သူ့ကို ကူညီမည့်သူ တစ်ဦးတစ်ယောက်မျှ မရှိသဖြင့် လင်းရန်၌ အရေးကြီးသော အစိတ်အပိုင်းများကို ကာကွယ်ရန် သူ့နတ်ဘုရားအဆီအနှစ်များကို ထပ်မံ လောင်ကျွမ်းစေရုံမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ အလွန်အမင်း နာကျင်မှုကို ကြံ့ကြံ့ခံရင်း သူက မီးဒြပ်စင် မိုးကြိုးစွမ်းအင်များကိုပါ ရူးသွပ်စွာ စတင်စုပ်ယူလိုက်တော့သည်။
လင်းရန် ဤသဘောတရားကို ကောင်းစွာ နားလည်ထား၏။ သူ စွမ်းအင်များကို ပိုမို စုပ်ယူနိုင်လေလေ၊ သူ့ခန္ဓာကိုယ်က နာကျင်မှုကို ပိုမို သက်သာစေလေလေပင်။
နောက်ထပ် ဆယ်မိနစ်ခန့် အံကြိတ်ခံပြီးနောက် လင်းရန်သည် ဒုတိယမြောက် မိုးကြိုးလှိုင်းကိုလည်း အသက်ရှင်လျက် ဖြတ်ကျော်နိုင်ခဲ့ပေသည်။
ဒုတိယမြောက် မိုးကြိုးလှိုင်းကို ဖြတ်ကျော်ပြီးနောက် လင်းရန်သည် မရေမတွက်နိုင်သော မီးနှင့် သစ်သားဒြပ်စင် မိုးကြိုးစွမ်းအင်များကို စုပ်ယူနိုင်ခဲ့ရုံသာမက သူ့အကြီးမားဆုံး အကျိုးအမြတ်မှာ မီးဒြပ်စင် မိုးကြိုးစွမ်းအင်ကို အသုံးပြု၍ သူ့ပြည့်စုံသော ခန္ဓာကိုယ်ကို ထပ်မံ သန့်စင်နိုင်ခဲ့ခြင်းပင် ဖြစ်၏။
ကပ်ဘေးမိုးကြိုးကို ဖြတ်ကျော်ပြီးနောက် လင်းရန်၏ ခန္ဓာကိုယ်မှာ ကောင်းကင်မီးတောက်ကြောင့် အပေါက်အပြဲများ ဖြစ်နေသော်လည်း ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာမူ ရှင်းလင်းစွာပင် အဆပေါင်းများစွာ ပိုမို အားကောင်းလာခဲ့ပြီး သူ့လှုပ်ရှားမှုတိုင်းတွင် လေနှင့် မိုးကြိုး၏ စွမ်းအားများ ပါဝင်နေပြီ ဖြစ်ချေသည်။
တစ်ချိန်တည်းမှာပင် လင်းရန်၏ ဒန်တျန်၊ တစ်ကိုယ်လုံးရှိ သွေးကြောများအားလုံး၊ သွေးကြောဆုံမှတ်များအားလုံးနှင့် မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်တို့မှာ ပိုမို၍ သန့်စင်သွားပြီး အတားအဆီးအားလုံးကို အလွန်တရာ ခိုင်ခံ့မာကျောလာစေရန် ပုံသွင်းနိုင်ခဲ့ကာ တောက်ပလင်းလက်လာတော့သည်။
နတ်ဘုရားအဆီအနှစ်များ စုစည်းရာတွင် ပိုမို မြန်ဆန်လာကြောင်း သူ ခံစားလိုက်ရလေသည်။
"နောက်ဆုံးတော့ ဒုတိယလှိုင်းကို ဖြတ်ကျော်နိုင်ခဲ့ပြီပဲ..."
ဒုတိယမြောက် မိုးကြိုးလှိုင်း ငြိမ်သက်သွားပြီးနောက် လင်းရန် အသက်ရှူချောင်သွားခဲ့၏။ သူက ပင်လယ်ရေထဲတွင် ဆက်မနေရဲတော့ဘဲ ပင်လယ်ရေမျက်နှာပြင်ပေါ်သို့ ထွက်လာကာ တတိယမြောက် မိုးကြိုးလှိုင်းကို ရင်ဆိုင်ရန် ပြင်ဆင်လိုက်သည်။
ပင်လယ်ထဲမှ ထွက်လာပြီးနောက် လင်းရန်သည် သူ့ကိုယ်ပေါ်သို့ အဆင့်ခုနစ် ကုသခြင်းအဆောင်တစ်ခုကို ချက်ချင်း အသုံးပြုလိုက်၏။ ယခုအခါ အဆင့်ခြောက် ကုသခြင်းအဆောင်များက သူ့အပေါ်တွင် သိပ်ပြီး အကျိုးသက်ရောက်မှု မရှိတော့ဘဲ ထူးခြားမှု ရှိစေရန်အတွက် အဆင့်ခုနစ် အဆောင်ကိုသာ အသုံးပြုရမည် ဖြစ်ပေသည်။
"ပထမလှိုင်းက ဒြပ်စင်တစ်မျိုးတည်း... ဒုတိယလှိုင်းက ဒြပ်စင်နှစ်မျိုးဆိုတော့... တတိယလှိုင်းက..."
သံသယဖြစ်စရာ မလိုဘဲ အနည်းဆုံး ဒြပ်စင်သုံးမျိုး ပါဝင်လာမည်သာ ဖြစ်ချေသည်။
လင်းရန်၏ အမူအရာက တည်ကြည်သွား၏။ အကြောင်းမှာ သူက ကောင်းကင်နှင့် မြေကြီးထံမှ ပိုမို ကြောက်မက်ဖွယ်ကောင်းသော ဖိအားကို ခံစားလိုက်ရသောကြောင့်ပင်။
ဝုန်း... ဒိုင်း...
ကပ်ဘေးတိမ်မည်းများထဲမှ ဧရာမ မိုးခြိမ်းသံကြီးများ ဆက်တိုက် ထွက်ပေါ်လာပြီး မကြာမီမှာပင် တတိယမြောက် မိုးကြိုးလှိုင်း ကျဆင်းလာတော့သည်။
ဤတစ်ကြိမ်တွင် မိုးကြိုးကပ်ဘေး သုံးမျိုးက တစ်ပြိုင်နက်တည်း ရိုက်ခတ်လာ၏။ ၎င်းတို့က ခွဲထွက်မနေဘဲ တစ်ခုတည်း ရောနှောနေကာ လင်းရန်က ၎င်းတို့၏ အရောင်များကို ကြည့်၍သာ ခွဲခြားနိုင်ပေသည်။
ရွှေရောင်၊ ကြက်သွေးရောင်နှင့် အပြာနုရောင်...
ရွှေ၊ မီးနှင့် သစ်သား ဒြပ်စင်များပင် ဖြစ်ချေသည်။
ဖြန်း...
နားကွဲမတတ် ဟိန်းဟောက်သံကြီးတစ်ခုနှင့်အတူ အရောင်သုံးမျိုး ပါဝင်သော မိုးကြိုးက လင်းရန်၏ ခန္ဓာကိုယ်ကို တစ်ပြိုင်နက်တည်း ရိုက်ခတ်လာ၏။ လင်းရန်မှာ နောက်တစ်ကြိမ် မီးတောက်များထဲတွင် လွှမ်းခြုံခံလိုက်ရပြီး ယခင်ကထက် ပိုမို ပြင်းထန်နေပေသည်။ ထိုသောင်းကျန်းနေသော မီးတောက်များထဲတွင် မရေမတွက်နိုင်သော ရွှေရောင် ဓားရှည်များနှင့် ဓားမြှောင်များက လင်းရန်၏ ခန္ဓာကိုယ်ကို ရူးသွပ်စွာ ခုတ်ပိုင်းနေကြတော့သည်။
တတိယမြောက် ကပ်ဘေးမိုးကြိုးကို ခံနိုင်ရည်ရှိရန် အမှန်တကယ်ပင် ခက်ခဲလှပေသည်။ သစ်သားဒြပ်စင် မိုးကြိုးစွမ်းအင်က လင်းရန်ကို မလှုပ်ရှားနိုင်အောင် အမြဲ ပြုလုပ်နေပြီး၊ မီးဒြပ်စင် မိုးကြိုးစွမ်းအင်က သူ့ကို လောင်ကျွမ်းစေကာ၊ ရွှေဒြပ်စင် မိုးကြိုးစွမ်းအင်က ဓား၊ လှံနှင့် ပုဆိန် ကဲ့သို့သော လက်နက်များအဖြစ် ပြောင်းလဲပြီး သူ့ခန္ဓာကိုယ်ကို ခုတ်ပိုင်းနေသည်။
သို့သော် လင်းရန်က အကြောက်အလန့် ကင်းမဲ့နေဆဲပင်။
သူက ကောင်းကင်မီးတောက်နှင့် ဓားရိုက်ချက်များကို ဦးစွာ ကြံ့ကြံ့ခံလိုက်ပြီး အားအနည်းဆုံးဖြစ်သော သစ်သားဒြပ်စင် စွမ်းအင်များကို မိုးကြိုးကန်ထဲသို့ ပို့ဆောင်လိုက်၏။ ထို့နောက် စိတ်အာရုံတစ်ခုနှင့်အတူ သွေးနတ်ဘုရားဓားကို ထုတ်ယူလိုက်ပြီး တစ်ချိန်တည်းမှာပင် ရွှေနဂါးလှံတံ၊ လူသားဧကရာဇ် စည်းတံဆိပ်နှင့် ယင်ယန်ချီဓား တို့ကိုပါ ဆင့်ခေါ်လိုက်သည်။
ဝှစ်... ဝှစ်... ဝှစ်...
ဤကပ်ဘေးကို ဖြတ်ကျော်နေစဉ်အတွင်း လင်းရန်သည် ကြောက်ရွံ့ခြင်းနှင့် ညည်းညူခြင်း ကင်းမဲ့နေခဲ့၏။ မယိမ်းယိုင်သော စိတ်ပိုင်းဖြတ်မှုဖြင့် သူ့ဝှက်ဖဲများအားလုံးကို ထုတ်သုံးကာ ဒြပ်စင်ငါးပါး မိုးကြိုးကပ်ဘေးကို ရင်ဆိုင်ခဲ့ပေသည်။ သူ၌ ရည်မှန်းချက်တစ်ခုတည်းသာ ရှိ၏။ သူ အသက်ရှင်နေသရွေ့ သူ့ကျင့်ကြံခြင်းအတွက် အပြည့်စုံဆုံးသော အခြေခံအုတ်မြစ်ကို တည်ဆောက်သွားမည်သာ ဖြစ်ချေသည်။
"အသက်စွန့်ရမည့် အခြေအနေကနေ အသက်ရှင်သန်ခြင်းကို ဦးတည်စေသည်" ဟူသော စကားအတိုင်းပင်၊ ဒြပ်စင်ငါးပါး မိုးကြိုးကပ်ဘေးမှာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း ၎င်းသည် ကြီးမားလှသော အခွင့်အရေးတစ်ခုလည်း ဖြစ်ပေတော့သည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
အဆုံးအစမဲ့ ပင်လယ်ပြင်အထက်၊ ကပ်ဘေးတိမ်မည်းများအောက်တွင် အရောင်သုံးမျိုး ပါဝင်သော ဒြပ်စင်ငါးပါး ကပ်ဘေးမိုးကြိုးများက ကောင်းကင်တာအို၏ ကြောက်မက်ဖွယ် ဖိအားများနှင့်အတူ ဆက်တိုက် ကျဆင်းလာပြီး လင်းရန်၏ ခန္ဓာကိုယ်ကို အပြင်းအထန် ရိုက်ခတ်နေတော့သည်။
လင်းရန်မှာ အရောင်သုံးမျိုးပါ ကပ်ဘေးမိုးကြိုးများ၏ ရိုက်ခတ်မှုကြောင့် ရေနက်ပိုင်းသို့ အကြိမ်ကြိမ် ကျဆင်းသွားရသော်လည်း ကောင်းကင်ယံသို့ အကြိမ်ကြိမ် ပြန်လည် ထိုးတက်လာခဲ့၏။ သူ့ခန္ဓာကိုယ်မှာ ငရဲကျသကဲ့သို့ ညှဉ်းပန်းနှိပ်စက်မှုကို ခံနေရသော်လည်း သူ့မျက်လုံးများက ပို၍ စိတ်ပိုင်းဖြတ်လာနိုင်ကာ အကြည့်များကလည်း ပိုမို တောက်ပလာခဲ့ပေသည်။
ဤတတိယမြောက် ကပ်ဘေးမိုးကြိုးလှိုင်းမှာ အချိန်အလွန်ကြာမြင့်လွန်းလှပြီး ပထမလှိုင်း နှစ်ခုပေါင်းထားသည့် အချိန်ထက်ပင် ကျော်လွန်နေလေသည်။ ဤသည်က လင်းရန်၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် နတ်ဘုရားအဆီအနှစ်များကို များစွာ ပြုန်းတီးစေခဲ့၏။
ကပ်ဘေးကို ဖြတ်ကျော်ရန်အတွက် ကပ်ဘေးမိုးကြိုးများ၏ ရိုက်ခတ်မှုကို ခံနိုင်ရည်ရှိရမည် ဖြစ်သော်လည်း နောက်ထပ် အရေးကြီးသည့် အချက်တစ်ချက် ရှိသေး၏။ ယင်းမှာ လုံလောက်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် နတ်ဘုရားစွမ်းအင်များ ရှိနေရန်ပင်။
ထိုသို့မဟုတ်ဘဲ မိမိ၏ ကပ်ဘေးကို အများစု ဖြတ်ကျော်ပြီးချိန်တွင် မျက်ခုံးကြား အသိစိတ်ပင်လယ်ထဲမှ နတ်ဘုရားအဆီအနှစ်များ ကုန်ဆုံးသွားပါက၊ မှော်စွမ်းအင်များကို ဆက်လက် အသုံးမပြုနိုင်တော့သည့် အဓိပ္ပာယ်ပင် ဖြစ်၏။ ထိုအခြေအနေတွင် ကပ်ဘေးမိုးကြိုးများ၏ ပစ်ခတ်မှုကိုသာ ထိုင်ခံနေရတော့မည် ဖြစ်ချေသည်။
တစ်ဝက်ကျော် ဖြတ်ကျော်ပြီးသည်ကို မဆိုထားနှင့်၊ မိုးကြိုးတစ်စင်း အလိုတွင် မှော်စွမ်းအင်များ ကုန်ဆုံးသွားပါက ချက်ချင်းပင် မိုးကြိုးပစ်ခံရကာ ခန္ဓာကိုယ်နှင့် ဝိညာဉ်ပါ ပျက်စီးသွားရန် အလွန် သေချာနေပြီ ဖြစ်ပေသည်။
ခရီးတစ်ခု၏ နောက်ဆုံးအပိုင်းက အခက်ခဲဆုံးပင်။ နောက်ဆုံး ကောင်းကင်မိုးကြိုးကို မခံနိုင်လျှင် ပထမဆုံး မိုးကြိုးကို မခံနိုင်ခြင်းနှင့် မည်သို့မျှ မကွာခြားပါချေ။ အဘယ်ကြောင့်ဆိုသော် ရလဒ်မှာ အတူတူပင် ဖြစ်သောကြောင့်တည်း။ ဟုတ်ပေသည်။ ရလာဒ်ကား သေဆုံးခြင်းပင်။
သို့သော် ယခုတစ်ကြိမ်တွင် လင်းရန်ကို စိတ်သက်သာရာ ရစေသည့်အချက်မှာ.... သူ ရင်ဆိုင်နေရသည်က အလွန် ကြောက်မက်ဖွယ်ကောင်းသော ဒြပ်စင်ငါးပါး မိုးကြိုးကပ်ဘေး ဖြစ်ပြီး၊ သာမန် ကျင့်ကြံသူများ ရင်ဆိုင်ရသည့် အပြင်းထန်ဆုံး ကပ်ဘေးမိုးကြိုးများထက် များစွာ သာလွန်နေသော်လည်း သူက မနည်း ကြံ့ကြံ့ခံနိုင်နေခြင်းပင်။
ဤသည်မှာ သူ့လက်ရှိ စွမ်းအားအဆင့်နှင့် သေချာပေါက် သက်ဆိုင်နေပေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ချီသန့်စင်ခြင်း အဆင့်ငါး၏ အလယ်အဆင့်တွင် ကပ်ဘေးကို ရင်ဆိုင်နေရသောကြောင့် ဖြစ်၏။ အကယ်၍ သူသာ ချီသန့်စင်ခြင်း အဆင့်လေးကို ချိုးဖောက်ပြီးနောက် ချက်ချင်း ကပ်ဘေးကို ရင်ဆိုင်ခဲ့ရပါက သူ တစ်ယောက်တည်းဖြင့် သေချာပေါက် ခံနိုင်ရည်ရှိမည် မဟုတ်ပါချေ။
ထို့ကြောင့် ယခုအချိန်တွင် လင်းရန်မှာ အလွန် ကံကောင်းနေခဲ့၏။ ချင်းရွှေမြို့သို့ ပြန်လာပြီး အဆင့်တက်ရန် နေရာမှန်ကို ရွေးချယ်နိုင်ခဲ့ခြင်းက ကံကောင်းခြင်းပင် ဖြစ်ပေသည်။ ယင်ယန် ဝင်္ကပါ အချက်အချာမှ ယင်နှင့် ယန်စွမ်းအင်များကို အားကိုးကာ ချီသန့်စင်ခြင်း အဆင့်ငါး၏ အလယ်အဆင့်သို့ တစ်ဟုန်ထိုး တက်လှမ်းနိုင်ခဲ့လေသည်။ ထိုသို့မဟုတ်ပါက သူ့ယခု ကပ်ဘေးမှာ အဆတစ်ရာခန့် ပိုမို ခက်ခဲနေမည်မှာ သေချာ၏။
ပို၍ ကံကောင်းသည်မှာ ကပ်ဘေးမိုးကြိုးလှိုင်း တစ်ခုစီကို ဖြတ်ကျော်ပြီးတိုင်း သူ့ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်နှင့် မျက်ခုံးကြားရှိ အသိစိတ်ပင်လယ်မှာ ကပ်ဘေးမိုးကြိုးများ၏ သန့်စင်မှုကြောင့် ပိုမို အားကောင်းလာပြီး နောက်ထပ် မိုးကြိုးလှိုင်းကို ခံနိုင်ရည်ရှိရန် လုံလောက်သွားခြင်းပင်။ အလွန် ခက်ခဲပြီး ကြီးမားလှသော နာကျင်မှုကို ခံစားရသော်လည်း သူ ခံနိုင်ရည် ရှိနေဆဲ ဖြစ်ချေသည်။
ထို့အပြင် လင်းရန်၏ နတ်ဘုရားအဆီအနှစ်များ အမြောက်အမြား ပြုန်းတီးသွားသော်လည်း ယခုအခါ သူက တစ်နာရီလျှင် နတ်ဘုရားအဆီအနှစ် အစက်ပေါင်း သုံးထောင့်ခြောက်ရာအထိ စုစည်းနိုင်နေပြီ ဖြစ်ပေသည်။ အသုံးပြုလိုက်ရသည့် ပမာဏက စုစည်းနိုင်သည့် ပမာဏထက် များစွာ သာလွန်နေသော်လည်း ပြန်လည် ဖြည့်တင်းနိုင်စွမ်း ရှိနေခြင်းက သူ့ကို ပို၍ ယုံကြည်မှု ရှိလာစေခဲ့သည်။
ကောင်းကင်ယံတွင် ပျံသန်းရင်း သူက အရှေ့ဘက်သို့ လျင်မြန်စွာ ဦးတည်သွားကာ ပင်လယ်ပြင်နယ်မြေမှ ထွက်ခွာသွားလေသည်။ ဤသည်မှာ ရီရှင်းချန် ရေထဲမှ ဘေးကင်းစွာ ထွက်ပေါ်လာနိုင်စေရန်အတွက်ပင်။
"ကံကောင်းလို့ ငါ ပြတ်ပြတ်သားသား ဆုံးဖြတ်ပြီး မိုးကြိုးကန်ကို ဖန်တီးခဲ့တာ... မဟုတ်ရင် ငါ့ရဲ့ ထူးကဲတဲ့ ခန္ဓာကိုယ်နဲ့တောင်မှ ကပ်ဘေးမိုးကြိုးစွမ်းအင်ရဲ့ အစိတ်အပိုင်း သေးသေးလေးကိုပဲ စုပ်ယူနိုင်မှာ... ကျန်တာတွေ အကုန် အလဟဿ ဖြစ်သွားမှာပဲ..."
ရွှေဒြပ်စင် မိုးကြိုးစွမ်းအင်များ သူ့ကိုယ်ထဲသို့ ဝင်ရောက်လာသည်နှင့်အမျှ လင်းရန်၏ ရွှေနဂါးလှံတံမှာ ပိုမို၍ အစွမ်းထက်လာပြီး အထူးသဖြင့် သူ့ကျောပြင်ပင် ဖြစ်လေသည်။ သူ့ရွှေရောင် ကျောရိုးမှာ အလွန်တရာ ခိုင်မာနေပြီး ကျောရိုးတစ်ခုလုံး အသန့်စင်ဆုံး ရွှေဒြပ်စင် မိုးကြိုးစွမ်းအင်များဖြင့် ပြည့်နှက်နေကာ တောက်ပသော ရွှေရောင်အလင်းတန်းများ ဖြာထွက်နေသဖြင့် ပတ်ဝန်းကျင်တစ်ခုလုံးကို ရွှေရောင်လွှမ်းသွားစေတော့သည်။
ဤအချိန်တွင် လင်းရန်၏ ဒန်တျန်ထဲရှိ ရွှေရောင်နဂါးပုံစံ အမှတ်အသားလေးမှာ စွမ်းအင်များကို အငမ်းမရ မျိုချနေပြီး ရွှေဒြပ်စင် မိုးကြိုးစွမ်းအင်များကို ပြင်းပြစွာ လိုလားနေခဲ့သည်။
ယခုအခါ လင်းရန်၏ ဒြပ်စင်ငါးပါး ပါဝင်သော ယင်ယန်ဒြပ်စင်ငါးပါးမီးတောက်တွင် ရေ၊ မီး၊ သစ်သားနှင့် ရွှေ ဟူသော ဒြပ်စင်လေးမျိုးစလုံးမှာ အရွယ်အစား တူညီစွာ ကြီးထွားလာခဲ့ပြီ ဖြစ်ပေသည်။ အရောင်လေးမျိုးရှိသော မီးတောက်များ၏ ထုထည်မှာ ယခင်ကထက် အဆငါးဆကျော် ပိုမို ကြီးမားလာခဲ့၏။
မီးတောက်များ၏ အရောင်ကို ကြည့်ရုံဖြင့် ၎င်းတို့က မူလ ဒြပ်စင်ငါးပါးမီးတောက်ထက် ပိုမို သန့်စင်ပြီး စွမ်းအားကြီးမားကြောင်း သိနိုင်ပေသည်။
ဤအရာများအားလုံးမှာ ကပ်ဘေးကို ဖြတ်ကျော်ရာမှ ရရှိလာသော အကျိုးကျေးဇူးများဖြစ်ပြီး လင်းရန်၏ တာအိုလမ်းစဉ်အတွက် ပြိုင်ဘက်ကင်းသော အခြေခံအုတ်မြစ်တစ်ခု တည်ဆောက်ရန် ကူညီပေးနိုင်သည်။ သေချာပေါက်ပင် ယင်း၏ ကြိုတင်သတ်မှတ်ချက်မှာ သူ ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်မှသာ ဖြစ်ချေသည်။
တတိယမြောက် မိုးကြိုးလှိုင်းမှာ ပထမဆုံး ပစ်ခတ်မှုမှ စတင်ကာ တစ်နာရီတိတိ ကြာမြင့်ခဲ့ပေသည်။ လင်းရန်က သွေးနတ်ဘုရားဓားကို ဝှေ့ယမ်းရင်း သူ့ခန္ဓာကိုယ် လုံးဝနီးပါး ထုံကျင်သွားချိန်တွင် နောက်ဆုံး မိုးကြိုးတစ်စင်း ကျဆင်းလာကာ သူ့ကို ပင်လယ်ထဲသို့ ရိုက်ချလိုက်လေသည်။ ထို့နောက် တတိယမြောက် ကပ်ဘေးမိုးကြိုးလှိုင်း ပြီးဆုံးသွားတော့သည်။
"ရွှေဒြပ်စင် မိုးကြိုးက တကယ် ကြောက်စရာကောင်းတာပဲ... ငါတောင် မနည်း ခံလိုက်ရတယ်..."
လင်းရန် ပင်လယ်ထဲမှ ကောင်းကင်သို့ ခုန်တက်လာပြီး အမောတကော အသက်ရှူကာ သွားဖြီးလိုက်၏။ တစ်စိတ်တစ်ပိုင်းမှာ ပင်ပန်းနွမ်းနယ်မှုကြောင့်ဖြစ်ပြီး ကျန်တစ်စိတ်တစ်ပိုင်းမှာ နာကျင်မှုကြောင့်ပင် ။
အခန်း ၁၅၆၃ ပြီး
***