ဝမ်ဟွာ အဆောက်အအုံ…
လေဟာပြင် မဏ္ဍပ်တစ်ခု အတွင်း၌...
လင်းချင်းရီက သူမ လက်ထဲရှိ ဝရဇိန်အမိန့်တော်ကို တစ်ချက် ငုံ့ကြည့်လိုက်၏။ ထို့နောက် အံ့အားသင့်နေသော မျက်နှာထားဖြင့် ကျန်းနင်ဘက်သို့ လှည့်လာတော့သည်။
"မောင်လေးကျန်းက ရှန်ချုံးယွမ်ရဲ့ တရားမဝင်သားတော့ မဟုတ်လောက်ပါဘူးနော်..."
"ဘာဖြစ်လို့ အဲ့လို ပြောရတာလဲ အစ်မလင်း" ကျန်းနင်က ပြန်မေးလိုက်သည်။
လင်းချင်းရီက လက်ထဲရှိ ဝရဇိန်အမိန့်တော်ကို ညင်သာစွာ မြှောက်ပစ်ကစားလိုက်ရင်း...
"ဒီတံဆိပ်ပြားကို ဝရဇိန် အမိန့်တော်လို့ ခေါ်တယ်... ဝရဇိန်ဘုရားကျောင်းကနေ ဆင်းသက်လာတဲ့ တံဆိပ်ပြားပဲ... ဒီအမိန့်တော်ရှိရင် ဘာအကြောင်းပြချက်မှ မလိုဘဲ ဝရဇိန်ဘုရားကျောင်းကို ဝင်ရောက်ခွင့်ရပြီး တရားဝင်တပည့်တစ်ယောက် ဖြစ်လာနိုင်တယ်"
"တကယ်လို့ ဝရဇိန် မသေကိုယ်စွမ်းရည်ကို အခြေခံလောက် အောင်မြင်ထားရင်တော့ ဒီအမိန့်တော်နဲ့ ဝရဇိန်ဘုရားကျောင်းရဲ့ ပင်မတပည့် တစ်ယောက်ပါ ဖြစ်လာနိုင်သေးတယ်"
"ပင်မတပည့်..." ကျန်းနင်က အံ့အားသင့်စွာ ရေရွတ်လိုက်၏။
"ဟုတ်တယ်..." လင်းချင်းရီက ခေါင်းညိတ်ပြလာသည်။
"မှန်တယ်... ပင်မတပည့်ပဲ... ဝရဇိန်ဘုရားကျောင်းရဲ့ ပင်မတပည့် နေရာက သာမန် မဟုတ်ဘူး... တာအိုဗုဒ္ဓကိုယ်တိုင်ချပေးတဲ့ အမွေအနှစ်ကလွဲရင် တခြား အမွေအနှစ်တွေ အကုန်လုံးကို လေ့လာခွင့် ရနိုင်တယ်"
"အဲဒီအထဲမှာ ဝရဇိန် မသေကိုယ်စွမ်းရည်ရဲ့ အပြည့်အစုံ မူရင်းကျမ်းလည်း ပါဝင်တယ်လေ"
"အနာဂတ်ကျရင် သူတော်စင်တစ်ပါးရဲ့ အဆင့်အတန်းကို ရရှိဖို့ အခွင့်အရေးတောင် ရှိလာနိုင်သေးတယ်"
ထိုနေရာအရောက် လင်းချင်းရီက ကျန်းနင်အား တစ်ချက် လှမ်းကြည့်လိုက်ပြီး သူ့မျက်နှာထက်မှ အံ့အားသင့်မှုများကို မြင်လျှင် လျင်မြန်စွာပင် ဆက်လက် ရှင်းပြတော့သည်။
"ဝရဇိန်ဘုရားကျောင်းက သူတော်စင်ဆိုတာ သာမန်လူတွေ ခေါ်ဝေါ်ကြတဲ့ သိုင်းဂုရုကြီးတွေပဲ"
"အစ်မလင်းက အများကြီး သိထားတာပဲ..." ကျန်းနင်က လေးစားစွာဖြင့် ပြောလိုက်၏။
လင်းချင်းရီက ပြုံးပြလေသည်။
"အခုဆို ဒီဝရဇိန် အမိန့်တော်ရဲ့ အရေးပါမှုကို မင်း သိလောက်ပြီ မဟုတ်လား"
"အခုချိန်ထိ မောင်လေးကျန်းရရှိထားတဲ့ အောင်မြင်မှုတွေနဲ့ဆို ဒီတံဆိပ်ပြားကို ကိုင်ပြီး ဝရဇိန်ဘုရားကျောင်းကို ဝင်လိုက်တာနဲ့ တရားဝင် တပည့်နေရာကနေ ပင်မတပည့်အဖြစ်ကို ချက်ချင်း တက်လှမ်းသွားနိုင်တယ်"
"ပင်မတပည့် တစ်ယောက်ရဲ့ အဆင့်အတန်းက ဝရဇိန်ဘုရားကျောင်း တစ်ခုလုံးမှာ တာအိုဗုဒ္ဓရဲ့သားတော် ပြီးရင် ဒုတိယ အမြင့်ဆုံးပဲ"
"ဒါက မောင်လေးကျန်းအတွက်တော့ ကောင်းကင်ဘုံထိ တက်လှမ်းနိုင်မယ့် အခွင့်အရေး တစ်ရပ်ပဲ"
ကျန်းနင်တစ်ယောက် အတွေးနက်နေသည်ကို မြင်လျှင်...
လင်းချင်းရီက ထပ်ပြောလာသည်။
"ကြည့်ရတာ မောင်လေးကျန်း တွေဝေနေပုံပဲ"
"ဟုတ်တယ်..." ကျန်းနင်က ခေါင်းညိတ်လိုက်၏။
သူ့စိတ်ထဲ အမှန်တကယ်ပင် တွေဝေနေခဲ့ခြင်း ဖြစ်သည်။
ဝရဇိန်ဘုရားကျောင်းမှာ လောကတွင် ထိပ်တန်း အဆင့်ရှိ ဂိုဏ်းကြီးများထဲမှ တစ်ခုပင်။
ဝရဇိန်ဘုရားကျောင်းသို့ ဝင်ရောက်ခြင်းက ကြီးမားသော အကျိုးကျေးဇူးများ ယူဆောင်လာပေးမည်မှာ သံသယဝင်စရာ မလိုပေ။
သို့သော် မဟာယာနဗုဒ္ဓဘာသာ ဂိုဏ်းတစ်ခု၏ တင်းကျပ်သော စည်းမျဉ်းစည်းကမ်းများကိုလည်း သူ ကောင်းကောင်း သိထား၏။
ယခင်ဘဝကို ဖြတ်သန်းခဲ့ဖူးသူပီပီ ထိုကဲ့သို့ တင်းကျပ်သော စည်းကမ်းများကို သူ သည်းခံနိုင်မည်လား သေချာမသိပေ။
အကယ်၍ သည်းမခံနိုင်ပါက နောင်တရရန်ပင် အချိန်နှောင်းသွားပေလိမ့်မည်။
ဝရဇိန်ဘုရားကျောင်းသို့ ဝင်ရောက်ရန် ခက်ခဲသော်လည်း ထွက်ခွာရန်မှာမူ ကောင်းကင်သို့ တက်လှမ်းရသည်ထက်ပင် ပို၍ ခက်ခဲလှသည်။
ဤသည်မှာ နောင်တအတွက် နေရာမရှိသော ရွေးချယ်မှုတစ်ခုသာ။
တစ်ကြိမ် ထွက်ခွာသွားသည်နှင့် ဝရဇိန်ဘုရားကျောင်း၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံရမည်သာ ဖြစ်သည်။
ဤလောကတွင် ဝရဇိန်ဘုရားကျောင်း၏ အင်အားကို ထောက်ရှုလျှင် လူအနည်းငယ်မှလွဲ၍ သူတို့၏ လိုက်လံ ဖမ်းဆီးခြင်းကို မကြောက်ရွံ့သူ မည်သူ ရှိမည်နည်း။
ထို့နောက် သူက စနစ်မျက်နှာပြင်ကို နောက်တစ်ကြိမ် လှမ်းကြည့်လိုက်သည်။
ယခု လက်ရှိ သူ ပိုင်ဆိုင်ထားပြီး စနစ်မျက်နှာပြင်၏ အကျိုးသက်ရောက်မှုမှ ရရှိလာသော နတ်ဘုရား သိုင်းစွမ်းရည် နှစ်ခု အကြောင်းကိုလည်း တွေးတောနေမိ၏။
"တကယ်လို့ ငါသာ ဒီစနစ်မျက်နှာပြင်နဲ့ မတွေ့ခဲ့ဘူးဆိုရင် ဝရဇိန်ဘုရားကျောင်းကို ဝင်တာက အမှန်တကယ် ကောင်းမွန်တဲ့ ရွေးချယ်မှု တစ်ခု ဖြစ်လာမှာပဲ"
"ဒါပေမဲ့ အခုတော့ ခန့်မှန်းရခက်တဲ့ ကျွမ်းကျင် ပညာရှင်တွေ အများကြီး ရှိနေတဲ့ ဝရဇိန်ဘုရားကျောင်းရဲ့ စောင့်ကြည့်မှု အောက်မှာ သွားနေဖို့ဆိုတာ..."
"အကျိုးကျေးဇူးတွေ အများကြီးရဖို့ မပြောနဲ့ဦး... ငါ့လျှို့ဝှက်ချက် တချို့ကိုသာ သူတို့ သိသွားရင် ကြီးမားတဲ့ ဘေးဒုက္ခကြီး ကျရောက်လာနိုင်တယ်"
ထိုအကြောင်းများကို တွေးတောပြီးနောက် ကျန်းနင်လည်း ဆုံးဖြတ်ချက်တစ်ခု အခိုင်အမာ ချလိုက်လေပြီ။
လင်းချင်းရီက ကျန်းနင်အား တစ်ချက် ကြည့်ပြီးနောက် အနည်းငယ် ပြုံးလိုက်သည်။
"ကြည့်ရတာ မောင်လေးကျန်းက လောလောဆယ် ဝရဇိန်ဘုရားကျောင်းကို မဝင်ချင်သေးဘူး ထင်တယ်"
"ဟုတ်တယ်..." ကျန်းနင်က လက်တွေ့ဘဝဆီ အသိပြန်ဝင်လာပြီး ခေါင်းညိတ်လိုက်သည်။
"စစ်ဆေးရေးရုံးမှာ သိုင်းသူတော်စင်ကြီး ရှိတယ်... ပြီးတော့ လောကအနှံ့က သိုင်းပညာတွေ၊ လျှို့ဝှက် ဆေးဝါးတွေ အကုန်လုံးကို စုဆောင်းထားတယ်လေ... အရေးအကြီးဆုံးက လွတ်လပ်မှုပဲ"
လင်းချင်းရီက ခေါင်းညိတ်၍...
"တကယ်ပါပဲ"
ထို့နောက် သူမက ဝရဇိန် အမိန့်တော်ကို ကျန်းနင်ထံ ပစ်ပေးလိုက်၏။
"မောင်လေးကျန်း ဝရဇိန်ဘုရားကျောင်းကို မဝင်ရင်တောင် ဒီတံဆိပ်ပြားက မင်းအတွက် အများကြီး အသုံးဝင်နေတုန်းပဲ"
"ဒီတံဆိပ်ပြားနဲ့ဆိုရင် မောင်လေးကျန်း ဝရဇိန်ဘုရားကျောင်းကို ယုတ္တိတန်တဲ့ တောင်းဆိုမှုတစ်ခု လုပ်လို့ရတယ်"
"တောင်းဆိုမှုက ယုတ္တိတန်နေသရွေ့ သူတို့ သဘောတူလိမ့်မယ်"
ထိုစကား ကြားလျှင် ကျန်းနင်က အစောပိုင်းက သူ့မျက်လုံးထဲတွင် ပေါ်လာခဲ့သော ဂရုမစိုက်သည့် အရိပ်အယောင်များကို ချက်ချင်း ပြန်ရုပ်သိမ်းလိုက်သည်။
သူ့လက်ထဲရှိ ဝရဇိန် အမိန့်တော်ကို ကြည့်ရင်း ဝမ်းသာအားရ ဖြစ်သွားတော့၏။
အစပိုင်းတွင် သူ့အတွက် အသုံးမဝင်လှသော ဤဝရဇိန် အမိန့်တော်အား ရွှေအဖြစ် ပြောင်းလဲ ရောင်းချရန်သာ တွေးထားခဲ့ခြင်းပင်။
ယခုမူ ဤဝရဇိန် အမိန့်တော်မှာ သူ့အတွက် ကောင်းမွန်သော ပစ္စည်းတစ်ခု ဖြစ်နေသေးကြောင်း သဘောပေါက်လိုက်သည်။
ဝရဇိန်ဘုရားကျောင်း... လောက၏ ထိပ်တန်း ဂိုဏ်းကြီး သုံးခုထဲမှတစ်ခု။
မဟာရှတိုင်းပြည်၏ အင်အား အကောင်းဆုံး ခေတ်ကာလတွင်ပင် ဝရဇိန်ဘုရားကျောင်းက ကြီးမားသော ဩဇာလွှမ်းမိုးမှုကို ပိုင်ဆိုင်ထားဆဲ ဖြစ်ပြီး မဟာရှ၏ ထိန်းချုပ်မှုအောက်တွင် မရှိခဲ့ပေ။
သိုင်းသူတော်စင်ကြီး ကိုယ်တိုင် ဝရဇိန်ဘုရားကျောင်းသို့ တစ်ကြိမ်သွားရောက်ခဲ့ဖူးသည်ဟု ဆိုကြသည်။
တိကျသော ရလဒ်ကို မည်သူမှ မသိသော်လည်း ထိုအချိန်မှစ၍ ဝရဇိန်ဘုရားကျောင်းမှာ မပြောင်းမလဲ တည်ရှိနေဆဲပင်။
မဟာရှတိုင်းပြည်က ဝရဇိန်ဘုရားကျောင်းအား မမြင်ရသည့်အလား သဘောထားခဲ့ကြ၏။
ထိုနှစ်ခုမှာ တစ်ခုနှင့်တစ်ခု အနှောင့်အယှက် မပေးဘဲ အတူတကွ ယှဉ်တွဲ တည်ရှိနေခဲ့ကြသည်။
ဤသည်မှာ စာအုပ်စာပေ အသီးသီးမှ မှတ်တမ်းများသာ ဖြစ်သော်ငြား...
ထိုကဲ့သို့သော အရာများမှာ အကြောင်းပြချက် မရှိဘဲ ပေါ်ထွက်လာခြင်း မဟုတ်ကြောင်း ကျန်းနင် ယုံကြည်ထားသည်။
နှစ်ပေါင်း ရှစ်ရာကျော် တည်ထောင်ခဲ့ပြီးဖြစ်သော ဤမျှ ကြီးမား ကျယ်ပြန့်သည့် အင်ပါယာကြီး တစ်ခုတွင်...
ပြည်နယ် တစ်ခုလုံးအပေါ် ဩဇာလွှမ်းမိုးထားသော ဝရဇိန်ဘုရားကျောင်း၏ တည်ရှိမှုကို မဟာရှ တိုင်းပြည်က သည်းခံခွင့်ပြုထားခြင်းကပင် အများကြီး သက်သေပြနေလေပြီ။
ဝရဇိန်ဘုရားကျောင်းမှာ အလွန် အင်အားကြီးမားပြီး အထူးတလည် သန်မာလှသည်။
ထို့ကြောင့် ဝရဇိန် အမိန့်တော်ဖြင့် ဝရဇိန်ဘုရားကျောင်းအား တောင်းဆိုမှုတစ်ခု ပြုလုပ်နိုင်ခြင်းမှာ ရွှေစင်ဖြင့် ပြုလုပ်ထားပုံရသော အမိန့်တော် ကိုယ်နှိုက်ထက်ပင် အဆပေါင်းများစွာ တန်ဖိုးရှိလှ၏။
ဤအမိန့်တော်က သူ့အသက်ကိုပင် ကယ်တင်နိုင်စွမ်း ရှိပေလိမ့်မည်။
ထို့နောက် ကျန်းနင်က ဝရဇိန် အမိန့်တော်ကို သူ့ပိုက်ဆံအိတ်ထဲသို့ ဂရုတစိုက် သိမ်းဆည်းလိုက်သည်။
"ဒါနဲ့..." ကျန်းနင် သိမ်းဆည်းနေစဉ် လင်းချင်းရီက ထပ်ပြောလာသည်။
"မောင်လေးကျန်း ဝရဇိန်ဘုရားကျောင်းကို မဝင်ဘူးဆိုရင် ဒီဝရဇိန် အမိန့်တော်ကို သုံးပြီး ဝရဇိန် မသေကိုယ်စွမ်းရည်ကို ခဏတာ လေ့လာခွင့် တောင်းဆိုလို့ ရတယ်"
"မောင်လေးကျန်းရဲ့ အရည်အချင်းနဲ့ဆို ကျင့်စဉ် တစ်ခုလုံးကို အလွယ်တကူ မှတ်မိသွားနိုင်တယ်"
"ဝရဇိန် မသေကိုယ်စွမ်းရည်ကိုသာ မောင်လေးကျန်း အပြည့်အဝ အောင်မြင်နိုင်မယ်ဆိုရင် နောက်ပိုင်း သိုင်းဂုရုကြီး တစ်ယောက် ဖြစ်လာတဲ့အခါ မဟာသိုင်းဂုရုကြီး တစ်ယောက်နဲ့တောင် ရင်ပေါင်တန်း တိုက်ခိုက်နိုင်လိမ့်မယ်"
"ကောင်းပါပြီ..." ကျန်းနင်က ခေါင်းညိတ်လိုက်၏။
ထို့နောက် လင်းချင်းရီက သေတ္တာထဲရှိ ရွှေရောင်ခန္ဓာ ဆေးလုံးကို လက်ညှိုးထိုးပြ၍...
"ဒီဆေးလုံးကိုလည်း ယူသွားလိုက်... ဒီဆေးလုံးက ဝရဇိန်ဘုရားကျောင်းက ဖော်စပ်ထားတဲ့ အဓိက ဆေးလုံး တစ်မျိုးပဲ... စားသုံးလိုက်ရင် ဝရဇိန်တစ်ပါးရဲ့ ခွန်အားကို ရရှိစေတယ်လို့ နာမည်ကြီးတယ်"
"ဝရဇိန်တစ်ပါးရဲ့ ခွန်အားကို ရရှိတယ် ဆိုတာ အဆင့် (၈) ကို ရောက်တဲ့အခါ မောင်လေးကျန်းရဲ့ ခွန်အား ကန့်သတ်ချက်ကို ပိုပြီး ကျယ်ပြန့်သွားစေတာပဲ"
"မောင်လေးကျန်း လက်ရှိ ရောက်နေတဲ့ အဆင့် (၉) ရဲ့ အမြင့်ဆုံး အောင်မြင်မှုနဲ့ ဆေးဘုရင် တောင်ကြားက မီးဖို ဆေးဖော်စပ်ခြင်း လျှို့ဝှက်သိုင်းကို ကျွမ်းကျင်ထားတာနဲ့ ပေါင်းလိုက်ရင် ဒီဆေးကို သောက်တာက မောင်လေးကျန်းကို အဆင့် (၈) အထိ တိုက်ရိုက် ရောက်သွားဖို့ ကူညီပေးနိုင်တယ်"
စကားအဆုံးတွင် လင်းချင်းရီက သူမ၏ အင်္ကျီလက်စကို တစ်ချက် ဝှေ့ယမ်းလိုက်တော့သည်။
End
***