ပရိသတ်တွေ၏ ဆူညံသံများကြောင့် ဟားဗက်ဇ် ခေါင်းငိုက်စိုက်ကျသွားသည်။ သူ ဆက်ကန်ရန်ပင် မဝံ့မရဲ ဖြစ်နေ၏။
ထိုအချိန်၌ ချူဖုန်း ချက်ချင်း ကွင်းထဲသို့ ပြေးဝင်သွားကာ မိုက်ခရိုဖုန်းကို ယူလိုက်သည်။
“ကျွန်တော်လည်း စမ်းကြည့်လို့ရမလား။ ကျွန်တော့်တုန်းက မိတ်ဆက်ပွဲက သိပ်ရိုးရှင်းလွန်းတော့ အိုးထရက်ဖို့ဒ်မှာ ပရိသတ်တွေရှေ့ ဒီလို မကန်ခဲ့ရတာ နောင်တရနေလို့ပါ”
ကွင်းကြေညာသူက ချက်ချင်း သဘောတူလိုက်သည်။
“ဝုန်း...”
ကွင်းလုံးပြည့် ပရိသတ်တွေက ချူဖုန်းကို တစ်ခဲနက် အားပေးကြတော့သည်။ ချူဖုန်းက ဘောလုံးကို ရင်ဘတ်ဖြင့် ထိန်းကာ ညာခြေဖြင့် အားကုန်လွှဲကန်လိုက်၏။
သို့သော် ဘောလုံးက ဂိုးတိုင်ကို မှန်သွားပြီး ပွဲကြည့်စင်ပေါ်သို့ လွင့်သွားသည်။ ချူဖုန်းက ပခုံးတွန့်ပြကာ ဒုတိယတစ်လုံးကိုလည်း တမင်တကာ စင်ပေါ်သို့ ကန်တင်လိုက်ပြန်သည်။
ထို့နောက် သူက ဟားဗက်ဇ်ကို မျက်မှိတ်ပြကာ ပရိသတ်တွေကို လှမ်းပြောလိုက်၏။ “အခုကန်တဲ့ ဘောလုံးတွေက ခင်ဗျားတို့အတွက် လက်ဆောင်တွေပါဗျာ... အမြဲတမ်း အားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ဂရီးလစ်ရှ်ကလည်း ပါးနပ်စွာဖြင့် ဘောလုံးတွေကို ပရိသတ်စင်ပေါ်သို့ လိုက်ကန်ပေးတော့သည်။ ထိုအခါမှ ပရိသတ်တွေလည်း ပျော်ရွှင်သွားကြကာ ဟားဗက်ဇ်လည်း သက်ပြင်းချနိုင်တော့၏။
မော်ရင်ညိုကတော့ ဘေးကကြည့်ရင်း တွေးနေသည်။ ဒီကလေးက မြည်းကျောင်းရတာ ဝါသနာ ပါလွန်းတော့ ခေါင်းထဲမှာလည်း မြည်းတွေပဲ ရှိနေတာလား မသိဘူး
ပွဲအပြီးတွင် ချူဖုန်းက ဟားဗက်ဇ်၏ ပခုံးကို ဖက်ကာ အားပေးလိုက်သည်။ “လေ့ကျင့်ရေးမှာ ဂိုးမဝင်တာက မင်းရဲ့ အရည်အချင်းကို မသတ်မှတ်ပါဘူး။ ငါဆိုရင် ဒေးဗစ်နဲ့ လေ့ကျင့်တုန်းက သုံးလုံးကန်ရင် တစ်လုံး လွဲနေကျပဲ။ ဒါပေမဲ့ ပွဲထဲကျရင်တော့ ငါ ဂိုးတွေ သွင်းနိုင်တာပဲ မဟုတ်လား”
ဟားဗက်ဇ်က မျက်လုံးလေး တောက်သွားကာ မေး၏။ “တကယ်လား...”
ချူဖုန်းက မလိမ်မညာဘဲ ပြန်ဖြေလိုက်သည်။ “တကယ်ပေါ့... အဲဒါ အမှန်တရားပဲ”
ဒီဂီယာကတော့ ဘေးကနေ မျက်မှောင်ကြုတ်ကြည့်နေသည်။ ဒီကောင်... လူတွေကို လိမ်ပြန်ပြီ။ မင်းကန်တဲ့ တစ်လုံးမကျန် ဂိုးထောင့်ထဲကိုပဲ ဝင်နေတာလေ... ငါတောင် မဖမ်းနိုင်တာကို
——
ရာသီသစ်အတွက် လူစာရင်း အတည်ပြုပြီးနောက် မန်ယူအသင်းသည် တရုတ်နိုင်ငံ၊ နန်ကျင်းမြို့သို့ ပျံသန်းခဲ့သည်။
အင်တာနေရှင်နယ် ချန်ပီယံဖလားပွဲတွင် မန်ယူသည် အင်တာမီလန်နှင့် ရင်ဆိုင်ရမည် ဖြစ်သည်။
အားကစားကွင်းတွင် ချူဖုန်းသည် သူငယ်ချင်းဟောင်း လူကာကူနှင့် ပြန်လည် ဆုံတွေ့ခဲ့သည်။ လူကာကူကတော့ အဝေးကနေ ချူဖုန်းကို မကြည်ကြည့် ကြည့်နေ၏။
မက်ဂွိုင်းယားကတော့ သူ့ရင်ဘတ်ကို ပုတ်ကာ ချူဖုန်းကို ပြောလိုက်သည်။
“ချူ... မင်း စိတ်မကောင်းဖြစ်နေတာ ငါသိပါတယ်။ ဒီနေ့ လူကာကူကို ငါ ဘယ်လို ချုပ်ထားမလဲ ဆိုတာ စောင့်ကြည့်လိုက်။ မင်းအတွက် ငါ လက်စားချေပေးမယ်”
မက်ဂွိုင်းယားသည်လည်း လူကာကူက ချူဖုန်းကို အသင်းကနေ ထွက်သွားရအောင် လုပ်ခဲ့သည်ဟု ထင်နေပုံရလေသည်။
ချူဖုန်းကတော့ ပြုံးရုံသာ ပြုံးနေမိသည်။ လူကာကူ... မင်း ဒီညတော့ မက်ဂွိုင်းယား ပေးတဲ့ ဒုက္ခတွေကို ကောင်းကောင်း ခံစားရတော့မှာပဲ။
“တရုတ်ပြည်မှာ ချူဖုန်းရဲ့ လူကြိုက်များမှုကတော့ ကြောက်စရာကြီးပဲဟေ့...”
ကွင်းတစ်ခုလုံးကို လွှမ်းခြုံထားသည့် အနီရောင် မီးရောင်များနှင့် ပွဲကြည့်စင်ပေါ်မှ ဧရာမ တီဖို ပိုစတာကြီးကို ကြည့်ရင်း မက်ဂွိုင်းယားတစ်ယောက် သူကိုယ်သူ အိုးထရက်ဖို့ဒ်ကွင်းထဲ ရောက်နေသည်ဟုပင် ထင်မှတ်လိုက်မိသည်။
မဟုတ်သေး... အိုးထရက်ဖို့ဒ်မှာတောင် ဤမျှ ပြင်းထန်သော အားပေးမှုမျိုး မရှိနိုင်ပေ။
“မင်းသာ ချူဖုန်းလို ချန်ပီယံဆု (၇) ခုလောက် ရအောင် လုပ်ပေးနိုင်ရင် အင်္ဂလန်သားတွေလည်း ဒီထက်မက ရူးသွပ်သွားမှာပေါ့”
အက်ရှ်လေယန်းက မက်ဂွိုင်းယား၏ ပုခုံးကို ပုတ်ကာ ပြောလိုက်သည်။ “ဒါကြောင့် ကြိုးစားစမ်းပါ”
“ငါ့ဘဝမှာ အဲဒီလောက်အထိ ဖြစ်နိုင်ပါ့မလားတောင် မသိဘူး”
မက်ဂွိုင်းယားက မျက်နှာရှုံ့မဲ့လျက် ဆို၏။ သူက တစ်ခါတလေ အမှားသေးသေးလေး လုပ်မိရုံနှင့်တင် မန်ယူပရိသတ်တွေ၏ ကဲ့ရဲ့မှုကို ခံနေရသူ မဟုတ်ပါလား။ ချူဖုန်းလို နတ်ဘုရားတစ်ပါးလို ဆက်ဆံခံရဖို့ ဆိုသည်မှာ အိပ်မက်ပင် ဖြစ်သည်။
“ပွဲမစခင် သွေးပူလေ့ကျင့်ခန်း လုပ်ဖို့ အချိန်သိပ်မရဘူး။ ဒါကြောင့် အချင်းချင်း စကားပြောပြီး နားလည်မှု ယူထားကြ။ ပြဿနာရှိရင် ချက်ချင်းပြော” ချူဖုန်းက နောက်လှည့်ကာ အသင်းဖော်များကို သတိပေးလိုက်သည်။
“စိတ်မပူနဲ့ ချူ... ငါနဲ့ သီယာဂိုနဲ့က အတွဲညီနေပြီ။ ခံစစ်ကတော့ အေးဆေးပဲ” မက်ဂွိုင်းယားက ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်၏။
သီယာဂို ဆေးလ်ဗားကတော့ ဘေးကနေ ပြုံးရုံသာ ပြုံးနေသည်။ မက်ဂွိုင်းယားသည် တစ်ခါတလေ ကြောင်တတ်သည်မှအပ တစ်ဦးချင်း ဖြတ်ထုတ်မှုနှင့် ဝေဟင်ဘောလုံး ဖျက်ထုတ်မှုများတွင် တကယ့်ကို အားကိုးရသူ ဖြစ်သည်။
သူလုပ်ရမည့်အလုပ်မှာ မက်ဂွိုင်းယား၏ နောက်ကနေ လွတ်သွားသည်များကို လိုက်လံ ဖာထေးပေးရုံသာ ဖြစ်၏။ ဤသည်မှာ သူ အေစီမီလန်တွင် နက်စတာနှင့် တွဲကစားခဲ့ရသည့် အချိန်များကို ပြန်လည် သတိရစေသည်။ ထိုစဉ်က သူသည် ယခု မက်ဂွိုင်းယားကဲ့သို့ပင် ဖြစ်ခဲ့ဖူးသည် မဟုတ်ပါလား။
အဝေးတစ်နေရာတွင်တော့...
အင်တာမီလန် တိုက်စစ်မှူး လော်တာရို မာတီနက်ဇ်သည် ချူဖုန်း၏ ကျောပြင်ကို စူးစိုက်ကြည့်နေသည်။ သူ၏ မျက်ဝန်းထဲတွင် အားကျစိတ်နှင့်အတူ စိန်ခေါ်လိုစိတ်များ ပြည့်နှက်နေ၏။
“လူကာကူ... ငါတို့နှစ်ယောက် အနာဂတ်မှာ ကမ္ဘာ့ထိပ်သီးတွေ ဖြစ်လာမှာပါ” လော်တာရိုက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လျက် ပြောလိုက်သည်။
လူကာကူသည်လည်း ထိုစကားကို ကြားသည့်အခါ တက်ကြွသွား၏။ လူအများက သူ့ကို မန်ယူမှာ ဘာမှမလုပ်ဘဲ ချန်ပီယံဆုတွေ ရခဲ့သူ ဟု ကဲ့ရဲ့နေကြသည်ကို သူ အလွန်မုန်းတီးသည်။ သူ အင်တာမီလန်သို့ ပြောင်းလာခြင်းမှာ ချူဖုန်းနှင့် မန်ယူအသင်း မပါဘဲလည်း သူ အောင်မြင်နိုင်ကြောင်း သက်သေပြရန်ပင် ဖြစ်သည်။
---
တီ… တီ…
ဒိုင်လူကြီး၏ ဝီစီသံနှင့်အတူ ပွဲက စတင်လေပြီ။ နန်ကျင်း အိုလံပစ်အားကစားကွင်းကြီးမှာ ပရိသတ်တွေ၏ ဟေးခနဲ အော်ဟစ်သံများကြောင့် တုန်ဟည်းသွားတော့သည်။
“အင်တာမီလန်က ကွင်းအနံကို သုံးပြီး တိုက်စစ်ဆင်နေပြီ။ အက်သလက်တီကို နောက်ခံလူဟောင်း ဂိုဒင်က ဘောလုံးကို ဆွဲတက်လာတယ်”
“ဝမ်ဘစ်ဆာကာကတော့ အေးအေးဆေးဆေးပဲ။ ပြီးခဲ့တဲ့ ရာသီကလို စိတ်မလောတော့ဘူး”
ဂိုဒင်သည် အခွင့်အရေး မရှိသဖြင့် ကွင်းလယ်လူ ဘာရယ်လာထံသို့ ဘောလုံး ပြန်ပေးလိုက်သည်။ ဘာရယ်လာက အက်ရှ်လေယန်း၏ နောက်ကျောဘက်သို့ ဘောလုံးကို ပါးပါးလေး ပင့်ပေးလိုက်၏။ လူကာကူက အက်ရှ်လေယန်းကို ခန္ဓာကိုယ်ဖြင့် အတင်း တိုးကာ ဖြတ်တင်ဘော တစ်လုံး ပေးလိုက်သည်။
“အင်တာမီလန်ရဲ့ တိုက်စစ်ဆင်မှု... လော်တာရို ခုန်တက်လိုက်ပြီ”
“ဘုန်း...”
“ဝါး... မက်ဂွိုင်းယားက လူကော ဘောလုံးကော ဝင်တိုက်လိုက်တာပဲ။ သူက တိုက်ပွဲဝင် တင့်ကားကြီး အတိုင်းပဲဗျာ”
လော်တာရိုသည် မြေပြင်ပေါ်တွင် လိမ့်သွားကာ ပုခုံးကို ပွတ်ရင်း မျက်နှာရှုံ့မဲ့သွား၏။ နာလိုက်တာမှ လွန်ရော။ ထိုလူကောင်ကြီးနှင့် ထိမိလိုက်သည့် ခဏမှာ ကုန်တင်ကားတစ်စီးနှင့် ဝင်တိုက်မိသလို ခံစားလိုက်ရပြီး ဟန်ချက်ပင် ပျက်သွားရသည်။
ပွဲကစားချိန် မိနစ် (၂၀) ကျော်တွင်တော့...
“ဟားဗက်ဇ်က မန်ယူရဲ့ နံပါတ် (၁၀) ဂျာစီကို ဝတ်ထားတာနော်... အခု သူ ဘောလုံး ရသွားပြီ”
“လှလိုက်တာ”
ဟားဗက်ဇ်သည် ဘောလုံးကို လက်ခံမည့်ဟန်ဖြင့် နောက်သို့ ဆုတ်လာပြီးမှ ဘောလုံးကို သူ့နောက်သို့ တမင် ကျော်သွားခွင့်ပြုလိုက်သည်။ ဤသည်မှာ ဝါရင့်ကစားသမားကြီးများကဲ့သို့ အေးဆေး တည်ငြိမ်လွန်းသည့် အကွက်ပင်။
မန်ယူပရိသတ်များ သက်ပြင်းချနိုင်သွားပြီ။ ဟားဗက်ဇ်က အတုတော့ မဟုတ်တန်ရာ။
“ကိုင်…”
ဘေးနားမှ ချူဖုန်း၏ အသံထွက်လာသည့်အခါ ဟားဗက်ဇ်က မဆိုင်းမတွဘဲ ဘောလုံးကို ထိုးပေးလိုက်သည်။
ချူဖုန်းသည် ဘောလုံးကို လက်ခံရယူပြီးနောက် သူ့ရှေ့တွင် ပိတ်ဆို့ထားသည့် ကန်ဒရီဗာကို ရင်ဆိုင်လိုက်သည်။ သူက နောက်သို့ ပြန်ပေးမည့်ဟန်ဖြင့် ညာခြေကို မလိုက်သော်လည်း...
“ဝှစ်...”
ရုတ်တရက် ခန္ဓာကိုယ်ကို လှည့်ကာ ဘောလုံးကို ဆန့်ကျင်ဘက်သို့ ဆွဲယူသွားလိုက်သည်။ ခရိုက်ဖ် လှည့်ကွက်ပင် ဖြစ်၏။
ထို့နောက်တွင်တော့...
အနီရောင် ဟာရိကိန်း မုန်တိုင်းတစ်ခုအလား ချူဖုန်းသည် အရှိန်ပြင်းပြင်းဖြင့် အင်တာမီလန်၏ ဂိုးဧရိယာထဲသို့ တိုးဝင်သွားတော့သည်။ သူ့ကို လာရောက်ပိတ်ဆို့သည့် ရှကရီညာကိုလည်း ရပ်တန့်ခြင်းနှင့် အရှိန်ဖြင့် ပြေးထွက်ခြင်းတို့ကို တစ်လှည့်စီ သုံးကာ အရူးလုပ်သွားခဲ့သည်။
နန်ကျင်း အားကစားကွင်းကြီးမှာ အံ့ဩတုန်လှုပ်မှုများဖြင့် ပြည့်နှက်သွား၏။ ချူဖုန်း၏ လိမ်ခေါက်ကွက်များမှာ ရိုးရှင်းသော်လည်း ရက်စက်လွန်းလှသည်။
ဂိုးသမား ဟန်ဒါနိုဗစ်က ရှေ့သို့ တိုးထွက်လာသော်လည်း ချူဖုန်းက ဘောလုံးကို ညာခြေဖြင့် အင်မတန် ခက်ခဲသော ထောင့်စွန်းထဲသို့ တိုးဝင်အောင် ကန်သွင်းလိုက်လေသည်။
“ဂိုး...”
“လှလိုက်တာ ချူဖုန်းရဲ့ တစ်ကိုယ်တော် ထိုးဖောက်မှုက အင်တာမီလန် ခံစစ်ကို အပိုင်းပိုင်း ဖြစ်သွားစေတာပဲ”
ချူဖုန်းက ဟားဗက်ဇ်၏ ပုခုံးကို ဖက်ကာ ပြောလိုက်သည်။ “ကိုင်... မင်း ငါ့ကို ယုံကြည်မှု ရှိရှိပဲ ဘောလုံး ပေးစမ်းပါ။ ငါတို့ အတူတူ လုပ်နိုင်ပါတယ်”
ဟားဗက်ဇ်သည် ချူဖုန်း၏ အားပေးမှုကြောင့် မျက်လုံးများ ပြန်လည် တောက်ပလာခဲ့သည်။
***