ယူရေးရှားတိုက်၏ လမ်းဆုံလမ်းခွ၊ ကော့ကေးဆပ်ဒေသ၏ အရှေ့တောင်ဘက်တွင် အဇာဘိုင်ဂျန်ဟု ခေါ်သော နိုင်ငံလေးတစ်ခု တည်ရှိသည်။ ထိုမြေတွင် ကျောက်ခေတ်နှောင်းပိုင်းကတည်းက လူသားတို့ အခြေချနေထိုင်ခဲ့သည့် အထောက်အထားများ ရှိခဲ့၏။
ယခုတော့ နှစ်ပေါင်းများစွာ အကြာတွင် အဇာဘိုင်ဂျန်၏ မြို့တော် ဘာကူရှိ အိုလံပစ် အားကစားကွင်းကြီးသည် ၂၀၁၉ ခုနှစ် ဥရောပစူပါဖလား ဗိုလ်လုပွဲကို လက်ခံကျင်းပနေပြီ ဖြစ်သည်။ ပြီးခဲ့သည့်ရာသီက ချန်ပီယံလိဂ်ရှင် မန်ယူအသင်းနှင့် ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးအသင်းတို့ ရင်ဆိုင်ရမည် ဖြစ်၏။
“နှစ်သင်းလုံးရဲ့ ပွဲထွက်လူစာရင်းတွေ ထွက်လာပါပြီ”
“၂၀၁၈ စူပါဖလားတုန်းက မန်ယူဟာ အက်သလက်တီကိုကို အနိုင်ယူပြီး ဖလားယူခဲ့ဖူးတယ်။ ဒါ့အပြင် မန်ယူဟာ ဥရောပစူပါဖလား ဗိုလ်လုပွဲကို (၃) နှစ်ဆက်တိုက် တက်လှမ်းနိုင်တဲ့ စံချိန်သစ်ကိုလည်း တင်ထားနိုင်ခဲ့ပြီ။ ၂၀၁၇ တုန်းကတော့ ရီးရဲလ်ကို ရှုံးခဲ့ရပေမဲ့ပေါ့လေ...”
“ဒီနေ့ မန်ယူရဲ့ လူစာရင်းမှာတော့ ကွင်းလယ်နဲ့ တိုက်စစ်ပိုင်းမှာ အပြောင်းအလဲတွေ အများကြီး တွေ့ရတယ်။ ဟားဗက်ဇ်ရဲ့ နေရာမှာ ဘရူနို ဖာနန်ဒက်ဇ်က ကွင်းလယ်တိုက်စစ် ကစားသမားအဖြစ် ပွဲထွက်လာပြီး မက်တော်မီနေးနဲ့ မာရက်ဇ်တို့လည်း ပါဝင်လာကြတယ်”
“ချဲလ်ဆီးဘက်ကို ကြည့်ရအောင်။ ဆာရီ ထွက်သွားပြီးနောက်မှာတော့ အသင်းဂန္ထဝင် လမ်းပတ်က အသင်းကို ကိုင်တွယ်နေပြီ။ သူကတော့ ရာသီမစခင်မှာပဲ ခပ်ကြမ်းကြမ်း ကြေညာချက် ထုတ်ထားသေးတယ်...”
“ကျွန်တော့်ကို အပြောင်းအရွှေ့ ကာလ (၃) ခုလောက်ပဲ အချိန်ပေးပါ။ ချဲလ်ဆီးကို အင်္ဂလန်တင်မကဘူး... ဥရောပရဲ့ ထိပ်ဆုံးကို ပြန်ပို့ပေးမယ်တဲ့”
ပရိသတ်အချို့ ထိုစကားကို ကြားသည့်အခါ တစ်နေရာရာမှာ ကြားဖူးနားဝ ရှိနေသလို ခံစားလိုက်ရသည်။ သောက်ကျိုးနည်း... ဒါ လူထူးဆန်းကြီး မော်ရင်ညို မန်ယူကို စရောက်တုန်းက ပြောခဲ့တဲ့ စကားတွေ မဟုတ်လား
လမ်းပတ်ကတော့ တစ်လုံးမကျန် Copy & Paste လုပ်လိုက်ပုံရပေသည်။
မကြာသေးမီက ထွက်ပေါ်ခဲ့သော The Sun သတင်းစာ၏ သတင်းများအရ ချဲလ်ဆီးသည် အသင်း ဂန္ထဝင် နောက်တစ်ဦးဖြစ်သည့် ဂျွန်တယ်ရီကို နည်းပြခန့်ရန် စီစဉ်ခဲ့သော်လည်း ကစားသမား အများစုက ကန့်ကွက်ခဲ့ကြသည်ဟု ဆိုသည်။ အကြောင်းမှာ သူတို့၏ ဇနီးသည်များ တယ်ရီနှင့် ပါသွားမည်ကို စိုးရိမ်သောကြောင့်ပင်။ ထို့ကြောင့် တယ်ရီမှာ လူငယ်အသင်း နည်းပြဘဝဖြင့်သာ ကျေနပ်လိုက်ရတော့သည်။
---
ပွဲစသည်နှင့် မန်ယူ၏ တိုက်စစ်က တောင်ပံမှတစ်ဆင့် စတင်လာသည်။ ဘရာဇီးလ် ပျံလွှားလေး ဆန်ဒရိုသည် အရှိန်အဟုန်ပြင်းပြင်းဖြင့် ဘောလုံးကို ဆွဲတက်လာ၏။
သူသည် အသက် (၃၀) အရွယ် ချဲလ်ဆီးနောက်ခံလူ အက်စ်ပီလီကွီတာကို အကြိမ်ကြိမ် ကျော်ဖြတ်ကာ ကွင်းလယ်သို့ ချဉ်းကပ်လာပြီး ချူဖုန်းထံသို့ ဘောလုံး ပေးပို့လိုက်သည်။
ချူဖုန်း၏ ရှေ့တွင်တော့ ခရစ္စတန်ဆန် ရှိနေ၏။
စာရင်းဇယားများအရ ပြီးခဲ့သည့်ရာသီက ချူဖုန်း၏ ပညာပြခြင်းကို အခံရဆုံး နောက်ခံလူများထဲတွင် ခရစ်တန်ဆန်က (၂၄) ကြိမ်ဖြင့် ထိပ်ဆုံးက ပြေးနေသည်။ မန်စီးတီး နောက်ခံလူတွေတောင် ဤစံချိန်ကို မမီကြပေ။
ချူဖုန်းက ဘောလုံးကို လက်ခံပြီး ဂိုးဧရိယာထဲသို့ တိုးဝင်ရန် ပြင်လိုက်သည်။ ခရစ္စတန်ဆန်သည် သူ၏ ဟန်ချက်ကို အကြိမ်ကြိမ် ပြင်ဆင်နေရ၏။ ချူဖုန်း၏ လိမ်ခေါက်ကွက်များမှာ တကယ့်အစစ်အတိုင်း ထင်ယောင်ထင်မှား ဖြစ်စေသဖြင့် တုံ့ပြန်မှုကိုပဲ အားကိုးနေ၍ မရမှန်း သူ သိသည်။
ချူဖုန်းက ပုခုံးကို တစ်ချက်ယိမ်းကာ ရုတ်တရက် အရှိန်မြှင့်လိုက်သည့်အခါ...
ခရစ္စတန်ဆန်သည် ထိန်းမရတော့ဘဲ ခြေထောက်ကို ဆန့်ထုတ်မိသွားတော့သည်။
“ဂျွတ်...”
ချူဖုန်းသည် ဂိုးဧရိယာဘေးစွန်းတွင် ခရစ္စတန်ဆန်၏ တိုက်ခိုက်မှုကြောင့် လဲကျသွားခဲ့သည်။ ဒိုင်လူကြီး၏ ဝီစီသံက ချက်ချင်း ထွက်ပေါ်လာ၏။
“ဝါး... ရိုးရှင်းတဲ့ လိမ်ခေါက်ကွက် နှစ်ခုတည်းနဲ့တင် ခရစ္စတန်ဆန်ကို ပျာယာခတ်သွားစေတာပဲ”
“အခုခေတ် ကစားသမားတွေထဲမှာ ချူဖုန်းရဲ့ တစ်ကိုယ်တော် ထိုးဖောက်နိုင်စွမ်းကတော့ အကောင်းဆုံး လို့ ပြောရမယ်။ ပရိသတ်တွေ ပြောသလိုပေါ့... စူပါစတား နှစ်ယောက်ပြိုင်တဲ့ ခေတ်က ကုန်ဆုံးသွားပြီ၊ အခုကတော့ တစ်ယောက်တည်းကပဲ အသာစီးရတဲ့ခေတ်ကို ရောက်နေပြီ”
“မင်း ဒီပြစ်ဒဏ်ဘောကို ကန်ချင်လို့လား”
ဘရူနို ဖာနန်ဒက်ဇ်က ဘောလုံးကို ဖက်ထားသလို ကိုင်ထားသည်ကို မြင်သည့်အခါ ချူဖုန်းက နားမလည်သလို မေးလိုက်သည်။
“ဟင့်အင်း... မဟုတ်ပါဘူး။ ငါက မင်းအတွက် နေရာချပေးနေတာပါ”
ဘရူနို ဖာနန်ဒက်ဇ်က ခေတ္တတွေဝေသွားပြီးမှ ဘောလုံးကို သူ၏ ဂျာစီဖြင့် အသေအချာ ပွတ်တိုက် သန့်ရှင်းပေးကာ မြက်ခင်းပေါ်သို့ တလေးတစား တင်ပေးလိုက်သည်။
တကယ်ဆို သူက ကန်ချင်တာပေါ့။ ဒါပေမဲ့ ဘယ်ပြောရဲပါ့မလဲ။
ချူဖုန်း၏ လက်ရှိ ဩဇာအာဏာနှင့် ဆိုလျှင် စီရော်နယ်ဒိုဆီက ပြစ်ဒဏ်ဘောကိုတောင် လုကန်နိုင်တဲ့သူ မဟုတ်လား။ ဘယ်သူကမှ ချူဖုန်းဆီက ဘောလုံးကို လုဖို့ မဝံ့ကြပေ။
“အော်... အဲဒါဆိုလည်း ဘေးကို ခဏဖယ်ပေးဦး” ချူဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
ဘရူနို ဖာနန်ဒက်ဇ် : “...”
ငါ့ကို ကန်ခိုင်းလိမ့်မယ်လို့ ထင်နေတာ... သောက်ကျိုးနည်း... ဘောလုံးကို တစ်ယောက်တည်း ချုပ်ကိုင်ထားတဲ့ ကောင်ကြီးရာ
ဘရူနို ဖာနန်ဒက်ဇ်က စိတ်ထဲကနေ ကျိန်ဆဲနေမိသည်။ သို့သော် သူသည်လည်း ချူဖုန်း၏ ခြေရာကို နင်းကာ တစ်နေ့တွင် အသင်း၏ ဘုရင် ဖြစ်လာရန် စိတ်ကူးယဉ်နေတော့၏။
ချူဖုန်းသည် ချဲလ်ဆီးဂိုးပေါက်၏ ညာဘက်အပေါ်ထောင့်ကို စူးစိုက်ကြည့်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။ ပြီးနောက် နောက်သို့ လေးလှမ်းခန့် ဆုတ်လိုက်၏။
လူတံတိုင်းထဲရှိ ကိုဗာဆစ်သည် လည်ချောင်းထဲက တံတွေးကို ဂလုခနဲ မြိုချလိုက်မိသည်။ ချူဖုန်း၏ ကန်ချက်က ဘယ်လောက် ပြင်းထန်သလဲဆိုတာ အားလုံး သိကြသည်။ မျက်နှာကိုသာ လာမှန်လျှင်တော့ သေချာပေါက် ဆေးရုံရောက်ပေလိမ့်မည်။
မန်ယူ နံပါတ် (၇) ပြေးထွက်လာပြီ။ လက်မောင်းကို လွှဲ၊ ခြေထောက်ကို အားကုန်သုံးကာ ကန်လိုက်သည်။
“ဝှစ်...”
ဘောလုံးသည် လေထဲတွင် ဝေ့ဝဲကာ လူတံတိုင်းကို ကျော်ဖြတ်သွားပြီး ဂိုးသမား ကီပါ၏ လက်ဖျားလေးကို ပွတ်ကာ ဂိုးပေါက် ညာဘက်အပေါ်ထောင့်ထဲသို့ တန်းခနဲ ဝင်သွားတော့သည်။
၁-၀
“လှလိုက်တာ ပွဲစပြီး (၂) မိနစ်တောင် မပြည့်သေးဘူး။ မန်ယူက အသာစီး ရသွားပြီ”
“ဒါက ချူဖုန်းဇုန် လို့ ခေါ်တဲ့ နေရာပဲ။ ဒီနေရာကနေ ချူဖုန်းရဲ့ ကန်ချက်တွေက (၄၃) ရာခိုင်နှုန်းအထိ ဂိုးဝင်လေ့ရှိတယ်။ အဲဒီ အကွေးအဝိုက်၊ အဲဒီ အရှိန်... ဒါက တကယ့်ကို အနုပညာ လက်ရာတစ်ခုပဲဗျာ”
ဘရူနို ဖာနန်ဒက်ဇ်က ချက်ချင်း ပြေးလာပြီး ချူဖုန်းကို ဖက်လိုက်သည်။ “မင်း တကယ် တော်တာပဲ”
မန်ယူမှာ အသင်းကို တစ်ယောက်တည်း မချုပ်ကိုင်နိုင်သေးသရွေ့တော့ ဒီလို ထိပ်တန်းလူတွေကို ဖားထားရုံပဲ ရှိတာပေါ့။ ဒါက အရိုးစွဲနေတဲ့ ဖားခြင်း မဟုတ်ပါဘူး... ရိုးသားတဲ့ ချီးမွမ်းခြင်းသက်သက်ပါဟု သူကိုယ်သူ ဖြေသိမ့်နေမိသည်။
“မင်းလည်း နေရာယူတာ ကောင်းပါတယ်” ချူဖုန်းက ယဉ်ကျေးစွာ ပြန်ပြော၏။
ဘရူနို ဖာနန်ဒက်ဇ်ကတော့ အူကြောင်ကြောင်ဖြင့် ရယ်နေမိသည်။ ငါ ဘာလုပ်လိုက်လို့လဲ... ဘောလုံးတောင် မထိရသေးဘူး
ဂိုးပေးလိုက်ရပြီးနောက် ချဲလ်ဆီး၏ အခြေအနေမှာ ပို၍ ဆိုးရွားလာသည်။ ခရစ္စတန်ဆန်သည်လည်း သက်ပြင်းကိုသာ အကြိမ်ကြိမ် ချနေရ၏။ သူသည် နောက်ထပ် နှစ်အနည်းငယ်နေလျှင် ချဲလ်ဆီးကနေ ထွက်သွားရန် စဉ်းစားထားသည်။
ငါ မင်းကို မယှဉ်နိုင်ရင်တောင် ထွက်ပြေးလို့တော့ ရမှာပေါ့... စပိန်လိဂ်ပဲဖြစ်ဖြစ်၊ အီတလီလိဂ်ပဲဖြစ်ဖြစ် သွားတော့မယ်။ ပရီးမီးယားလိဂ်မှာတော့ ဆက်မနေတော့ဘူး
ပွဲကစားချိန် (၃၈) မိနစ်အရောက်တွင်တော့...
ဘရူနို ဖာနန်ဒက်ဇ်က ကန်တေထံမှ ဘောလုံးကို လက်ခံကာ မာရက်ဇ်ထံသို့ ပေးပို့လိုက်သည်။
“မာရက်ဇ်က အဇာဘိုင်ဂျန်ရဲ့ အပူရှိန်အောက်မှာတောင် အစွမ်းပြနေတုန်းပဲ ခြေကွက်တွေကို သုံးပြီး အီမာဆန်နဲ့ ဇူးမားတို့ကို ဆက်တိုက် ကျော်ဖြတ်သွားပြီ”
မာရက်ဇ်က ဘောလုံးကို ဂိုးဧရိယာအတွင်းသို့ ဖြတ်တင်ပေးလိုက်သည်။ ချူဖုန်းက ရုတ်တရက် နောက်လှည့်ကြည့်ကာ အခြေအနေကို အကဲခတ်လိုက်၏။
ထိုခဏတွင် သူ၏ ဦးနှောက်ထဲတွင် နာမည်ကျော် ရော်နယ်ဒို၏ ဗီဒီယိုများက လျှပ်ခနဲ ပေါ်လာသည်။ ပြီးနောက် သူသည် ဘယ်ခြေကို မြက်ခင်းပေါ်တွင် ခိုင်မြဲစွာ နင်းကာ တစ်ကိုယ်လုံးကို နောက်သို့ လှန်ချလိုက်တော့သည်။
“ဘုန်း...”
ပီလီကစ်…
သို့သော် ကန်ချက်က ဂိုးပေါက်ထဲသို့ တိုက်ရိုက် မဝင်ဘဲ ချဲလ်ဆီးခံစစ်ကစားသမားတွေ ကြားထဲက ကွင်းလယ်လူ မက်တော်မီနေးထံသို့ အတိအကျ ရောက်သွားခဲ့သည်။ မက်တော်မီနေးကလည်း အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ကာ ညာခြေဖြင့် အားကုန်လွှဲကန်လိုက်၏။
၂-၀
“ဒါ... ဒါက ကင်မရာတွေကိုတောင် လှည့်စားသွားနိုင်တဲ့ ဖန်တီးမှုပဲဗျာ။ အံ့မခန်း နောက်ပြန် ပေးပို့မှုကြီးပဲ”
“ချူဖုန်းရဲ့ ပါရမီကတော့ ပြီးခဲ့တဲ့ ရာသီကထက်တောင် ပိုပြီး တောက်ပနေပြီလို့ ပြောရမယ်”
မက်တော်မီနေးက ချူဖုန်းကို ပြေးဖက်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ “ငါသိတယ်... မင်း ငါ့ဆီ ပေးမယ်ဆိုတာ ငါသိတယ်။ ငါ တစ်နေ့ကျရင် ဂိုးသွင်းအများဆုံး ဆုကို ရနိုင်မလားဟင်”
ချူဖုန်းက သူ့ကို ဘေးစောင်းကြည့်ကာ... “မင်း ဘယ်လို ထင်လဲ”
“ဟားဟား... မင်း အနားယူသွားတဲ့ တစ်နေ့ကျရင် ငါ ရမှာပေါ့” မက်တော်မီနေးက ရယ်ရင်း ပြော၏။
ဘေးနားရှိ မာရက်ဇ်ကလည်း ဝင်နောက်လိုက်သည်။ “မင်းက ချူဖုန်း အနားယူမှာကို စောင့်မလို့လား။ မင်းရဲ့ သားလေး ဘောလုံးကန်တဲ့ အချိန်အထိ ချူဖုန်းက အသင်းခေါင်းဆောင် ဖြစ်နေဦးမှာပါကွ”
ဒုတိယပိုင်းတွင်တော့ မန်ယူက နည်းစနစ်သစ်များကို စမ်းသပ်ကစားခဲ့ပြီး ချဲလ်ဆီးမှာတော့ မည်သို့မျှ ပြန်လည် တုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။ လမ်းပတ်၏ သက်ပြင်းချသံများကြားမှာပင် မန်ယူအသင်းက ချဲလ်ဆီးကို ၄-၀ ဆိုသည့် ရလဒ်ဖြင့် အပြတ်အသတ် အနိုင်ယူကာ ဥရောပစူပါဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးသွားခဲ့လေတော့သည်။
***