ဤနေရာသို့ ရောက်သောအခါ လုံရူယွီက အနည်းငယ် ရပ်တန့်လိုက်ပြီး သူ့ခိုင်မာသော အကြည့်များက အခြား လူလေးယောက်ကို ဝေ့ကြည့်လိုက်ကာ လေးနက်သော လေသံဖြင့် ဆက်ပြောလေသည်။ "လူကြီးမင်းတို့... ဩဂုတ်လ ၁၅ ရက်နေ့က မိစ္ဆာနှိမ်နင်းအစည်းအဝေး ပြီးတဲ့နောက်ပိုင်း.... အထူးသဖြင့် ညသန်းခေါင်ကျော်မှာ ကျုပ်တို့ လုံမိသားစုက လုံတျန်းဖန်နဲ့ လင်းရန် တို့ရဲ့ တိုက်ပွဲကြီး ပြီးတဲ့နောက် ကျုပ်တို့ လုံမိသားစုက အခုဆို လင်းရန်ရဲ့ အစစ်အမှန် စွမ်းအားနဲ့ ဝှက်ဖဲတွေကို အကုန်အစင် သိထားပြီးပြီ..."
"ကျုပ် လုံရူယွီက သူများတွေကို မြှောက်ထိုးပင့်ကော် လုပ်ပြီး ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေတာ မဟုတ်ပါဘူး... ရိုးရိုးသားသား ပြောရရင် လင်းရန်ရဲ့ စွမ်းအားက တကယ့်ကို အံ့မခန်းပါပဲ..."
"ကျုပ် မြေးလေး တျန်းဖန်က အင်မော်တယ်နဂါးခန္ဓာ ပိုင်ဆိုင်ထားတာ... ဒါ့အပြင် လွန်ခဲ့တဲ့ တစ်နှစ်လောက်ကတည်းက သူက သူ့ရဲ့ ကျင့်ကြံဆင့်ကို ချီသန့်စင်ခြင်း အဆင့်ငါး အထွတ်အထိပ်မှာ ဖိနှိပ်ထားပြီး အကြိမ်ကြိမ် သန့်စင်ခဲ့တာပါ... တကယ်တမ်းဆိုရင် သူ့ရဲ့ အစစ်အမှန် ကျင့်ကြံဆင့်က ချီသန့်စင်ခြင်း အဆင့်ခြောက် အထွတ်အထိပ်ကို ရောက်နေပြီ..."
"ဒါပေမဲ့ လင်းရန်က ချီသန့်စင်ခြင်း အဆင့်သုံး အထွတ်အထိပ်လေးနဲ့ တျန်းဖန်ကို ရင်ဆိုင်ရဲတယ်... ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်ပဲဖြစ်ဖြစ်၊ နတ်ဘုရားအာရုံပဲဖြစ်ဖြစ်၊ တျန်းဖန်ထက် နည်းနည်းတောင် မနိမ့်ကျဘူး... တိုက်ပွဲအတွင်းမှာ တျန်းဖန်က ယာယီ အဆင့်တက်သွားရင်တောင်မှ သူက တိုက်ခိုက်နိုင်စွမ်း ရှိနေတုန်းပဲ..."
"ဒါ့အပြင် တျန်းရှင်း ပြောပြချက်အရဆိုရင် လင်းရန်မှာ ကြောက်စရာကောင်းတဲ့ ဝှက်ဖဲတွေ အများကြီး ရှိနေသေးတယ်... တျန်းဖန် အဆင့်တက်ပြီးသွားရင်တောင်မှ သူ့ရဲ့ နဂါးအဆီအနှစ်ကို လောင်ကျွမ်းစေတဲ့ ရွှေနဂါးလှံတံကို မယှဉ်နိုင်ခဲ့ဘူး... နဂါးလုပွဲမှာလည်း လင်းရန်က ရွှေရောင် နတ်ဘုရားဓားတစ်လက်ကိုတောင် အသုံးပြုခဲ့သေးတယ်... အဲဒီဓားနဲ့ တစ်ချက်တည်း ခုတ်လိုက်တာ ကျုပ်ရဲ့ သားအကြီး လုံဟောင်ကန်းရဲ့ ရင်ဘတ်ကို ဖောက်ထွက်သွားပြီး အခုချိန်ထိ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ သတိလစ်နေတုန်းပဲ..."
လုံရူယွီသည် စကားပြောရင်း ပို၍ ဒေါသထွက်လာကာ သူ့ဆံပင်များနှင့် မုတ်ဆိတ်မွေးများပင် ထောင်မတ်လာခဲ့လေသည်။ "လင်းရန်က ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ နာမည်ကြီးလာတာက တစ်ပိုင်းပေါ့... ကျုပ်တို့ရဲ့ ဟွာရှ နှစ်ထောင်ပေါင်းများစွာ တည်ရှိခဲ့တာ... ခေတ်တိုင်းမှာ ပါရမီရှင်တွေ ရှိစမြဲပဲ... ဒါက ပုံမှန်ပါပဲ... ဒါကြောင့် ကျုပ်တို့ လုံမိသားစုက သူ့ကို မိသားစုကို ဦးဆောင်ပြီး တိုးတက်လာဖို့ ခွင့်ပြုပေးလို့ ရပါတယ်..."
"ဒါပေမဲ့ လင်းရန်က အရမ်း မာနထောင်လွှားပြီး မိုက်မဲလွန်းတယ်... ကျုပ်တို့ လုံမိသားစုဝင် နှစ်ယောက်ကို ဆက်တိုက် ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ခဲ့တယ်... ဒါတင်မကသေးဘူး၊ သူက ကျုပ်တို့ လုံမိသားစုနဲ့ ကံကြမ္မာကို လုယက်ချင်သေးတယ်... ကျုပ်တို့ လုံမိသားစုကို ခြေအောက်မှာ နင်းပြီး တခြားသူတွေကို အနိုင်ကျင့်ချင်နေသေးတာ... ဒါက လုံးဝကို သည်းခံနိုင်စရာ မရှိဘူး..."
လုံရူယွီက ရုတ်တရက် ခေါင်းငုံ့ကာ ပင်လယ်ပြင်ကို ငုံ့ကြည့်လိုက်ပြီး .... "ဆရာသခင် ကျန်း... ဆရာသခင် လေထင်... ခင်ဗျားတို့ နှစ်ယောက် သေချာ စဉ်းစားကြဖို့ ကျုပ် တိုက်တွန်းချင်တယ်... ကပ်ဘေး မဖြတ်ကျော်ခင်ကတောင်မှ လင်းရန်က ဒီလောက် ကြောက်စရာ ကောင်းနေတာ... အကယ်၍ သူသာ ဒီကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်သွားရင် ဟွာရှ တစ်ခုလုံးမှာ သူ့ကို ဘယ်သူကများ တားဆီးနိုင်တော့မှာလဲ..."
ပင်လယ်ပြင်အထက်တွင် ရုတ်တရက် ပေါ်လာသော လူငါးယောက်မှာ လုံမိသားစုမှ လုံရူယွီ၊ လုံကျောက်ကျန်း၊ လုံကျောက်ဟိုင်နှင့် လုံဟူတောင် ရှန်ချင်း နန်းတော်မှ ဆရာသခင် လေထင်၊ ကောင်းကင်သခင် စံအိမ်မှ ကောင်းကင်သခင် ကျန်းရူယန် တို့ပင် ဖြစ်ချေသည်။
ထိုအထဲတွင် လုံမိသားစုမှ လုံရူယွီ၊ ရှန်ချင်း နန်းတော်မှ ဆရာသခင် လေထင်နှင့် ကောင်းကင်သခင် စံအိမ်မှ ကောင်းကင်သခင် ကျန်းရူယန်တို့မှာ ချီသန့်စင်ခြင်း အဆင့်ရှစ် အထွတ်အထိပ်တွင် ရှိကြပြီး အခြား လုံမိသားစုဝင် နှစ်ဦးဖြစ်သော လုံကျောက်ကျန်းနှင့် လုံကျောက်ဟိုင်တို့မှာလည်း ချီသန့်စင်ခြင်း အဆင့်ရှစ် အလယ်အဆင့်တွင် ရှိကြလေသည်။
ဤလူငါးယောက် ဤနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းမှာ သေချာပေါက် မိစ္ဆာနှိမ်နင်းအစည်းအဝေးတွင် ဖြစ်ပွားခဲ့သော တိုက်ပွဲကြောင့်ပင်။ လင်းရန်က လုံဟူတောင် ရှန်ချင်း နန်းတော်မှ လဲ့လုံ ၊ လဲ့ဟူ၊ လဲ့လီနှင့် လဲ့ဖုန်း ဟူသော ဆရာသခင် လေးပါး အပါအဝင် ဆရာသခင် နှစ်ဆယ်စလုံးနှင့် ကောင်းကင်သခင် စံအိမ်မှ ကောင်းကင်သခင် ငါးယောက်တို့ကို သတ်ဖြတ်ခဲ့လေသည်။
ခရမ်းရောင် တာအိုဝတ်ရုံကျယ်ကြီးကို ဝတ်ဆင်ထားသော ဆရာသခင် လေထင်မှာ သေဆုံးသွားသော ရှန်ချင်း နန်းတော်မှ ဆရာသခင် နှစ်ဆယ်၏ ဆရာပင် ဖြစ်၏။ အဝါရောင် တောက်တောက် တာအိုဝတ်ရုံကို ဝတ်ဆင်ထားသော အခြား ကောင်းကင်သခင်မှာမူ လုံဟူတောင် ကောင်းကင်သခင် စံအိမ်၏ ကောင်းကင်သခင် သုံးပါးအနက် တစ်ပါးဖြစ်သော ကျန်းရူယန်ပင်။
ယခုအခါ မိစ္ဆာနှိမ်နင်းအစည်းအဝေး ပြီးဆုံးသွားပြီး လင်းရန်က သူ့ရန်ငြိုးတစ်ဝက်ကို ကလဲ့စားချေနိုင်ခဲ့သော်လည်း လုံဟူတောင်နှင့် ပို၍ ကြီးမားသော ရန်ငြိုးကို ဖွဲ့မိသွားခဲ့လေသည်။ ရှန်ချင်း နန်းတော်ရော ကောင်းကင်သခင် စံအိမ်ပါ ကြီးမားစွာ ဆုံးရှုံးခဲ့ရသဖြင့် ဆရာသခင် လေထင်နှင့် ကျန်းရူယန်တို့က လက်ပိုက်ကြည့်နေမည် မဟုတ်ဘဲ သူတို့၏ တပည့်များအတွက် သေချာပေါက် လက်စားချေကြမည် ဖြစ်ပေသည်။
လုံမိသားစုက ပို၍ပင် ကြီးမားစွာ ဆုံးရှုံးခဲ့ရ၏။ နဂါးနှစ်ကောင် ဆုံးရှုံးခဲ့ရရုံသာမက လုံဟောင်ကန်း မှာလည်း လင်းရန်ကြောင့် အပြင်းအထန် ဒဏ်ရာရကာ သတိလစ်နေဆဲ ဖြစ်လေသည်။ လုံရူယွီ၏ အချစ်ဆုံးမြေး လုံတျန်းဖန်မှာလည်း ပျောက်ဆုံးနေဆဲဖြစ်ပြီး အသက်ရှင်သလား သေဆုံးသလား မသိရပါချေ။
လုံရူယွီသည် လုံတျန်းဖန်၏ အသက်ကယ်နည်းလမ်းများကို အကြွင်းမဲ့ ယုံကြည်မှု ရှိသော်လည်း သူ့အချစ်ဆုံးမြေး ရုတ်တရက် ပျောက်ဆုံးသွားသောအခါ သဘာဝကျကျပင် စိုးရိမ်ပူပန်နေခဲ့၏။ ထို့ကြောင့် သူက လင်းရန်နှင့် စာရင်းရှင်းရန် ကိုယ်တိုင် တောင်ပေါ်မှ ဆင်းလာခဲ့ခြင်း ဖြစ်ပေသည်။
လုံရူယွီက သူ့ညီအစ်ကိုဝမ်းကွဲ နှစ်ယောက်ကို ခေါ်ကာ ပိုရန်ရေကန်သို့ သွားရောက်ပြီး ဆရာသခင် လေထင်နှင့် ကောင်းကင်သခင် ကျန်းရူယန်တို့၏ အကူအညီကို တောင်းခံခဲ့သောအခါ ဆရာသခင်ကြီး ငါးပါးစလုံးက နှစ်ညတိတိ ရှာဖွေခဲ့ကြသော်လည်း လုံတျန်းဖန်၏ အရိပ်အယောင်ကိုမျှ မတွေ့ခဲ့ရပါချေ။ လုံရူယွီ အလွန်အမင်း စိုးရိမ်နေသော်လည်း ရှာဖွေမှုကို ယာယီ ရပ်နားလိုက်ရပြီး ချင်းရွှေမြို့သို့ အရင်သွားကာ လုံတျန်းရှင်း ပြောပြခဲ့သော အစစ်အမှန် နဂါးရုပ်ကြွင်းကို ပြန်လည်ယူဆောင်ပြီးမှ နောက်ထပ် အစီအစဉ်များ ဆွဲရန် ဆုံးဖြတ်လိုက်ကြလေသည်။
သို့သော် သူတို့က နှစ်ရက်ခန့် နောက်ကျသွားပြီး ခြေတစ်လှမ်း နောက်ကျသွားမည်ကို မည်သူ သိမည်နည်း။ လုံရူယွီ ကောင်းကင်အက်ကြောင်းထဲသို့ ဝင်ရောက်သွားသောအခါ လုံတျန်းရှင်း ချထားခဲ့သော ဝင်္ကပါမှာ ဖျက်ဆီးခံလိုက်ရပြီး အစစ်အမှန် နဂါးရုပ်ကြွင်းလည်း ယူဆောင်သွားခံရကြောင်း တွေ့ရှိလိုက်ရပေသည်။ ထို့အပြင် သူက ကောင်းကင်အက်ကြောင်း တစ်ခုလုံးကို ရှာဖွေပြီး သွေးစုပ်လင်းနို့ဂူနှင့် ယင်ယန်ဝင်္ကပါ အချက်အချာများအထိ သွားရောက်ခဲ့သော်လည်း မည်သည့်အရာမျှ မတွေ့ခဲ့ရပါချေ။
ထိုအချိန်တွင် လင်းရန်မှာ အဆင့်တက်ခြင်းကို ပြီးစီးနေပြီဖြစ်ပြီး ရီရှင်းချန် နှင့်အတူ အရှေ့ပင်လယ်တွင် ကပ်ဘေးကို ဖြတ်ကျော်ရန် မြေအောက်မြစ်ထဲသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်၏။
လုံမိသားစုနှင့် လင်းရန်တို့၏ ဤတိုက်ပွဲတွင် လုံမိသားစုက အစပြုခွင့်ကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း လုံရူယွီ ချက်ချင်း နားလည်လိုက်ပေသည်။ ခြေတစ်လှမ်း နောက်ကျလျှင် နောက်တစ်လှမ်း ထပ်နောက်ကျမည်သာ ဖြစ်၏။ ထို့ကြောင့် သူက ပြတ်ပြတ်သားသား ဆုံးဖြတ်ကာ ကောင်းကင်အက်ကြောင်းထဲမှ ထွက်ခွာခဲ့လေသည်။ ထို့နောက် သူတို့ငါးယောက်က ကောင်းကင်ယံရှိ ကပ်ဘေးတိမ်မည်းများကို လိုက်လံရင်း အရှေ့ပင်လယ်သို့ ရောက်ရှိလာကြခြင်း ဖြစ်ချေသည်။
ရိုးရိုးသားသား ဆိုရလျှင် သူတို့ငါးယောက်သည် ကပ်ဘေးတိမ်မည်းများနောက် လိုက်လံနေစဉ် အလွန်တရာ အံ့အားသင့်နေခဲ့ကြ၏။ အဘယ်ကြောင့်ဆိုသော် ကပ်ဘေးတိမ်မည်းများမှာ လင်းရန်၏ ခေါင်းပေါ်တွင် အမြဲရှိနေပြီး အလွန်တရာ မြန်ဆန်လှသဖြင့် သူတို့ငါးယောက်ပင် မမီနိုင်ဘဲ အဝေးမှသာ လိုက်နိုင်ခဲ့သောကြောင့် ဖြစ်ပေသည်။ ထို့ကြောင့်သာ သူတို့ မျက်ခြေမပြတ်ခဲ့ခြင်း ဖြစ်ချေသည်။
လင်းရန်၏ ကြောက်မက်ဖွယ်ကောင်းသော အမြန်နှုန်းအပြင် လူငါးယောက်ကို ပို၍ အံ့အားသင့်စေသည်မှာ သူတို့ နည်းလမ်းမျိုးစုံ အသုံးပြုသော်လည်း လင်းရန်၏ အရိပ်အယောင်ကိုမျှ မတွေ့ရခြင်းပင်။ နောက်ဆုံးတွင် ဆရာသခင် လေထင်က လင်းရန် မြေအောက် အနက်ရှိုင်းဆုံးတွင် ပုန်းကွယ်နေမည်ဟု ဆုံးဖြတ်လိုက်ပြီး၊ လုံရူယွီကလည်း ကောင်းကင်အက်ကြောင်း အောက်ရှိ မြေအောက်မြစ်ကို ချက်ချင်း သတိရသွားခဲ့လေသည်။
အရှေ့ပင်လယ်၏ ကောင်းကင်ယံသို့ လိုက်လံရှာဖွေပြီးနောက် လူငါးယောက်မှာ ကောင်းကင်သို့ ထိုးတက်နေသော မိုးကြိုးတိုင်ကြီးကို မြင်လိုက်ရပြီး လင်းရန် ကပ်ဘေးကို စတင် ဖြတ်ကျော်နေပြီဖြစ်ကြောင်း သိလိုက်ကြပေသည်။ သဘာဝကျကျပင် သူတို့က အနီးသို့ မကပ်ရဲဘဲ အဝေးမှနေ၍ လင်းရန် ကပ်ဘေးဖြတ်ကျော်အပြီးကို စောင့်ဆိုင်းနေခဲ့ကြခြင်း ဖြစ်၏ ။
လုံရူယွီ၏ ခွဲခြမ်းစိတ်ဖြာမှု ပြီးဆုံးသွားသောအခါ အခြား လုံမိသားစုဝင် နှစ်ဦးမှာ သဘာဝကျကျ ဘာမှ ဆက်မပြောတော့ချေ။ ရှန်ချင်း နန်းတော်မှ ဆရာသခင် လေထင်နှင့် ကောင်းကင်သခင် စံအိမ်မှ ကျန်းရူယန် တို့လည်း တိတ်ဆိတ်နေကြသော်လည်း သူတို့က နတ်ဘုရားအာရုံဖြင့် တိတ်တဆိတ် ဆက်သွယ်နေကြလေသည်။
"ဆရာသခင် ကျန်း... လုံရူယွီရဲ့ မျက်နှာထားကို ကြည့်ရတာ သူက သူ့ရဲ့ အဆင့်အတန်းနဲ့ အသက်အရွယ်ကို ဂရုမစိုက်ဘဲ ဒီအခွင့်အရေးကို ယူပြီး လင်းရန်ကို သတ်ပစ်တော့မယ့်ပုံပဲ..."
"ဟုတ်တယ်... လင်းရန်ရဲ့ စွမ်းဆောင်ရည်က အရမ်း ထူးကဲလွန်းတော့ လုံမိသားစုလည်း စိတ်ပူစပြုလာပြီ... ဒါပေမဲ့... ကျုပ်တို့က ဒီတစ်ကြိမ်မှာ ဘုံရန်သူကို ရင်ဆိုင်ဖို့ စုစည်းမိကြတာ ဆိုပေမဲ့... ရန်သူရဲ့ အားအနည်းဆုံး အချိန်ကို အခွင့်ကောင်းယူပြီး လူငယ်တစ်ယောက်ကို ငါးယောက်ပေါင်း တိုက်ခိုက်တာက သိပ်ပြီး မသင့်တော်ဘူးထင်တယ်..."
အခန်း ၁၅၆၇ ပြီး
***