ကျန်းနင်က ပြုံး၍...
"အကုန်အဆင်ပြေပါတယ်... အခုတော့ လုံးဝ ဘေးကင်းသွားပါပြီ"
စကားပြောနေစဉ် ကျန်းနင်၏ အကြည့်က လူအနည်းငယ်အပေါ် ဝေ့ဝဲသွားပြီးနောက် သူတို့အနောက်တွင် ရပ်နေသော ဝမ်ကျင်းထံသို့ ကျရောက်သွား၏။
"ဆရာ"
ကျန်းနင်က လက်သီးဆုပ်၍ အရိုအသေ ပေးလိုက်သည်။
ဝမ်ကျင်းက ခေါင်းအနည်းငယ် ညိတ်ပြရင်း...
"မင်း ပြဿနာ နည်းနည်း ကြုံခဲ့ရတယ်လို့ ကြားတယ်... အကုန် ဖြေရှင်းပြီးပြီလား"
"ဖြေရှင်းပြီးပါပြီ"
ကျန်းနင်က ခေါင်းညိတ် ပြန်ဖြေလိုက်၏။
"ဒါဆိုလည်း ကောင်းတာပေါ့လေ..."
ဝမ်ကျင်းက ဆက်၍...
"ရောက်တုန်းရောက်ခိုက် ညစာပါ တစ်ခါတည်း စားသွားပါလား"
"ကျေးဇူးတင်ပါတယ် ဆရာ"
ကျန်းနင်က နောက်တစ်ကြိမ် လက်သီးဆုပ် အရိုအသေပေးလေသည်။
ထို့နောက် သူက ခါးတွင် ချည်နှောင်ထားသော ကြိုးကို ဖြုတ်လိုက်ပြီး ခါးပတ်တွင် ချိတ်ဆွဲထားသည့် နှစ်တာနယ်ကျော် အလေးချိန်ရှိသော နဂါးငါးဖြူ တစ်ကောင်အား လေထဲသို့ မြှောက်ကိုင်ပြလိုက်၏။
"ဆရာ... ဒါက နဂါးငါးဖြူ အသားပါ... အတူတူ သုံးဆောင်ဖို့ အကောင်းဆုံးပဲ"
"အိုး..."
ဝမ်ကျင်းက ကျန်းနင် လက်ထဲရှိ ငါးအသားကို လှမ်းကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် အံ့အားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသည်။
"နဂါးငါးဖြူ ဆိုတာ တကယ့် ရတနာတစ်ပါးပဲ... မင်း ဒါကို ဘယ်လိုလုပ် ရလာတာလဲ"
ကျန်းနင်က...
"ဒီနေ့ ကျွန်တော် ကံကောင်းသွားလို့ပါ... လော့ရွှေမြစ်ထဲမှာ တစ်ကောင် ဖမ်းမိခဲ့တာ"
"ကောင်းလိုက်တာ..."
ဝမ်ကျင်းက ခေါင်းညိတ်လိုက်ပြီး...
"ဒီလောက် ကောင်းမွန်တဲ့ ဟင်းလျာပါမှတော့ ခဏနေရင် သေချာပေါက် သောက်ကြရမှာပေါ့"
"ဆရာ့ သဘောအတိုင်းပါပဲ"
ကျန်းနင်က ပြုံး၍ တုံ့ပြန်လိုက်၏။
ထို့နောက် သူက ဝမ်ကျင်း ရှိရာဆီသို့ လျှောက်လှမ်းသွားတော့သည်။
ကျန်းနင်က ဝမ်ကျင်းနှင့် ဆယ်ပေခန့် အကွာသို့ ရောက်ရှိလာချိန်တွင်တော့ ဝမ်ကျင်းတစ်ယောက် ကျန်းနင်အား အံ့အားသင့်မှုများ ပြည့်နှက်နေသော အကြည့်တို့ဖြင့် စိုက်ကြည့်လာ၏။
အဘယ်ကြောင့်ဆိုသော် ယခုအခိုက်အတန့်တွင် ကျန်းနင်ထံမှ ထွက်ပေါ်နေသော ခိုင်မာ တောင့်တင်းသည့် အငွေ့အသက် တစ်ခုကို သူ ရှင်းလင်းစွာ ခံစားလိုက်ရ၍ပင်။
"ဒီကောင်လေး... မကြာခင်ကမှ သိသိသာသာကို တိုးတက်လာခဲ့တာပဲ..."
ဝမ်ကျင်းက စိတ်ထဲမှ ရေရွတ်မိသည်။
လတ်တလောတွင် ကျန်းနင်၏ တိကျသော ခွန်အား ပမာဏကို မခန့်မှန်းနိုင်သေးသော်ငြား... ကျန်းနင်၏ ခွန်အားများ သိသိသာသာ ပြောင်းလဲသွားကြောင်းကိုမူ သူ၏ ခံစားချက်အရ ကောင်းစွာ သိရှိနေလေပြီ။
ပိုမို အားကောင်းသော တည်ရှိမှု တစ်ခုက မွေးရာပါ ဖိအား တစ်ခုကို သယ်ဆောင်လာတတ်သည် မဟုတ်ပါလား။ ဤသည်မှာ ခန္ဓာကိုယ်၏ သဘာဝအလိုအလျောက် တုံ့ပြန်မှု တစ်ခုသာ ဖြစ်သည်။
သာမန်လူများ အနေဖြင့် သဘာဝတောတွင်းရှိ သားရဲဘုရင်ကြီးများအား ရင်ဆိုင်ရချိန်တွင် လွှမ်းမိုးဖိနှိပ်နေသော ဖိအားများကို ခံစားရသကဲ့သို့ပင် ထိုမွေးရာပါ ခံစားချက်ကိုမူ ငြင်းဆန်၍ မရနိုင်ချေ။
ကျန်းနင် ပေးစွမ်းလာသော ဖိအားမှာ ထိုမျှလောက်ထိ မပြင်းထန်လှသော်ငြား ယခင်က သူပြသခဲ့ဖူးသော တည်ငြိမ် အေးဆေးမှုများနှင့်တော့ လုံးဝ ကွာခြားနေခဲ့ပြီဖြစ်၏။
"ကောင်လေး... မကြာသေးခင်က မင်းရဲ့ ခွန်အားတွေ အတော်လေး တိုးတက်လာခဲ့တာလား"
ဝမ်ကျင်းက မေးလိုက်သည်။
ကျန်းနင်က ခေါင်းညိတ်လိုက်ပြီး...
"အနည်းငယ်တော့ တိုးတက်လာခဲ့ပါတယ်"
"နောက်သုံးရက်နေရင် စစ်ဆေးရေးရုံးက လုပ်မယ့် အရည်အချင်းစစ် စာမေးပွဲအတွက်ကော မင်း ယုံကြည်မှု ရှိရဲ့လား"
ဝမ်ကျင်းက ဆက်မေးလာ၏။
"သုံးရက်ပဲ လိုတော့တာလား"
ကျန်းနင်က ပြန်လည် မေးခွန်းထုတ်လိုက်သည်။
"ဟုတ်တယ်... သုံးရက်ပဲ လိုတော့တယ်"
ဝမ်ကျင်းက ခေါင်းညိတ်၍...
"ငါ တိကျတဲ့ သတင်း ရထားပြီးပြီ"
"ကောင်းပါပြီ..."
ကျန်းနင် ခေါင်းညိတ်လိုက်ပြီး...
"နောက်သုံးရက်နေရင် ဆရာ ကိုယ်တိုင် မြင်တွေ့ရမှာပါ... ဆရာ့ကို သေချာပေါက် စိတ်ပျက်စေမှာ မဟုတ်ပါဘူး"
ထိုစကားကြားလျှင် ဝမ်ကျင်းတစ်ယောက် မပြုံးဘဲ မနေနိုင်တော့ပေ။
"မင်းကိုယ်မင်း လျှို့ဝှက်ဆန်းကြယ် လုပ်နေလိုက်တာ... ကောင်းပြီလေ... နောက်သုံးရက်နေရင် မင်းရဲ့ အစစ်အမှန် စွမ်းရည်တွေကို ငါ ကြည့်ရသေးတာပေါ့"
...
ထမင်းစားပွဲပေါ်တွင်…
နှစ်တာနယ် အလေးချိန်ရှိသော နဂါးငါးဖြူအား အလွှာပါးပါးလေးများ လှီးဖြတ်၍ ပန်းကန်ပြား တစ်ချပ်ပေါ်တွင် အစီအရီ ပြင်ဆင်ထား၏။
နဂါးငါးဖြူ၏ အသားမှာ ထပ်မံချက်ပြုတ် ပြင်ဆင်နေရန် မလိုအပ်ပေ။ အလွှာလိုက် လှီးဖြတ်လိုက်ရုံဖြင့် အလွန်တရာ အရသာရှိလှပြီ ဖြစ်သည်။
ထို့အပြင် ဤသည်ကပင် လူ့ခန္ဓာကိုယ်အတွက် ကြီးမားသော အကျိုးကျေးဇူးများ ဆောင်ကြဉ်းပေးနိုင်သည့် ဝိညာဉ်ငါး၏ အနှစ်သာရများကို ထိန်းသိမ်းရန် အကောင်းဆုံး နည်းလမ်းပင် မဟုတ်ပါလား။
ဤကဲ့သို့သော ဝိညာဉ်ငါး၏ အသားမှာ အလွန် နူးညံ့ပြီး သာမန်လူများပင်လျှင် ငါးအသား၏ အနှစ်သာရများကို ကောင်းစွာ စုပ်ယူနိုင်စွမ်း ရှိကြသည်။
၎င်းက သာမန်လူများ၏ ကိုယ်ခံစွမ်းအားကို တိုးတက်စေပြီး ခန္ဓာကိုယ်အား သန်စွမ်းလာစေသည့် အာနိသင်များလည်း ပါဝင်လေသည်။
ထို့ကြောင့်သာ နဂါးငါးဖြူအား အဖိုးမဖြတ်နိုင်သော၊ ရှာဖွေရ အလွန် ခက်ခဲသော ဝိညာဉ်ငါးအဖြစ် လူသိများ ထင်ရှားနေခဲ့ခြင်းဖြစ်၏။
ကျန်းနင်က နဂါးငါးဖြူ အသားတစ်လွှာကို ဦးစွာ ကောက်ယူ၍ ဝမ်ကျင်း၏ ပန်းကန်လုံးထဲသို့ ထည့်ပေးလိုက်သည်။
"ဆရာ အရင် သုံးဆောင်ပါ"
"မင်းက တော်တော်လေး သိတတ်တာပဲ"
ဝမ်ကျင်းက ရယ်မောလိုက်၏။
"ဦးဦး.. ပေါက်စီလုံးလေးလည်း စားချင်တယ်"
ကျန်းနင် ဘေးတွင် ထိုင်နေသော ကျန်းယွမ်ယွမ်လေးက သူ၏ အင်္ကျီလက်ကို ဆွဲကာ တိုးတိုးလေး ပြောလာသည်။
ထိုစကားကြားလျှင် ကျန်းနင်လည်း သဘောကျစွာ ရယ်မောလိုက်ပြီး သူမ၏ ဆံပင်လေးများကို ပွတ်သပ်ပေးလိုက်၏။
"ခဏလေး စောင့်ဦးနော်"
ထို့နောက် သူက ကျန်းလီနှင့် လျူဝမ်ဝမ်တို့အား...
"အစ်ကိုကြီးနဲ့ မရီး... ဒီနဂါးငါးဖြူရဲ့ အာနိသင်တွေက သာမန်လူတွေ စားသုံးဖို့ သင့်တော်ရဲ့လား ဆိုတာကို ကျွန်တော် အရင် စစ်ဆေးကြည့်ပါရစေဦး"
"မင်းကတော့ အရာရာ သတိကြီးလွန်းနေပြီ ကောင်လေးရာ..."
ဝမ်ကျင်းက ရယ်မောရင်း ပြောလာသည်။
ထို့နောက် သူက ပန်းကန်ထဲမှ နဂါးငါးဖြူ အသားလွှာကို ပေါ့ပေါ့ပါးပါး ကောက်ယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
နှစ်ကြိမ်ခန့် ဝါးပြီးသည်နှင့် မျိုချလိုက်တော့သည်။
သူက မျက်လုံးများကိုမှိတ်၍ ခေါင်းခါယမ်းကာ ကျေနပ်အားရစွာဖြင့်...
"လတ်ဆတ်တယ်... နူးညံ့တယ်... ချောမွေ့တယ်... တကယ်ကို ထိပ်တန်းအဆင့်အတန်း တစ်ခုကို ခံစားလိုက်ရတာပဲ"
နောက်တစ်ခဏတွင်တော့ သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး ပန်းကန်ပြားပေါ်ရှိ နဂါးငါးဖြူ အသားများကို အံ့အားသင့်စွာ လှမ်းကြည့်လိုက်လေသည်။
ထိုအချိန်၌ ကျန်းနင်လည်း ငါးအသား တစ်ဖတ်ကို ကောက်ယူ၍ ပါးစပ်ထဲ ထည့်လိုက်၏။
ပါးစပ်ထဲ ရောက်သည်နှင့် ဂျယ်လီ တစ်ခုကဲ့သို့ အလွန်တရာ လတ်ဆတ်ပြီး ချောမွေ့သော အရသာကို သူ ချက်ချင်း ခံစားလိုက်ရသည်။
ညင်သာစွာ ကိုက်ဝါးလိုက်သည်နှင့် အသားမှာ ပြောမပြတတ်အောင် နူးညံ့နေတော့၏။
"ဒါ တကယ်ကို အရသာရှိတာပဲ... ဆရာ ဒီလောက်တောင် သဘောကျနေတာ အံ့ဩစရာ မရှိတော့ပါဘူးလေ..."
ကျန်းနင်က စိတ်ထဲ တိတ်ဆိတ်စွာ ရေရွတ်မိသည်။
ငါးအသားများ ဝမ်းဗိုက်ထဲ ရောက်သွားသည်နှင့် မီးတောင် တစ်ခုပေါ် နှင်းပွင့်များ ကျဆင်းသွားကာ လျင်မြန်စွာ အရည်ပျော်ကျသွားသကဲ့သို့ သူ ချက်ချင်း ခံစားလိုက်ရလေသည်။
ထို့နောက် အရည်ပျော်သွားသော ငါးအသားများထံမှ နွေးထွေးသော စွမ်းအင်စီးကြောင်းများ ထွက်ပေါ်လာ၏။
သူက ထိုအခိုက်အတန့်လေးအား ခံစားရန် မျက်လုံးများကို မှိတ်ထားလိုက်ပြီးနောက်မှ ဖြည်းဖြည်းချင်း ပြန်ဖွင့်ကြည့်လာသည်။
"အစ်ကိုကြီးနဲ့ မရီး... ပုံမှန်အတိုင်း စားလို့ရပါတယ်... ဒါပေမဲ့ စားတဲ့ ပမာဏကိုတော့ ဂရုစိုက်ဖို့ လိုလိမ့်မယ်"
ဝမ်ကျင်းတစ်ယောက် ကျန်းနင်၏ စကားကို ကြားလျှင် သဘောတူစွာ ခေါင်းညိတ်လိုက်သည်။
"မင်းပြောတာ မှန်တယ်... ငါတို့ စားမယ့် ပမာဏကို ဂရုစိုက်ဖို့ တကယ် လိုအပ်တယ်"
ထို့နောက် သူက ကျန်းနင်အား လှမ်းကြည့်၍...
"ဒီလို နဂါးငါးဖြူမျိုးကို မင်း ဘယ်နားက ဖမ်းမိခဲ့တာလဲ... ငါ အရင်ကလည်း နဂါးငါးဖြူ အသား စားဖူးပါတယ်... တုန်းလင်ခရိုင်က ပင်းကျန်း စားသောက်ဆိုင်မှာလေ... ဒါပေမဲ့ မင်းဆီက တစ်ကောင်ကတော့ သိသိသာသာကို ကွာခြားနေတယ်... ဒီနဂါးငါးဖြူထဲမှာ ပါဝင်တဲ့ အနှစ်သာရတွေက ငါ အရင်က စားဖူးခဲ့တာတွေထက် အများကြီး ပိုများနေတာပဲ"
"ကျွန်တော်တို့ အိမ်နဲ့ သိပ်မဝေးတဲ့ နေရာကနေ ဖမ်းမိခဲ့တာပါ... အဲဒီအချိန်က ကံကောင်းသွားလို့ပါ"
စကားပြောနေစဉ် ကျန်းနင်က စိတ်ထဲ၌လည်း တီးတိုး ရေရွတ်နေမိသည်။
တကယ်ကို ကံကောင်းခဲ့တာပဲ။
အကယ်၍ သူသာ တစ်ရက်လောက် နောက်ကျသွားခဲ့မည် ဆိုပါက ထိုနဂါးငါးဖြူမှာ ရှီရှောင်ယွမ်၏ လက်ထဲသို့ ရောက်သွားမည်မှာ အသေအချာပင်။
သံရိုင်း ဂိုဒေါင်ကြီး တစ်ခုလုံးနှင့် လော့ရွှေမြစ်ထဲရှိ ကောင်းကင်နှင့် မြေကြီး၏ အဖိုးတန် ရတနာ ရေအိုင်ငယ် အကြောင်းကိုတော့ ပြောစရာပင် မလိုတော့ချေ။
သူ၏ အတွေးများ လွင့်မျောနေစဉ်...
ကျန်းနင်က ပေါက်စီလုံးလေး၏ ပန်းကန်ထဲသို့လည်း ငါးအသားတစ်ဖတ် ထည့်ပေးလိုက်၏။
"ပေါက်စီလုံးလေး... ဖြည်းဖြည်းချင်း စားနော်"
"အင်း... အင်း..."
ကျန်းယွမ်ယွမ်လေးက ကြက်ကလေးများ စပါးစေ့ ကောက်စားနေသကဲ့သို့ စိတ်အားထက်သန်စွာ ခေါင်းညိတ်ပြလာသည်။
ခွေးခြေခုံပေါ်မှ တွဲလောင်းကျနေသော သူမ၏ ခြေထောက်လေးများမှာလည်း ပျော်ရွှင်စွာ ယိမ်းခါနေတော့၏။
နှင်းပွင့်များကဲ့သို့ ဖြူဖွေးနေသော ငါးအသားမှာ သူမအရွယ် ကလေးငယ် တစ်ယောက်အတွက် အလွန်တရာ ဆွဲဆောင်မှု ရှိနေခဲ့သည် မဟုတ်ပါလား။
နောက်တစ်ခဏတွင်...
သူမက ပန်းကန်ထဲမှ ငါးအသားအား လက်နှစ်ဖက်ဖြင့်ကိုင်၍ ဂရုတစိုက် ကိုက်ဝါး စားသောက်တော့သည်။
အသက်ရှူကြိမ် အနည်းငယ် ကြာပြီးနောက်...
သူမက တိုးညှင်းသော အသံလေးဖြင့်...
"အရမ်း... အရမ်း စားလို့ ကောင်းတာပဲ..."
ထိုအချိန်တွင် ပေါက်စီလုံးလေးမှာ မူးယစ်နေသူ တစ်ယောက်ကဲ့သို့ ပါးပြင်လေးများ ရဲတက်လာပြီး အကြည့်များကလည်း ဝေဝါးနေပြီဖြစ်သည်။
ထိုမြင်ကွင်းအား မြင်လိုက်ရသဖြင့် အရက်ခွက်ကို မြှောက်လိုက်သည့် ကျန်းနင်လည်း အလျင်အမြန် ပြန်ချထားလိုက်ရသည်။
ထို့နောက် သူက လက်ကို ဆန့်ထုတ်၍ ညာဘက် လက်ညှိုးနှင့် လက်ခလယ်အား ပေါက်စီလုံးလေး၏ လည်ပင်းပေါ်သို့ တင်ကာ စမ်းသပ်ကြည့်သည်။
ခဏတာ စစ်ဆေးကြည့်ပြီးနောက်မှ သူ စိတ်သက်သာရာရစွာ သက်ပြင်းချမိတော့သည်။
"အာနင်... ပေါက်စီလုံးလေး အဆင်ပြေရဲ့လား..."
လျူဝမ်ဝမ်က ကျန်းနင်အား ကြည့်၍ စိုးရိမ်တကြီး မေးမြန်းလာသည်။
"သူ ဘာမှမဖြစ်ပါဘူး... ငါးအသားက အရမ်း အာဟာရ ပြည့်ဝလွန်းနေလို့ သူ အခုလို တုံ့ပြန်မှု ဖြစ်သွားတာပါ... သူ့အရွယ်နဲ့ဆို အများကြီး စားဖို့ မသင့်တော်သေးဘူးလေ"
စကားဆုံးသည်နှင့် ကျန်းနင်က ပေါက်စီလုံးလေး၏ ပန်းကန်ထဲမှ ကျန်နေသော ငါးအသားကို ယူ၍ ပါးစပ်ထဲ ပစ်ထည့်လိုက်၏။
"ဦးလေး... သား ဆက်စားလို့ ရသေးလား"
ထိုသည်ကို ကြည့်ရင်း ကျန်းယီမင်က မေးလာသည်။
"မင်းခန္ဓာကိုယ်က ပေါက်စီလုံးလေးလို တုံ့ပြန်မှုမျိုး ဖြစ်လာရင်တော့ ဆက်စားလို့ မရတော့ဘူးနော်"
"နားလည်ပါပြီ"
ကျန်းယီမင်က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီး...
"ကျေးဇူးတင်ပါတယ် ဦးလေး"
ထိုအချိန်တွင် ဤကဲ့သို့သော ငါးအသားမျိုးမှာ အလွန်တရာ အဖိုးတန်သည့် အရာတစ်ခုဖြစ်ကြောင်း သူ ကောင်းကောင်း သိထားလေပြီ။
၎င်းက သူ၏ အနာဂတ် သိုင်းပညာ လေ့ကျင့်မှုများအတွက် ကြီးမားသော အကူအညီ ဖြစ်လာပေလိမ့်မည်။
ထို့ကြောင့် သူက ဤအခွင့်အရေးကို အလွန် တန်ဖိုးထားစွာဖြင့် ငါးအသားအား တစ်တိချင်းစီ ကိုက်ဝါး၍ မျိုချနေတော့သည်။
အခြားတစ်ဖက်တွင်တော့ ကျန်းလီ၊ ကျန်းနင်နှင့် ဝမ်ကျင်းတို့ သုံးယောက်မှာ အရက်ခွက်များ တိုက်၍ ဝမ်ကျင်း ထုတ်ပေးထားသော အရက်ကောင်းများကို သောက်သုံးနေကြ၏။
တစ်ချိန်တည်းမှာပင် သူတို့က ခမ်းနားကြီးကျယ်သော ညစာကိုလည်း သုံးဆောင်နေကြသည်။
အထူးသဖြင့် နဂါးငါးဖြူ အသားနှင့် ပတ်သက်၍ ထိုကဲ့သို့သော ဝိညာဉ်ငါးမှာ အဖိုးမဖြတ်နိုင်ဘဲ ရှာဖွေရ အလွန် ခက်ခဲကြောင်းကို ကျန်းလီတစ်ယောက် ကြားသာ ကြားဖူးခဲ့ခြင်းပင်။
သာမန်လူများ အတွက်ဆိုလျှင် ၎င်းက သက်တမ်းကို ရှည်စေပြီး ခန္ဓာကိုယ်အား သန်စွမ်းစေကာ ရောဂါဝေဒနာ အသွယ်သွယ်ကို အလိုအလျောက် ပျောက်ကင်းစေနိုင်စွမ်း ရှိသည်။
သိုင်းပညာ လေ့ကျင့်သူများ အဖို့မူ ချီသွေးကြော၊ ကြွက်သားများနှင့် အရိုးအကြောများကို သန်စွမ်းစေပြီး သိုင်းပညာ လမ်းစဉ်အတွက် များစွာ အထောက်အကူ ပြုနိုင်လေသည်။
ကျန်းလီက ငါးအသား တစ်ဖတ်ကို မျိုချလိုက်ပြီး သူ၏ ခန္ဓာကိုယ်ထံမှ တုံ့ပြန်မှုများကို ခံစားကြည့်ရင်း ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုတို့ဖြင့် ပြည့်နှက်သွားတော့၏။
ဤညစာစားပွဲမှာ လူတိုင်းအတွက် အလွန်တရာ ကျေနပ် အားရစရာ ကောင်းလှပေသည်။
ကျန်းနင်တို့အဖွဲ့ ထွက်ခွာသွားပြီးနောက်...
ဝမ်ကျင်းလည်း သူ၏ ခြံဝင်းထဲသို့ အလျင်အမြန် ပြန်လာခဲ့လေသည်။ ယခုအခါ နှစ်ပေါင်းများစွာကြာ သတ္တမအဆင့် အထွတ်အထိပ်တွင်သာ ရပ်တန့်နေခဲ့သော သူ၏ ခွန်အားများ၌ သိမ်မွေ့သော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာကြောင်း သူ ခံစားနေရပြီ ဖြစ်၏။
ထိုသည်မှာ သူ၏ ခန္ဓာကိုယ် အခြေခံ အုတ်မြစ်များသာမက အမြင့်ဆုံး ကန့်သတ်ချက်များ၌ပါ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာခြင်းပင်။
သာလွန် ကောင်းမွန်သော ခန္ဓာကိုယ် အခြေခံ အုတ်မြစ်ဆိုသည်မှာ ပိုမို မြင့်မားသော ကန့်သတ်ချက် တစ်ခုကို ဆိုလိုခြင်း ဖြစ်သည် မဟုတ်ပါလား။
တူညီသော အဆင့်တစ်ခုတွင် ဆိုပါက ပိုမို အံ့မခန်းဖွယ် ခွန်အား၊ ပိုမို ထူးချွန်သော လျင်မြန်မှုနှင့် တုံ့ပြန်နိုင်စွမ်းများကို ပိုင်ဆိုင်လာမည် ဖြစ်သည်။
မွေးရာပါ နတ်ဘုရား စွမ်းအား ရှိသည်ဟု ဆိုကြသူများမှာ တစ်နည်းအားဖြင့် ဤကဲ့သို့သော မွေးရာပါ ပါရမီမျိုးကို ပိုင်ဆိုင်ထားကြခြင်းပင်။
ဤအခိုက်အတန့်တွင် ဝမ်ကျင်းတစ်ယောက် ခန္ဓာကိုယ်တွင်းမှ အပြောင်းအလဲများကို ခံစားရင်း အလွန်တရာ စိတ်လှုပ်ရှား တက်ကြွနေလေသည်။
ထိုနဂါးငါးဖြူက သူ အရင်က စားဖူးခဲ့သည်များနှင့် လုံးဝကို ကွာခြားနေခဲ့သည်ပဲ။
သူ၏ ခန္ဓာကိုယ်တွင်းရှိ အပြောင်းအလဲများမှာ အစောပိုင်းက စားသုံးခဲ့သော နဂါးငါးဖြူ အသားကြောင့် ဖြစ်ပေါ်လာရခြင်းဖြစ်ကြောင်း ဝမ်ကျင်း ကောင်းကောင်း သဘောပေါက်သွားခဲ့တော့သည်။
End
***