမ်းအင် ရောင်ဝါကို အာရုံခံလို့ရပြီလား”
နဂါးကျောက်တုံး၏ စိတ်ဝိညာဥ်အစွမ်းက ဖြတ်ခနဲလင်းသွားပြီး စတင်အာရုံခံတော့သည်။
ခဏအကြာမှာ နဂါးကျောက်တုံး၏ သက်ပြင်းချရင်း ပြောသံကိုပဲ ကြားလိုက်ရပါသည်။
“ မရှိဘူး၊ ကျုပ်လိုတဲ့နဂါးအရိုး ဒီမှာမရှိဘူး”
သူကခဏရပ်ပြီးမှ ဆက်ပြော၏။
“ဒါပေမဲ့နဂါးမျိုးနွယ်ဝင်တစ်ယောက်ကို အာရုံခံမိတယ်၊ နဂါးမျိုးနွယ်ဝင်တစ်ယောက်ယောက် ဒီနေရာမှာ သေဆုံးဖူးတာလား”
လောထျန်း နေမင်းကိုးသွယ်ဘုရင်ကို လှည့်ကြည့်လိုက်ပါ၏။
နေမင်းကိုးသွယ်ဘုရင်.ချက်ချင်းပဲ လေသံတိုးလေးနှင့် ရှင်းပြလာသည်။
“သခင်ကြီးကိုတင်ပြပါတယ်၊ ဒီအရှေ့ကနေရာက တားမြစ်နယ်မြေပါ။ ဒီနေရာမှာ နဂါးမျိုးနွယ်ဝင်တစ်ယောက် တကယ်ပဲ သေဆုံးဖူးပါတယ်”
သူ့အရှေ့က ထိုပုဂ္ဂိုလ်သည် မသေမျိုးဧကရာဇ် ပါရမီရှင်ဖြစ်လေသည်..
ထို့အပြင် နဂါးမျိုးနွယ်ဝင် မသေမျိုးဧကရာဇ်ဖြစ်နေသေး၏။
နဂါးမျိုးနွယ်ဝင်တွေမှာ အလွန်ကောင်းမွန်ထူးခြားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ကြသည်။ နဂါးမျိုးနွယ်ဝင် မသေမျိုးဧကရာဇ်တွေက သမိုင်းတစ်လျှောက်မှာ အကြမ်းဆုံးပင်။
ထို့ကြောင့် ထိုသူက မသေမျိုးဧကရာဇ်မှန်း မသေချာသေးလျှင်တောင်မှ သူအနည်းငယ်တောင် မလေးမစားမလုပ်ရဲဘူး။
နဂါးကျောက်တုံးက သက်ပြင်းချလိုက်ပြီး ဆက်ပြောသည်။
“တကယ်ကို နဂါးမျိုးနွယ်ဝင်တစ်ယောက် သေဆုံးခဲ့တာပါလား”
နဂါးကျောက်တုံး၏ဝိညာဥ်အစွမ်းက နောက်တစ်ချက်လက်သွားခဲ့ပြီး ဆက်ပြောလာ၏
“လောထျန်း၊ ကျုပ်မင်းရဲ့ အတွင်းကမ္ဘာထဲဝင်ပြီး ဆက်ကျင့်ကြံနေအုံးမယ်။ နောက်ထပ် တားမြစ်နယ်မြေကိုရောက်မှ နှိုးပါတော့”
ပြီးနောက် ထိုသူကချက်ချင်းပဲ အထဲပြန်ဝင်သွားသည်။
လောထျန်း ခေါင်းညိတ်လိုက်ပြီး ဘေးမှ ထျန့်ကျီတောင်သခင်ကြီးကို လှမ်းပြောလိုက်သည်။
“ဒီဝိညာဥ်တိုက်စားချောက်ကမ်းပါးနဲ့ ပတ်သတ်ပြီး မင်းဘယ်လောက်ထိ သိလဲ”
“ကျွန်တော်..” ထျန့်ကျီတောင်သခင်ကြီးတစ်ယောက် ယာယီ ဆွံ့အသွားချင်ပါတော့သည်။
ဒီလောထျန်းက ဒီအချိန်ကျမှ ဒါမျိုးလုပ်ရသလား။
ဒါသူ့ကို နတ်ဘုရားတောအုပ်ကို ပေါ်ပေါ်ထင်ထင် သစ္စာဖောက်ခိုင်းနေတာပဲ။
“ဟမ်၊ မပြောဘူးပေါ့လေ”
လောထျန်းက ကြည့်နေရင်းမှ မျက်မှောင်ကြုတ်လိုက်ပြီး တစ်ချိန်မှာ လက်သီးကိုတင်းနေအောင်.ဆုတ်လိုက်ကာ ထိုးနှက်ဖို့ အသင့်ပြင်လိုက်သည်။
ထိုမှသာ ထျန့်ကျီတောင်သခင်ကြီးက ကတုန်ကယင်ပြောလာသည်။
“မဟုတ်ဘူး…ကျွန်တော် အခုပြောပြပါ့မယ်”
လောထျန်း လက်သီးဆုပ်ကို ပြန်ဖြေလိုက်တော့သည်။
ဒါကိုမြင်မှပဲ ထျန့်ကျီတောင်သခင်ကြီးတစ်ယောက် အပြည့်အဝ စိတ်သက်သာရာရဟန် ပေါက်သွားလေကာ ဆက်ပြောလာ၏။
“ဒီဝိညာဥ်တိုက်စားချောက်ကမ်းပါးရဲ့ ထူးခြားချက်က အမည်းရောင်မြူခိုးပဲ။ ဒီမြူခိုးကို ထာဝရတည်မြဲခြင်းအရှင်သုံးပါးထဲက တစ်ပါး ဖန်တီးခဲ့ပြီး မသေမျိုးချီစွမ်းအင်နဲ့ ဝိညာဥ်စွမ်းအင်ကို အားနည်းစေတယ်”
လောထျန်း အံ့သြစွာဆက်မေးလိုက်သည်။
“ထာဝရတည်မြဲခြင်းအရှင်သုံးပါးထဲက တစ်ပါးဟုတ်လား။ ဘယ်သူလဲ”
ထျန့်ကျီတောင်သခင်ကြီးတစ်ယောက် ချက်ချင်းကို အသနားခံလေတော့၏။
“သခင်လေးရယ်..ကျွန်တော်ပြောပြလို့ မရလို့ပါ”
“ဟမ်” လောထျန်း မျက်မှောင်ကြုတ်သွားသည်။
ထျန့်ကျီတောင်သခင်ကြီးကလည်း ငိုချတော့မတတ် ရှင်းပြလာ၏။
“ကျွန်တော်တကယ် ပြောပြလို့မရလို့ပါ။ ထာဝရတည်မြဲခြင်းအရှင်သုံးပါးရဲ့ နာမည်ကို နတ်ဘုရားတောအုပ်မှာတောင်မှ တာအိုအစွမ်းနဲ့ ကန့်သတ်ထားတယ်။ သူတို့နာမည်ကို ထုတ်ပြောလိုက်တာနဲ့ သူတို့ အာရုံခံမိသွားကြမှာ”
“သူတို့သာအာရုံခံမိသွားရင် သူတို့ဘက်က မတိုက်ခိုက်ချင်ရင်တောင်မှ ကျွန်တော် သေရလိမ့်မယ်။ အဲ့ဒီတန်ပြန်အစွမ်းက ကျွန်တော့်ဝိညာဥ်ကို.အပိုင်းပိုင်း ကြေကွဲစေမှာ”
ဘေးမှနားထောင်နေသော နေမင်းကိုးသွယ်ဘုရင် လုံးဝနားလည်သွားလေပြီ.. ထိုဝိညာဥ်က တကယ်ကို နတ်ဘုရားတောအုပ်က လာတာပဲ။
ထိုသူ၏စကားကို.နားထောင်နေရင်း လောထျန်း၏ ရှုတ်ထွေးနေသော မျက်နှာကို ကြည့်လိုက်မိသောကြောင့် သူဘေးကနေ ဝင်ပြောပေးလိုက်သည်။
“သခင်လေး သူပြောတာမှန်ပါတယ်ဗျ၊ ကျုပ်တို့ ကျိလန်ဒေသရဲ့မိစ္ဆာမျိုးနွယ်မှာလဲ ထာဝရတည်မြဲခြင်းသုံးပါးအကြောင်း မှတ်တမ်းတစ်ချို့ရှိတယ်”
ထိုအချိန်မှ လောထျန်းခေါင်းညိတ်လိုက်ပြီး ဆက်မေးတော့သည်။
“ဒါဆို ဒီအမည်းရောင်မြူခိုးကို ဘယ်လိုဖျက်ဆီးရမလဲ မင်းသိသလား”
ထျန့်ကျီတောင်သခင်ကြီး ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေလာလေသည်။
“သခင်လေး ကျွန်တော့်ကို အထင်ကြီးလွန်းနေပါပြီ။ ဒီမြူခိုးက ထာဝရတည်မြဲခြင်းအရှင်သုံးပါး ဖန်တီးခဲ့တဲ့ အရာပဲ။ ကျွန်တော့်လို သာမာန်တားမြစ်နယ်မြေ အရှင်သခင်တစ်ယောက်က ဘယ်လိုလုပ် သိမှာလဲဗျာ”
လောထျန်း မကျေမနပ်ဖြစ်သွားပြီး မျက်မှောင်ကြုတ်သွားကာ ထိုကောင့်ကို အတွင်းကမ္ဘာထဲ ပြန်ဆွဲထည့်လိုက်တော့သည်။
ထို့နောက် ဝိညာဥ်တိုက်စားချောက်ကမ်းပါးကို ကြည့်ပြီး အေးစက်စက် ပြောလိုက်၏။
“ဒီလိုဆိုမှတော့ ကျုပ်အကြမ်းနည်း သုံးရတော့မှာပေါ့”
“ကောင်းပြီ” နေမင်းကိုးသွယ်ဘုရင်က ချက်ချင်း ထောက်ခံသည်။
လောထျန်းခေါင်းညိတ်လိုက်ပြီး ဧကရာဇ်ဆေးလုံးကိုကြည့်ကာ ပြောလိုက်သည်။
“ဧကရာဇ်ဆေးလုံး၊ မင်းဒီနေရာမှာနေခဲ့ပြီး စောင့်ကြည့်နေပါ။ တစ်ခုခုဖြစ်ရင် ကျုပ်ကို ချက်ချင်းအကြောင်းကြား”
ဧကရာဇ်ဆေးလုံးက လူသားအသွင်ပြောင်းပြီး အပြုံးတစ်ခုနဲ့ ပြန်ဖြေလာသည်။
“ကောင်းပါပြီ”
လောထျန်း ခေါင်းညိတ်လိုက်ပြီး နေမင်းကိုးသွယ်ဘုရင်ကို ပြန်ကြည့်လိုက်သည်။
“သခင်လေးလောထျန်း၊ ကျုပ်အရင်သွားမယ်”
နေမင်းကိုးသွယ်ဘုရင်က ချက်ချင်းပြောလာ၏။
လောထျန်း ခေါင်းညိတ်လိုက်ကာ နှစ်ယောက်လုံး မြူခိုးထဲ ဝင်သွားပါတော့သည်။
အထဲဝင်လိုက်သည်နှင့် ခန္ဓာကိုယ်အပေါ် ကျရောက်လာသော အလွန်ပြင်းသည့်ဖိအားကို ထူးဆန်းစွာခံစားလိုက်ရ၏။
“ဒါကမသေမျိုးချီစွမ်းအင်နဲ့ စိတ်ဝိညာဥ်အစွမ်းကို လျော့နည်းစေတဲ့ အစွမ်းများလား” လောထျန်း ခပ်တိုးတိုးပြောလိုက်သည်။
ထို့နောက် သူ့ခန္ဓာကိုယ်ထဲကို မသေမျိုးချီစွမ်းအင်များ လည်ပတ်စေလိုက်ရာ၊ ပုံမှန်ထက် နှေးသွားသော လည်ပတ်နှုန်းကို တွေ့လိုက်ရပါ၏။
ဒီအမည်းရောင်မြူခိုးက တကယ်ကို ထူးဆန်းတာပင်။
သို့ပေမဲ့ လောထျန်း စိတ်မပူပါချေ။
သူ့သန်မာမှုက မသေမျိုးချီစွမ်းနဲ့ စိတ်ဝိညာဥ်စွမ်းအင်ပဲ ရှိတာမှမဟုတ်ပဲ။
သူ့မှာ ရုပ်ပိုင်းဆိုင်ရာ သန်မာမှုကော.. တာအိုအစွမ်းကော ရှိပါသေးသည်။
မသေမျိုးချီစွမ်းအင်နဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို လျှော့ချလိုက်ရင်တောင်မှ သူ့ရဲ့တိုက်ခိုက်နိုင်စွမ်းကို အများကြီး သက်ရောက်စေမှာမဟုတ်ဘူး။
ထို့အပြင် သူ့မှာစနစ်လည်း ရှိသေးသည်။
စနစ်ကိုအသုံးပြုပြီး သူ့သန်မာမှုကို တိုးမြှင့်နိုင်သည်ပဲ။
လောထျန်း ချက်ချင်းပဲ စနစ်ကိုအသက်သွင်းလိုက်တော့သည်။
“စနစ်.. ရုပ်ပိုင်းဆိုင်ရာသန်မာမှုကို တိုးမြှင့်ပေး” လောထျန်း စိတ်ထဲမှ ပြောလိုက်၏။
“ဒင်..ရုပ်ပိုင်းဆိုင်ရာသန်မာမှု တိုးမြှင့်နေပါသည်။ ဒင်.. သန်မာမှုတိုးမြှင့်ပြီးပါပြီ”
လောထျန်း တစ်ယောက် ခန္ဓာကိုယ်ထဲ စီးဝင်သွားသော အနွေးစီးကြောင်းတစ်ခုကို အာရုံခံမိပြီးသည်နှင့် သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်က သိသာစွာ သန်မာလာခဲ့သည်။
“စနစ်.. ဝိညာဥ်အစွမ်းကိုမြင့်တင်ပေး”
“ဒင်.. ဝိညာဥ်အစွမ်းတိုးမြှင့်နေသည်။ ဒင်.. ဝိညာဥ်အစွမ်းတိုးမြှင့်ပြီးပါပြီ”
သန်မာလာသော ဝိညာဥ်စွမ်းအင်ကိုပါ သူ ခံစားလိုက်ရ၏။
“စနစ်..တာအိုအစွမ်းကော တိုးပေးအုံး”
“ဒင်..တာအိုအစွမ်းတိုးမြှင့်နေသည်။ ဒင်.. တာအိုအစွမ်း တိုးမြှင့်ပြီးပါပြီ”
တာအိုစွမ်းအင်အပေါ် သူ၏နားလည်မှုတွေ ပိုအားကောင်းလာတာကိုပါ ခံစားလိုက်ရတော့သည်။
ထို့နောက်က အရှေ့က မြူခိုးထုကို ကြည့်နေသော လောထျန်းမျက်လုံးထဲ အအေးဓာတ်တစ်ချို့ လျှပ်ပြေးသွားလေကာ
“ဒီအမည်းရောင်မြူခိုးက မသေမျိုးစွမ်းအင်နဲ့ စိတ်ဝိညာဥ်စွမ်းအင်ကို လျှော့ချနိုင်ရင်တောင်မှ ငါ့သန်မာမှုကိုတော့ လျှော့ချလို့မရဘူးပဲ”
လောထျန်း ကိုယ့်ဘာသာ ခပ်တိုးတိုးပြောလိုက်ပြီးနောက်
နေမင်းကိုးသွယ်ဘုရင်ကို ကြည့်ကာ ပြောလိုက်သည်။
“သွားစို့”
“ဟုတ်ပြီ”
ထိုသူက ချက်ချင်းတုံ့ပြန်လာ၏။
ထို့နောက် သူတို့တွေဆက်ပြီး တိုးဝင်သွားလိုက်ကြသည်.. အမည်းရောင်မြူခိုး အနက်ပိုင်းထဲ ရောက်လေလေ၊ မြူခိုး၏အစွမ်းသက်ရောက်မှုက ပိုနက်ရှိုင်းလာလေလေပင်။
လောထျန်း အနည်းငယ် မသက်မသာ ခံစားလိုက်ရသော်လည်း မရပ်ခဲ့ပေ။
သူ.ဝိညာဥ်ချောက်ကမ်းပါးအဆုံးထိ သွားရလိမ့်မည်။
ဒီချောက်ကမ်းပါးထဲကို သူ ရှာဖွေနေသော နဂါးအရိုးရှိမှန်း ခံစားလို့ရထားခဲ့သည်.. ထိုအရိုးက အထဲမှာ ရှိနေနိုင်ပါသည်။
လောထျန်း၏ မျက်လုံးက စိတ်ပိုင်းဖြတ်မှုတို့ အရိပ်ထင်လာလေ၏။
ထို့ကြောင့် အရှိန်တင်ပြီး မြူခိုးထဲဝင်သွားလိုက်သည်။ နေမင်းကိုးသွယ်ဘုရင်ကလည်း အနောက်မှ နီးနီးလေး ကပ်လိုက်လာသည်။
အမည်းရောင်မြူခိုး၏.အစွမ်းကြောင့် နေမင်းကိုးသွယ်ဘုရင်တစ်ယောက် ခြောက်ခြားနေပါသော်လည်း လောထျန်းရှိနေ၍ အနည်းငယ် အကြောက်သက်သာခဲ့လေသည်။
လောထျန်းသာ ရှိနေမယ်ဆိုရင် ဒီချောက်ကမ်းပါးထဲကနေ သူပြန်ထွက်နိုင်လိမ့်မည်လို့ ယုံကြည်ချက်ရှိပါ၏။
ထိုသို့ဖြင့် သူတို့တွေ အချိန်အကြာကြီး လမ်းလျှောက်ခဲ့ကြပြီး တစ်နေရာအရောက် လောထျန်းက ရုတ်တရက် ရပ်လိုက်လေသည်။
“သခင်လေးလောထျန်း၊ ဘာဖြစ်လို့လဲဗျ”
လောထျန်း၏မျက်လုံးကအရှေ့ကို ကြည့်နေရင်းမှ အနည်းငယ် ကျဥ်းမြှောင်းသွားခဲ့သည်။
သူတို့အရှေ့က မြူခိုးအလယ်မှာ ကျောက်တုံးတံခါးပေါက်တစ်ခုကို တွေ့လိုက်ရပြီး ထိုတံခါးပေါက်မှာ ရှေးဆန်ကာ ရေညှိများလည်း ကပ်ညှိနေသည်။ ထူးဆန်းသော ပုံစံကွက်များရှိသည် ထိုကျောက်တုံးတံခါးမှ ရှေးဆန်ကာ တသီးတသန့်ဖြစ်သော အရောင်အဝါကို ခံစားရသည်။
“ဒါက..” နေမင်းကိုးသွယ်ဘုရင်တစ်ယောက် ထိုသို့သော တံခါးပေါက်မျိုးကို တစ်ခါမှ မတွေ့ဖူးသောကြောင့် အနည်းငယ် အံ့သြသွားသည်။
သို့သော် လောထျန်း၏ မျက်လုံးထဲမှာ ထူးဆန်းသော အလင်းတစ်ချို့ ဝင်ရောက်နေခဲ့သည်.. ထိုကျောက်တုံးတံခါးကနေ သူ အရမ်းရင်းနီးသော အရောင်အဝါကို ခံစားနေရပြီး ထိုအရောင်အဝါက ရှေးနဂါးအရိုးနှင့် အလွန်ဆင်တူနေသောကြောင့် ဖြစ်လေ၏။
“ဖြစ်နိုင်တာ” လောထျန်း နှလုံးတစ်ချက် ဆောင့်ခုန်သွားသည်။
ဒီကျောက်တုံးတံခါးပေါက်ထဲမှာ နဂါးအရိုးရှိနေတာများလား။
လောထျန်း ချက်ချင်းရှေ့တစ်လှမ်းတိုးကာ တံခါးပေါက်အနား သွားပါတော့သည်။
နေမင်းကိုးသွယ်ဘုရင်လဲ အမြန်လိုက်လေ၏။
ကျောက်တုံးတံခါးပေါက်အနားကို ရောက်တဲ့အချိန်မှ လောထျန်း လက်တစ်ဖက် ဆန့်ထုတ်ပြီး ကျောက်ပြားကိုထိကြည့်လိုက်သည်။
သူ့လက်ဖဝါးကနေ အေးစက်သော အထိအတွေ့ကိုသာ ခံစားလိုက်ရသည်.. လောထျန်း အားသုံးပြီး တွန်းကြည့်တိုင်အောင် ထိုတံခါးပေါက်က နည်းနည်းလေးတောင် မရွေ့သွားဘူး။
“ဒါကအရမ်းလေးတာပဲ”
သူအားပိုထည့်ပြီး ထပ်တွန်းလိုက်သည်.. သို့ကျောက်တုံးတံခါးက မရွေ့သေးပေ။
“သခင်လေးလောထျန်း၊ ကျုပ် လုပ်ကြည့်မယ်”
နေမင်းကိုးသွယ်ဘုရင်က ချက်ချင်း ရှေ့တိုးလာပြီး ကျောက်တံခါးကို အားကုန်သုံးကာ တွန်းလိုက်ပါ၏။
သို့သော် ထိုတံခါးက တုတ်တုတ်တောင် မလှုပ်သေးချေ။
“ဒါကြီးကတကယ်လေးတာပဲ”
မသေမျိုးဧကရာဇ်တစ်ယောက်၏ အားကုန်သုံးပြီး တွန်းတာတောင် မရွေ့သေးသော ကျောက်တုံးတံခါးကြောင့် နေမင်းကိုးသွယ်ဘုရင် အံ့သြစွာပြောလိုက်တော့သည်။
ထိုအချိန်မှာ လောထျန်းတစ်ယောက် ကျောက်တုံးတံခါးကို ကြည့်ပြီး စတင်စဥ်းစားပါတော့သည်။
ထိုကျောက်တုံးတံခါးက အရမ်းလေးပြီး သေချာပေါက် သာမာန်တံခါးမဖြစ်နိုင်ပါချေ။
အထဲမှာ လျို့ဝှက်ယန္တရားများ ရှိနေလား သိနိုင်စေရန်အတွက် ထူးဆန်းသော ပုံစံကွက်များကို သူ သေချာစွာ လှည့်ပတ်ရှာဖွေခဲ့သော်လည်း ဘာကိုမှ မတွေ့ခဲ့ပြန်ပေ။
ခဏကြာပြီးနောက်မှာ လောထျန်း ရုတ်တရက် မျက်လုံးများ ဝင်းလက်သွားသည်။
ကျောက်တံခါးပေါ်က ထူးဆန်းသော ပုံစံကွက်များကြားထဲမှ အနည်းငယ် ကွဲပြားသော ပုံစံကွက်တစ်ချို့ကို သတိထားမိလိုက်သောကြောင့်ပင်။
“ဒါက..” လောထျန်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
ထိုပုံစံကွက်က နဂါးမျိုးနွယ်၏သင်္ကေတနှင့် ဆင်တူနေလေသည်။
နဂါးမျိုးနွယ်နှင့် သက်ဆိုင်နေမလားဆိုသော အတွေးကြောင့် လောထျန်း ချက်ချင်းပဲ နဂါးအရောင်အဝါကို ကျောက်တုံးပေါ် သက်ရောက်စေလိုက်သည်။
ကျောက်တံခါးက ရွှေရောင်တစ်ချက် လင်းသွားလေကာ အထဲမှ အသံတစ်ခုကြားလိုက်ရပြီး ခပ်ဖြည်းဖြည်း ပွင့်လာလေ၏။
လောထျန်းနဲ့ နေမင်းကိုးသွယ်ဘုရင် အချင်းချင်း အံ့သြစွာ ကြည့်လိုက်ကြသည်။
ဒီကျောက်တုံးတံခါးက နဂါးမျိုးနွယ်နှင့် ဆက်စပ်နေမည်လို့ သူတို့ဘယ်လိုမှ မထင်ခဲ့ကြဘူးလေ။
ထိုအချိန်မှာ ကျောက်တံခါးက လုံးဝပွင့်သွားပြီး မှောင်မဲမဲလမ်းကြားတစ်ခုကို တွေ့လိုက်ရသည်။
ထိုလမ်းကြားရှည်မှ အေးစက်စက် အရှိန်အဝါတစ်မျိုး ခံစားနေရသောကြောင့် လောထျန်းတို့နှစ်ယောက် မျက်နှာကြီး တည်တံ့သွားတော့သည်။
ထိုလမ်းကြားထဲမှာ.ဘယ်လိုအန္တာရယ်တွေ ရှိအုံးမည် မသိပေ။
သို့ပေမဲ့ ရှေးနဂါးအရိုးအတွက် သူတို့တွေ ဆက်သွားရအုံးမည်မလား..
“သွားမယ်ကွာ” လောထျန်း ပြောလိုက်လေ၏။
နေမင်းကိုးသွယ်ဘုရင်လည်း ခေါင်းညိတ်ပြလိုက်ပြီး… ထိုသို့ဖြင့် သူတို့တွေ လမ်းကြားထဲ ခြေချလိုက်တော့သည်။
အထဲကို ခြေချလိုက်မိသည်နှင့် ကျောက်တုံတံခါးက ကျယ်လောင်စွာ ပိတ်သွားလေကာ.. ပြန်လမ်းမရှိတော့ချေ။
သို့ပေမဲ့ လောထျန်း အများကြီးမတွေးခဲ့ပဲ အရှေ့ကိုသာ ဆက်လျှောက်သွားလိုက်သည်။
ထိုရှည်လျားလွန်းသော လမ်းကြားထဲကို ဘယ်လောက်ကြာအောင် လျှောက်လိုက်ရသည်မသိ… နောက်ဆုံးမှပဲ အဝေးတစ်နေရာက ခပ်ဖျော့ဖျော့အလင်းတစ်ခုကို ရုတ်တရက် လှမ်းမြင်လိုက်ရလေသည်။
လောထျန်းတို့ ပျော်ရွှင်စွာပဲ အရှိန်တင်လိုက်ကြသည်။
နောက်ဆုံးတော့ သူတို့တွေ ဂူအကြီးကြီးတစ်ခု အရှေ့ကိုရောက်လာခဲ့ပြီး ဂူအလယ်တည့်တည့်မှာ ရှိနေသော ရှေးနဂါးအရိုးကိုပါ တစ်ခါထဲ တွေ့လိုက်ရသည်။
ရွှေရောင်ထိုနဂါးအရိုးမှ အလွန်အင်အားကြီးသော အရောင်အဝါတွေ ဖြာထွက်နေလေ၏။
“ဒါ.. ဒါ ရှေးနဂါးအရိုးပဲ”
လောထျန်း မျက်လုံးများ တောက်ပသွားကာ ချက်ချင်းပဲ နဂါးအရိုးကို ထိတွေ့ကြည့်လိုက်တော့သည်။
ထိုနဂါးအရိုးမှ နွေးထွေးပြီး အင်အားကြီးသော စွမ်းအင်တစ်မျိုး ခံစားရပြီး ထိုစွမ်းအင်က သူ၏နဂါးမျိုးနွယ်ရောင်ဝါနှင့် လိုက်ဖက်ညီနေသည်။
“ဒီနဂါးအရိုးကငါ့အပိုင်ပဲ” လောထျန်း စိတ်ထဲမှ ပြောပြီးသည်နှင့် သူ့ခန္ဓာကိုယ်ကနေ ရွှေရောင်အလင်းများ ထွက်လာကာ နဂါးအရိုးကို ဝန်းရံလိုက်တော့သည်။
နဂါးအရိုးက ဖြည်းဖြည်းချင်းပဲ လောထျန်း၏ခန္ဓာကိုယ်နှင့် ပေါင်းစပ်သွားလေသည်။
လောထျန်း သူ၏ပိုမိုသန်မာလာသော ရုပ်ပိုင်းဆိုင်ရာသန်မာမှုနှင့်အတူ နဂါးမျိုးနွယ်ရောင်ဝါကိုပါ ခံစားလိုက်ရသည်။
ဒီရှေးနဂါးအရိုးက တကယ်အကျိုးထူးတာပင်။
ထိုသို့ဖြင့် တဖြည်းဖြည်း တိုးလာသော သူ့သန်မာမှုက မသေမျိုးဧကရာဇစ်တစ်ပိုင်းအဆင့်ကိုပါ နီးကပ်လာခဲ့သည်။
လောထျန်း မျက်လုံးပြန်ဖွင့်လိုက်ချိန်မှာ မျက်လုံးထဲကို ရွှေရောင်အလင်းတစ်ချက် ဖြတ်ပြေးသွား၏။
သူ၏သန်မာမှုက မှန်းဆ၍မရနိုင်တော့သလို ခံစားလိုက်ရသည်။
သူကအခု မသေမျိုးဧကရာဇ်တစ်ပိုင်း အဆင့်ရောက်ဖို့ တစ်ဆင့်ထဲလိုတော့တာပင်။
လောထျန်းတစ်ယောက် ဂူအလွတ်ကို ကြည့်ပြီး တစ်ချက် ပြုံးလိုက်တော့သည်။
အခု သူလိုချင်တာရသွားပြီဆိုတော့ ထွက်သွားချိန်တန်ပြီပင်.
“သွားကြစို့”
ထိုသို့ဖြင့် သူတို့နှစ်ယောက် လမ်းကြားထဲ ပြန်ဝင်လိုက်ကြပြီး အချိန်တစ်ခုကြာသည်အထိ လမ်းလျှောက်ပြီးနောက်မှာ ကျောက်တုံးတံခါးပေါက်ကို ပြန်ရောက်လာခဲ့သည်။
ထိုတံခါးကို တစ်ချက်ထိလိုက်သည်နှင့် တံခါးချပ်က ခပ်ဖြည်းဖြည်း ပွင့်လာလေ၏။
အနက်ရောင်မြူခိုးအတွင်း ပြန်ဝင်လိုက်ပြီးနောက် လောထျန်း ခပ်ဖွဖွ ပြုံးလိုက်လေကာ
ရှေးနဂါးအရိုးကို ရပြီဖြစ်၍ သူ့တာဝန်ပြီးမြှောက်လေပြီ။
ထို့ကြောင့် နေမင်းကိုးသွယ်ဘုရင် ခေါင်းညိတ်ပြလာသည်နှင့် လောထျန်းတို့ ဝိညာဥ်တိုက်စား ချောက်ကမ်းပါးအပြင်ကို ထွက်လိုက်တော့သည်။
ဝိညာဥ်တိုက်စားချောက်ကမ်းပါး အပြင်ဘက်က ကောင်းကင်ကျယ်ကြီးကို ကြည့်နေရင်း လောထျန်း ပြုံးလိုက်တော့သည်။
အခု သူ့တာဝန်ပြီးပြီဆိုတော့ စနစ်ကိုတင်ပြချိန်ရောက်ပြီပဲ။
သူချက်ချင်းပဲ နေမင်းကိုးသွယ်ဘုရင်ကို ပြောလိုက်သည်။
“မင်းပြန်လို့ရပြီ”
“ဟုတ်ကဲ့ သခင်လေးလောထျန်း”
ထိုသူက လောထျန်းကို အရိုအသေပေးပြီးတာနဲ့ ချက်ချင်း ပျံသန်းသွားခဲ့သည်။
နေမင်းကိုးသွယ်ဘုရင်၏နောက်ကျောကို ကြည့်နေရင်း လောထျန်း ပြုံးသွားသည်။
ထိုသူက အနာဂတ်မှာ လက်အောက်ခံကောင်းတစ်ယောက် ဖြစ်လာနိုင်သည်လေ။
“စနစ်၊ ငါတာဝန်ပြီးသွားပြီ”
“ဒင်.. တာဝန်ပြီးမြှောက်တဲ့အတွက် ဆုလာဘ်အနေနဲ့ မသေမျိုးဧကရာဇ်တစ်ပိုင်း အခြေခံကျင့်ကြံဆင့်ကို ပေးလိုက်ပါပြီ၊ ထို့အပြင် ဧကရာဇ်ဆေးလုံး ဆယ်လုံး၊ ကောင်းကင်ဘုံနဂါးအရိုးတစ်ခုကို ရရှိပါတယ်”
စနစ်၏အသံများစွာ အဆုံးသတ်မှာ လောထျန်းတစ်ယောက် အရှိန်အဟုန်ဖြင့် တိုးတက်လာသော သန်မာမှုကို ခံစားလိုက်ရပြီး မသေမျိုးဘုရင်အဆင့်ကနေ မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်လာပြီမှန်း မြင်လိုက်ရသည်။
သူ၏သန်မာမှုက တော်တော်တိုးမြှင့်လာပြီပဲဟု ခံစားနေရလေသည်.. သူကအခု မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာလေပြီ။ ထို့အပြင် သူ့လက်ထဲမှာ ဧကရာဇ်ဆေးလုံး ဆယ်လုံးတောင် ရှိနေသေးသည်။
ဒီဆေးလုံးတစ်လုံးဆီက မသေမျိုးဘုရင်တစ်ယောက်ကို မသေမျိုးဧကရာဇ်တစ်ပိုင်းအဆင့် ရောက်အောင် အဆင့်တက်စေနိုင်သည်။
ထို့ကြောင့် မသေမျိုးဧကရာဇ်တစ်ပိုင်း ဆယ်ယောက်ကို သူဖန်တီးနိုင်တော့မည်။
ထို့အပြင် သူ့မှာ ကောင်းကင်ဘုံနဂါးအရိုးပါ ရှိနေခဲ့ပြီ။
ဒီပြီးပြည့်စုံတဲ့ ကောင်းကင်ဘုံနဂါးအရိုးက ရှေးနဂါးအရိုးထက်တောင် ပိုမိုအဖိုးတန်ပါသေး၏။
ကောင်းကင်ဘုံနဂါးအရိုး၏ အကူအညီဖြင့် သူ့၏ရုပ်ပိုင်းဆိုင်ရာခန္ဓာကိုယ်နှင့် နဂါးမျိုးနွယ်ရောင်ဝါလည်း ထပ်မံတိုးတက်လာမည်ဖြစ်သည်။
စနစ်ဘက်က ဒီလောက်ရက်ရောမည် မထင်ခဲ့သောကြောင့် လောထျန်း တော်တော်လေး ကျေနပ်သွားတော့သည်။
ထိုဆေးလုံးတွေနဲ့ ကောင်းကင်ဘုံနဂါးအရိုးကို သိမ်းလိုက်ပြီး လောထျန်း ကောင်းကင်ကို မော့ကြည့်လိုက်တော့သည်။
အခု သူက မသေမျိုးဧကရာဇ်တစ်ပိုင်း ဖြစ်လာခဲ့လေပြီ..
ဒါကြောင့် ထာဝရတည်မြဲခြင်းသုံးပါးကို စိန်ခေါ်ဖို့ လုံလောက်သွားခဲ့ပြီ..
လောထျန်း၏မျက်လုံးထဲ အေးစက်မှုတစ်ချို့ ဖြတ်ပြေးသွားတော့၏။
သူ နောက်ဆုံးတော့ ထာဝရတည်မြဲခြင်းသုံးပါးကို ပြန်ပေးဆပ်ခိုင်းလို့ရတော့မည်။
လောထျန်း နတ်ဘုရားတောအုပ်ရှိရာဘက်ကို လှမ်းကြည့်လိုက်ကာ…
ချက်ချင်းပဲ ပျောက်ကွဲသွားခဲ့သည်။
သူသည် နတ်ဘုရားတောအုပ်ဆီကို လိုက်သွားခဲ့တာပင်..
သူ ထာဝရတည်မြဲခြင်းသုံးပါးကို သွားစိန်ခေါ်နိုင်တော့မည်..
သူ ထျန့်ကျီတောင်သခင်ကြီးကိုယ်စား လက်စားချေပေးပြီး ထာဝရတည်မြဲခြင်းသုံးပါးကို ပျောက်ကွယ်သွားအောင် လုပ်ပစ်မည်။
ထိုသို့တွေးမိသည်နှင့် လောထျန်း အရှိန်တင်လိုက်တော့သည်။
အလွန်မြန်လွန်းသောအရှိန်ကြောင့် ရွှေရောင်အလင်းတန်းအဖြစ်သာ ကောင်းကင်မှာ မြင်နေရလေ၏။
ထိုကဲ့သို့နှင့် ဇာတ်လမ်းအဆုံးသတ်လေသည်…
….
ဒီအပိုင်းကစပြီး မူရင်းဝတ္ထုမှာ လောထျန်းရဲ့ ရွှေလက်ချောင်းဖြစ်တဲ့ကောင်းကင်ဘုံသိုင်းကျမ်းနေရာမှာ ဘာအကြောင်းပြချက်မှ ရေရေရာရာမရှိဘဲ စနစ် (System)အဖြစ် ရုတ်တရက် ပြောင်းလဲသွားပါတယ်။ ဒါ့အပြင် ကျင့်ကြံခြင်းအဆင့်တွေနဲ့ ဇာတ်လမ်းတည်ဆောက်ပုံတွေကလည်း အရင်အပိုင်းတွေနဲ့ လုံးဝမတူတော့ဘဲ တစ်မျိုးကြီး ပြောင်းသွားတာကို တွေ့ရပါတယ်။
မူရင်းစာရေးဆရာရဲ့ အာဘော်အရဆိုရင် Chapter 1114 ဟာ အတွဲ (၁) ရဲ့ အဆုံးသတ်သဘောမျိုးဖြစ်ပြီး၊ အခန်းအဆုံးမှာ ဇာတ်လမ်းနောက်တစ်တွဲ ဆက်ပါဦးမည်(the story continue )လို့ ရေးသားပိတ်သိမ်းသွားပါတယ်။ ဒါကြောင့် ဆက်လာမယ့် အတွဲ (၂) မှာတော့ လောထျန်းရဲ့ ရွှေလက်ချောင်းကို ကောင်းကင်ဘုံသိုင်းကျမ်းအစား စနစ် (System) ကိုပဲ အဓိကထားပြီး ဆက်သွားမယ့်ပုံစံမျိုး မြင်တွေ့ရပါတယ်။
ဒါပေမဲ့ အစကတည်းက ကောင်းကင်ဘုံသိုင်းကျမ်းကိုပဲ သဘောကျနှစ်သက်ခဲ့ကြတဲ့ စာဖတ်သူတွေအတွက်တော့ ဒီလိုရုတ်တရက်ကြီး ပြောင်းလဲသွားတာက လက်ခံဖို့ အတော်လေး ခက်ခဲနိုင်ပါတယ်။ မူရင်းစာရေးဆရာဘက်ကလည်း ဘာကြောင့်ဒီလိုပြောင်းလိုက်တယ်ဆိုတဲ့ ရှင်းလင်းချက်မျိုး သေချာမပေးထားပဲ စနစ်ကို တန်းပြောင်းလိုက်တာကြောင့်၊ စာဖတ်သူတွေ ဖတ်ရတဲ့ အရသာမပျက်ရအောင် ဒီဘာသာပြန်မူကို ဒီနေရာအတွဲ ၁ အဆုံးသတ်မှာတင်ပဲ ရပ်နားလိုက်ပါတော့မယ်။ အခုလို နားလည်ပေးတဲ့အတွက် စာဖတ်သူတွေကို ကျေးဇူးအထူးတင်ပါတယ်။