တစ်ဖက်တွင် ချူဖုန်းသည် တရုတ်ပြည်အနှံ့ လှည့်လည်ကာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်နေရသည်။
သူ့တွင် ငွေလိုနေသည်။ အနာဂတ်အတွက်သာမက သူတည်ထောင်မည့် လေဟုန်စီးသူ လူငယ် လေ့ကျင့်ရေးစခန်း အတွက် ရင်းနှီးမြှုပ်နှံမှုက အလွန်ကြီးမားလွန်းလှသဖြင့် ချူဖုန်းပင် အနည်းငယ် လက်တွန့်မိသည်။
သို့သော် သူ လုပ်မည်ဟု ဆုံးဖြတ်ပြီးလျှင် နောက်မဆုတ်တမ်း လုပ်တတ်သူ ဖြစ်သည်။ ကံကောင်းသည်မှာ ချူဖုန်း၏ နာမည်ဂုဏ်သတင်းကြောင့် ဟွာဝေး ၊ ဝမ်ဒါနှင့် အန်တာ ကဲ့သို့ ကုမ္ပဏီကြီးများက သူ၏ လူငယ်သင်တန်းကျောင်းကို ကူညီပံ့ပိုးပေးရန် ကမ်းလှမ်းလာကြခြင်းပင်။
ဇူလိုင်လဆန်းပိုင်းတွင် ချူဖုန်းသည် ကိုယ်ပိုင်ဂျက်လေယာဉ် တစ်စင်းကို လက်ငင်းငွေချေကာ ဝယ်ယူလိုက်သည်။ နိုင်ငံတကာပွဲများ ကစားရန် ကမ္ဘာပတ်ရတော့မည့် သူ့အတွက် အနားယူချိန်ရရန် ဂျက်လေယာဉ်မှာ မရှိမဖြစ် လိုအပ်ချက်တစ်ခု ဖြစ်လာခဲ့သည်။
ထို့ပြင် လေဟုန်စီးသူ လူငယ်သင်တန်းကျောင်းကိုလည်း တရားဝင် စတင် ဖွင့်လှစ်နိုင်ခဲ့ပြီ။
“ခေါင်းမော့ပြီး ဘောလုံးကန်တတ်အောင် ကျင့်ကြစမ်း... ပတ်ဝန်းကျင်ကို အကဲခတ်နိုင်တာက နည်းစနစ်ပိုင်း အကောင်အထည်ဖော်ဖို့ အခြေခံပဲ”
ကွင်းပြင်ထဲတွင် (၆) နှစ်သားအရွယ် ကလေးငယ်လေးများ ပျော်ရွှင်စွာ လေ့ကျင့်နေကြသည်ကို ချူဖုန်း ကြည့်ရင်း ပြုံးလိုက်မိသည်။ ဤအရွယ်တွင် နည်းစနစ်ထက် ဘောလုံးကစားခြင်းကို ဝါသနာ ပါလာစေရန် လုပ်ဆောင်ပေးဖို့က ပိုအရေးကြီးသည် မဟုတ်ပါလား။
ထို့နောက် ချူဖုန်းသည် ဂျာမနီမှ နည်းပြများကိုပါ ထပ်မံ ခေါ်ယူရန် စီစဉ်နေသည်။ သူသည် တရုတ်ဘောလုံးလောကကို သိပ္ပံနည်းကျ ပြုပြင် ပြောင်းလဲလို၏။ ထို့ကြောင့် အိတ်ထဲမှ ငွေကြေးများကို အသုံးချ၍ ကြိုးစားပေးနေခြင်းပင်…။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၃) ရက်နေ့တွင်တော့ ချူဖုန်းသည် ရာသီသစ်အတွက် ပြင်ဆင်ရန် မန်ချက်စတာမြို့သို့ ပြန်လည် ထွက်ခွာလာခဲ့လေသည်။
……………….
“လာပြီဟေ့ ရိုမာနိုရဲ့ သတင်းထူးကြီးတွေ... ရက်ရှ်ဖို့ဒ် ဘာစီလိုနာကို ပြောင်းပြီ”
“ပေါ့ဘာ ဂျူဗင်တပ်စ်ကို ပြန်သွားပြီ”
“လူကာကူ အင်တာမီလန်ကို ရောက်သွားပြီ”
《.》
ချူဖုန်း ကာရင်တန် လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်လာသည့်အခါ ရင်းနှီးပြီးသား မျက်နှာအချို့ကို မတွေ့ရတော့ပေ။
အမှန်အတိုင်း ပြောရလျှင် သူ အနည်းငယ်တော့ စိတ်မကောင်း ဖြစ်မိသည်။ နောက်ဆုံးတော့လည်း သူတို့အားလုံးသည် နှစ်နှစ်တိုင်တိုင် ပုခုံးချင်းယှဉ်ကာ စံချိန်များစွာကို ရိုက်ချိုးပြီး ချန်ပီယံဆုတွေ အတူတူ ယူခဲ့ကြသည့် ရဲဘော်ရဲဘက်တွေ မဟုတ်ပါလား။ သံယောဇဉ် လုံးဝမရှိဘူးဆိုလျှင် လိမ်ရာကျပေလိမ့်မည်။
သို့သော် ပေါ့ဘာနှင့် ရက်ရှ်ဖို့ဒ်တို့ တောင်းဆိုသလိုမျိုး ဘောလုံးကို သူတို့စိတ်ကြိုက် ကိုင်ခွင့်ပေးရန် သို့မဟုတ် သူ့ထံမှ တိုက်စစ်အရင်းအမြစ်များကို ခွဲဝေပေးရန်တော့ ချူဖုန်း မည်သည့်အခါမှ သဘောတူမည် မဟုတ်။
တစ်ကိုယ်ကောင်းဆန်သည်ပဲ ပြောပြော၊ အသင်းကို ချုပ်ကိုင်ထားသည်ပဲ ဆိုဆို... ချူဖုန်းသည် သူ၏ ဗဟိုချက်မနေရာကို အမြဲတမ်း ထိန်းသိမ်းထားရမည် ဖြစ်သည်။ ဤသည်မှာ သူ၏ ကစားဟန်နှင့် အသင်းကို အောင်မြင်အောင် လုပ်ဆောင်ပေးနိုင်သည့် တစ်ခုတည်းသော နည်းလမ်းပင်။
“မင်းတို့နဲ့ မိတ်ဆက်ပေးပါရစေ... ဒါက ငါတို့အသင်းရဲ့ အနာဂတ် ဘယ်တောင်ပံ ကစားသမား ဂျက် ဂရီးလစ်ရှ်ပဲ”
လက်ထောက်နည်းပြ ဖာရီယာက ဂရီးလစ်ရှ်ကို ခေါ်ဆောင်လာသည်။
“နေကောင်းလား ဂျက်...”
ချူဖုန်းက ခင်မင်ရင်းနှီးစွာ လက်ကမ်းလိုက်သည်။ “မင်းအကြောင်းတွေ ငါ ကြားဖူးပါတယ်။ ဗီလာမှာ မင်း တကယ် ကောင်းခဲ့တာပဲ။ ငါတို့အသင်းမှာ မြန်မြန် အသားကျလိမ့်မယ်လို့ မျှော်လင့်ပါတယ်”
“နေ... နေကောင်းပါတယ်ဗျာ”
ဂရီးလစ်ရှ်က ချူဖုန်း၏ လက်ကြီးများကို တုန်တုန်ရင်ရင်ဖြင့် ဆုပ်ကိုင်လိုက်မိသည်။ သူသည် အားတုံ့အားနာ ဖြစ်သွားရ၏။
ပြီးခဲ့သည့်ရာသီက ချူဖုန်း မန်ယူအသင်းဘက်ကို သွင်းခဲ့သည့် အံ့မခန်း ဂိုးနှစ်ဂိုးကို သူ ကောင်းကောင်း မှတ်မိနေသေးသည်။ ထိုကဲ့သို့ ကစားနိုင်ရန်မှာ သူ၏ တစ်သက်တာ အိပ်မက်ပင်။
ချူဖုန်း၏ ချီးမွမ်းစကားကို ကြားရသည့်အခါ ဂရီးလစ်ရှ်က လေးလေးနက်နက် ပြန်ပြောလိုက်သည်။ “ကျွန်တော် အစွမ်းကုန် ကြိုးစားသွားမှာပါ”
ချူဖုန်းက ခေါင်းညိတ်ပြပြီးနောက် ဘေးနားရှိ အသားညိုညို၊ ကြွက်သားအဖုအထစ်နှင့် လူကို ကြည့်လိုက်သည်။
“သီယာဂို... မန်ယူကို ကြိုဆိုပါတယ်”
ချူဖုန်းက ပြုံးလျက် နှုတ်ဆက်လိုက်၏။ “ခင်ဗျားနဲ့ ဟယ်ရီနဲ့ အတွဲညီမယ်လို့ ငါ ထင်တယ်”
ချူဖုန်း သိထားသည်မှာ သီယာဂို ဆေးလ်ဗားသည် အသက် (၃၅) နှစ်အထိ ချဲလ်ဆီးတွင် ထိပ်တန်း အဆင့် ကစားနိုင်ခဲ့သူ ဖြစ်သည်။ သီယာဂို ဆေးလ်ဗားသည် အရပ် (၁၈၁) စင်တီမီတာသာ ရှိသော်လည်း ခုန်အားကောင်းကာ ခံစစ်နေရာယူမှုနှင့် ကြားဖြတ်ဖျက်ထုတ်မှုများမှာ ထိပ်တန်းအဆင့် ဖြစ်သည်။ နောက်တန်း၏ သံမဏိတံခါးကြီး ဟုပင် တင်စားနိုင်၏။
“မန်ယူကို လာခွင့်ရတာ ဂုဏ်ယူစရာပါပဲ”
သီယာဂို၏ မျက်လုံးများကတော့ အနည်းငယ် လှုပ်ခတ်နေသည်။ သူသည် မက်ဂွိုင်းယား၏ ဗီဒီယိုများကို ကြိုတင်လေ့လာခဲ့ရာ သူ၏ အနာဂတ် လက်တွဲဖော်မှာ အနည်းငယ် ကြောင်တောင်တောင် လုပ်တတ်ကြောင်း တွေ့ရှိခဲ့ရသည်။ ဥပမာ- ဂိုးဧရိယာထဲတွင် ဂိုးသမားထံသို့ ဘောလုံးကို လက်ဖြင့် ပစ်ပေးသည့် ကိစ္စမျိုးပင်။
သူ့ဘဝတစ်လျှောက် ထိုကဲ့သို့ အဖြစ်မျိုး မတွေ့ဖူးခဲ့သဖြင့် ရှေ့လျှောက် သူ့မှာ မက်ဂွိုင်းယားကို ထိန်းကျောင်းရသည်မှာ မလွယ်ကူလှကြောင်း ခန့်မှန်းမိလေသည်။ သို့သော် ကိစ္စမရှိ။
သူ အေစီမီလန်ကို စရောက်တုန်းက နက်စတာက သူ့ကို သင်ကြားပေးခဲ့သလိုမျိုး သူလည်း မက်ဂွိုင်းယားကို အစွမ်းကုန် လက်ဆင့်ကမ်း သင်ကြားပေးမည်ဟု ဆုံးဖြတ်ထားသည်။
“ဖာရီယာ... ပေါ့ဘာ ထွက်သွားတော့ ကွင်းလယ်တိုက်စစ် နေရာက လွတ်နေပြီ။ သင့်တော်တဲ့သူ ရှာထားတာ ရှိလား” ချူဖုန်းက မေးလိုက်သည်။
ယခုအခါ မန်ယူတွင် ချူဖုန်း၏ ဩဇာမှာ မန်နေဂျာတစ်ယောက်ထက်ပင် မနိမ့်တော့ပေ။ သူသည် အသင်း၏ ဂုဏ်ဆောင် လူငယ်အကယ်ဒမီထွက် ဖြစ်သလို (၇) ထပ်ကွမ်း ချန်ပီယံလည်း ဖြစ်သည် မဟုတ်ပါလား။
“စပို့တင်းက ဘရူနို ဖာနန်ဒက်ဇ်၊ လက်စတာက ဂျိမ်းစ် မက်ဒီဆင်၊ လေဗာကူဆင်က ကိုင် ဟားဗက်ဇ်... ဒီလူတွေ ရှိတယ်”
ဖာရီယာက စိုးရိမ်တကြီး ခေါင်းခါလိုက်၏။ “လောလောဆယ် ဒီဘရိုင်း၊ ကော်တင်ဟို၊ ခရူးစ်တို့လို ထိပ်တန်းလူတွေက ခေါ်ဖို့မလွယ်ဘူး။ ဈေးကလည်း ခေါင်ခိုက်နေသလို အသင်းတွေကလည်း မလွှတ်ချင်ကြဘူး။ ငါတို့ လူငယ်တွေကိုပဲ အားကိုးရတော့မယ် ထင်တယ်”
ချူဖုန်းက ခေတ္တစဉ်းစားပြီးနောက် ပြောလိုက်သည်။ “ရီးရဲလ်မက်ဒရစ်က လူငယ်လေး မာတင် အိုဒီဂတ်ကို အငှားချဖို့ ရှာနေတယ် မဟုတ်လား။ အပြောင်းအရွှေ့အဖွဲ့ကို အဲဒါလေး စုံစမ်းခိုင်းလိုက်ပါဦး”
အိုဒီဂတ်သည် ယခုရာသီတွင် စတင် တောက်ပလာမည့်သူဖြစ်ကြောင်း ချူဖုန်း မှတ်မိနေသည်။
“ငါ သူတို့ကို ပြောပြလိုက်ပါ့မယ်” ဖာရီယာက ခေါင်းညိတ်လျက် ဆို၏။
——
နောက်ရက်များတွင် မန်ယူအသင်းသည် ပေါ့ဘာနှင့် ရက်ရှ်ဖို့ဒ်တို့ကို ရောင်းချ၍ ရရှိလာသော ငွေများဖြင့် ဈေးကွက်ထဲတွင် ကြဲတော့သည်။
ကွင်းလယ်အတွက် ဘရူနို ဖာနန်ဒက်ဇ်ကို ယူရို (၄၅) သန်းဖြင့် ခေါ်ယူနိုင်ခဲ့သော်လည်း ကိုင် ဟားဗက်ဇ် အတွက်မူ လေဗာကူဆင်က ယူရို သန်း (၉၀) အထိ တောင်းဆိုနေသဖြင့် ဈေးစစ်နေရဆဲ ဖြစ်သည်။
သို့သော် ရီးရဲလ်မက်ဒရစ်က ကြားဖြတ်ဝင်လာသည့်အခါ ဈေးနှုန်းများ တက်သွားခဲ့သည်။ မန်ယူအသင်းက နောက်ဆုတ်ရန် ပြင်သောအခါမှသာ လေဗာကူဆင်က ချက်ချင်း ဈေးပြန်လျှော့ပေးခဲ့ရ၏။
နောက်ဆုံးတွင် မန်ယူသည် အသက် (၂၀) အရွယ် လူငယ်ကြယ်ပွင့် ကိုင်ဟားဗက်ဇ်ကို ယူရို (၈၅) သန်းဖြင့် ခေါ်ယူလိုက်နိုင်တော့သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်နေ့တွင် ဟားဗက်ဇ်သည် သူ၏ မြည်းလေးနှင့်အတူ မန်ချက်စတာသို့ ရောက်ရှိလာခဲ့သည်။
အိုးထရက်ဖို့ဒ်ကွင်းကြီးထဲတွင် ကစားသမားသစ် မိတ်ဆက်ပွဲ ကျင်းပနေသည်။ ချူဖုန်းသည် ကစားသမား ဝင်ပေါက်တွင် အသစ်များကို တစ်ယောက်ချင်းစီ လက်ချင်းရိုက်ကာ နှုတ်ဆက်နေ၏။
“ကဲ... နောက်ထပ် အစီအစဉ်ကတော့ မြေမကျ ကန်ချက် စိန်ခေါ်ပွဲပဲ ဖြစ်ပါတယ်” ကွင်းကြေညာသူက အော်ဟစ်လိုက်သည်။
မန်ယူပရိသတ်များက အားတက်သရော အားပေးကြသော်လည်း ဟားဗက်ဇ်၏ မျက်နှာကတော့ ချက်ချင်း ပျက်သွား၏။
သွားပြီ
ပုံမှန်ဆိုလျှင် ဘောလုံးလေး ခေါင်းတိုက်ပြ၊ ခြေထောက်နဲ့ ပုခုံးနဲ့ ထိန်းပြရုံပဲ မဟုတ်လား။ အခုက ဂိုးကန်သွင်းခိုင်းနေတာလား။
ကွင်းဘေးတွင်တော့ မော်ရင်ညိုနှင့် ချူဖုန်း စကားပြောနေကြသည်။
“ဆရာ... ကျွန်တော် စီစဉ်တဲ့ မိတ်ဆက်ပွဲ အစီအစဉ် ဘယ်လိုလဲ” ချူဖုန်းက မေးလိုက်၏။
“မင်း လက်ချက်မှန်း ငါ သိသားပဲ”
မော်ရင်ညိုက ခေါင်းခါလျက် ဆိုသည်။ “နောက်ရာသီမှာ ငါတို့ ၄-၃-၁-၂ ပုံစံကိုပဲ သုံးမယ်။ ကိုင်ရဲ့ နေရာယူမှုနဲ့ ဉာဏ်ရည်က ကောင်းပါတယ်။ ဒါပေမဲ့ သူက ခြေစွမ်း အတက်အကျ ရှိတတ်တော့ မင်းကပဲ သူ့ကို ကူညီပြီး တိုက်စစ်ကို ဦးဆောင်ပေးရလိမ့်မယ်”
မော်ရင်ညိုက (၅) မိနစ်ခန့် နည်းစနစ်များအကြောင်း ရှင်းပြနေသည်။ ပေါ့ဘာ ထွက်သွားခြင်းက အသင်းတိုက်စစ် အပေါ် သက်ရောက်မှု ရှိနိုင်သည်ကို သူ စိုးရိမ်နေခြင်းပင်။
“စိတ်မပူပါနဲ့ ဆရာ... ကျွန်တော် ပြီးခဲ့တဲ့ရာသီကထက် ပိုတော်နေပြီဆိုတာ ပြပေးပါ့မယ်” ချူဖုန်းက သွားဖြူဖြူလေးများ ပေါ်သည်အထိ ပြုံးပြလိုက်သည်။
ထိုစဉ် အိုးထရက်ဖို့ဒ် ကွင်းကြီးတစ်ခုလုံး ရုတ်တရက် တိတ်ဆိတ်သွား၏။ ချူဖုန်း လှမ်းကြည့်လိုက်သည့်အခါ...
“ဘန်း...”
ဟားဗက်ဇ်၏ ကန်ချက်က ဂိုးပေါက်နှင့် အဝေးကြီးသို့ လွင့်ထွက်သွားသည်။ သူ အတော်လေး စိတ်လှုပ်ရှားနေပုံရကာ (၁၀) ကြိမ်ဆက်တိုက် ကန်သော်လည်း တစ်ဂိုးမျှ မဝင်ပေ။
ပရိသတ်များ စတင် ကဲ့ရဲ့လာကြပြီ။
“ငါတို့ ယူရို ၈၅ သန်းတောင် ပေးထားရတာလေကွာ... ဒီလောက် တုံးအတဲ့ကောင်ကို ဝယ်လိုက်တာလား”
“ဗီဒီယိုထဲမှာ ကြည့်တုန်းကတော့ တော်သားပဲ... အခုက အယောင်ဆောင် ကိုင် ဟားဗက်ဇ်များလား”
“ဟားဗက်ဇ်ကို ပရော်ဖက်ရှင်နယ် ကစားသမား အယောင်ဆောင်မှုနဲ့ တိုင်ချက်ဖွင့်ရမယ်”
***