“၂၀၁၉ ခုနှစ် ဥရောပစူပါဖလားကို ဆွတ်ခူးသွားနိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက်အသင်းအား ဂုဏ်ပြုလိုက်ပါတယ်ဗျာ”
“ပြီးခဲ့တဲ့ရာသီက ရုန်းကန်ခဲ့ရတာတွေနဲ့ ယှဉ်ရင် ဒီနေ့ပွဲမှာ မန်ယူဟာ ယူရိုပါလိဂ်ချန်ပီယံ ချဲလ်ဆီးကို အေးအေးဆေးဆေးပဲ အနိုင်ယူသွားခဲ့တာပါ။ ဂိုးလည်း မပေးခဲ့ရသလို နည်းပြ မော်ရင်ညိုနဲ့ လမ်းပတ်တို့ကြားက နည်းပြအရည်အချင်း ကွာခြားချက်ကိုလည်း ကောင်းကောင်းကြီး မြင်ခဲ့ရပါတယ်”
အားကစားဝေဖန်ရေးဆရာများက ဤကဲ့သို့ ဆိုကြသည်။
ကွင်းအတွင်း၌မူ...
ပေါင်ခြံဒဏ်ရာ အပြင်းအထန်ရထားသည် ဆိုသော ရူဒီဂါသည် နည်းပြလမ်းပတ်၏ အံ့ဩနေသော အကြည့်များအောက်တွင် ချူဖုန်းဆီသို့ ဘာမှမဖြစ်သလို တဟုန်ထိုး ပြေးလာခဲ့သည်။
“ချူ... ငါ မင်းနဲ့ ဂျာစီလဲလို့ ရမလား”
ရူဒီဂါက ဝမ်းနည်းပူဆွေးသည့် မျက်နှာပေးဖြင့် မေးလိုက်သည်။ ရှုံးနိမ့်ထားသည့်အသင်းမှ ကစားသမား ဖြစ်သဖြင့် ပြုံးပြုံးရွှင်ရွှင်လုပ်နေလျှင် ပရိသတ်များ၏ ဆိုက်ဘာတိုက်ခိုက်မှုကို ခံရမည်အား သူ ကောင်းကောင်းသိသည်။ ဂျာမန်သားတို့မှာ ငယ်စဉ်ကတည်းက မိမိကိုယ်ကိုယ် ကာကွယ်တတ်ကြသည် မဟုတ်ပါလား။
“ရတာပေါ့... ကိစ္စမရှိပါဘူး။ မင်း ဒီနေ့ပွဲမှာ မကစားရတာ နှမြောစရာပဲ”
ချူဖုန်းက ဂျာစီကို လဲပေးရင်း ဆိုလိုက်၏။ “ဒါပေမဲ့ ပရီးမီးယားလိဂ် ပထမဆုံးပွဲမှာ ငါတို့ ပြန်ဆုံဦးမှာပဲလေ”
ထိုစကားကို ကြားသည့်အခါ ရူဒီဂါ၏ မျက်နှာက ပို၍ ညှိုးငယ်သွားကာ - “မင်း သိတဲ့အတိုင်း ပေါင်ခြံ ဒဏ်ရာက ပျောက်ဖို့ကြာတယ်လေ... နောက်ပွဲမှာ ငါ ပါနိုင်ချင်မှ ပါမှာပါ” ဟူ၍ ဝမ်းနည်းသော လေသံဖြင့် ဆိုလာသည်။
အမှန်တော့ သူက မန်ယူနှင့် မကစားချင်၍သာ ဒဏ်ရာအကြောင်းပြခဲ့ခြင်း ဖြစ်ပေသည်။ ထို့နောက် သူသည် စိတ်ထဲတွင် အတွေး တစ်ခု ပေါ်လာသည်။
“ဟေး ချူ... ငါ တစ်ခုလောက် မေးပါရစေ”
ရူဒီဂါက ဘေးဘီကို ဝေ့ဝဲကြည့်ကာ ပါးစပ်ကို လက်ဖြင့်အုပ်လျက် တိုးတိုးလေး မေးလိုက်သည်။ “သီယာဂိုက အခု ၃၅ နှစ်ရှိပြီလေ။ သူ အကြာကြီး ကစားနိုင်တော့မှာ မဟုတ်ဘူး။ မင်းတို့ဆီမှာ အရန်နောက်ခံလူတွေ လိုသေးလား”
ချူဖုန်းက အဓိပ္ပာယ်ပါပါ ပြုံးလိုက်ပြီး - “လိုနိုင်တာပေါ့... ဒါပေမဲ့ ဒါက နည်းပြနဲ့ အပြောင်းအရွှေ့အဖွဲ့ရဲ့ တာဝန်ပါ”ဟုသာ ပြန်ဖြေလိုက်သည်။
ရူဒီဂါက ခေါင်းညိတ်ပြလိုက်၏။ သူ၏ အတွေးမှာ ရှင်းပါသည်။ မနိုင်ရင် ထွက်ပြေးမည့် ခရစ္စတန်ဆန်နှင့် မတူဘဲ သူကတော့ မနိုင်ရင် အတူပေါင်းရန် ချူဖုန်းနှင့် လမ်းကြောင်း ကြိုခင်းထားခြင်း ဖြစ်လေသည်။
---
ပွဲအပြီး သတင်းစာရှင်းလင်းပွဲတွင် နည်းပြ မော်ရင်ညိုက သူ၏ အရှိန်အဝါကို ပြန်လည် ထုတ်ဖော် ပြသခဲ့သည်။
“ကျွန်တော် အသက် ၅၉ နှစ် ရှိနေပြီဆိုပေမဲ့ အောင်မြင်မှုအပေါ် ဆာလောင်စိတ်ကတော့ ငယ်ငယ်တုန်းက အတိုင်းပဲ။ မန်ယူရဲ့ ဒီရာသီ ရည်မှန်းချက်က ချန်ပီယံဆုတွေ ဆက်သိမ်းပိုက်ဖို့ပဲ” ဟူ၍ သူက ရဲရဲဝံ့ဝံ့ ပြောဆိုလိုက်သည်။
သတင်းထောက် တစ်ဦးက မန်စီးတီးနှင့် လီဗာပူးလ်တို့၏ အင်အားဖြည့်တင်းမှုကြောင့် မန်ယူ (၃) ကြိမ်ဆက် ချန်ပီယံဖြစ်ဖို့ အဟန့်အတား ကြုံရနိုင်ကြောင်း မေးမြန်းသည့်အခါ မော်ရင်ညိုက မထီမဲ့မြင်ဟန်ဖြင့် - “မော်ကြွားတယ်လို့ ထင်ရင်လည်း ထင်ပါ... မန်ယူမှာ အကောင်းဆုံး ကစားသမားတွေနဲ့ အကောင်းဆုံး နည်းပြ ရှိတယ်။ ဒါကြောင့် ကျွန်တော်တို့က အကောင်းဆုံး ဖြစ်နေရမှာပဲ။ ကျွန်တော်တို့ ပြုတ်ကျမှာကို စောင့်နေတဲ့သူတွေအနေနဲ့ ဝယ်ထားတဲ့ ရှန်ပိန်ပုလင်းတွေကို ရေခဲသေတ္တာထဲ ပြန်ထည့်ထားလိုက်ပါဦး။ တကယ်တမ်း တစ်ယောက်ယောက်က ကျွန်တော်တို့ကို တားဆီးနိုင်တဲ့အထိ စောင့်ကြဦးပေါ့” ဟု တုံ့ပြန်လိုက်လေသည်။
ချန်ပီယံဆုနှင့်အတူ မန်ချက်စတာသို့ ပြန်ရောက်လာသည့်အခါ ဟားဗက်ဇ်က ချူဖုန်းကို သူ၏ ခြံသို့ ဖိတ်ခေါ်ခဲ့သည်။
“ချူ... ငါ့မြည်းလေးတွေကို လာကြည့်ပါဦး”
သူတို့နှစ်ဦး မန်ချက်စတာ ဆင်ခြေဖုံးရှိ ဇိမ်ခံမြည်းတင်းကုပ်ထဲသို့ ဝင်လာကြသည်။
“အား-အု-အား-အု”
“ချူ... ဒီကောင်က မင်းကို သိပ်ကြိုက်နေတာပဲ”
ဟားဗက်ဇ်က မြည်းခေါင်းကို ပွတ်ရင်း ဆို၏။ “ဒါနဲ့... ဒီမြည်းမလေးက သားပေါက်တော့မယ်။ နာမည်ကို ချူ လို့ ပေးရင် ဘယ်လိုလဲ”
တင်းကုပ်တစ်ခုလုံး တိတ်ဆိတ်သွား၏။ ချူဖုန်း မျက်မှောင်ကြုတ်ကာ - “မင်းမြည်းနာမည်က ဘာတဲ့လဲ”
“ကိုင်ဟားဗက်ဇ်လေ” ဟားဗက်ဇ်က ဂုဏ်ယူစွာ ပြောလိုက်သည်။ “နာမည်ပြောင်ကတော့ ကိုလာပေါ့”
“အင်း... မူလာရဲ့ မြင်းနာမည်က ဟေးနက်စ် ဆိုလားပဲ”
ချူဖုန်းက စိတ်ကူးပေါက်ကာ - “မင်းသားပေါက်မယ့် မြည်းလေးကို မော်ရင်ညို လို့ ပေးလိုက်ပါလား။ ဆရာလည်း ဝမ်းသာသွားမှာပေါ့”ဟူ၍ စစနောက်နောက်ဖြင့် ပြောလိုက်သည်။
သို့သော် မထင်မှတ်ထားသည်မှာ -
“အကြံကောင်းပဲ”
ဟားဗက်ဇ်က ပျော်သွားကာ - “ဒါဆို နာမည်ကို မော်ရင်ညို လို့ ပေးမယ်။ ဒီနာမည်က သူ့ကို ခွန်အားတွေ ပေးလိမ့်မယ်။ သူ အရွယ်ရောက်လာရင် ဂျာမနီကို ပြန်ခေါ်သွားပြီး မူလာရဲ့ မြင်းနဲ့ ပြိုင်ခိုင်းမယ်။ ငါ့မြည်းက မနိုင်စရာ အကြောင်းမရှိဘူး”
ချူဖုန်း : “...” (ဆရာ သိသွားရင်တော့ သေပြီ)
လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်သည့်အခါ ချူဖုန်းသည် ကန်တေ တစ်ယောက် ဖုန်းပြောရင်း စိတ်ညစ်နေသည်ကို တွေ့လိုက်ရသည်။
ကန်တေကဲ့သို့ နာမည်ကြီးလာသည့် ကစားသမားများမှာ သွေးစုပ်ဖုတ်ကောင်များ၏ ပစ်မှတ် ဖြစ်လာတတ်သည်။ သူ၏ ဆွေမျိုးများ၊ သူငယ်ချင်းများနှင့် အေးဂျင့်ဟောင်းများမှာ ကန်တေကို ရွှေဥဥပေးသည့် ငန်းမလေး ကဲ့သို့ သဘောထားကာ ငွေကြေး အမြတ်ထုတ်နေကြခြင်းပင်။
အေးဂျင့်အပြောင်းအလဲ ကိစ္စများကြောင့် သေနတ်ဖြင့် ခြိမ်းခြောက်ခံရသည့် အဖြစ်မျိုးပင် ရှိခဲ့ဖူးသည်။
“ဘာမှ စိတ်မပူနဲ့ ကန်တေ... အခက်အခဲရှိရင် ငါ့ကိုပြော။ ငါ မဖြေရှင်းနိုင်ရင်တောင် အသင်းက ဖြေရှင်းပေးလိမ့်မယ်”
ချူဖုန်းက ကန်တေကို အားပေးရင်း ဟွာဝေးဖုန်း အသစ်တစ်လုံး လက်ဆောင်ပေးလိုက်သည်။ ကန်တေကဲ့သို့ လူကောင်းလေးများမှာ လူဆိုးများ၏ နှိပ်စက်မှုကို ခံနေရခြင်းမှာ မတရားဟု သူ ခံစားရသောကြောင့် ဖြစ်၏။
၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၁၁) ရက်နေ့။ ရာသီသစ် ပထမဆုံးပွဲစဉ်။
ဟားဗက်ဇ်၏ မြည်းလေး မွေးဖွားလာခဲ့ပြီး နာမည်ကို မော်ရင်ညိုဟု ပေးလိုက်သည့် သတင်းက တွစ်တာပေါ်တွင် ပျံ့နှံ့သွားခဲ့သည်။ ချူဖုန်းကလည်း မော်ရင်ညိုကို Tag လုပ်ကာ ရယ်မောနေသည့် အီမိုဂျီ (၁၅၀) ခန့် ပို့လိုက်လေသည်။
ရလဒ်ကတော့... နောက်တစ်နေ့တွင် ဟားဗက်ဇ်တစ်ယောက် ခက်ခဲလွန်းသည့် ကြွက်သား လေ့ကျင့်ခန်းများကို (၃) လတိတိ လုပ်ဆောင်ရန် အမိန့်ပေးခြင်း ခံလိုက်ရတော့သည်။
အိုးထရက်ဖို့ဒ် အဝတ်လဲခန်းထဲတွင်တော့...
“ကိုင်... မင်းကို ငါ သတိပေးသားပဲ။ ဆရာက သူ့လုပ်ဖော်ကိုင်ဖက်တွေဆီကနေ မြည်း လို့ ခေါ်ပြီး နောက်ပြောင်တာ ခံနေရတယ်တဲ့”
ချူဖုန်းက တိုးတိုးလေး ပြောလိုက်သည်။ ဟားဗက်ဇ်မှာတော့ အဝတ်ဗီဒိုကို မှီကာ ချူဖုန်းကို ရန်ငြိုးတကြီး ကြည့်နေတော့၏။
ပွဲစသည်နှင့် မန်ယူက ချဲလ်ဆီးကို ဖိအားပေး ကစားခဲ့သည်။ ပွဲကစားချိန် ၃၇ မိနစ်တွင် ဆန်ဒရို၏ ဖြတ်တင်ဘောကို ချူဖုန်းက ရူဒီဂါ၏ ခေါင်းပေါ်မှ ကျော်တက်ကာ ခေါင်းတိုက်သွင်းလိုက်သည်။ ဂိုးသမား ကီပါ ကာကွယ်နိုင်ခဲ့သော်လည်း ဂရီးလစ်ရှ်က နောက်ကနေ အလိုက်သင့် ပိတ်သွင်းကာ ဦးဆောင်ဂိုး ရယူပေးခဲ့သည်။
ထို့နောက် ချူဖုန်းကပင် အသင်းအတွက် ဦးဆောင်ဂိုး နှစ်ဂိုး ထပ်သွင်းပေးခဲ့၏။ နောက်ဆုံးတွင် မန်ယူက ချဲလ်ဆီးကို ၃-၀ ဖြင့် အပြတ်အသတ် အနိုင်ရရှိသွားခဲ့သည်။
ပွဲအပြီးတွင် လမ်းပတ်က - “မော်ရင်ညိုက ကျွန်တော့်ရဲ့ တစ်သက်တာ ဆရာပါပဲ။ သူ့ဆီက အများကြီး သင်ယူခဲ့ရပါတယ်”ဟု ဆိုကာ အရှုံးကို လက်ခံသွားခဲ့သည်။
ပွဲအပြီးတွင် ဟူပု အားကစား ဝက်ဘ်ဆိုဒ်တွင် ပရိသတ်များ၏ မှတ်ချက်များ ဆူညံသွားခဲ့သည် -
【ကီပါ : ဒီဂီယာနဲ့ ယှဉ်ရင်တော့ ငါက ကလေးလေးပါပဲ】
【ချူဖုန်း : ဖေဖေကြီးပဲပေါ့】
【ဂရီးလစ်ရှ် : ငါကတော့ တော်ဝင် တင့်ကားကြီးပေါ့】
ပရီးမီးယားလိဂ် ပထမဆုံးပွဲစဉ်အပြီးတွင် မန်ယူနှင့် လီဗာပူးလ်တို့မှာ အမှတ်ပေးဇယား ထိပ်ဆုံးသို့ ရောက်ရှိလာခဲ့သည်။ မန်စီးတီးကတော့ စပါးနှင့် သရေကျခဲ့သဖြင့် တတိယနေရာသို့ ရောက်သွားခဲ့၏။
စက်တင်ဘာလသို့ ရောက်သည့်အခါ ချူဖုန်းသည် မော်ရင်ညိုနှင့်အတူ ချန်ပီယံလိဂ် မဲခွဲပွဲတက်ရန် မိုနာကိုသို့ ပျံသန်းခဲ့သည်။ ထို့နောက်တွင်တော့ သူသည် တရုတ်လက်ရွေးစင်အသင်းအတွက် ကမ္ဘာ့ဖလားခြေစစ်ပွဲ ကစားရန် တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့သို့ တန်းခနဲ ပြန်ရတော့မည် ဖြစ်လေသည်။
***