မိုနာကိုမြို့၊ ဂရီမောလ်ဒီ ညီလာခံဗဟိုဌာန။
လူအုပ်ကြီးက တိုးမပေါက်အောင် စည်ကားနေ၏။ ကင်မရာမီးသီးများ၏ တဖျတ်ဖျတ် လက်ခနဲ အလင်းတန်းများအောက်တွင် ကလပ်အသင်းအသီးသီးမှ ကြယ်ပွင့်ကစားသမားများ ကော်ဇောနီပေါ်သို့ တစ်ယောက်ပြီး တစ်ယောက် တက်လှမ်းလာကြသည်။
ယခုတစ်ကြိမ်တွင်တော့ အားလုံး ရောက်ရှိနေကြ၏။ ဆုမရလျှင် ပွဲမတက်ဟု ငြင်းဆန်သူမျိုး တစ်ယောက်မှ မရှိချေ။
ချူဖုန်းသည် ကားပေါ်တွင် ထိုင်နေရင်း လွန်ခဲ့သော နှစ်နှစ်က အဖြစ်အပျက်များကို ပြန်လည် မြင်ယောင်နေမိသည်။ ထိုစဉ်က သူသည် ရုပ်မြင်သံကြားရှေ့မှနေ၍ ထိပ်တန်းကစားသမားများ ဆုပေးပွဲတက်နေသည်ကို အားကျ တုန်လှုပ်စွာ ကြည့်ခဲ့ရသူ မဟုတ်ပါလား။
သောက်ကျိုးနည်း... ငါကိုယ်တိုင် ဒီဇာတ်လမ်းရဲ့ ဇာတ်သိမ်းပိုင်းမှာ အဓိကဇာတ်ဆောင် ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးဘူး...
ချူဖုန်းက အတွေးထဲတွင် ကျေနပ်စွာ ရေရွတ်လိုက်မိသည်။
“မက်ဆီ...”
“စီရော်နယ်ဒို...”
ဘာစီလိုနာ ဂန္ထဝင်နှင့် ဂျူဗင်တပ်စ်အသင်း၏ ကြယ်ပွင့်တို့သည် ကော်ဇောနီပေါ်သို့ လှမ်းတက်လိုက်စဉ် ညီလာခံဗဟိုဌာန အပြင်ဘက်တွင် ချိတ်ဆွဲထားသော မန်ယူနံပါတ် (၇) ၏ ဧရာမ ပိုစတာကြီးကို တစ်ချက် လှမ်းကြည့်လိုက်ကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် စိတ်ပျက်မှု အချို့ ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် တိုက်ခိုက်လိုစိတ်များ ပြန်လည် တောက်ပလာ၏။
သူတို့သည် တစ်ချိန်က ဘောလုံးနယ်ပယ် တစ်ခုလုံးကို စိုးမိုးထားသူများ ဖြစ်ခဲ့ကြပေသည်။ အခုတော့ သူတို့က စိန်ခေါ်သူအဖြစ် ပြန်လည် တိုက်ပွဲဝင်ရတော့မည် မဟုတ်ပါလား။
မက်ဆီက သူ့ဝတ်စုံပေါ်က အတွန့်အခေါက်လေးတွေကို အသာအယာ ပွတ်သပ်လိုက်သည်။ သူသည် တစ်ချိန်လုံး တွေးနေမိသည်မှာ... တကယ်လို့ ဘာစီလိုနာသာ မန်ယူကို နိုင်ခဲ့ရင် ငါတို့ ချန်ပီယံလိဂ် ရနိုင်မလား ဆိုသည့် မေးခွန်းပင်။
ဤသည်မှာ အဖြေမရှိသော ပုစ္ဆာတစ်ခု ဖြစ်သော်လည်း လူသားတို့၏ သဘာဝအရ ထိုအရာကိုပင် ပိုမို စွဲလမ်းတတ်ကြသည်။
---
ချူဖုန်း အဝတ်လဲခန်းဧရိယာသို့ ရောက်သည့်အခါ ပေါ့ဘာနှင့် ဆုံ၏။ ပေါ့ဘာ၏ မျက်နှာမှာ အလွန် သိသာစွာပင် ပျက်ယွင်းနေသည်။
အသင်းတွင်း အာဏာလုပွဲများကြောင့် မန်ယူမှ အထုတ်ခံခဲ့ရသူဖြစ်သဖြင့် သူသည် ချူဖုန်းကို ကြည့်ရသည်မှာ စိတ်မချမ်းမြေ့လှပေ။ ထို့ထက် ပိုဆိုးသည်မှာ သူသည် ချူဖုန်းကို ကျိန်စာတိုက်ရန် စုန်းကဝေတစ်ဦးကို ယူရို (၂) သိန်း ပေးခဲ့သည့် သတင်း ပေါက်ကြားသွားခြင်းပင်…။ ထို့ကြောင့် သူက ချူဖုန်းကို မျက်နှာချင်း မဆိုင်ရဲပေ။
လက်စသတ်တော့ ဒင်းက ငါ့ကို ကျိန်စာတိုက်ဖို့ စုန်းကဝေကို ပိုက်ဆံပေးထားတာကိုး... သောက်ကျိုးနည်း... ဒီကောင် ဘာတွေ ဖြစ်နေတာလဲ...
ချူဖုန်းက ပေါ့ဘာကို လုံးဝ မမြင်သလို ဟန်ဆောင်ကာ ကျော်ဖြတ်သွားလိုက်သည်။ သူသည် ထိုကဲ့သို့ အောက်တန်းကျသော လုပ်ရပ်မျိုးကို လုံးဝ ဂရုမစိုက်ပေ။
ထိုစဉ် အမ်ဘာပေက ဖော်ဖော်ရွေရွေ လက်ကမ်းနှုတ်ဆက်လာသည်။
“ချူ... ငါတို့ ချန်ပီယံလိဂ်မှာ မဆုံဖြစ်တာ နှစ်နှစ်ရှိပြီနော်။ ဒီရာသီမှာတော့ ဆုံဖြစ်ဖို့ မျှော်လင့်တယ်”
ချူဖုန်းက အမ်ဘာပေ၏ လက်ကို ဆုပ်ကိုင်ကာ ပြုံးလိုက်မိသည်။ အမ်ဘာပေကို ကြည့်ရသည်မှာ လိပ်နင်ဂျာနှင့် လားလားမျှ မခြားတော့ပေ။ မျက်နှာဖုံးလေးသာ တပ်လိုက်လျှင် Cosplay လုပ်ရန်ပင် မလိုတော့ချေ။
မကြာမီမှာပင် ဆုပေးပွဲ အစီအစဉ် စတင်လေသည်။ ပထမဆုံး ဆုမှာ ယူအီးအက်ဖ်အေ ဥက္ကဋ္ဌဆု ဖြစ်၏။
စင်ပေါ်က ဖန်သားပြင်ကြီးတွင် မန်ယူနံပါတ် (၇) ဂျာစီကြီး ပေါ်လာသည်။ သို့သော် ချူဖုန်း မဟုတ်ပေ။ ဂျာစီ ကော်လာကို ထောင်ထားသည့် အိုးထရက်ဖို့ဒ်၏ ဘုရင်ကြီး ကန်တိုနာပင် ဖြစ်သည်။
“အဲရစ်... မန်ယူနံပါတ် (၇) ဂျာစီရဲ့ နောက်ထပ် ဆက်ခံသူကို ဘာများ ပြောချင်လဲဗျ”
အစီအစဉ် တင်ဆက်သူက ဆုပေးလိုက်ရင်း မေးလိုက်သည်။ ဤသည်မှာ မျိုးဆက်သစ် နံပါတ် (၇) နှစ်ယောက်ကို ထိပ်တိုက်တွေ့ပေးရန် ယူအီးအက်ဖ်အေက တမင် စီစဉ်ထားခြင်း ဖြစ်၏။
ကန်တိုနာက ဆုဖလားကို ကိုင်လျက် ပရိသတ်ထဲမှ ချူဖုန်းကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။ “ငါ နံပါတ် (၇) ကို ဝတ်တုန်းက သမိုင်းရဲ့ အလေးချိန်ကို ငါ ခံစားခဲ့ရတယ်။ တချို့ကစားသမားတွေက ဒီအလေးချိန်အောက်မှာ ပိပြားသွားတတ်ကြတယ်။ ဒါပေမဲ့ ငါကတော့ ဒီအလေးချိန်ကြောင့်ပဲ ပိုသန်မာလာခဲ့တာ”
ကန်တိုနာက ပခုံးတွန့်ပြရင်း ခပ်အေးအေးပင် ဆက်ပြော၏။
“ဒါကြောင့် ငါ့ညီလေး... မင်းသာ နောင်မှာ ကစားတာ ညံ့ဖျင်းပြီး မန်ယူကို အရှက်ခွဲမယ်ဆိုရင်တော့ ငါ ဖျော်ဖြေရေးလောကထဲကနေ ပြန်လာပြီး မင်းဆီက နံပါတ် (၇) ဂျာစီကို ကိုယ်တိုင် လာချွတ်ပစ်မယ်”
တစ်ခမ်းနားလုံး တိတ်ဆိတ်သွား၏။ တင်ဆက်သူမှာလည်း ချွေးပြန်သွားတော့သည်။ ကန်တိုနာ ဆိုသည်မှာ မည်သည့် စည်းကမ်းကိုမျှ ဂရုမစိုက်ဘဲ ပရိသတ်ကိုပင် ကန်ဖူးသူ မဟုတ်ပါလား။
ထိုအခါ ချူဖုန်းသည် ထိုင်နေရာမှ ထလိုက်ကာ မိုက်ခရိုဖုန်းကို ယူလိုက်သည်။ “အဟမ်း... ခင်ဗျားက အိုးထရက်ဖို့ဒ်ရဲ့ ဘုရင် ဆိုရင်... ကျွန်တော်က အိုးထရက်ဖို့ဒ်ရဲ့ နတ်ဘုရားပဲ”
ချူဖုန်းက လည်ချောင်းတစ်ချက်ရှင်းကာ အပြတ်အသတ် တုံ့ပြန်လိုက်၏။ “ဒါကြောင့် ခင်ဗျား ကျွန်တော့်ဆီက ဂျာစီကို လာချွတ်ဖို့ဆိုတာ... ခင်ဗျား သင်္ချိုင်းထဲ ရောက်သွားရင်တောင် ဖြစ်လာမှာ မဟုတ်ဘူးဗျ”
“ဝုန်း...”
လက်ခုပ်သံများနှင့်အတူ တစ်ခမ်းနားလုံး ဆူညံပွက်လောရိုက်သွားတော့သည်။ ကမ္ဘာတစ်ဝှမ်း၌ တိုက်ရိုက်ထုတ်လွှင့်နေချိန်တွင် ဤမျှ ရဲတင်းသော စကားမျိုးကို ချူဖုန်းက ပြောထွက်လိမ့်မည်ဟု ဘယ်သူမှ မထင်ထားခဲ့ပေ။
မော်ရင်ညို၏ တပည့်ပီသပေသည်။ ရူးသွပ်မှုချင်းက တူလှ၏။
နောက်တန်းရှိ ဆဲလ်ဘက်အသင်းမှ လူငယ်တိုက်စစ်မှူး ဟာလန်းမှာတော့ ပါးစပ်လေး အဟောင်းသားဖြင့် ကြည့်နေမိသည်။ ထို့နောက် သူက ဘေးကပ်ရပ်ရှိ ဆန်ချိုကို တိုးတိုးလေး လှမ်းပြောလိုက်သည်။
“ဂျေဒင် (ဆန်ချို)... ငါလည်း တစ်နေ့ကျရင် ချူဖုန်းလို ကစားသမားမျိုး ဖြစ်ချင်တယ်ကွာ”
ထို့နောက် ချန်ပီယံလိဂ် မဲခွဲပွဲ စတင်ခဲ့သည်။ မန်ယူသည် အုပ်စု (E) တွင် ကျရောက်ခဲ့ပြီး အေဂျက်စ် ၊ ဆဲလ်ဘက် ၊ ဂျန့်ခ်တို့နှင့် တစ်အုပ်စုတည်း ကျခဲ့သည်။
အေဂျက်စ်နည်းပြ တန်ဟက်ဂ်မှာတော့ သူ့ခေါင်းပြောင်ကြီးကို ပွတ်ရင်း သက်ပြင်းချနေမိသည်။ သောက်ကျိုးနည်း... မန်ယူနဲ့မှ တည့်တည့်တိုးရတယ်လို့ဟု သူ တွေးနေမိပေလိမ့်မည်။
ဆုပေးပွဲ၏ အဆုံးသတ်ပိုင်းသို့ ရောက်ရှိလာခဲ့ပြီ။
“အကောင်းဆုံး ဂိုးသမား - ဒီဂီယာ”
“အကောင်းဆုံး နောက်ခံလူ - ဗန်ဒိုက်”
“အကောင်းဆုံး ကွင်းလယ်လူ - ပေါ့ဘာ” (ပေါ့ဘာမှာ မျက်နှာငယ်လေးဖြင့် ဆုတက်ယူခဲ့ရသည်)
“အကောင်းဆုံး တိုက်စစ်မှူး - ချူဖုန်း”
နောက်ဆုံးတွင် အထွတ်အထိပ်ဆု ဖြစ်သည့် ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို ကြေညာရန် အချိန်ရောက်လာ၏။ ဖန်သားပြင်ကြီးပေါ်တွင် မက်ဆီ၊ ရော်နယ်ဒိုနှင့် ချူဖုန်းတို့၏ ပုံရိပ်များ ပေါ်လာသည်။
တေးဂီတသံများ ရပ်တန့်သွားသည့် ခဏ...
ဖန်သားပြင်ပေါ်တွင် ခိုင်မာစွာ ပေါ်လာသည်မှာ မန်ယူနံပါတ် (၇) ပင် ဖြစ်၏။ ဤတစ်ကြိမ်တွင်တော့ ကန်တိုနာ မဟုတ်တော့ပေ။
“ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင် - ချူဖုန်း”
***