“တိုက်စစ်မှူး နှစ်ယောက်ဖြစ်တဲ့ အယ်လ်ခီဆန်နဲ့ ဝူလေတို့ နှစ်ယောက်စလုံးက တိုက်စစ်စွမ်းအား ကောင်းကြတယ်...”
လစ်ပီက သူ၏ ငွေရောင်မျက်မှန်ကို ပင့်တင်လိုက်ရင်း “ချူဖုန်းကို ၄-၄-၂ ကစားကွက်ရဲ့ ကွင်းလယ် ဗဟိုချက်မအဖြစ် ကစားခိုင်းမယ်။ သူက ကွင်းလယ်နဲ့ ခံစစ်ကို ချိတ်ဆက်ပေးနိုင်ရုံသာမက တိုက်စစ်မှူးနှစ်ယောက်က နေရာလွတ်တွေ ဖန်တီးပေးတဲ့အခါ ပြိုင်ဘက်ဂိုးဧရိယာထဲကို ပြေးဝင်ပြီး ပြိုင်ဘက်ဂိုးပေါက်ကို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်...” ဟု ပြောလိုက်သည်။
ထိုအချိန်တွင် သူက အေစီမီလန်အသင်းကို ရုတ်တရက် သတိရသွားသည်။ တစ်ချိန်က ပီယာလိုသည် အသင်း၏ ပဗဟိုချက်မဖြစ်ပြီး ဂတ်တူဆို၊ အမ်ဘရိုဆီနီနှင့် အခြားကစားသမားများ၏ အကာအကွယ်ကို ရရှိထားသဖြင့် ဘောလုံးကို ကိုင်တွယ်ရန် နေရာလွတ် အပြည့်အဝ ရရှိခဲ့သည်။ ထို့အတူ ခြေစွမ်းကောင်းများလည်း ပြသခဲ့ပေသည်။
ဟုတ်ပါသည်... အသင်းနှစ်သင်းနှင့် လူပုဂ္ဂိုလ်နှစ်ဦး၏ အခြေအနေများကတော့ ကွာခြားပါသည်။
ချူဖုန်းက ပီယာလိုထက် ပိုမို ကောင်းမွန်သော စွမ်းရည်များ ရှိပြီး ပြိုင်ဘက်အများအပြားနှင့် ရင်ဆိုင်ရချိန်တွင် ဘောလုံးကို ထိန်းသိမ်းထားနိုင်ရုံသာမက ဘောလုံးကိုပါ လုံခြုံစွာ ပြန်လည် ရယူနိုင်စွမ်း ရှိသည်။ ထို့ကြောင့် ချူဖုန်းက ပီယာလိုထက် ဂိုးပိုသွင်းနိုင် ၊ ဂိုးဖန်တီးမှု ပိုရနိုင်မည်မှာ မလွဲဧကန်ပင်…။
“၄-၄-၂ ကစားကွက်က ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်ဖို့ ငါတို့ရဲ့ အကောင်းဆုံး လက်နက် ဖြစ်လာနိုင်တယ်...” လစ်ပီက သူ့ဘာသာ တိုးတိုးလေး ရေရွတ်လိုက်သည်။
အဲဗာဂရန်း အရန်အသင်းနှင့် ကစားရသည်မှာ ဖိအားသိပ်မရှိဘဲ တရုတ်အသင်းက ပွဲကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။
“ဒီမှာ...”
အယ်လ်ခီဆန်က ဂိုးစည်းအစွန်မှနေ၍ တြိဂံပုံစံ နောက်ပြန်ပေးပို့လိုက်ပြီး ချူဖုန်းက ပင်နယ်တီ ဧရိယာ ဘယ်ဘက်ခြမ်းမှနေ၍ သူ၏ နာမည်ကျော် အတွင်းသို့ ကွေးဝင်သွားသော ကန်ချက်ဖြင့် ကန်သွင်းလိုက်သည်။
အဲဗာဂရန်း အရန်အသင်း၏ ဂိုးသမားမှာ ဘောလုံးကိုပင် မထိလိုက်ရပေ။
“ဖိအားပေးနိုင်စွမ်းက အရမ်း ပြင်းထန်လွန်းတယ်...”
ကွင်းဘေးတွင် ထိုင်နေသော ဝေ့ရှီဟောက်က သက်ပြင်းမချဘဲ မနေနိုင်တော့ပေ။ ပြိုင်ဘက် နှစ်ယောက် သုံးယောက်က ချူဖုန်းကို ဝိုင်းရံထားသော်လည်း သူ့ဆီမှ ဘောလုံးကို မလုနိုင်ကြသည်ကို သူ တွေ့လိုက်ရသည်။
“ချူဖုန်းက နည်းစနစ်ပိုင်းဆိုင်ရာ ရည်မှန်းချက်တွေကို အကောင်းဆုံး အကောင်အထည် ဖော်နိုင်ခဲ့တယ်... ဒါကြောင့် ကွင်းတစ်ကွင်းလုံးကို သူပဲ ထိန်းချုပ်ထားသလို ဖြစ်နေတာ...”
ကျန်းကျီက ဝင်ထောက်ခံလိုက်သည်။ “အခုတော့ အမျိုးသားအသင်းက တကယ် မျှော်လင့်ချက် ရှိလာပြီ...”
နောက်ဆုံးတွင်...
တရုတ်အသင်းက ကွမ်ကျိုးအဲဗာဂရန်း အရန်အသင်းကို ၈-၀ ဖြင့် အနိုင်ရရှိသွားသည်။
ပွဲအပြီးတွင် ယူ-၁၈ ကစားသမားအုပ်စုကြီးက ချူဖုန်းကို ချက်ချင်း ဝိုင်းအုံသွားကြသည်။ လက်မှတ်ထိုးခြင်းများနှင့် ဓာတ်ပုံရိုက်ခြင်းများကိုလည်း အဆက်မပြတ် လုပ်လာကြ၏။
အခုချိန်တွင် ချူဖုန်းသည် လူငယ်ကစားသမားများ၏ အိုင်ဒေါလ် တစ်ယောက် ဖြစ်ရုံသာမက နိုင်ငံရပ်ခြားတွင် သွားရောက် ကစားရန် သူတို့၏ ထောက်ခံသူတစ်ဦးလည်း ဖြစ်လာခဲ့ပြီဖြစ်သည်။ ထို့ကြောင့် သူတို့က ချူဖုန်းကို ချစ်ခင် လေးစားကြပေသည်။
ခပ်လှမ်းလှမ်းတွင် ရပ်နေသော ကျန်းကျီက ထိုမြင်ကွင်းကို ကြည့်ကာ နှုတ်ခမ်းကို စုပ်သပ်လိုက်မိသည်။
ဒီမျိုးဆက်တွေ ကြီးပြင်းလာမယ် ဆိုရင် အကုန်လုံးက ချူဖုန်းရဲ့ ပရိသတ်တွေပဲ ဖြစ်နေတော့မှာမလား။
သို့သော် ဤသို့ဖြစ်ခြင်းက ကောင်းသည်ဟု သူ ခံစားရသည်။ အဘယ်ကြောင့်ဆိုသော် ချူဖုန်းသည် တရုတ်ဘောလုံးလောကအတွက် တကယ်ကို အနစ်နာခံ ကြိုးစားပေးနေသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။
မဟုတ်လျှင် ပေါင် သန်း ၁၀၀ ကျော် ချမ်းသာနေသူ တစ်ယောက်က ဘဝကို အေးအေးဆေးဆေး မခံစားဘဲ ကျေးဇူးတင်မခံရသည့်အပြင် ပင်ပန်းခက်ခဲလှသော လူငယ်လေ့ကျင့်ရေး လုပ်ငန်းများတွင် ဘာကြောင့် ဝင်ရောက်လုပ်ကိုင်နေမည်နည်း။
ထို့အပြင် ထောက်ခံစာများနှင့် အခြားအရာများလည်း ရှိသေးသည်။ ၎င်းတို့အားလုံးက ချူဖုန်း၏ အဆက်အသွယ်များ ဖြစ်သလို ငွေထက် ပို၍ တန်ဖိုးရှိလေ့ရှိသည်။
——
အချိန်တွေက ကုန်လွန်တာ မြန်လိုက်တာ...
စက်တင်ဘာလ ၁၀ ရက်။
မော်လ်ဒိုက်နိုင်ငံ၏ မြို့တော် မာလီရှိ အမျိုးသားအားကစားကွင်း။ နာမည်ကတော့ အတော်လေး ခမ်းနားပါသည်။ သို့သော် မာလီဆိုသည်က စတုရန်းကီလိုမီတာ နှစ်ကီလိုမီတာပင် မပြည့်သော ကျွန်းငယ်လေး တစ်ခုမျှသာ။
လူဦးရေ ထူထပ်ပြီး လမ်းများ ကျဉ်းမြောင်းကာ အလွန် ကြပ်တည်းလှသည်။ ဤနေရာရှိ ပင်လယ်ရှုခင်းက အခြားကျွန်းများလောက် မလှပပေ။
ထို့ကြောင့် မော်လ်ဒိုက်သို့ အပန်းဖြေလာကြသော ခရီးသွားများသည် ဤနေရာကို အဓိက ကမ္ဘာလှည့် ခရီးသွား ဆွဲဆောင်ရာ နေရာတစ်ခုအဖြစ် မသတ်မှတ်ဘဲ ဖြတ်သန်းသွားလာရာ နေရာတစ်ခုအဖြစ်သာ သတ်မှတ်ကြသည်။
အမျိုးသားအားကစားကွင်း ဆိုသည်မှာလည်း ရိုးရှင်းလှပြီး ၎င်း၏ အပြင်ဘက်နံရံများက မြို့လမ်းမများနှင့် တိုက်ရိုက် ကပ်လျက်ရှိနေသည်။ ဘောလုံးကို အဝေးသို့ တစ်ချက် ကန်လိုက်ရုံဖြင့် တစ်ဖက်ရှိ ဘားဆိုင်ဆီသို့ ဘောလုံး ရောက်သွားနိုင်လောက်သည်။
ပွဲကြည့်စင်များကို သံပိုက်ဘောင်များနှင့် သွပ်ပြားများဖြင့် မိုးထားပြီး လျှပ်စစ်ပန်ကာတန်းများကို ချိတ်ဆွဲထားသဖြင့် တရုတ်ပြည်ရှိ ဟင်းသီးဟင်းရွက် ဈေးတစ်ခုနှင့် အနည်းငယ် တူနေသည်။
သို့သော် ယနေ့ မာလီ အမျိုးသားအားကစားကွင်းသည် လှုပ်ရှားမှုများဖြင့် စည်ကားနေသည်။
တရုတ်ပရိသတ် ၁၂၀၀ နီးပါးခန့် အစောကြီး ရောက်ရှိနေကြပြီး တောက်ပသော အနီရောင်ဂျာစီများကို ဝတ်ဆင်ကာ မျက်နှာပေါ်တွင် နိုင်ငံတော်အလံပုံစံ သေးသေးလေးများကို ရေဆေးရောင်များဖြင့် ရေးဆွဲထားကြသည်။
“ဟေး... ကြည့်စမ်း... ရှောင်ချူဟ... တီဗီထဲကထက် ပိုချောတယ်ဟေ့...”
“ဓာတ်ပုံ အတူတူ တွဲရိုက်လို့ ရမလားဟင်...”
“တရုတ်အသင်း ရှေ့သို့... ”
“......”
အမျိုးသားအသင်း လိုဂိုတပ်ဆင်ထားသော ဘတ်စ်ကား တစ်စီးက အမျိုးသားအားကစားကွင်း၏ ဂိတ်အမှတ် ၃ တွင် ရပ်တန့်သွားသည်။ တရုတ်ပရိသတ်များ၏ သောင်းသောင်းဖြဖြ ကြိုဆိုမှုများကြားတွင် အားလုံးက လက်ပြနှုတ်ဆက်ရင်း ကွင်းထဲသို့ ဝင်သွားကြစဉ် ချူဖုန်းက အင်တာဗျူး ဖြေကြားရန် ကျန်ရစ်ခဲ့သည်။
“ချူဖုန်း... ဒီနေ့ပွဲကို အနိုင်ရမယ်လို့ ယုံကြည်မှု ရှိလား...” စီစီတီဗီ သတင်းထောက်တစ်ဦးက သူ့ထံ မိုက်ခရိုဖုန်းကို ကမ်းပေးလိုက်သည်။
“သေချာတာပေါ့... ဒီပွဲက လူဟောင်း လူသစ် အပြောင်းအလဲနဲ့ နိုင်ငံသားပြုခွင့်ရ ကစားသမားတွေ ပါဝင်လာပြီးတဲ့နောက် တရုတ်အသင်းရဲ့ ပထမဆုံး တရားဝင်ပွဲစဉ်ပဲလေ...”
“ဒါကြောင့် တရုတ်ဘောလုံးလောကဟာ လူတိုင်း ထင်ထားသလောက် မဆိုးရွားဘူးဆိုတာကို သက်သေပြဖို့ အောင်ပွဲတစ်ခု လိုအပ်တယ်...”
“ဒီ့အပြင် ဒီအဖွင့်ပွဲ အနိုင်ရလဒ်ကနေတစ်ဆင့် တရုတ်ဘောလုံးလောကအတွက် ကံကောင်းခြင်းတွေ ယူဆောင်လာပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်...”
ချူဖုန်းက ပြုံး၍ ပြောလိုက်သည်။
“အဝေးကြီးကနေ လာရောက်အားပေးကြတဲ့ တရုတ်ပရိသတ်တွေကိုကော ဘာပြောချင်သေးလဲ...” သတင်းထောက်က ထပ်မေးလိုက်သည်။
“ပထမဆုံးအနေနဲ့ အားပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် အများကြီး မပြောတော့ပါဘူး... ဒါပေမယ့် ခင်ဗျားတို့ကို စိတ်ပျက်အောင်တော့ မလုပ်ဘူးဆိုတာ သေချာပါတယ်...”
ချူဖုန်းက ပရိသတ်များကို လက်ပြနှုတ်ဆက်ပြီးနောက် ကွင်းထဲသို့ ဝင်သွားတော့သည်။ အဝတ်လဲခန်းက ပြီးခဲ့သော ရာစုနှစ်က အများသုံး ရေချိုးခန်းတစ်ခုနှင့် ဆင်တူနေသည်။
မော်လ်ဒိုက်နိုင်ငံကို အထင်သေး၍ မဟုတ်ပါ။ ဆန့်ကျင်ဘက်အနေဖြင့် သူတို့တွင် ကြီးမားသော ဘောလုံးယဉ်ကျေးမှု ရှိသည်။
မော်လ်ဒိုက်ငါးဒေါ်လာတန် ငွေစက္ကူပေါ်ရှိ အလီအက်ရှ် ဖာ့ခ်၏ ပုံသည် မော်လ်ဒိုက်၏ အကောင်းဆုံး ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားကို အခြေခံထားခြင်း ဖြစ်သည်။
ထို့အပြင် ဘောလုံးကစားခြင်းက တစ်ခါတစ်ရံတွင် စက်ပစ္စည်းများ သို့မဟုတ် ကိရိယာများနှင့် မသက်ဆိုင်ပါ။ အာဖရိက၊ ဘရာဇီးနှင့် အခြားနိုင်ငံများရှိ ဆင်းရဲသားရပ်ကွက်များမှ ထွက်ပေါ်လာသော ဘောလုံးကြယ်ပွင့်များကို ကြည့်ပါ။
ငယ်ငယ်တုန်းကဆို ကျွန်တော်တို့တွေ ဖိနပ်မပါဘဲ ဘောလုံးကန်ခဲ့ကြတာချည်းပဲ မဟုတ်လား။
“အားလုံးပဲ မင်္ဂလာညချမ်းပါ ခင်ဗျာ”
“အခု ကျွန်တော်တို့ ၂၀၂၂ ကာတာ ကမ္ဘာ့ဖလား အာရှဇုန် ခြေစစ်ပွဲ ဒုတိယအဆင့်ကို တိုက်ရိုက် ထုတ်လွှင့်နေပါပြီ...”
“မော်လ်ဒိုက်အသင်းက အိမ်ကွင်းမှာ တရုတ်အသင်းနဲ့ ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်...”
“အနီရောင်ဂျာစီ ဝတ်ဆင်ထားတဲ့ အသင်းက မော်လ်ဒိုက် ဖြစ်ပါတယ်။ သူတို့က ၃-၆-၁ ကစားကွက်နဲ့ ပွဲထွက်လာပြီး ဒါက သူတို့ အများဆုံး အသုံးပြုလေ့ရှိတဲ့ ကစားကွက်လည်း ဖြစ်ပါတယ်...”
“တရုတ်အသင်းက အဖြူရောင် အဝေးကွင်း ဂျာစီကို ဝတ်ဆင်ထားပြီး လစ်ပီက ၄-၄-၂ ကစားကွက်နဲ့ ပွဲထွက်လာပါတယ်...”
“ဂိုးသမား- ယန်ကျွင်းလင်”
“နောက်တန်း- ဝမ်ကန်း၊ ကျန်းလင်ဖန်၊ ကျန်းကွမ်းထိုက်၊ လီလိန်”
“ကွင်းလယ်- ဟောင်ကျွင်းမင်၊ ဝူရှီး၊ ချူဖုန်း၊ ချီကျုံးကော်”
“ရှေ့တန်း- အယ်လ်ခီဆန်၊ ဝူလေ”
“လစ်ပီက ရှောင်ချူကို ကွင်းလယ်တိုက်စစ် နေရာမှာ ထားထားတယ်။ သူ ဘယ်လိုအစွမ်းတွေ ပြမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ...”
“ဒါနဲ့... လစ်ပီက တစ်ချိန်က ဆီးရီးယားကို အနိုင်ယူဖို့ ၄-၄-၂ ကစားကွက်ကို အသုံးပြုခဲ့ဖူးတယ် ဆိုတော့ အခုလည်း မျှော်လင့်ချက်ထားလို့ ရမယ်လို့ ထင်ပါတယ်...”
ကင်မရာက စိမ်းလန်းသော မြက်ခင်းပြင်ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
တရုတ်အသင်း၏ နည်းဗျူဟာများက အလွန်ရိုးရှင်းပြီး နားလည်ရ လွယ်ကူသည်။ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းပင်။
တကယ်တမ်းတော့ တရုတ်ကစားသမားများ၏ ကြံ့ခိုင်မှု အရည်အသွေးများက အာရှတွင် အတော်လေး ကောင်းမွန်သည်။ ဘောလုံးပိုင်ဆိုင်မှု အသားပေး ကစားဟန် သို့မဟုတ် ကွင်းလယ်ခံစစ် တစ်ဦးတည်း ထားရှိသော အဆင့်မြင့် နည်းဗျူဟာများကို ဆုပ်ကိုင်ထားမည့်အစား ရိုးရှင်းအောင်သာ ကစားကြစို့။
ပွဲစတင်ပြီး မကြာမီမှာပင် ချီကျုံးကော်က တောင်ပံမှ ဖောက်ထွက်လာပြီး ဂိုးစည်းအစွန်မှ ဖြတ်တင်ဘော တစ်လုံး ပေးပို့လိုက်သည်။ ချူဖုန်းက သူ၏ အပြေးအရှိန်ကို အသုံးပြုကာ ခုန်တက်လိုက်ပြီး ဘောလုံးကို တည့်တည့် ခေါင်းတိုက်လိုက်သည်။
မော်လ်ဒိုက် ဂိုးသမား မိုဟာမက် တုံ့ပြန်လိုက်ချိန်တွင်တော့...
ဘောလုံးက ဂိုးပေါက်အတွင်းသို့ ရောက်ရှိနေပြီဖြစ်ကာ ငြိမ်သက်နေတော့သည်။
***