"ထွီ..."
လင်းရန်၏ ပုံစံကို ရုတ်တရက် မြင်လိုက်ရသောအခါ ရီရှင်းချန်၏ လှပသော မျက်နှာလေးမှာ သွေးလို နီရဲသွားခဲ့လေသည်။ သူမက မျက်နှာကို တစ်ဖက်သို့ လွှဲလိုက်ပြီး ဖွဖွလေး တံတွေးထွေးလိုက်ကာ စကားပင် ဆက်မပြောနိုင်တော့ချေ။
လောကကြီးကို အထင်အမြင်သေးတတ်သော ပြိုင်ဘက်ကင်းပြီး ဆွဲဆောင်မှုရှိလှသည့် မိစ္ဆာမလေး ရီရှင်းချန်မှာ ယခုအခါ သူမ၏ ရင်ဘတ်ထဲတွင် သမင်ပေါက်လေးတစ်ကောင်လို ခုန်ပေါက်နေသည်ကို ခံစားနေရ၏။ အလွန်တရာ ရှက်စရာကောင်းလွန်းလှပေသည်။
ထိုအချိန်က သူမသည် ကောင်းကင်ကပ်ဘေး၏ နောက်ဆုံး တိုက်ခိုက်မှုကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီး ထိုကပ်ဘေးမိုးကြိုး၏ စွမ်းအားမှာ တကယ့်ကို ကြောက်စရာကောင်းလှကြောင်း သိထားလေသည်။ သူမက လင်းရန်၏ အသက်အန္တရာယ်ကိုသာ စိုးရိမ်နေခဲ့ပြီး အခြား မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်ခဲ့ပါချေ။
သူမက မယုံနိုင်လောက်အောင် မြန်ဆန်စွာ အောက်သို့ ဆင်းလာခဲ့ခြင်း ဖြစ်၏။ လင်းရန် ပင်လယ်ကြမ်းပြင်သို့ ရိုက်ချခံရချိန်နှင့် သူမ ရောက်ရှိလာချိန်ကြားတွင် အများဆုံး အသက်ရှူကြိမ် ဆယ်ကြိမ်ခန့်သာ ကြာမြင့်ခဲ့လေသည်။ ထို့အပြင် သူမ၌ ရေကာပုလဲ ရှိနေသဖြင့် ပင်လယ်ကြမ်းပြင်သို့ တိုက်ရိုက် ဝင်ရောက်နိုင်ခဲ့ပေသည်။ ရှောင်တိမ်းရန် အချိန်မရှိလိုက်ဘဲ ရေကာပုလဲ၏ ဧရိယာထဲတွင် လင်းရန်ကို လွှမ်းခြုံလိုက်မိခြင်း ဖြစ်၏။
တကယ်တမ်းတွင် နောက်ဆုံး ကပ်ဘေးမိုးကြိုးကြောင့် ပင်လယ်ကြမ်းပြင်တွင် ပွင့်သွားသော အပေါက်နက်ကြီးမှာ အချင်း သုံးမီတာခန့်သာ ရှိပြီး နေရာက အလွန် ကျဉ်းမြောင်းလှသဖြင့် ရီရှင်းချန်က လင်းရန်ကို ဝင်တိုက်မိမလိုပင် ဖြစ်သွားခဲ့လေသည်။
ဤသို့ ရုတ်တရက် အခြေအနေပြောင်းလဲသွားမှုကြောင့် ရီရှင်းချန်မှာ ပြိုင်ဘက်ကင်း မိစ္ဆာမလေး ဖြစ်နေလျှင်တောင်မှ မလွဲမသွေ အံ့အားသင့်သွားခဲ့ရပေသည်။ ပြောစရာပင် မလိုဘဲ သူမ အလွန်အမင်း ရှက်ရွံ့သွားခဲ့၏။ ထို့အပြင် လင်းရန်၏ စကားများ၊ အမူအရာ၊ မျက်နှာထားနှင့် လေသံတို့က သူမကို ပို၍ပင် ရှက်သွေးဖြာသွားစေခဲ့သည် ဖြစ်ချေသည်။
ယခု မြင်ကွင်းမှာ တကယ့်ကို ထူးခြားလွန်းလှသည်ဟု ဆိုရမည် ဖြစ်ပေသည်။
အဆုံးအစမဲ့ အရှေ့ပင်လယ်ပြင်၏ ရေမျက်နှာပြင်အောက် မီတာ ၅၀၀တွင် မီတာ ၂၀၀ ကျော် နက်သော ဂူပေါက်နက်ကြီးတစ်ခု ရှိနေပြီး ထိုမှောင်မည်းပြီး ကျဉ်းမြောင်းသော ဂူပေါက်ကြီး၏ အောက်ခြေရှိ အပြာရောင် အကာအကွယ်ဧရိယာလေးထဲတွင် ယောက်ျားတစ်ယောက်နှင့် မိန်းမတစ်ယောက် ရှိနေလိမ့်မည်ဟု မည်သူမျှ စိတ်ကူးကြည့်နိုင်မည် မဟုတ်ပါချေ။ တစ်ယောက်က တင်ပျဉ်ခွေ ထိုင်နေပြီး ကျန်တစ်ယောက်ကမူ ရှက်ရွံ့စွာဖြင့် မျက်နှာကို တစ်ဖက်သို့ လွှဲကာ မတ်တပ်ရပ်နေလေသည်။
ဂူပေါက်နက်ကြီး၏ အထက် မီတာငါးဆယ်တွင် ရေကာပုလဲ၏ အကာအကွယ်ဧရိယာက ပင်လယ်ရေများကို တားဆီးပေးထား၏။ ထိုအထက်တွင် ရေအနက် မီတာ ခုနစ်ရာခန့်ရှိသော ပင်လယ်ရေများက ဤနေရာကို အလွန်တရာ တိတ်ဆိတ်ငြိမ်သက်သော နေရာလေးတစ်ခုအဖြစ် လွှမ်းခြုံထားပြီး အပြာရောင်သန်းကာ အဆုံးမရှိသော ဆန်းကြယ်မှုများကို ခံစားရစေသည် ဖြစ်ပေသည်။
ဤသည်ကိုမှ တကယ့် လွတ်လပ်တဲ့ ယောက်ျားလေးနဲ့ မိန်းကလေး နှစ်ယောက်တည်း ရှိနေတယ်လို့ ခေါ်ဆိုနိုင်ပေသည်။
"ဟားဟား... ရှင်းချန်... မင်းလည်း ရှက်တတ်တာပဲလား..."
လင်းရန် မော့ကြည့်လိုက်ပြီး အလွန်အမင်း ရှက်သွေးဖြာနေသော ရီရှင်းချန်ကို မျက်တောင်မခတ်တမ်း ကြည့်ကာ သွားဖြီးရင်း ပြောလိုက်လေသည်။ "ကိုယ်က မင်းကို ဘယ်တော့မှ မရှက်တတ်ဘူးလို့ ထင်နေတာ..."
လင်းရန်က ရီရှင်းချန်သည် သူ့အသက်အန္တရာယ်ကို စိုးရိမ်သောကြောင့် ဤမျှ အလျင်စလို အောက်သို့ ဆင်းလာခဲ့ခြင်းဖြစ်ကြောင်း သိထားပေသည်။ သို့သော် သူသည် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးဖြစ်ကာ သူ့စွမ်းအားမှာလည်း ကပ်ဘေးမတိုင်မီကထက် အနည်းဆုံး သုံးဆခန့် တိုးတက်လာခဲ့ပြီ ဖြစ်၏။ သူက အလွန်တရာ စွမ်းအားကြီးမားနေပြီဖြစ်ရာ မည်သည့် မမျှော်လင့်ထားသော အခြေအနေကိုမျှ မကြောက်ရွံ့တော့ပါချေ။ ထို့ကြောင့် ဤနေရာတွင် ရီရှင်းချန်ကို စနောက်နေရန် အချိန်ရနေခြင်း ဖြစ်ပေသည်။
"ချီးပဲ... နင် အရှက်မရှိဘူးလား... မြန်မြန် အဝတ်အစား ဝတ်စမ်း..."
ရီရှင်းချန်က ခေါင်းကို တစ်ဖက်သို့ လွှဲထားပြီး သူမ၏ ဖြူဖွေးသော လည်တိုင်လေးမှာ ရှက်သွေးများကြောင့် နီရဲနေခဲ့လေသည်။ လင်းရန် ငြိမ်ထိုင်နေမှန်း သိလိုက်သဖြင့် သူမက ခြေဆောင့်ကာ ကျိန်ဆဲလိုက်သည်။
"အဝတ်အစား ဝတ်ရမယ်... ကိုယ်လည်း ဝတ်ချင်တာပေါ့... ဒါပေမဲ့ ဒီကပ်ဘေးကြောင့် ကိုယ့်ရဲ့ တိုက်ပွဲဝင် ချပ်ဝတ် နှစ်စုံတောင် ပျက်စီးသွားပြီလေ... အခု ဝတ်စရာ အဝတ်အစားမှ မရှိတော့တာ..."
လင်းရန်က တည်တည်ငြိမ်ငြိမ်ဖြင့် အဓိပ္ပာယ်မရှိသော စကားများကို ပြောဆိုနေခဲ့၏။ သူက ဝတ်စရာ အဝတ်အစား မရှိတော့ကြောင်း အရင်ပြောလိုက်ပြီးနောက် စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ဆက်ပြောလေသည်။ "ပြီးတော့.... ကိုယ်က နောက်ဆုံး မိုးကြိုး အပစ်ခံလိုက်ရတာ အရမ်း ပြင်းထန်သွားတယ်... အခု ကိုယ့်ကိုယ်ထဲမှာ လျှပ်စစ်ဓာတ်တွေ ကစဉ့်ကလျား ဖြစ်နေပြီး တစ်ကိုယ်လုံး ထုံကျင်နေလို့ နည်းနည်းလေးတောင် လှုပ်လို့ မရတော့ဘူး... အဝတ်အစား ရှိရင်တောင်မှ ဝတ်လို့ရမှာ မဟုတ်ဘူး..."
ဤသည်မှာ သေချာပေါက် လိမ်ညာနေခြင်းသာ ဖြစ်ပေသည်။ နောက်ဆုံး ကပ်ဘေးမိုးကြိုး မကျဆင်းမီ လင်းရန်သည် ရွှေရောင် အင်မော်တယ်အဆီအနှစ်ကို စုစည်းရန် အမြုတေ စုစည်းခြင်းကို အသုံးပြုခဲ့ပြီး လောကဦးချီအကာအကွယ်ကို ဖွင့်လှစ်ရန် ၎င်း၏ စွမ်းအားများကို ထုတ်လွှတ်ခဲ့လေသည်။ နောက်ဆုံး ဒြပ်စင်ငါးပါး မိုးကြိုးကပ်ဘေးက သူ့လောကဦးချီအကာအကွယ်ကို အပိုင်းပိုင်း ကွဲကြေသွားစေခဲ့သော်လည်း မိုးကြိုးကပ်ဘေးမှာလည်း အကွဲကွဲအပြားပြား ဖြစ်သွားပြီးနောက် ၎င်း၏ ကန့်သတ်ချက်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်၏။
လင်းရန်၏ ခန္ဓာကိုယ်ကို ထိမှန်သည့် အခိုက်အတန့်တွင် တိုက်ပွဲဝင် ချပ်ဝတ်ကို ပြာအဖြစ် ပြောင်းလဲသွားစေရုံမှလွဲ၍ သူ့ကို မည်သည့် ထိခိုက်ဒဏ်ရာမျှ မရစေနိုင်ခဲ့ပါချေ။
ဤကပ်ဘေးမှနေ၍ လင်းရန်သည် ကြီးမားလှသော အကျိုးအမြတ်များကို ရရှိခဲ့ပေသည်။ ယင်းကပ်ဘေးကို ဖြတ်သန်းခဲ့ရသည့် လွန်ခဲ့သော နှစ်နာရီခွဲအတွင်း လင်းရန်၏ အကျိုးအမြတ်များမှာ သူ့ယခင် အောင်မြင်မှုများ အားလုံးထက်ပင် သာလွန်သွားခဲ့ပြီဟု ဆိုနိုင်သည် ဖြစ်၏။
လင်းရန်၏ တစ်ခုတည်းသော ဆုံးရှုံးမှုမှာ သူ အပင်ပန်းခံ ဖန်တီးထားသော တိုက်ပွဲဝင် ချပ်ဝတ် နှစ်စုံသာ ဖြစ်လေသည်။
ထိုစဉ်က ရီရှင်းချန်သည် လင်းရန်အား အကောင်းဆုံး အရည်အသွေးရှိ ရွှေနက်ပိုးချပ်ဝတ် သုံးစုံကို ပေးခဲ့ပြီး လင်းရန်က ၎င်းတို့အားလုံးကို တိုက်ပွဲဝင် ချပ်ဝတ်များအဖြစ် ဖန်တီးခဲ့ပေသည်။ ယခု နှစ်စုံ ဆုံးရှုံးသွားပြီဖြစ်ရာ တစ်စုံသာ ကျန်ရှိတော့ပြီး ယင်းမှာ လင်းရန်၏ သိုလှောင်လက်စွပ်ထဲတွင် ရှိနေသေးသည်။
"ဒါဆို... ဒါဆို ရှင် ဒီမှာ ခဏ နားနေလိုက်... ကျွန်မ... ကျွန်မ အပေါ်တက်ပြီး ရှင့်ကို စောင့်နေမယ်..."
အလွန်တရာ အနေရခက်လှသော အခြေအနေကို ဆက်လက် သည်းမခံနိုင်တော့သဖြင့် ရီရှင်းချန်က အံတင်းတင်းကြိတ်ကာ စကားတစ်ခွန်း ပြောလိုက်ပြီး ပင်လယ်ထဲမှ ထွက်ခွာရန် ပြင်လိုက်သည်။
"အပြင်မထွက်နဲ့... အပေါ်ကနေ ရန်သူတွေ လာနေတယ်..."
ရီရှင်းချန်ကို တားဆီးရန် လင်းရန်က ချက်ချင်း သတိပေးလိုက်ပေသည်။ ယခုအခါ သူ့နတ်ဘုရားအာရုံ အကွာအဝေးမှာ မီတာ ရှစ်ထောင်ကျော်အထိ ရောက်ရှိနေပြီဖြစ်ပြီး လင်းရန်၏ နတ်ဘုရားအာရုံမှာ ကပ်ဘေးမိုးကြိုး၏ သန့်စင်မှုကြောင့် အလွန်တရာ စူးရှကြည်လင်သည့် အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ ပင်လယ်ရေထဲတွင်ပင် သူ့ကိုယ်ပတ်လည် မီတာ တစ်ထောင်အတွင်းရှိ အခြေအနေများကို အလွယ်တကူ ထောက်လှမ်းနိုင်လေသည်။ ဤနေရာမှ ပင်လယ်ရေမျက်နှာပြင်သို့ အကွာအဝေးမှာ မီတာ ခုနစ်ရာသာ ရှိသဖြင့် ပင်လယ်ရေမျက်နှာပြင်ပေါ်ရှိ အခြေအနေများကို လင်းရန်က သဘာဝကျကျ ရှင်းလင်းစွာ သိရှိနိုင်စွမ်း ရှိနေ၏။
ယခုလေးတင် သူတို့နှစ်ဦး ခဏတာ စကားပြောနေစဉ်အတွင်း အထက်ရှိ ပင်လယ်ပြင် ကောင်းကင်ယံတွင် လူငါးယောက် ရုတ်တရက် ပေါ်လာခဲ့ပေသည်။ ဤလူငါးယောက်မှာ လင်းရန် နောက်ဆုံး မိုးကြိုးအပစ်ခံရပြီးနောက် အနောက်မြောက်ဘက် မီတာ ၃၀,၀၀၀ အကွာအဝေးမှ ထွက်ပေါ်လာသော လူငါးယောက်ပင် ။
ဤလူငါးယောက်သည် အစွမ်းထက်သော အရှိန်အဝါများကို ပိုင်ဆိုင်ထားကြပြီး အသံထက် နှစ်ဆပိုမြန်သော အမြန်နှုန်းဖြင့် ပျံသန်းလာကြခြင်း ဖြစ်၏။ မီတာ ၃၀,၀၀၀ ဆိုသည်မှာ တကယ်တမ်းတွင် ၃၀ ကီလိုမီတာသာ ရှိပြီး သူတို့ ပေါ်လာပြီးနောက် မိနစ်ဝက်ကျော်လေးအတွင်းမှာပင် ရောက်ရှိလာကြခြင်း ဖြစ်ချေသည်။
ဤအချိန်တွင် သူတို့သည် ပင်လယ်ပြင်အထက်တွင် လေထဲ၌ ရပ်တန့်နေကြပြီး မျက်နှာထား တည်ကြည်ကာ တိတ်ဆိတ်စွာဖြင့် အောက်ဘက်ရှိ ပင်လယ်ပြင်တစ်ခုလုံး၏ အခြေအနေကို ဖောက်ထွင်းမြင်နိုင်ရန် သူတို့၏ နတ်ဘုရားအာရုံများကို ကန့်သတ်ချက်အထိ တွန်းတင်၍ ကြိုးစားနေကြလေသည်။
"ရန်သူတွေ လာနေတယ်..."
"အရှက်မရှိတဲ့ ကောင်စုတ်... ရှင် ကျွန်မကို တမင် လိမ်နေတာတော့ မဟုတ်ပါဘူးနော်..."
အကယ်၍ လင်းရန်ကသာ သူမကို လိမ်ရဲလျှင် ရှက်စရာကောင်းမည်ကိုပင် ဂရုမစိုက်တော့ဘဲ ဤအရှက်မရှိသော ကောင်လေးကို နှစ်ချက်လောက် ကန်ပစ်မည်ဟု ရီရှင်းချန်က တိတ်တဆိတ် ဆုံးဖြတ်လိုက်ပေသည်။ ထိုသို့မဟုတ်လျှင် သူမ၏ ဒေါသများ ပြေပျောက်သွားမည် မဟုတ်ပါချေ။
"ကိုယ် မင်းကို နောက်နေတာ မဟုတ်ပါဘူး... အပေါ်ကနေ လူငါးယောက် ရောက်လာပြီ... သူတို့အားလုံးမှာ အရမ်း အစွမ်းထက်တဲ့ အရှိန်အဝါတွေ ရှိတယ်... ချီသန့်စင်ခြင်း အဆင့်ခြောက် အထွတ်အထိပ်မှာ ရှိတဲ့ လုံတျန်းဖန်ထက်တောင် ပိုစွမ်းအားကြီးလောက်တယ်..."
"သူတို့ရဲ့ အရှိန်အဝါကို ကြည့်ရတာ... ဒီလူငါးယောက်ထဲက သုံးယောက်က လုံမိသားစုက ဖြစ်ရမယ်... ကျန်တဲ့ နှစ်ယောက်ကတော့ လုံဟူတောင်က ဖြစ်မယ်လို့ ကိုယ် ထင်တယ်..."
လင်းရန် သွက်လက်စွာ ပြောလိုက်၏။ သေချာပေါက် ဤကဲ့သို့သော ကိစ္စရပ်များကို လိမ်ညာရန် အကြောင်းပြချက် မရှိသဖြင့် ရီရှင်းချန်အား အမှန်အတိုင်းသာ ပြောပြလိုက်ခြင်း ဖြစ်ပေသည်။
"လုံမိသားစုနဲ့ လုံဟူတောင်... ဘာ... ဘာလုပ်ကြမလဲ..."
လင်းရန်၏ တည်ကြည်နေသော မျက်နှာထားကို မြင်လိုက်ရသောအခါ ရီရှင်းချန်မှာ ရှက်ရွံ့မှုကို မေ့သွားပြီး စတင် စိုးရိမ်လာတော့သည်။ အကယ်၍ ရန်သူ ငါးယောက်၊ လုံမိသားစုမှ သုံးယောက်နှင့် လုံဟူတောင်မှ နှစ်ယောက် ရှိနေပြီး တစ်ယောက်ချင်းစီက လုံတျန်းဖန် ထက် ပိုမို စွမ်းအားကြီးနေပါက သူတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းနိုင်မည်နည်း။
"ဘာလုပ်ရမလဲ... ကိုယ်နဲ့ လွှတ်ထားလိုက်ပေါ့..."
လင်းရန်က တောက်ပစွာ ပြုံးလိုက်ရာ သူ့အနီရောင် နှုတ်ခမ်းများနှင့် ဖြူဖွေးသော သွားများ ပေါ်လာပြီး ပျင်းရိကာ ဂရုမစိုက်သည့်ပုံ ပေါက်နေလေသည်။ သူ ရယ်မောရင်း ....
"သူတို့က ကပ်ဘေးမိုးကြိုးကြောင့် လန့်နိုးလာပြီး လာကြည့်ရုံသက်သက်ဆိုရင်တော့ ကံကောင်းတာပေါ့... ဒါပေမဲ့ ကိုယ့်ကို ဒုက္ခပေးဖို့.... ဒါမှမဟုတ် အခက်အခဲကြုံနေတုန်း အခွင့်ကောင်းယူဖို့ လာတာဆိုရင်တော့ သူတို့ တကယ် ကံဆိုးတာပဲ..."
ထိုစကားကြောင့် ရီရှင်းချန် အံ့သြဆွံ့အသွားရလေသည်။
သူမက အံ့အားသင့်စွာ မေးလိုက်မိ၏။ "လင်းရန်... ရှင်... ရှင် အခု သူတို့ကို နိုင်တယ်ပေါ့..."
လင်းရန်က သူမကို မျက်စောင်းထိုးလိုက်ပြီး ... "ဒါ ဘယ်လို စကားမျိုးလဲ... ကိုယ် ကပ်ဘေးကို အောင်မြင်စွာ မဖြတ်ကျော်ခင်တုန်းကတောင်မှ သူတို့ကို အလွယ်တကူ ချေမှုန်းနိုင်ခဲ့တယ်... အခုဆိုရင်တော့ ပြောနေစရာတောင် မလိုတော့ဘူး..."
"ဒါပေမဲ့ ရှင်က အခုမှ ကပ်ဘေးကို ဖြတ်ကျော်ပြီးကာစဆိုတော့ အားအနည်းဆုံး အချိန် ဖြစ်နေမှာပေါ့... ပြီးတော့... ရှင်က နောက်တစ်ခါ ထပ်အပစ်ခံရပြီး မလှုပ်နိုင်တော့ဘူးဆို..."
"မကြာခင် လှုပ်လို့ရတော့မှာပါ..."
လင်းရန် ရယ်မောလိုက်ပြီး ... "ဒါပေမဲ့ ကိုယ် နည်းနည်းတော့ အားနည်းနေတာ အမှန်ပဲ... ဒါကြောင့် မင်းသာ အခု လာပြီး ကိုယ့်ရဲ့ ပခုံးတွေ၊ ခြေထောက်တွေကို နှိပ်နယ်ပေးမယ်ဆိုရင် မြန်မြန် သက်သာသွားနိုင်လောက်တယ်..."
"အရှက်ကိုမရှိဘူး..."
ရီရှင်းချန်မှာ အလွန်တရာ ဉာဏ်ကောင်းလှပေသည်။ လင်းရန်၏ ဂရုမစိုက်သည့် အမူအရာကို မြင်လိုက်သည်နှင့် သူမ လှည့်စားခံလိုက်ရမှန်း ချက်ချင်း သိလိုက်လေသည်။
ယခုအခါ သူမသည် လင်းရန်ကို ကောင်းစွာ နားလည်နေပြီ ဖြစ်၏။ အကယ်၍ လင်းရန်သာ သူ မနိုင်နိုင်သော အစွမ်းထက်သည့် ရန်သူနှင့် တကယ် ကြုံတွေ့ရပါက သူမနှင့်အတူ ဤနေရာတွင် ထိုင်ပြီး အဓိပ္ပာယ်မရှိသော စကားများကို ပြောနေမည် မဟုတ်ပေ။ သူက ရီရှင်းချန်ကို ဆွဲခေါ်ကာ ထွက်ပြေးသွားပြီ ဖြစ်မည်၊ သို့မဟုတ် အနည်းဆုံး ရီရှင်းချန်ကို သူ့အား ဆွဲခေါ်သွားခိုင်းမည်သာ ဖြစ်ပေသည်။
"အခု ရန်သူတွေ ရောက်နေပြီဆိုတော့ မြန်မြန် အဝတ်အစား ဝတ်ပြီး အပြင်ထွက် တိုက်လေ..."
ရီရှင်းချန်သည် လင်းရန် ကပ်ဘေးဖြတ်ကျော်နေသည်ကို စောင့်ကြည့်နေခဲ့ပြီး လုပ်ငန်းစဉ်တစ်ခုလုံးမှာ သေခြင်းရှင်ခြင်းကြားမှ အလွန်တရာ ခက်ခဲလှကြောင်း သိထားလေသည်။ သူမ အလွန်တရာ စိတ်လှုပ်ရှားခဲ့ရပြီး အချိန်တိုင်း ရင်တမမ ဖြစ်နေခဲ့ရ၏။ ယခု လင်းရန် ဘေးကင်းလုံခြုံနေသည်ကို မြင်ရသောအခါ အစွမ်းထက်သော ရန်သူများကို ချေမှုန်းသည်ကို သူမ ကြည့်ချင်လာတော့သည်။
"အဝတ်အစား ဝတ်ဖို့ ဘာလို့ ဒီလောက် လောနေရတာလဲ..."
လင်းရန်က တိုက်ရိုက် ပြန်လည် ချေပလိုက်ပြီးနောက် ခေါင်းကို နောက်သို့မော့ကာ ရင်ကော့လိုက်ပြီး ယုံကြည်မှုရှိစွာ ပြောလိုက်လေသည်။ "ကိုယ် ဒီတိုင်းလေး နေတာ မချောဘူးလား..."
"ဒါ့အပြင်... ကိုယ် ကပ်ဘေး ဖြတ်ကျော်နေတုန်းက ကိုယ့်ရဲ့ အဝတ်အစားတွေ မိုးကြိုးပစ်ခံရပြီး လွင့်စင်သွားတာလေ... မင်းလည်း မြင်တာပဲ..."
ရီရှင်းချန် ဒေါသတကြီး ခြေဆောင့်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ နီရဲသွားပြီး အံတင်းတင်းကြိတ်ကာ ငြင်းခုံလိုက်၏။ "ပေါက်ကရတွေ... ရှင် ကပ်ဘေး ဖြတ်ကျော်နေတုန်းက မိုးကြိုးတွေ လုံးဝ လွှမ်းခြုံထားတာ... ကျွန်မ ဘာမှ မမြင်ရဘူး..."
လင်းရန်က မျက်လုံးလှန်လိုက်ပြီး ... "ချီး... မိုးကြိုးလှိုင်းက အကြိမ်ကြိမ် လာတာလေ... လှိုင်းတစ်ခု ပြီးသွားတဲ့ အချိန်ကျတော့ရော..."
ရီရှင်းချန် ... "အကွာအဝေးက အရမ်း ဝေးတယ်... ကျွန်မရဲ့ နတ်ဘုရားအာရုံက မမြင်ရဘူး..."
လင်းရန် .... "မျက်လုံးနဲ့ရော..."
ရီရှင်းချန်မှာ ရယ်ချင်စိတ်ကို အောင့်ထားလိုက်ပြီး.... "အရမ်း အရုပ်ဆိုးလို့ မကြည့်ချင်ပါဘူး..."
လင်းရန် တိတ်တဆိတ် ကျေနပ်သွားသော်လည်း သူ့မျက်နှာထားမှာ အလွန်တရာ တည်ကြည်နေပြီး လေးနက်စွာ ပြောလိုက်လေသည်။ "မိန်းမချောလေး... ကောင်းကင်ကပ်ဘေးက အခုလေးတင် ပြီးသွားတာလေ... လူဆိုတာ ရိုးသားရမယ်..."
"ရှင် ကျွန်မကို မစလို့ မရဘူးလား..."
လင်းရန်က သူမကို နည်းလမ်းမျိုးစုံဖြင့် "အနိုင်ကျင့်" နေသည်ကို မြင်သောအခါ ရီရှင်းချန် ဒေါသထွက်သွားလေသည်။ သူမက လှည့်လာပြီး လင်းရန်ကို လှပသော မျက်လုံးများဖြင့် စိုက်ကြည့်ကာ ... "ရှင့်ကို ပြောထားမယ်နော်... ဒီဘွားဘွားဆီမှာ အသံဖမ်းစက်တွေ တစ်ပုံကြီး ပါတယ်... ရှင်က တကယ်ပဲ လူတွေကို ပြချင်နေတယ်ဆိုရင် ကျွန်မကလည်း ရဲရဲဝံ့ဝံ့ပဲ ဗီဒီယိုရိုက်ပြီး ရှင့်ဘေးနားက မိန်းမချောလေးတွေ အားလုံးကို ပြပစ်မယ်..."
တကယ့်ကို အသေသတ် တိုက်ခိုက်မှုပင် ဖြစ်ချေသည်။
"ကိုယ် မှားသွားပါတယ်..."
လင်းရန် ချက်ချင်း လက်မြှောက် အရှုံးပေးလိုက်လေသည်။ ရီရှင်းချန်က သူမ ပြောသည့်အတိုင်း တကယ် လုပ်မည်ကို သိထားသဖြင့် သူ ချက်ချင်း ထရပ်လိုက်ပြီး စိတ်အာရုံဖြင့် အဝတ်အစားတစ်စုံကို ထုတ်ယူကာ လျင်မြန်စွာ ဝတ်ဆင်လိုက်တော့သည်။
"ဟိ..."
ရီရှင်းချန် နောက်ဆုံးတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီ ဖြစ်၏။ လင်းရန်၏ ပြာယာခတ်နေသော အခြေအနေကို ကြည့်ရင်း သူမ မနေနိုင်ဘဲ ရယ်မောလိုက်မိလေသည်။ "ကောင်စုတ်လေး... ရှင်က ကျွန်မ ရှင့်ကို မနိုင်ဘူးလို့ တကယ် ထင်နေတာလား..."
....
ပင်လယ်ပြင်အထက်တွင် လူငါးယောက်က အချိန်အတော်ကြာ သေချာစွာ စောင့်ကြည့်နေခဲ့ကြပေသည်။ သူတို့ အချင်းချင်း အပြန်အလှန် ကြည့်လိုက်ကြပြီးနောက် သူတို့ထဲမှ တစ်ယောက်က ခေါင်းယမ်းကာ ပြောလိုက်၏။ "နောက်ဆုံး မိုးကြိုးက ပင်လယ်ကြမ်းပြင်မှာ အပေါက်နက်ကြီး တစ်ခု ဖြစ်သွားစေတယ်... အဲဒီအထဲမှာ ဘာရှိလဲဆိုတာ ကျုပ် မထောက်လှမ်းနိုင်ဘူး..."
ပထမလူ စကားပြောမဆုံးမီမှာပင် ခရမ်းရောင် ဝတ်ရုံရှည်ကြီးကို ဝတ်ဆင်ထားသော အခြားတစ်ယောက်က ဝင်ပြောလိုက်လေသည်။ "အခု ကြည့်ရတာ ဒီနေရာမှာ ကပ်ဘေး ဖြတ်ကျော်သွားတဲ့သူက သေချာပေါက် လင်းရန် ဖြစ်မယ်... ရောင်းရင်းလုံရဲ့ အစီအစဉ်က ဘာများလဲ မသိဘူး..."
လုံရူယွီက ခရမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသူကို ချက်ချင်း လှည့်ကြည့်လိုက်ပြီး သူ့မျက်လုံးများတွင် လူသတ်ချင်စိတ်များ ပေါ်လွင်နေခဲ့ပေသည်။ "နတ်မိုးကြိုးသခင်... ကျုပ် ထင်တာတော့ ကျုပ်တို့ နှစ်ယောက်တောင်မှ အဲဒီ နောက်ဆုံး ကပ်ဘေးမိုးကြိုးကို ကျော်ဖြတ်နိုင်ဖို့ ခက်ခဲလိမ့်မယ်... ဒါကြောင့် လင်းရန် အသက်ရှင်နေသေးရင်တောင်မှ သူ အားအနည်းဆုံး အချိန် ဖြစ်နေမှာ သေချာတယ်..."
အခန်း ၁၅၆၆ ပြီး
***