ခြံဝင်းထဲ၌…
ကျန်းနင်က သူ၏ ခန္ဓာကိုယ်အား အတွင်းပိုင်း အာရုံခံ ကြည့်ရှုနေစဉ်...
ဝမ်းဗိုက်ထဲရှိ ဆန်စေ့အရွယ်အစားခန့် ရွှေရောင်ဖျော့ဖျော့ အရည်လေးစက်ကို မြင်တွေ့လိုက်ရသောကြောင့် အံ့အားသင့်သွားရ၏။
ထိုအရည်လေးစက်မှာ သူ၏ ခန္ဓာကိုယ်တွင်းရှိ ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံး တည်ရှိရာ နေရာအနီးတွင် ပေါ်ပေါက်လာခဲ့ခြင်းပင်။
ဆေးအလွှာများ အထပ်ထပ် ရစ်ပတ်ထားသော ထိုဆေးလုံးအား တစ်ချက် ဝေ့ဝဲကြည့်လိုက်သည်နှင့် ဆေးအလွှာ လေးလွှာခန့် ပျောက်ဆုံးသွားကြောင်း ကျန်းနင် သတိပြုမိလိုက်သည်။
ဆိုလိုသည်မှာ အစောပိုင်းက ပေါင်းဖိုဆေးစပ် လျှို့ဝှက်ကျင့်စဉ်အား အသုံးပြုလိုက်ချိန်တွင် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံး၏ အလွှာလေးလွှာကိုပါ တစ်ပါတည်း ပြောင်းလဲ သန့်စင်ပစ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။
ပုံမှန်အားဖြင့် ဆိုရလျှင် လူ့ခန္ဓာကိုယ် အနေဖြင့် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံး တစ်လွှာအား အပြည့်အဝ စုပ်ယူ ချေဖျက်နိုင်ရန် ငါးရက်မှ ခုနစ်ရက်ခန့်အထိ အချိန်ယူရလေ့ရှိ၏။
အဘယ်ကြောင့်ဆိုသော် ဤဆေးလုံးမှာ မူလအရိုးအကြောများကို သန်စွမ်းစေပြီး သိုင်းပါရမီကို မြှင့်တင်ပေးနိုင်စွမ်း ရှိသောကြောင့် ခန္ဓာကိုယ်၏ မွေးရာပါ မူလအရိုးအကြောများကို တဖြည်းဖြည်းချင်း ပုံစံပြောင်းလဲရန်နှင့် သိုင်းပညာ၏ အခြေခံ အနှစ်သာရများကို ခိုင်မာ တောင့်တင်းစေရန် လုံလောက်သော အချိန်တစ်ခု လိုအပ်၍ပင်။
ဝမ်းဗိုက်ထဲရှိ ရွှေရောင်ဖျော့ဖျော့ အရည်လေးစက်အား ကြည့်ရင်း...
"ဒါက ဆိုးရွားတဲ့ ဘေးထွက်ဆိုးကျိုးတွေများ ဖြစ်လာနိုင်မလား..." ကျန်းနင်က သူ့ဘာသာ တိတ်ဆိတ်စွာ တွေးတောနေမိသည်။
နောက်တစ်ခဏတွင်...
သူက စိတ်အာရုံကို စုစည်းလိုက်ပြီး ခွန်အားဖြည့် ဆေးလုံးများမှ ပြောင်းလဲ သန့်စင်ထားသော အခြား ဆေးရည်အစုအဝေး နှစ်ခုကို စတင် စုပ်ယူတော့သည်။
ချက်ချင်းဆိုသလိုပင်…
ဆေးရည်များမှာ အရည်ပျော်ကျသွားပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ အပြည့်အဝ ပေါင်းစပ် ဝင်ရောက်သွားခဲ့ပြီဖြစ်သည်။
အလွန်တရာ သန့်စင်သော ဆေးစွမ်းအာနိသင် တစ်ခုက လန်းဆန်းသည့် စမ်းရေတစ်ပေါက်ပမာ သူ၏ ခန္ဓာကိုယ်တွင်းသို့ တိုးဝင်လာကြောင်း ကျန်းနင် ချက်ချင်း ခံစားလိုက်ရ၏။
သူက အလျင်အမြန်ပင် စွမ်းအင်များကို လှည့်ပတ်လိုက်ပြီး သန့်စင်လှသော ဤဆေးစွမ်းအာနိသင်များကို လက်မောင်း ကြွက်သားများဆီသို့ လမ်းညွှန် ပို့ဆောင်ပေးရန် ချီသွေးကြော စွမ်းအင်များအား လှုံ့ဆော်လိုက်သည်။
အချိန်အနည်းငယ် ကြာပြီးနောက်...
ကျန်းနင် မျက်လုံးများ ပွင့်လာခဲ့ပြီး ခန္ဓာကိုယ်တွင်းမှ လှိုင်းလုံးများပမာ ရိုက်ခတ်လာသော ခွန်အားများကို ခံစားရင်း လက်သီးကို တင်းတင်းကျပ်ကျပ် ဆုပ်ထားလိုက်သည်။
"မဆိုးဘူးပဲ... ခွန်အား ဆယ်ပေါင်ကျော်လောက် တိုးလာတာပဲ..." သူက ကျေနပ်အားရစွာဖြင့် ခေါင်းညိတ်လေသည်။
ခွန်အား ဆယ်ပေါင်ကျော် ဆိုသည်မှာ သူ၏ လက်ရှိ ပေါင်နှစ်ထောင်ကျော်ရှိသော ခွန်အားများနှင့် နှိုင်းယှဉ်လျှင် သိပ်များပြားလှသည်ဟု မဆိုသာသော်ငြား...
အစက်အပေါက်လေးများ စုဆောင်းရာမှ သမုဒ္ဒရာတစ်ခု ဖြစ်လာသကဲ့သို့ သူ၏ ပေါင်နှစ်ထောင်ကျော် ခွန်အားများမှာလည်း ဤနည်းလမ်းအတိုင်း တစ်စက်ချင်းစီ တဖြည်းဖြည်း စုဆောင်း ရယူထားခဲ့ခြင်းသာ ဖြစ်သည်။
တစ်ကြိမ်လျှင် ဆယ်ပေါင်ကျော်ခန့် တိုးတက်လာမည် ဆိုပါက ဆယ်ကြိမ် ပြည့်သည့်အခါ ပေါင်တစ်ရာကျော်အထိ ရောက်ရှိသွားမည် မဟုတ်ပါလား။
စိတ်ထဲမှ လျင်မြန်စွာ တွက်ချက်ကြည့်ပြီးနောက် ကျန်းနင်၏ နှလုံးသားမှာ ပျော်ရွှင်မှုတို့ဖြင့် ပြည့်နှက်သွားတော့သည်။
အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲတွင် ခွန်အားဖြည့် ဆေးလုံးများ အများအပြား ကျန်ရှိနေသေး၍ပင်။
ပေါင်းဖိုဆေးစပ် လျှို့ဝှက်ကျင့်စဉ်၏ အာနိသင်များဖြင့်သာ ဆိုပါက ဤဆေးလုံးများကို လျင်မြန်စွာ စုပ်ယူနိုင်မည်ဖြစ်ပြီး သူ၏ ကိုယ်ပိုင် ခွန်အားများ အဖြစ်သို့ ပြောင်းလဲပစ်နိုင်ပေလိမ့်မည်။
ထို့နောက် ကျန်းနင်က မျက်လုံးများကို နောက်တစ်ကြိမ် မှိတ်ထားလိုက်ပြန်သည်။
အတွင်းပိုင်းသို့ အာရုံခံကြည့်လိုက်ချိန်တွင် သူ၏ ဝမ်းဗိုက်ထဲရှိ ဆန်စေ့အရွယ်ခန့် ရွှေရောင်ဖျော့ဖျော့ အရည်လေးစက်အား နောက်တစ်ဖန် မြင်တွေ့လိုက်ရ၏။
"ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံး လေးလွှာကနေ ထွက်လာတဲ့ ဆေးရည် အာနိသင်တွေကို ခဏနေရင် သိရတော့မှာပဲ..." ကျန်းနင်က စိတ်ထဲ တိတ်ဆိတ်စွာ တွေးလိုက်သည်။
သူက စိတ်အာရုံ စူးစိုက်လိုက်ပြီး ခဲဝင်နေကာ မပြန့်ကျဲသေးသည့် ထိုအရည်လေးစက်အား အရည်ပျော်သွားစေရန် ချီသွေးကြော စွမ်းအင်များကို စတင် လှုံ့ဆော်လိုက်တော့သည်။
မျက်တောင် တစ်ခတ်အတွင်းမှာပင်...
ဆေးရည်များမှာ အရည်ပျော်ကျသွားပြီး နွေဦးမိုးပေါက် သန်းပေါင်းများစွာက သူ၏ ခြေလက်များနှင့် ရိုးတွင်းခြင်ဆီများထဲသို့ စိမ့်ဝင် စုပ်ယူသွားကာ တိတ်ဆိတ်စွာ ပြုစုပျိုးထောင် ပေးနေသကဲ့သို့ ခံစားလိုက်ရလေသည်။
သူ၏ ခန္ဓာကိုယ် တစ်ခုလုံးမှ ပြောမပြတတ်အောင် ကြည်နူးဖွယ် ကောင်းသည့် တုံ့ပြန်မှုများ ထွက်ပေါ်လာကြောင်း ခံစားလိုက်ရ၏။
"အား... လန်းဆန်းသွားတာပဲ..."
ခန္ဓာကိုယ်၏ အံ့မခန်း တုံ့ပြန်မှုများအား ခံစားရင်း ကျန်းနင်တစ်ယောက် ကျေနပ်စွာ သက်ပြင်းချမိသည်။
ထို့နောက်တွင်တော့...
မည်သည့် လမ်းညွှန်မှုမှ ပြုလုပ်ပေးရန် မလိုအပ်တော့ဘဲ သူ၏ ခန္ဓာကိုယ်မှာ တဖြည်းဖြည်းချင်း အပြောင်းအလဲများ ဖြစ်ပေါ်နေကြောင်း ကျန်းနင် ရှင်းလင်းစွာ ခံစားနေမိသည်။
ဤအပြောင်းအလဲများကို သာမန်မျက်စိဖြင့် မမြင်တွေ့နိုင်သော်ငြား သူကိုယ်တိုင်ကမူ အထင်းသား သိမြင် ခံစားနေရသည်။
အချိန်များက တိတ်ဆိတ်စွာ ကုန်လွန်သွားခဲ့၏။
မိနစ်သုံးဆယ်ခန့် အချိန်ကြာမြင့်သွားခဲ့လေပြီ။
ကျန်းနင်က တရားမှတ်နေရာမှ မျက်လုံးများကို ဆတ်ခနဲ ဖွင့်ကြည့်လာသည်။
တဖြောက်ဖြောက် မြည်သံများနှင့်အတူ...
သူ မတ်တတ်ထရပ်လိုက်သည်နှင့် တစ်ကိုယ်လုံးရှိ အရိုးအဆစ်များထံမှ အသံများ ထွက်ပေါ်လာတော့၏။
လက်သီးများကို နောက်တစ်ကြိမ် တင်းတင်း ဆုပ်ကြည့်လိုက်ရာ ကျန်းနင်၏ မျက်နှာထက်တွင် ဝမ်းသာပျော်ရွှင်မှု အရိပ်အယောင်များ ယှက်သန်းသွားသည်။
အချိန်တိုလေး အတွင်းမှာပင် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံး လေးလွှာ၏ ဆေးစွမ်းအာနိသင်များကို အပြည့်အဝ စုပ်ယူ ချေဖျက်လိုက်နိုင်ခြင်းက သူ့အား ဤဆေးလုံး၏ အစွမ်းထက်မြက်မှုများကို ကိုယ်တိုင်ကိုယ်ကျ ခံစားသိရှိသွားစေခဲ့သည်။
စကားလုံးများဖြင့် ဖော်ပြရမည် ဆိုပါက သူ၏ ခွန်အား ထုတ်ဖော်နိုင်စွမ်းမှာ ယခင်ကထက် များစွာ ပိုမို ချောမွေ့လာသကဲ့သို့ ခံစားရပြီး ထိုသည်ကပင် အရွတ်အကြောများ ပိုမို သန်စွမ်းလာကြောင်းကို သက်သေပြနေခြင်းပင်။
အရိုးများမှာလည်း ပိုမို မာကျောလာကာ ချီသွေးကြောများမှာ ပိုမို အားကောင်း တက်ကြွလာသလို...
အတွင်းကလီစာများ၏ လုပ်ဆောင်နိုင်စွမ်းများပင် သိသိသာသာ မြင့်တက်လာခဲ့၏။
မွေးရာပါ မူလအရိုးအကြောများ အလွန်ကောင်းမွန်သူများအဖို့မူ အရေပြား ပြုပြင်ခြင်းဖြစ်စေ၊ ခွန်အား လေ့ကျင့်ခြင်းဖြစ်စေ၊ သို့မဟုတ် နောက်ဆက်တွဲ ခန္ဓာကိုယ်ပြုပြင် သန့်စင်ခြင်းများတွင်ဖြစ်စေ သာမန်လူများထက် ပိုမို လျင်မြန်စွာ တိုးတက်နိုင်စွမ်း ရှိကြသည်။
ထို့အပြင် ခန္ဓာကိုယ်မှ ဆေးစွမ်းအာနိသင်များကို စုပ်ယူနိုင်စွမ်းမှာလည်း ပိုမို အားကောင်းလာမည် ဖြစ်သည်။
ဤသည်ကပင် ထူးချွန်သော မူလအရိုးအကြောများနှင့် အံ့မခန်း သိုင်းပါရမီတို့ ပိုင်ဆိုင်ထားခြင်း၏ အထင်ရှားဆုံး သက်သေပင် မဟုတ်ပါလား။
တစ်ချိန်တည်းမှာပင် သူ၏ ခွန်အားများမှာ အစောပိုင်းကနှင့် နှိုင်းယှဉ်လျှင် အနည်းဆုံး ပေါင်တစ်ရာ နီးပါးခန့် တိုးတက် ကြီးထွားလာကြောင်း ခံစားလိုက်ရသည်။
"ဒါ ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော်ဆေးလုံးရဲ့ အာနိသင်များလား..." ကျန်းနင်က ကျေနပ် အားရနေသော အမူအရာဖြင့် ရေရွတ်လိုက်၏။
အချိန်တိုအတွင်း ဆေးလေးလွှာအား စုပ်ယူ ချေဖျက်လိုက်နိုင်ခြင်းက သူ့ကို ဆေး၏ အစွမ်းအာနိသင်များအား ပြည့်ဝစွာ ခံစားရစေခဲ့သည်။
[မူလစွမ်းအင်] - ၂၆.၇
သူက စနစ်မျက်နှာပြင်ပေါ်ရှိ မူလစွမ်းအင် ပွိုင့်များကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
[ကျွမ်းကျင်မှု] - ရေကူးခြင်း (ကန့်သတ်ချက် သုံးကြိမ် ချိုးဖျက်ခြင်း ၄၀၀၀/၄၀၀၀) (ထူးခြားချက်များ - ရေအောက် အသက်ရှူခြင်း၊ ရေထိန်းချုပ်ခြင်း နတ်ဘုရားစွမ်းရည်၊ ရေဝိညာဉ် ရင်းနှီးကျွမ်းဝင်မှု)
ထို့နောက် ရေကူးခြင်း ကျွမ်းကျင်မှု အပိုင်းကိုပါ သေချာစွာ လေ့လာကြည့်လိုက်၏။
"အရာအားလုံးသာ အဆင်ပြေချောမွေ့မယ် ဆိုရင် မနက်ဖြန် မနက်လောက်ဆို ငါ့ရဲ့ မူလစွမ်းအင် အမှတ်တွေက တစ်ရာကျော် သွားနိုင်တယ်... ဒါမှမဟုတ် တစ်ရာနီးပါးလောက်တော့ ရောက်သွားနိုင်တယ်..."
"တကယ်လို့ မူလစွမ်းအင် အမှတ်တွေသာ တစ်ရာ ကျော်သွားခဲ့ရင် ဒီရေကူး ကျွမ်းကျင်မှုကို စတုတ္ထအကြိမ်မြောက် ကန့်သတ်ချက် ချိုးဖျက်တာမျိုး လုပ်ပစ်လိုက်ရမယ်..." ကျန်းနင်က သူ့ဘာသာ တိတ်ဆိတ်စွာ ဆုံးဖြတ်ချက် ချလိုက်သည်။
ယနေ့ လျူချင်းစုန့်နှင့် ဖြစ်ပွားခဲ့သော တိုက်ပွဲက ရေကူး ကျွမ်းကျင်မှု၏ ကန့်သတ်ချက် ချိုးဖျက်ခြင်းမှ ယူဆောင်လာပေးသော အပြောင်းအလဲများကို သူ့အား အမှန်တကယ် လက်တွေ့ကျကျ ခံစား သိရှိသွားစေခဲ့သည် မဟုတ်ပါလား။
ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည်...
ထိုအရာက အလွန် အစွမ်းထက်ပြီး လျှို့ဝှက်ဆန်းကြယ်လှသော စွမ်းအားတစ်ခုပင်။
အကယ်၍ ဤနတ်ဘုရား ကျင့်စဉ်ကိုသာ ကျွမ်းကျင်ပိုင်နိုင်ထားခြင်း မရှိခဲ့ပါက သူ အားကုန်ထုတ်၍ တိုက်ခိုက်လျှင်ပင် လျူချင်းစုန့် ကဲ့သို့သော အတွေ့အကြုံရင့် သတ္တမအဆင့် သိုင်းပညာရှင် တစ်ယောက်ကို ယှဉ်နိုင်ဖို့ရာ လုံးဝ ဖြစ်နိုင်မည် မဟုတ်ပေ။
သို့သော် ရေထိန်းချုပ်ခြင်း နတ်ဘုရား စွမ်းရည်ကြောင့်သာ ရေထဲ၌ လျူချင်းစုန့် ကဲ့သို့သော အစွမ်းထက် ပြိုင်ဘက်များကို သတ်ဖြတ်ရန် အားထုတ်ကြိုးပမ်းမှု သိပ်လုပ်စရာ မလိုခဲ့ခြင်း ဖြစ်၏။
...
ချန်လန် သိုင်းခန်းမ…
ဒေါက်... ဒေါက်... ဒေါက်...
ကျန်းနင်က သိုင်းခန်းမ၏ ပင်မတံခါးကြီးအား ခေါက်လိုက်သည်။
"ဘယ်သူလဲ..."
တံခါးကြီး၏ အနောက်ဘက် သိုင်းခန်းမ ရှေ့ခြံဝင်းထဲမှ ဩရှရှ အသံကြီးတစ်သံ ထွက်ပေါ်လာ၏။
"ကျွန်တော်ပါ..." ကျန်းနင်က ပြန်ဖြေလိုက်သည်။
"အာနင်ပဲ..."
ချက်ချင်းဆိုသလို တံခါးနောက်မှ လျူဝမ်ဝမ်၏ အသံက ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ဂျီး...
တံခါးကြီးမှာ အနည်းငယ် တုန်ခါသွားပြီးနောက် တဖြည်းဖြည်း ပွင့်ဟလာတော့သည်။
"ဦးဦး..."
တံခါးဟသွားသည်နှင့် ပေါက်စီလုံးလေးက ကျန်းနင်အား မြင်တွေ့သွားပြီး ဝမ်းသာပျော်ရွှင်နေသည့် မျက်နှာလေးဖြင့် ပြေးထွက်လာခဲ့၏။
ထိုမြင်ကွင်းအား ကြည့်ရင်း ကျန်းနင်လည်း ခါးကိုင်းကာ ပေါက်စီလုံးလေးအား ကောက်ချီလိုက်ပြီး သူ၏ ပခုံးပေါ်သို့ တင်ထားလိုက်သည်။
"ညီလေး... အဆင်ပြေရဲ့လား..." ကျန်းလီက စိုးရိမ်တကြီး မေးမြန်းလာတော့သည်။
End
***