“အစ်ကိုချူ... ကျွန်တော် အန့်ဝက်ပ် အသင်းရဲ့ အစမ်းလေ့ကျင့်မှု အောင်သွားပြီဗျ။ ပြီးခဲ့တဲ့ နှစ်ပွဲဆက်တိုက် လူစားဝင် ကစားခွင့်ရပြီး ခြေစွမ်းပြနိုင်ခဲ့တယ်။ နောက်ပွဲကျရင် ပွဲထွက်စာရင်းမှာ ပါရမယ်လို့ နည်းပြက ကတိပေးထားတယ်...”
“ဒါတင်မကသေးဘူး။ ရှက်ဖီးလ်ယူနိုက်တက်ကလည်း ကျွန်တော့်ကို ဆက်သွယ်လာတယ်။ အလုပ်လုပ်ခွင့် ဗီဇာသာ ရမယ်ဆိုရင် ကျွန်တော့်ကို ခေါ်ဖို့ စဉ်းစားမယ်တဲ့...”
ကျူးချန်ကျိက စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။ အန့်ဝက်ပ်အသင်းက ရှန်ဟိုင်းရှန်ဟွာလောက် မကောင်းဘူးဟု သူ ခံစားရသော်လည်း ပြင်ပကမ္ဘာ၏ အာရုံစိုက်မှုကိုတော့ ပိုရနေသည်။
ထို့အပြင် ဘယ်လ်ဂျီယံ ပထမတန်းလိဂ်က တရုတ်စူပါလိဂ်ထက် ယှဉ်ပြိုင်မှု ပိုပြင်းထန်ပြီး လူငယ် ကစားသမားများက ထိပ်သီးလိဂ်ငါးခုသို့ ကူးပြောင်းရန် ဤလိဂ်ကို ခြေကုပ်စခန်းတစ်ခုအဖြစ် အသုံးပြုလေ့ရှိကြသည်။
ယခင်တုန်းက ဒေါင်ဖန်းဇိုသည်လည်း အန့်ဝက်ပ်အသင်းထံ အငှားချခံခဲ့ရပြီး ထိုနွေရာသီတွင် အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်လာခဲ့ဖူးသည်။
“ဘယ်လ်ဂျီယံ ပထမတန်းလိဂ်က ဥရောပရဲ့ ဒုတိယအဆင့် လိဂ်လို့ သတ်မှတ်ခံထားရတာဆိုတော့... အဲဒီမှာ ကစားရတာ ဘယ်လိုနေလဲ...”
ချူဖုန်းက ပြုံး၍ မေးလိုက်၏။
“ဟူး... ခင်ဗျား သိလား... အဲဒီမှာ ထူးဆန်းတဲ့ကောင်တွေ အများကြီးပဲ...”
ကျူးချန်ကျိ၏ အသံက စိတ်လှုပ်ရှားမှုများအပြင် စိတ်ပျက်အားငယ်မှုများလည်း ရောယှက်နေသည်။
သူက တရုတ်ပြည်၏ လူငယ်မျိုးဆက်များထဲတွင် ပါရမီအရှိဆုံး ဗဟိုနောက်ခံလူ တစ်ဦး ဖြစ်နေပြီ ဖြစ်သည်။ သို့သော် ထိုနေရာတွင် နေရာတစ်နေရာရရန် အလွန် ခက်ခဲနေဆဲပင်။
ထို့အပြင် အန့်ဝက်ပ်အသင်း၏ ပြိုင်ဆိုင်မှုက သိပ်မပြင်းထန်သေး။ အကယ်၍သာ ကလပ် ဘရုဂ် သို့မဟုတ် စတန်းဒတ်လီးချ် ကဲ့သို့သော အသင်းများသာဆိုလျှင် သူ့အနေဖြင့် လူစာရင်းတွင်ပင် ပါနိုင်မည်မဟုတ်ပေ။
“မလောပါနဲ့ကွာ... မင်းက ငယ်ပါသေးတယ်။ တစ်လှမ်းချင်းစီ သွားပေါ့...” ချူဖုန်းက နှစ်သိမ့်စကား အနည်းငယ် ဆိုလိုက်သည်။
“ဒါနဲ့... မင်း မော်လ်ဒိုက်နဲ့ပွဲကို ပြန်လာမှာလား...”
ဝေ့ရှီဟောက်က မဆိုင်းမတွပင် အနားသို့ တိုးလာပြီး ပေါ့ပေါ့ပါးပါး ပြောလိုက်၏။ “ဒါက နည်းနည်းတော့ လွန်မနေဘူးလား...”
“ကလပ်အသင်းမှာ သိပ်လုပ်စရာမရှိလို့ အမျိုးသားအသင်းအတွက် ဂိုးတွေ လာသွင်းတာပါ...”
ချူဖုန်းက နောက်ပြောင်လိုက်သည်။ လက်ရှိ၌ တရုတ် ပြည်တွင်းဘောလုံးအသိုင်းအဝိုင်းက အခုမှ အစပျိုးနေဆဲ ဖြစ်ပြီး ဘောလုံးဈေးကွက်ကို ပိုမိုဖွံ့ဖြိုးလာစေရန် ကြီးမားသော အောင်ပွဲတစ်ခု လိုအပ်နေသည်။
မော်လ်ဒိုက်အသင်းက အတော်လေး အားနည်းသော်လည်း သူတို့သည် ထိုပွဲကို အခွင့်ကောင်း ယူ၍ တရုတ်ဘောလုံး လောကကို မြှင့်တင်ရပေမည်။
“သောက်ကျိုးနည်း... မင်းက ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုရှင်ကြီး ဖြစ်နေပြီးတော့ ငါတို့ရဲ့ ပွဲထွက်ခွင့်နေရာကို လာလုပြီး ဂိုးတွေ လာသွင်းနေသေးတယ်ပေါ့...”
ဝေ့ရှီဟောက်က နှုတ်ခမ်းကို တွန့်လိုက်သည်။
“ချူဖုန်း... မင်း အဲဒီဆုဖလားကို ယူလာခဲ့လား...”
ဝူလေက လက်နှစ်ဖက်ကို ပွတ်သပ်ရင်း မေးလိုက်သည်။ သူက ပြည်တွင်းဆုတွေ အများကြီး ရဖူးပေမယ့် ဥရောပဆုတွေကိုတော့ တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ထို့နောက်...
ချူဖုန်းက သူ၏ ခရီးဆောင်အိတ်ထဲမှ သေချာစွာ ထုပ်ပိုးထားသော ဆုဖလားကို ထုတ်ယူလိုက်သည်ကို အားလုံးက မျက်တောင်မခတ်တမ်း ကြည့်နေကြသည်။
“ဒါက တကယ် လေးတာပဲ...”
“ဒီဇိုင်းက နည်းနည်းတော့ ရုပ်ဆိုးတယ်နော်...”
“ငါရော ဒီဆုကို ဘယ်တော့လောက် ရနိုင်မလဲ... ငါ့တစ်သက်မှာရော အခွင့်အရေး ရပါ့မလား...”
“......”
အားလုံးက ဝမ်းသာအားရဖြင့် ငေးမောကြည့်နေကြပြီး သူတို့၏ မျက်နှာများထက်တွင် အားကျမှုများ အထင်းသား ပေါ်လွန်းနေသည်။
“အာရှ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နောက်ထပ် ဆယ့်ငါးနှစ်လောက်အထိ အစ်ကိုချူပဲ ရသွားတော့မှာ...” ကျူးချန်ကျိက ဆုဖလားကို ဂရုတစိုက် လှမ်းယူလိုက်သည်။
“အခု ဒီဆုက နှစ်ပိုင်း ကွဲသွားပြီလေ...”
ကျန်းကျီက ဝင်ရှင်းပြလိုက်သည်။ “တစ်ခုက အကောင်းဆုံး အာရှဘောလုံးကစားသမားဆု ဖြစ်ပြီး နောက်တစ်ခုက နိုင်ငံရပ်ခြားမှာ ကစားနေတဲ့ အကောင်းဆုံး ဘောလုံးကစားသမားဆုပဲ။ ဆွန်ဟောင်မင်က လွန်ခဲ့တဲ့ နှစ်နှစ်က ဒုတိယဆုကို ရခဲ့ပေမယ့် သုံးနှစ်ဆက်တိုက် ရဖို့တော့ အခွင့်အရေး လုံးဝမရှိတော့ဘူး...”
ချူဖုန်းကတော့ ထိုဆုနှင့် ပတ်သက်၍ သိပ်ဂရုစိုက်ပုံ မရပေ။ ရိုးရိုးသားသား ပြောရလျှင် သူ ထိုပွဲသို့ သွားရန် အချိန်ပင် ရမည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် ယခုနှစ် အာရှဘောလုံးအဖွဲ့ချုပ် နှစ်ပတ်လည် ဆုပေးပွဲအခမ်းအနားနှင့် ဘလွန်းဒီအော ဆုပေးပွဲ အခမ်းအနားတို့က အချိန်တိုက်ဆိုင်နေသောကြောင့် ဖြစ်သည်။
“နောက်သုံးရက်နေရင် အဲဗာဂရန်းနဲ့ ခြေစမ်းပွဲ ရှိတယ်မလား...” ချူဖုန်းက ပွဲစဉ်ဇယားကို မေးလိုက်သည်။
“ဟုတ်တယ်... အမျိုးသားအသင်းပွဲစဉ်တွေကြောင့် တရုတ်စူပါလိဂ်ကို တစ်ပတ် ရွှေ့ဆိုင်းလိုက်ရတော့ ကွမ်ကျိုး အဲဗာဂရန်း အရန်အသင်းနဲ့ ကစားပြီး ခြေစွမ်းပြန်သွေးဖို့ အခွင့်ကောင်း ရသွားတာပေါ့...” ဝေ့ရှီဟောက်က ရှင်းပြလိုက်သည်။
“ဒါနဲ့... မင်းတို့တွေ ကြံ့ခိုင်ရေး လေ့ကျင့်ရေးတွေကို မေ့မထားကြဘူးမလား...” ချူဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်၏။
“မပြောပါနဲ့တော့... အခု ကလပ်အသင်းနဲ့ အမျိုးသားအသင်းက သတင်းအချက်အလက်တွေ မျှဝေနေကြပြီ ဆိုတော့ နေ့တိုင်း လေ့ကျင့်ရတာကနေ လွတ်မြောက်ဖို့ လုံးဝ လမ်းမရှိတော့ဘူး...” ဝေ့ရှီဟောက်က နာကျင်နေသော သူ၏ ပေါင်တံကို ပွတ်သပ်ရင်း ပြောလိုက်သည်။
သူက ကြံ့ခိုင်ရေး လေ့ကျင့်ရေးကို တကယ် ညည်းညူနေခြင်း မဟုတ်ဘဲ ဤသို့ ပြောနေကျဖြစ်၍သာ ပြောလိုက်ခြင်း ဖြစ်သည်။
တကယ်တမ်း ကျတော့ အမျိုးသားအသင်း ကစားသမားများ၏ တိုက်ပွဲဝင်စိတ်ဓာတ် အပေါ်တွင်သာ မူတည်ပါသည်။ ဝေ့ရှီဟောက်ဆိုလျှင် ထိပ်ဆုံးအဆင့်တွင် ပါဝင်သင့်ပေသည်။
“လစ်ပီရဲ့ နည်းပြအဖွဲ့ကလည်း ကစားသမား တစ်ယောက်ချင်းစီရဲ့ ပွဲစဉ် အချက်အလက်တွေကို စစ်ဆေးဖို့ ပုံမှန် လှည့်လည်စစ်ဆေးနေတယ်။ မင်း မသတိထားမိဘူးလား... လူဟောင်းတွေ တော်တော်များများ ပျောက်သွားတာကို...”
ကျူးချန်ကျိက ပါးစပ်ကို အုပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
ချူဖုန်း၏ အောင်မြင်မှုက အမျိုးသားအသင်းအတွက် အပြောင်းအလဲ တစ်ခုကိုလည်း ယူဆောင်လာခဲ့သည်။
အထက်မှ စေလွှတ်သော ကြီးကြပ်ရေးအဖွဲ့များ ရှိရုံသာမက သာမန်ပြည်သူများထဲမှ ဘောလုံး ကြီးကြပ်ရေးမှူးများလည်း ရှိလာသည်။ ဥပမာ- ပိုက်ဆံပြန်အမ်းခိုင်းခဲ့သည့် လူကဲ့သို့ပင်။ သူက တကယ့် ကြီးကြပ်ရေးမှူး အစစ်ပင်…။
နယ်ပယ်အသီးသီးမှ ထောက်ခံမှုများနှင့်အတူ လစ်ပီသည်လည်း အမျိုးသားအသင်းအတွင်းမှ အဂတိလိုက်စားသူများကို စတင်ရှင်းလင်းတော့သည်။
အရာအားလုံးကို အချက်အလက်များနှင့် ရလဒ်များဖြင့်သာ ဆုံးဖြတ်သည်။
ထို့အပြင် လူငယ်ကစားသမားများကို မြေတောင်မြှောက်ပေးပြီး နိုင်ငံသားပြုခွင့်ရ ကစားသမားများကို အရေးပါသော နေရာများတွင် အသုံးပြုလာသည်။ ဥပမာအားဖြင့် ကွမ်ကျိုး အဲဗာဂရန်းမှ ကျန်းကွမ်းထိုက်၊ လီခယ်နှင့် အယ်လ်ခီဆန် ကဲ့သို့သော ကစားသမားများကို ယခု အမျိုးသားအသင်း ပွဲထွက်စာရင်းတွင် ရွေးချယ်ထားသည်။
“မင်္ဂလာပါ...”
ကျန်းကွမ်းထိုက်က ဖော်ရွေစွာဖြင့် လက်ကမ်းပေးလာသည်။
သူက ယခင်က အဲဗာတန်နှင့် ဆန်းဒါးလန်းတို့တွင် ကစားခဲ့ဖူးသဖြင့် ပရီးမီးယားလိဂ်၏ ယှဉ်ပြိုင်မှု မည်မျှပြင်းထန်ကြောင်းကို ကောင်းစွာ သိရှိထားသည်။ ထို့ကြောင့်ပင် ချူဖုန်း ယခုကဲ့သို့ အောင်မြင်မှုများ ရရှိနေသည်ကို သူ အလွန်လေးစားမိခြင်း ဖြစ်သည်။
ထို့အပြင် သူက အဲဗာတန် လူငယ်အကယ်ဒမီမှ ထွက်ပေါ်လာသူ တစ်ဦးဖြစ်သည်။ အဲဗာတန်နှင့် မန်ချက်စတာယူနိုက်တက်တို့၏ ဆက်ဆံရေးက ဘယ်လိုရှိသလဲ ဆိုတာ အားလုံးအသိပင် မဟုတ်ပါလား။
“မင်္ဂလာပါ...” ချူဖုန်းက ထိုသန်မာသော လက်အစုံကို ဆုပ်ကိုင်လိုက်သည်။
ကျန်းကွမ်းထိုက်၏ ပွဲစဉ်ဗီဒီယိုများကို သူ ကြည့်ဖူးပြီး အနှီ ဗဟိုနောက်ခံလူက အတော်လေး ကျွမ်းကျင်မှု ရှိသည်။
ဘောလုံးပေးပို့ခြင်း၊ လက်ခံခြင်းနှင့် နေရာယူ ပြေးလွှားခြင်း ကဲ့သို့သော အခြေခံစွမ်းရည်များ ကောင်းမွန်ရုံ သာမက သူ၏ ကိုယ်ကာယ ကြံ့ခိုင်မှုနှင့် ခံစစ်စွမ်းရည်များကလည်း အမျိုးသား အသင်းတွင် အကောင်းဆုံးများထဲမှ တစ်ဦး ဖြစ်သည်။
သူ၏ ခြေစွမ်းက ကမ္ဘာ့အဆင့် မရှိသည်ကိုတော့ မေ့ထားရပေမည်။ သို့သော်လည်း သူက မက်ဂွိုင်းယား သို့မဟုတ် စတုန်းစ်တို့ ကဲ့သို့ ဘောလုံးကိုင် ကစားနိုင်သည့် စွမ်းရည်မျိုး ရှိနေဆဲဖြစ်ပြီး ပရီးမီးယားလိဂ်ရှိ အလယ်အလတ် သို့မဟုတ် အောက်ခြေအသင်းများတွင် အရန် ကစားသမား အဖြစ် ကစားနိုင်ပေသည်။
နောက်ရက်အနည်းငယ် ကြာသောအခါ…
လေ့ကျင့်ရေး... ညှိနှိုင်းမှု... ထပ်မံလေ့ကျင့်ရေး စသဖြင့် တရုတ်ဘောလုံးအသင်းသည် စနစ်ကျစွာ လည်ပတ်နေလေသည်။
ချူဖုန်း ရောက်ရှိလာမှုကြောင့် အမျိုးသားအသင်းကြီးက ပြန်လည် အသက်ဝင်လာခဲ့သည်။ အထူးသဖြင့် အခုမှ တက်လာသည့် လူငယ်ကစားသမား အနည်းငယ်အတွက် ပို၍ပင် အသက်ဝင်နေသည်။
ဆိုရိုးစကား ရှိသည်မဟုတ်ပါလား... ဟင်္သာပြဒါးနားနေလျှင် နီသွားတတ်ပြီး မှင်နားနေလျှင် မည်းသွားတတ်သည်တဲ့။
ယခင်က လုပ်ပွဲ ကစားတတ်သော တရုတ်စီနီယာ ကစားသမားများကြောင့် လူငယ် ကစားသမားများမှာလည်း ပျက်စီးကုန်ကြသည်။ သို့သော် ယခုတွင်တော့ ယူရို သန်း ၂၀၀ ကျော် တန်ကြေးရှိသော ချူဖုန်းပင်လျှင် လေ့ကျင့်ရေး အစီအစဉ်အတိုင်း ကြိုးကြိုးစားစား လေ့ကျင့်နေသည်ကို မြင်သောအခါ သူတို့အနေဖြင့် ပျင်းရိနေရန် မဝံ့ရဲကြတော့ပေ။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်။
တရုတ်အမျိုးသားအသင်းနှင့် ကွမ်ကျိုးအဲဗာဂရန်း အရန်အသင်းတို့ ယှဉ်ပြိုင်ကစားကြသည်။
တကယ်တမ်းတော့ ဤပွဲကို လေ့ကျင့်ရေးပွဲ တစ်ပွဲအဖြစ်လည်း သတ်မှတ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် အဲဗာဂရန်း အရန်အသင်းတွင် ယူ-၁၈ အမျိုးသားလူငယ်အသင်း ကစားသမား အများအပြား ပါဝင်နေသောကြောင့် ဖြစ်သည်။ သူတို့က ဒီဇင်ဘာလတွင် ကျင်းပမည့် အရှေ့အာရှဖလား ပြိုင်ပွဲတွင် အမျိုးသားအသင်း ကိုယ်စား ဝင်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။
အမှန်တော့ လစ်ပီက ချူဖုန်းကို အရှေ့အာရှဖလား ပြိုင်ပွဲတွင် ဝင်ရောက်ကစားရန် ပြန်လာချင်သလားဟု မေးခဲ့ဖူးသော်လည်း ချူဖုန်းက ထိုပြိုင်ပွဲသည် ဂျပန်နှင့် တောင်ကိုရီးယား သို့မဟုတ် ထိပ်သီးအသင်း သုံးသင်း ပါဝင်နေသော်လည်း သိပ်၍ ဂုဏ်သိက္ခာကြီးမားသော ပြိုင်ပွဲမဟုတ်ဟု ခံစားခဲ့ရသည်။ ထို့ကြောင့် သူ ပြန်လာရန် အကြောင်းပြချက် မရှိပေ။
ထို့အပြင် ထိုအချိန်က ခရစ္စမတ်ကာလနှင့် တိုက်ဆိုင်နေသဖြင့် မန်ချက်စတာယူနိုက်တက်က သူ့ကို လွှတ်ပေးမည် မဟုတ်သည်က သေချာသည်။
သူ၏ ရည်မှန်းချက်က အိုလံပစ်ပြိုင်ပွဲကို ဝင်ပြိုင်ရန်သာ…။
***