အခြေတည်ဝိညာဥ်အဆင့် အောက်တွင် ပြိုင်ဘက်ကင်းသည်။ တစ်နည်းအားဖြင့် ချီသန့်စင်ခြင်း အဆင့်တွင် ပြိုင်ဘက်ကင်းသည်ပင် ဖြစ်၏။
သို့သော် ယခုတစ်ကြိမ်တွင် လင်းရန် ကြွားလုံးထုတ်နေခြင်း မဟုတ်ပါချေ။ သူက အမှန်တရားကို ပြောနေခြင်းသာ ဖြစ်ပေသည်။
အားအနည်းဆုံး အချိန်တဲ့လား...
လင်းရန်၏ မျက်ခုံးကြားရှိ အသိစိတ်ပင်လယ်ထဲတွင် နတ်ဘုရားအဆီအနှစ် အစက်ပေါင်း ၅၀,၀၀၀ ကျော် ကျန်ရှိနေသေး၏။ သူ့နတ်ဘုရားအဆီအနှစ် များ မကုန်ဆုံးသရွေ့ သူ ဘယ်တော့မှ အားနည်းမည် မဟုတ်ပါချေ။
ထို့အပြင် လင်းရန်၏ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်မှာလည်း ယခုအခါ အတူတူပင် စွမ်းအားကြီးမားနေလေသည်။ သူ့အရှေ့ရှိ လူငါးယောက်ကို ရင်ဆိုင်ရန် သူ့နတ်ဘုရားအဆီအနှစ် များကို လောင်ကျွမ်းစေရန် မလိုအပ်ချေ။
အစွမ်းထက်သော နတ်ဘုရားအာရုံအောက်တွင် လင်းရန်၏ ကိုယ်ပိုင် အစစ်အမှန်ချီ များအပေါ် ထိန်းချုပ်နိုင်စွမ်းမှာ တကယ့်ကို သိမ်မွေ့နက်နဲသော အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်၏။ သူက အရာရာကို အလွန်တရာ သိမ်မွေ့သော နည်းလမ်းများဖြင့် ပြောင်းလဲနိုင်လေသည်။ ဥပမာအားဖြင့် သူ့ချီအကာအကွယ်ကို ကြက်ဥခွံပုံစံ ချဲ့ထွင်ရန် မလိုအပ်တော့ချေ။ ယင်းအစား သူ့ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းထားပြီး အမွေးအမျှင်တိုင်းကို လွှမ်းခြုံထားကာ သာမန်မျက်စိဖြင့် မမြင်နိုင်သည့် ချီအကာအကွယ် သေးသေးလေးများကို ဖန်တီးထားနိုင်ပြီ ဖြစ်ချေသည်။
ထို့ကြောင့် လင်းရန်သည် မည်သည့် တိုက်ပွဲဝင် ချပ်ဝတ်ကိုမျှ လုံးဝ မလိုအပ်တော့ချေ။ တိုက်ပွဲတွင် မည်သည့် အဝတ်အစား ဝတ်ထားသည်ဖြစ်စေ အရေးမကြီးတော့ပါချေ။ တစ်ဖက်လူက သူ့အဆင့်မြှင့်တင်ထားသော ချီအကာအကွယ်ကို မဖောက်ထွင်းနိုင်သရွေ့ သူ့အဝတ်အစားများကို မဖျက်ဆီးနိုင်ပါချေ။
လင်းရန် စမ်းသပ်ကြည့်လိုက်သောအခါ ယင်းမှာ အမှန်တကယ်ပင် ဖြစ်နေ၏။ ချီသန့်စင်ခြင်း အဆင့်ရှစ်တွင် ရှိသော လူငါးယောက်စလုံးက သူ့လက်ရှိ အကာအကွယ်ကို မဖောက်ထွင်းနိုင်ခဲ့ကြပါချေ။
မည်သို့ပင်ဆိုစေ ကျင့်ကြံသူတိုင်းက လုံတျန်းဖန် ကဲ့သို့ အကောင်ဆန်း မဟုတ်ကြသလို လင်းရန်ကဲ့သို့ ပါရမီရှင်လည်း မဟုတ်ကြသောကြောင့်ပင်။
ဤသည်မှာ လင်းရန် မာနကြီးရခြင်း၏ အရင်းအမြစ်ပင် ဖြစ်ချေသည်။
သေချာပေါက်ပင် ချီသန့်စင်ခြင်း အဆင့်ငါး အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် လင်းရန်သည် ကျင့်ကြံသူတစ်ဦးအနေဖြင့် ပိုမို ကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်များကိုလည်း ရရှိခဲ့သော်လည်း ယခုအချိန်တွင် သူ ၎င်းတို့ကို မလိုအပ်သေးချေ။
ဤလူငါးယောက်ကို ကိုင်တွယ်ဖြေရှင်းရန် လက်သီးများက လုံလောက်နေပြီ ဖြစ်၏။
ဝှစ်... ဝှစ်... ဝှစ်... ဝှစ်...
လုံရူယွီ၊ လုံကျောက်ကျန်း၊ လုံကျောက်ဟိုင်၊ ဆရာသခင် လေထင်နှင့် ကျန်းရူယန် တို့စလုံးမှာ ပထမဆုံး ထိပ်တိုက်တွေ့ဆုံမှုတွင် အထိနာသွားရသည်။ လွင့်စင်သွားပြီးနောက် သူတို့၏ ခန္ဓာကိုယ်များကို ပြန်လည် ထိန်းချုပ်နိုင်သွားသည်နှင့် ချက်ချင်း တစ်နေရာတည်းသို့ ပျံသန်းသွားကြပြီး လုံရူယွီ၏ ဘေးပတ်လည်တွင် စုရုံးကာ တုန်လှုပ်ခြောက်ခြားနေကြသည်။
သူတို့၌ ဤသို့လုပ်ရန်မှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် လင်းရန် ပြသခဲ့သော စွမ်းအားမှာ အလွန်တရာ အစွမ်းထက်လွန်းပြီး ကြောက်မက်ဖွယ် ကောင်းလွန်းကာ သူတို့၏ စိတ်ကူးနိုင်စွမ်း ကန့်သတ်ချက်ထက်ပင် ကျော်လွန်နေသောကြောင့်ပင်။ လင်းရန် မည်မျှ စွမ်းအားကြီးလာသည်ကို သူတို့ လုံးဝ ခန့်မှန်း၍ပင် မရနိုင်တော့ပါချေ။
လူသားများ၏ အကြောက်တရားများဆိုသည်မှာ နောက်ဆုံးတွင် နာကျင်မှုနှင့် မသိနားမလည်မှုတို့မှ မြစ်ဖျားခံလာခြင်းသာ ဖြစ်လေသည်။
ဘုန်း... ဘုန်း... ဘုန်း... ဘုန်း... ဘုန်း...
သူတို့ ငါးယောက်စလုံးမှာ သူတို့၏ နဂါးအဆီအနှစ်နှင့် နတ်ဘုရားအဆီအနှစ်များကို အပြင်းအထန် လောင်ကျွမ်းစေလိုက်သည်။ ဆရာသခင် လေထင်က ကုသခြင်းအဆောင် ဒါဇင်ကျော်ကိုပင် ထုတ်ယူကာ သူ့ကိုယ်သူ အနည်းငယ် အသုံးပြုပြီး ကျန်သည်များကို အခြား လေးယောက်အား ဝေပေးလိုက်၏။
လင်းရန်က သူ့အသာစီးရမှုကို ဆက်လက် အသုံးမပြုခဲ့ပါချေ။ သူ လေထဲတွင် တိတ်ဆိတ်စွာ ရပ်နေပြီး လူငါးယောက်ကို ဒဏ်ရာများ ကုသခွင့် ပေးထားကာ ပြုံးရင်း မေးလိုက်လေသည်။ "ထပ်တိုက်ချင်သေးလား..."
ပွင့်ပွင့်လင်းလင်း ပြောရလျှင် ဤလူငါးယောက် ရုတ်တရက် ပေါ်လာပြီး လင်းရန်ကို ရန်သူအဖြစ် သတ်မှတ်ခဲ့ကြသော်လည်း လင်းရန်၌ သူတို့နှင့် မည်သည့် ရန်ငြိုးမျှ မရှိသလို သူတို့ အားလုံးကို သတ်ပစ်ရန်လည်း မလိုအပ်ပါချေ။
"အခြေတည်ဝိညာဥ်အဆင့် အောက်မှာ ပြိုင်ဘက်ကင်းတယ်... လင်းရန် ပြောတာ မှန်တယ်... သူ ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့တော့ အခြေတည်ဝိညာဥ်အဆင့်ကို မရောက်ခင် ဘယ်သူမှ သူ့ကို မယှဉ်နိုင်တော့ဘူး..." သူ့ဒဏ်ရာများ သက်သာသွားပြီးနောက် လုံရူယွီ၏ မျက်နှာထားမှာ အလွန်တရာ ခက်ထန်သွားခဲ့လေသည်။ သူက ဆရာသခင် လေထင်နှင့် ကောင်းကင်သခင် ကျန်းရူယန် တို့ကို အကဲခတ်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။
သူတို့ မည်သို့ကြောင့် စိတ်မပျက်ဘဲ နေနိုင်မည်နည်း။ ချီသန့်စင်ခြင်း အဆင့်ရှစ်တွင် ရှိသော အစွမ်းထက် ကျင့်ကြံသူ ငါးယောက်.... ထိုအထဲမှ သုံးယောက်မှာ အဆင့်ရှစ် အထွတ်အထိပ်တွင် ရှိကြပြီး နတ်ဘုရားအဆီအနှစ်များကို လောင်ကျွမ်းစေပါက ချီသန့်စင်ခြင်း အဆင့်ကိုး အထွတ်အထိပ်၏ စွမ်းအားကို ပိုင်ဆိုင်နိုင်ကြသော်လည်း လင်းရန်၏ လက်သီးတစ်ချက်တည်းဖြင့် လွင့်စင်သွားခဲ့ရလေသည်။
အနိုင်ရဖို့ အခွင့်အရေး လုံးဝ မရှိတော့ပါချေ။
ပို၍ အနေရခက်သည်မှာ ယခု သူတို့ငါးယောက် ထွက်သွားချင်လျှင်တောင်မှ လင်းရန်၏ ခွင့်ပြုချက် လိုအပ်နေပုံပေါ်ခြင်းပင်။ အဘယ်ကြောင့်ဆိုသော် လင်းရန်၏ ပျံသန်းမှု အမြန်နှုန်းမှာ အလွန်တရာ မြန်ဆန်လွန်းလှပြီး သူတို့ထက် နှစ်ဆပိုမြန်နေသေးသည်။
အစွမ်းထက် ကျင့်ကြံသူ ငါးယောက်မှာ ကြီးမားလှသော အရှိန်အဝါဖြင့် ရောက်ရှိလာခဲ့ကြသော်လည်း မျက်စိတစ်မှိတ်အတွင်းမှာပင် ပြိုင်ဘက်၏ လက်ခုပ်ထဲမှ ရေကဲ့သို့ ဖြစ်သွားခဲ့ရ၏။
ဝှစ်...
လင်းရန်က ခြေလှမ်းတစ်လှမ်းလျှင် အသံထက် သုံးဆပိုမြန်သော အမြန်နှုန်းဖြင့် ရုတ်တရက် ပေါ်လာခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက လူငါးယောက်၏ အရှေ့သို့ ရောက်ရှိလာပြီး သူတို့နှင့် သုံးမီတာ အကွာတွင် ရပ်တန့်လိုက်၏။
လုံရူယွီ အပါအဝင် လူငါးယောက်စလုံး၏ မျက်နှာထားများမှာ အပြင်းအထန် ပြောင်းလဲသွားကြပြီး အစွမ်းထက်သော ရန်သူကို ရင်ဆိုင်ရသကဲ့သို့ ဖြစ်သွားကြသည်။ အထူးသဖြင့် ကျင့်ကြံဆင့် အနည်းငယ် နိမ့်ကျသော လုံကျောက်ကျန်းနှင့် လုံကျောက်ဟိုင်တို့မှာ လင်းရန်၏ အစွမ်းထက်သော အရှိန်အဝါအောက်တွင် မသိစိတ်ကပင် နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်မိ၏။
"ဒီအခြေအနေကို ကြည့်ရတာ... ခင်ဗျားတို့ ငါးယောက် ဆက်မတိုက်ချင်တော့ဘူး ထင်တယ်..."
လင်းရန်က အနည်းငယ် ပြုံးလိုက်ပြီး လူငါးယောက် ပူးပေါင်းတိုက်ခိုက်မည်ကို အနည်းငယ်မျှပင် မကြောက်ရွံ့ပါချေ။ သူက အနေရခက်နေသော မျက်နှာထားဖြစ်နေသည့် လုံရူယွီကို ကြည့်ကာ တိုက်ရိုက် ပြောလိုက်လေသည်။ "အငယ်ကို အရိုက်ခံရရင် အကြီးက ထွက်လာရတာပေါ့... ဒီစည်းကမ်းကို ကျုပ် နားလည်ပါတယ်..."
လင်းရန်က လုံဟောင်ကန်း၏ ပြင်းထန်သော ဒဏ်ရာနှင့် လုံတျန်းဖန် အရိုက်ခံရခြင်းကို ရည်ညွှန်းနေခြင်း ဖြစ်၏။ သူက လုံမိသားစုဝင် သုံးဦးကို ကြည့်ကာ ပြောလိုက်လေသည်။ "ဒါပေမဲ့ ကျင့်ကြံခြင်း လောကမှာ စွမ်းအားကြီးတဲ့သူကို လေးစားရတယ်... စကားပြောခွင့် ရဖို့ ခင်ဗျားတို့က လုံလောက်အောင် စွမ်းအားကြီးမှ ရမယ်... အဲဒီလိုမှ မဟုတ်ရင် ရန်ငြိုးတွေ၊ အကြောင်းပြချက်တွေ ပြောနေတာက အဓိပ္ပာယ် မရှိဘူး..."
"ကျုပ် သိသလောက်တော့ ကျုပ်ရဲ့ လင်းမိသားစုနဲ့ ခင်ဗျားတို့ရဲ့ လုံမိသားစု ကြားမှာ ဖြေရှင်းလို့မရတဲ့ ရန်ငြိုး မရှိပါဘူး... အဲဒီအကြောင်းပြချက်ကြောင့်ပဲ လမုန့်ပွဲတော် ညက ကျုပ် တမင် အလျှော့ပေးခဲ့တာ... လုံဟောင်ကန်းနဲ့ လုံတျန်းဖန်ကို မသတ်ခဲ့သလို လုံတျန်းရှင်းကိုတောင် ထွက်သွားခွင့် ပေးခဲ့သေးတယ်..."
"ရှန်းနွန်ကျား အနီးက ရန်ကျိမြစ်ထဲက နဂါးနက်က ကျုပ်ရဲ့ အကူအညီကြောင့်သာ နဂါးအဖြစ် ပြောင်းလဲနိုင်ခဲ့တာ... ဒါပေမဲ့ အဲဒီအချိန်တုန်းက ကျုပ်မှာ သူ့ကို ထားစရာ နေရာမရှိလို့ မြစ်ထဲမှာ သူ့ဘာသာသူ ကြီးပြင်းလာဖို့ လွှတ်ထားခဲ့တာ..."
"နဂါးရုပ်ကြွင်းကိုလည်း ကျုပ် ဝယ်ခဲ့တာပဲ... ကျုပ်မှာ သိမ်းစရာ နေရာမရှိလို့ ကောင်းကင်အက်ကြောင်းထဲမှာ ထားခဲ့ပြီး အခုမှ လာယူဖို့ စောင့်နေတာ..."
"ပိုရန်ရေကန် နဂါးကန်ထဲက မိစ္ဆာနဂါးကျတော့ ခင်ဗျားရဲ့ မြေး လုံတျန်းဖန်က သူ့အတွက် လမ်းရှင်းပေးဖို့ နဂါးကန်ထဲ ကျုပ်ကို တမင် ပစ်ချခဲ့တာ... ဒါပေမဲ့ နောက်ဆုံးတော့ ကျုပ်ပဲ သူ့ကို နှိမ်နင်းနိုင်ခဲ့တယ်..."
"ခင်ဗျားတို့ လုံမိသားစုဟာ ကျုပ် လင်းရန်က ခင်ဗျားတို့ရဲ့ ကံကြမ္မာကို ခိုးယူသွားတယ်လို့ အမြဲပြောနေကြပေမဲ့ ကျုပ်ကတော့ အဲဒီလို မထင်ဘူး... ကမ္ဘာကြီးက ကျယ်ဝန်းတယ်... ခင်ဗျားတို့ လုံမိသားစု လိုအပ်သမျှကို ခင်ဗျားတို့ပဲ ရရမယ်လို့ ပြောလို့ မရဘူး... ဒါဆို အရမ်း အဓိပ္ပာယ်မဲ့လွန်းသွားပြီ..."
"အဘိုးကြီး လုံ... ခင်ဗျားက လုံမိသားစုရဲ့ အရင်ခေါင်းဆောင် ဖြစ်ခဲ့လို့သာ ဒီကိစ္စတွေကို ပြောပြနေတာပါ... သေချာ စဉ်းစားလိမ့်မယ်လို့ မျှော်လင့်ပါတယ်..."
"ဒါပေမဲ့ ဒီနေ့ ကျုပ် နိုင်ခဲ့ပြီဆိုတော့ ခင်ဗျားတို့ လုံမိသားစုကို ် သုံးခု တောင်းဆိုချင်တယ်... ပထမအချက် - ချင်းရွှေ မြို့က ကျုပ်ရဲ့ နယ်မြေပဲ၊ ခင်ဗျားတို့ လုံမိသားစု အဲဒီကို နောက်တစ်ခါ ခြေချခွင့် မရှိဘူး... ဒုတိယအချက် - ရှန်းနွန်ကျားကလည်း ကျုပ်ရဲ့ လွှမ်းမိုးထားတဲ့ နယ်မြေကပဲ၊ ခင်ဗျားတို့ လုံမိသားစု အဲဒီမှာ ဝင်ပါခွင့် မရှိဘူး... တတိယအချက် - ချင်ရှီဟွမ် ဂူဗိမာန်ကို ကျုပ် အမေရဲ့ မိသားစုဖြစ်တဲ့ ချင် မိသားစုက နှစ်ပေါင်း နှစ်ထောင်တိုင်တိုင် စောင့်ကြပ်လာခဲ့တာ... ကျုပ် အဲဒီကို မကြာခင် သွားတော့မယ်... အဲဒီချင်ရှီဟွမ် ဂူဗိမာန်နဲ့ ပတ်သက်ပြီး ခင်ဗျားတို့ လုံမိသားစု ဘာမှ ဝင်မရှုပ်တာကိုပဲ ကျုပ် လိုချင်တယ်..."
"ကျုပ်က တောင်းဆိုချက်တွေကို ပြောပြရုံပဲ... ခင်ဗျားတို့ သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ကျုပ်နဲ့ မဆိုင်ဘူး... ဒါပေမဲ့ ကြိုပြီး သတိပေးထားမယ်... အကယ်၍ ခင်ဗျားတို့ လုံမိသားစုက ဒီအချက်သုံးချက်ကို ချိုးဖောက်ရဲတယ်ဆိုရင် ကျုပ်က လုံမိသားစု အပေါ် ရက်စက်တယ်လို့ အပြစ်မတင်နဲ့..."
"ဒါ တောင်းဆိုခယနေတာတော့ မဟုတ်ဘူးနော် ... ခင်ဗျားတို့ကို အသိပေးလိုက်တာ... "
လင်းရန်က ကိစ္စအနည်းငယ်ကို ပြောပြပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်ကာ ဆက်ပြောလေသည်။ "နောက်ထပ် ကိစ္စတစ်ခု ရှိသေးတယ်... ချင်းရွှေမြို့က လုံခွန်းနဲ့ လုံဝူတို့က ကျုပ်အတွက် အရမ်း အရေးကြီးတယ်... ကျုပ် အထင်မမှားဘူးဆိုရင် သူတို့ နှစ်ယောက်စလုံး အခု ခင်ဗျားတို့ လုံမိသားစုရဲ့ စံအိမ်မှာ ဧည့်သည်အဖြစ် ရောက်နေလောက်ပြီ... ကျုပ် မြို့တော်ကို ပြန်ရောက်တဲ့အချိန် သူတို့ လွတ်လပ်ခွင့် ပြန်ရနေပြီဆိုတာကို မြင်ရဖို့ မျှော်လင့်တယ်..."
"ကျုပ် ပြောစရာ ဒါပဲ ရှိတော့တယ်... လုံမိသားစုက ခင်ဗျားတို့ သုံးယောက် အခု သွားလို့ ရပြီ..."
အခန်း ၁၅၇၀ ပြီး
***