ရေကန် အောက်ခြေရှိ သင်္ဘောခန်း အတွင်း၌…
"ဒါက မင်းပြောတဲ့ သံရိုင်းတွေလား..."
ယန်ခိုင်က သူ့ရှေ့ရှိ တောင်တန်းပမာ ပုံကျနေသော သံရိုင်းများကို ကြည့်ရင်း ပါးစပ်အဟောင်းသား ဖြစ်သွားရာ ရေကန်ထဲမှ ရေများက သူ့ပါးစပ်ထဲသို့ ချက်ချင်း ဝင်ရောက်သွားတော့၏။
"ဟုတ်တယ်... ဒါတွေ အကုန်လုံးပဲ" ကျန်းနင်က ခေါင်းညိတ်ပြသည်။
"ဆိုင်ရှင်ယန် စောစောက ပြောခဲ့တဲ့ စကားက အတည်ပဲ မဟုတ်လား..."
"ဒီကိစ္စက..." ယန်ခိုင်က တစ်ခဏမျှ တုံ့ဆိုင်းသွားလေပြီ။
တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ့ရှေ့ရှိ သံရိုင်းများကို ပေါက်ဈေးဖြင့် တွက်ချက်ကြည့်ပါက အနည်းဆုံး ငွေသား တာနယ် တစ်သောင်းခန့် တန်ကြေးရှိကြောင်း သူ သိလိုက်၏။
ငွေသား တာနယ် တစ်သောင်း ဆိုသည်မှာ လက်နက်သွန်းလုပ်ရေးဆိုင်၏ နှစ်ပေါင်းများစွာ လည်ပတ်လာခဲ့သော သက်တမ်း တစ်လျှောက်တွင်ပင် အချိန်တိုအတွင်း အလွယ်တကူ ထုတ်ပေးနိုင်ရန် ခက်ခဲလှပေသည်။
ထို့ကြောင့် ရုတ်တရက် ငွေသား တာနယ် တစ်သောင်း အတိအကျကို ထုတ်ယူရမည် ဆိုပါက ဆိုင်၏ လည်ပတ်ငွေကိုပင် ထိခိုက်သွားစေနိုင်စွမ်း ရှိသည်။
"ဘာဖြစ်လို့လဲ... ဆိုင်ရှင်ယန်က ကတိဖျက်မလို့လား..." ကျန်းနင်က လှမ်းမေးလိုက်၏။
ယန်ခိုင်က တည်ငြိမ်နေပြီး မည်သည့် ခံစားချက်မျှ မပေါ်လွင်သော ကျန်းနင်၏ မျက်နှာကို ထပ်မံ အကဲခတ်လိုက်သော်လည်း သူ ဘာတွေးနေမှန်း လုံးဝ ခန့်မှန်း၍ မရနိုင်ချေ။
တစ်ခဏမျှ စဉ်းစားခန်း ဝင်ပြီးနောက် အကြီးအကဲ၏ ကျန်းနင်အပေါ် ထားရှိခဲ့သော အပြုအမူများနှင့် ကျန်းနင်၏ ယခင် လုပ်ဆောင်ချက်များကို ပြန်လည် တွေးတောမိသည်နှင့် ယန်ခိုင် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။
"လက်နက်သွန်းလုပ်ရေး ဆိုင်ရဲ့ ဆိုင်ရှင်တစ်ယောက် အနေနဲ့ ကျုပ်က ဆိုင်ရဲ့ မျက်နှာစာပဲ... ကျုပ် နှုတ်က ထွက်ပြီးသား စကားကို သေချာပေါက် ကတိမဖျက်ပါဘူး..."
ကျန်းနင်က…
"ဈေးနှုန်း ထပ်ညှိဖို့ လိုသေးလား... ဘာပဲဖြစ်ဖြစ် ဒီသံရိုင်းတွေက ရေအောက် ရေနစ်နေတဲ့ သင်္ဘောထဲက ဆိုတော့ သယ်ယူဖို့ လူအင်အားနဲ့ အရင်းအမြစ်တွေ လိုအပ်ဦးမှာ မဟုတ်လား..."
"မလိုပါဘူး..." ယန်ခိုင်က ခေါင်းခါယမ်းလိုက်၏။
"လူအင်အားနဲ့ အရင်းအမြစ် ဆိုတာ ဘယ်လောက်များ ကုန်သွားမှာမလို့လဲ... ဒီလို ပိုက်ဆံ အနည်းအကျဉ်းလေး အတွက်နဲ့တော့ ညီလေးကျန်းနဲ့ အငြင်းပွားမနေတော့ပါဘူး..."
ကျန်းနင်က ခေါင်းညိတ်၍…
"ဒီလိုဆိုလည်း ကောင်းတာပေါ့..."
"ဒါဆိုရင် ဒီသံရိုင်းတွေကို ဆိုင်ရှင်ယန်ဆီပဲ အပ်လိုက်တော့မယ်... ဆိုင်ရှင်ယန် စာရင်း တွက်ချက်ပြီးသွားတာနဲ့ ငွေတွေကို ကျုပ်အိမ်လာပို့ပေးပါ..."
ယန်ခိုင်က ကျန်းနင်ကို ကြည့်ကာ...
"ညီလေးကျန်း အခုပဲ ပြန်တော့မလို့လား..."
"ဟုတ်တယ်..." ကျန်းနင်က ခေါင်းညိတ်ပြသည်။
"နောက်သုံးရက်နေရင် ကျုပ် စစ်ဆေးရေးရုံးမှာ အလုပ်ဝင်ရတော့မှာ ဆိုတော့ ပြင်ဆင်ဖို့ အချိန်နည်းနည်း လိုသေးတယ်..."
"သဘောပေါက်ပြီ..." ယန်ခိုင်က ချက်ချင်း နားလည်သွားပြီးနောက် ထပ်မေးလိုက်၏။
"ဒါပေမဲ့ မင်းမရှိတဲ့အချိန် ကျုပ်က သံရိုင်းတွေကို လျှော့တွက်လိုက်မယ်လို့ မစိုးရိမ်ဘူးလား..."
"ဆိုင်ရှင်ယန်ကို ကျုပ် ယုံကြည်ပါတယ်..."
...
ကမ်းပေါ်သို့ ပြန်ရောက်ပြီးနောက် ကျန်းနင်တစ်ယောက် ဝမ်ဟွာအဆောက်အအုံဆီသို့ တန်းတန်းမတ်မတ် ထွက်လာခဲ့တော့သည်။
လင်းချင်းရီ ယခင်က သူ့ကို မှာကြားခဲ့သော စကားကို သူ မှတ်မိနေသေး၏။ အရေပြား ပုံသွင်းခြင်း ကြီးကျယ်သော အောင်မြင်မှု အဆင့်သို့ ရောက်ရှိပါက သူမထံ လာရောက်ရန်ဖြစ်သည်။
သူမထံတွင် ရှန်ချုံးယွမ် ချန်ထားခဲ့သော ပစ္စည်းအချို့ ရှိနေသေးသည် မဟုတ်ပါလား။
ကျန်းနင်ကို နှုတ်ဆက်ပြီးနောက် ယန်ခိုင်လည်း မြို့ပြင်ရှိ လက်နက်သွန်းလုပ်ရေး ဆိုင်ဆီသို့ ဦးတည်သွားခဲ့သည်။
ငွေသား တာနယ် တစ်သောင်းတန်ဖိုးရှိ သံရိုင်းများကို ရေထဲမှ ဆယ်ယူပြီး စာရင်း တွက်ချက်ရန် အရေးပေါ် စီစဉ်ရမည် ဖြစ်ကာ ကျန်းနင်နှင့် အမြန်ဆုံး စာရင်းရှင်းရန် လိုအပ်ပေသည်။
ဤသံရိုင်း ပမာဏမှာ လက်နက်သွန်းလုပ်ရေး ဆိုင်အတွက် အနည်းငယ် များပြားလွန်းနေသော်လည်း ကိုင်တွယ် ဖြေရှင်းနိုင်စွမ်း ရှိသေး၏။
သံကြမ်းများအဖြစ် သွန်းလုပ်ပြီး အခြားခရိုင်များသို့ ပြန်လည် ရောင်းချလိုက်ပါက အကျိုးအမြတ် ရရှိနိုင်ပေမည်။
ဝမ်ဟွာ အဆောက်အအုံ…
အမိုးထပ်ရှိ လဟာပြင် ခေါင်မိုးဆောင်ပေါ်တွင်…
"သခင်လေးကျန်း... ဒီမှာ ခဏလောက် စောင့်ပေးပါဦး... သခင်မလေးက အခု တစ်ရေးအိပ်နေလို့ ဒီအချိန် သွားမနှောင့်ယှက်ရဲလို့ပါ..." ရှောင်လွီက ကျန်းနင်ကို တောင်းပန်စကား ဆိုလိုက်သည်။
"ရပါတယ်... ကျုပ် စောင့်နေလို့ ရပါတယ်..." ကျန်းနင်က ပြန်ဖြေလိုက်၏။
"နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် သခင်လေး..." ရှောင်လွီက ယဉ်ကျေးစွာ ဦးညွှတ်ပြီးနောက် ဆက်ပြောလေသည်။
"ပုံမှန်ဆိုရင်တော့ သခင်မလေးက နာရီဝက်လောက်နေရင် နိုးလာတတ်ပါတယ်..."
"ကောင်းပြီလေ..." ကျန်းနင်က ခေါင်းညိတ်ပြလိုက်၏။
ဤအချိန်တွင် သူလည်း အလျင်လိုမနေခဲ့ချေ။
အဘယ်ကြောင့်ဆိုသော် ဤနေရာတွင် မည်သူ့ အနှောင့်အယှက်မှ မရှိဘဲ လေ့ကျင့်နိုင်သေးသောကြောင့်ပင်။
ရှောင်လွီ ထွက်သွားပြီးနောက် ကျန်းနင်က ရေငတ်ပြေစေရန် ရေခဲလက်ဖက်ရည် အနည်းငယ်ကို သောက်သုံးလိုက်သည်။
အောက်တိုဘာလသို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း မိုးရွာမည့် အရိပ်အယောင်ပင် မရှိဘဲ ရာသီဥတုက ပူပြင်းလောင်ကျွမ်းနေဆဲ ဖြစ်၏။
ဆောင်းဦးရာသီ၏ အေးမြမှု ဆိုသည်မှာ အနည်းငယ်မျှပင် မရှိချေ။
ကျန်းနင်က ရေခဲလက်ဖက်ရည်ကို နောက်တစ်ငုံ ထပ်သောက်လိုက်ရာ ရင်ထဲတွင် အတော်လေး အေးမြသွားသည်ကို ခံစားလိုက်ရသည်။
ထို့နောက် လင်းချင်းရီ၏ အခန်းရှိရာဘက်သို့ လှမ်းကြည့်လိုက်၏။
"ရှန်ချုံးယွမ်က ငါ့အတွက် တကယ်တော့ ဘာတွေ ချန်ထားရစ်ခဲ့တာများလဲ..."
"ကြေးနီလို မာကျောတဲ့ အရေပြားကို ပိုင်ဆိုင်တဲ့ အဆင့်ကိုး ကြီးကျယ်သော အောင်မြင်မှုအဆင့်ကို ရောက်မှပဲ ငါ့ကို ထပ်လာခိုင်းရလောက်တဲ့အထိဆိုတော့..."
ကျန်းနင်က စိတ်ထဲမှ တိတ်တဆိတ် ရေရွတ်နေမိသည်။
ထို့နောက် တင်ပျဉ်ခွေ ထိုင်ချလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်၏။
လင်းချင်းရီ နိုးလာမည့် အချိန်ကို ငေးမော စောင့်ဆိုင်းရင်း အချိန်များ အလဟဿ မကုန်ဆုံးစေလိုပေ။
သူ တစ်ခဏမျှ စဉ်းစားပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံးကို ချေဖျက်ရန် ဆုံးဖြတ်လိုက်တော့သည်။
မီးဖိုကျိုချက်ခြင်း လျှို့ဝှက်ကျင့်စဉ်နှင့် သူ၏ သွေးချီစွမ်းအားများကို လောင်စာအဖြစ် အသုံးပြုလိုက်သည်နှင့် ကျားသစ်သန္ဓေ ကိုယ်ထည်ပုံဖော် ဆေးလုံး၏ ဆေးစွမ်းအာနိသင်များကို လျင်မြန်စွာ ချေဖျက်နိုင်ပေလိမ့်မည်။
ဤဆေးလုံး၏ ဆေးစွမ်းအာနိသင်က သူ၏ အခြေခံ ခွန်အားနှင့် နောက်ခံစွမ်းရည်များကို မြှင့်တင်ပေးနိုင်ရုံသာမက သိုင်းပညာ အဆင့်ရှစ်၏ ခွန်အားလေ့ကျင့်မှု လုပ်ငန်းစဉ်ကိုပါ လျင်မြန်စွာ ပြီးမြောက်အောင် ကူညီပေးနိုင်စွမ်းရှိ၏။
ဘုန်း...
သူ၏ စိတ်အာရုံ ပုံဖော်မှု အတွင်း၌…
ပြင်းထန်သော မီးတောက်များက မီးဖိုကြီးကို ရစ်ပတ် လွှမ်းခြုံသွားလေပြီ။
သူ့ခန္ဓာကိုယ်အတွင်း၌ မီးတောက်များ ထတောက်လာသကဲ့သို့ ခံစားလိုက်ရပြီး ကိုယ်အပူချိန်မှာလည်း အဆက်မပြတ် မြင့်တက်လာကာ မျက်တောင်တစ်ခတ် အတွင်းမှာပင် လေးဆယ် ဒီဂရီကို ကျော်လွန်သွားပြီး ဆက်လက် မြင့်တက်နေဆဲပင်။
တခြားတစ်ဖက်တွင်မူ…
ချလွင်...
လင်းချင်းရီတစ်ယောက် နူးညံ့သော သလွန်တော်ပေါ်မှ ဖြည်းညှင်းစွာ နိုးထလာခဲ့၏။
သူမက စားပွဲပေါ်မှ လက်ဖက်ရည်ခွက်ကို ကောက်ယူကာ လည်ချောင်း စိုစွတ်သွားစေရန် တစ်ငုံမျှ သောက်သုံးလိုက်သည်။
"ရှောင်လွီ... ဘာကိစ္စရှိလို့လဲ..." လင်းချင်းရီက လှမ်းမေးလိုက်၏။
သူမ၏ စွမ်းရည်များဖြင့် တံခါးအပြင်ဘက်တွင် ရှောင်လွီ စောင့်ဆိုင်းနေကြောင်း ချက်ချင်း သိရှိနေခဲ့ခြင်းပင်။
အပြင်ဘက်တွင်…
အတွင်းမှ အသံကိုကြားလျှင် ရှောင်လွီက အနည်းငယ် ဦးညွှတ်လိုက်ပြီး တိုးညှင်းစွာ လျှောက်တင်လိုက်သည်။
"သခင်မလေး... သခင်လေးကျန်း အပေါ်ထပ်မှာ စောင့်နေပါတယ်..."
"သူက ဘာကိစ္စနဲ့ ရောက်လာတာလဲ..." လင်းချင်းရီက အနည်းငယ် အံ့အားသင့်သွားပြီး လက်ထဲရှိ လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်၏။
"ကျွန်မလည်း သေချာ မသိပါဘူး..." ရှောင်လွီက တိုးညှင်းစွာ ပြန်ဖြေသည်။
"ဒီကောင်လေးက အဆင့်ကိုး ကြီးကျယ်သော အောင်မြင်မှုအဆင့်ကို ရောက်သွားပြီများလား..." လင်းချင်းရီက တီးတိုး ရေရွတ်လိုက်မိ၏။
"ငါ ထွက်ပြီးသွားကြည့်မှ ဖြစ်မယ်... တကယ်လို့ သူသာ ဒီအချိန်မှာ အဆင့်ကိုး ကြီးကျယ်သော အောင်မြင်မှု အဆင့်ကို တကယ် ရောက်သွားခဲ့ပြီဆိုရင် သူ့ပါရမီက တကယ်ကို အံ့မခန်းပဲ..."
ထို့နောက် သူမက အနီးအနားရှိ အကာအရံ နောက်မှ အဝတ်အစားများကို ကောက်ယူ၍ လဲလှယ် ဝတ်ဆင်လိုက်သည်။
ခဏအကြာတွင်…
လင်းချင်းရီက ပေါ့ပါးသော ဇာဂါဝန်ရှည်ကို ဝတ်ဆင်ထားပြီး ပူပြင်းသော ရာသီဥတုကြောင့် ခြေဗလာဖြင့်သာ ရှိနေ၏။ ခန္ဓာကိုယ် အပေါ်ပိုင်းတွင် ပါးလွှာသော အဝတ်အစားများသာ ဝတ်ဆင်ထားသဖြင့် ဖြူဖွေးသော ရင်စည်းအင်္ကျီနှင့် သွယ်လျသော ပခုံးသားလေးများ ပေါ်လွင်နေသည်။ သူမက ရှောင်လွီကို တစ်ချက် ကြည့်လိုက်ပြီးနောက် အလုပ်ပြန်လုပ်ရန် စေလွှတ်လိုက်တော့သည်။
"မင်း အလုပ်တွေ သွားလုပ်တော့... ငါ့ဘာသာပဲ သွားလိုက်မယ်..."
"ဟုတ်ကဲ့ပါ သခင်မလေး..." ရှောင်လွီက လင်းချင်းရီကို ရိုသေစွာ ဦးညွှတ်ပြီးနောက် ဖြည်းညှင်းစွာ နောက်ဆုတ် ထွက်ခွာသွားတော့သည်။
End
***