“ဟင်... ”
ဟယ်ဝေက အသက်ရှူမှားသွားကာ “ပရိသတ်ကြီးရေ... အခုမှ တီဗီဖွင့်တဲ့သူတွေဆိုရင်တော့ ချူဖုန်းရဲ့ ဂိုးကို လွတ်သွားပြီဗျာ...” ဟု ပြောလိုက်သည်။
“ဟုတ်တယ်... အဲဒီလောက်ကို မြန်တာ...”
“သူ ကမ္ဘာ့ဖလား သမိုင်းမှာ အမြန်ဆုံးဂိုး စံချိန်ကို ချိုးသွားပြီလား... အာ... ကံမကောင်းစွာနဲ့ပဲ အမြန်ဆုံး စံချိန်က ဘန်တီကီရဲ့ ၈ ဒသမ ၁ စက္ကန့်ဖြစ်ပြီး ချူဖုန်းက ၁၃ ဒသမ ၆ စက္ကန့် ကြာသွားတယ်...”
တရုတ်ပရိသတ်များလည်း အနည်းငယ် မှင်သက်သွားကြသည်။ ပျော်ရွှင်မှုက တကယ်ကို ရုတ်တရက် ရောက်လာခြင်းပင်။
နောက်တစ်ခဏတွင်... သူတို့၏ ကျယ်လောင်သော အော်ဟစ်အားပေးသံများ ပေါက်ကွဲ ထွက်လာတော့သည်။
မော်လ်ဒိုက် ပရိသတ်များကတော့ ကူကယ်ရာမဲ့စွာဖြင့် လက်ခုပ်တီးပေးလိုက်ကြသည်။ သူတို့၏ ကိုယ်ပိုင်ဂိုးပေါက် ကျိုးပေါက်သွားသော်လည်း ထိုဂိုးက တကယ်ကို ချီးကျူးထိုက်သောကြောင့် ဖြစ်သည်။
ချူဖုန်းနှင့် ချီကျုံးကော်တို့ ဂိုးသွင်းပြီးနောက် လက်ချင်းရိုက်ကာ အောင်ပွဲခံလိုက်ကြသည်။
ဘလွန်းဒီအော အဆင့်ရှိတဲ့ ကစားသမား တစ်ယောက်ကို ဂိုးဖန်တီးမှု လုပ်ပေးနိုင်လိမ့်မယ်လို့ ငါ တစ်ခါမှ မတွေးဖူးခဲ့ဘူး... ချီကျုံးကော် အနည်းငယ် စိတ်လှုပ်ရှားသွားသည်။
သူ့တွင် အမည်ပြောင် တစ်ခုရှိသည်။ တရုတ်ပြည်၏ ကန်တေ ဟူ၍။ ခန္ဓာကိုယ် သွယ်လျလျဖြင့် မမောနိုင်မပန်းနိုင် ပြေးလွှားနိုင်ပြီး ပြင်းထန်သော ဖျက်ထုတ်မှုများကို ပြုလုပ်နိုင်သူ။
လစ်ပီက သူ့ကို ဘာကြောင့် ပွဲထွက်စာရင်းမှာ ထည့်ခဲ့တာလဲ။
သူက သူ၏ ဘယ်တော့မှ မမောပန်းနိုင်သည့် သဘာဝကို သဘောကျခဲ့လို့ပင်။
ထို့အပြင် တစ်ပွဲလျှင် ပျမ်းမျှ ဘောလုံးဖျက်ထုတ်မှုနှင့် ကြားဖြတ်လုယူမှုများတွင် တရုတ်စူပါလိဂ်၏ ကွင်းလယ်ခံစစ် ကစားသမားများထဲတွင် တတိယနှင့် ဒုတိယ အသီးသီး ရပ်တည်နေသည်။
ဖယ်လိုင်နီနှင့် ပေါ်လင်ဟိုကဲ့သို့သော ကမ္ဘာ့အဆင့်မီ ကွင်းလယ်ခံစစ် ကစားသမားများ ရှိနေသည့် တရုတ်စူပါလိဂ်တွင် ထိုသို့သော အောင်မြင်မှုမျိုး ရရှိရန် မည်မျှခက်ခဲကြောင်း နားလည်ထားရန် အရေးကြီးသည်။
“လစ်ပီက နည်းဗျူဟာ အပြောင်းအလဲတွေ လုပ်တဲ့နေရာမှာ အရမ်း ကျွမ်းကျင်တယ်...”
“မော်လ်ဒိုက်မှာ အရပ်အရှည်ဆုံး ကစားသမားက ၁ ဒသမ ၈ မီတာလောက်ပဲ ရှိပြီး ကစားသမား အများစုက ၁ ဒသမ ၇၅ မီတာအောက်ပဲ ရှိတယ်။ ဒါကြောင့် လေကြောင်းကနေ ဗုံးကြဲတဲ့ နည်းဗျူဟာက အရမ်း ထိရောက်တယ်...”
“တရုတ်အသင်း နောက်ထပ် တိုက်စစ် ဆင်လာပြန်ပြီ...”
“လှလိုက်တာ... ရှောင်ချူက လူအုပ်ထဲကနေ ဘောလုံးကို ပြန်ယူပြီး အဝေးကနေ မျှောပေးဘော တစ်လုံး ပေးလိုက်ပြီ...”
“ဝူလေမှာ တစ်ဦးချင်း အခွင့်အရေး ရသွားပြီ...”
“အဲဒါ ဖောင်းဘောလား... မော်လ်ဒိုက် ဂိုးသမားက ဝူလေကို ခြေထောက်နဲ့ တားလိုက်တယ်...”
“ဒိုင်လူကြီးက ပင်နယ်တီ ပေးလိုက်ပြီ...”
“တရုတ်အသင်း ဦးဆောင်ဂိုး ရခဲ့တာက ၂ မိနစ်နဲ့ ၅၄ စက္ကန့်ပဲ ကြာသေးတယ်...”
ဟယ်ဝေ့က အလွန် စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
ဝူလေက ဘောလုံးကို ချူဖုန်းထံ ကမ်းပေးလိုက်ပြီး မျက်စိတစ်ဖက် မှိတ်ပြကာ “ငါ တစ်ဦးချင်း အခွင့်အရေးကို လွတ်သွားတာ။ မင်းအတွက် သီးသန့် ပင်နယ်တီ ဖန်တီးပေးလိုက်တာ မဟုတ်ဘူးနော်...” ဟု ပြောလိုက်သည်။
“စိတ်မပူပါနဲ့... ငါကတော့ လွတ်မသွားစေရဘူး...” ချူဖုန်းက ဘောလုံးကို ယူလိုက်သည်။
အဆိပ်အတောက် အစိတ်အပိုင်းများကို ဖယ်ရှားပြီးနောက် အမျိုးသားအသင်းရှိ လေထုက အမှန်တကယ်ပင် ကောင်းမွန်နေသည်ဟု သူ ခံစားရသည်။ လူတိုင်းက စည်းစည်းလုံးလုံးနှင့် တစ်ပြေးညီ ကြိုးစားနေကြသည်။
တီ… တီ…
ဒိုင်လူကြီးက ခရာမှုတ်လိုက်သည်နှင့် တစ်ပြိုင်နက် ချူဖုန်းက အပြေးအရှိန်ယူကာ ကန်သွင်းလိုက်သည်။
ဘုန်း...
ပြင်းထန်သော ကန်ချက်တစ်ခုက ဂိုးပေါက်၏ ဘယ်ဘက် အပေါ်ထောင့်ဆီသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ဤသည်က ယုံကြည်မှု၏ ပြယုဂ်တစ်ခုပင်။
မိုဟာမက်က မှန်ကန်သော လားရာကို ခန့်မှန်းနိုင်ခဲ့သော်လည်း ဂိုးမဝင်အောင်တော့ မတားဆီးနိုင်ခဲ့ပေ။ အားကစားကွင်းထဲရှိ တရုတ်ပရိသတ်များ၏ အားပေးသံများက ပိုမို ကျယ်လောင်လာသည်။
မော်လ်ဒိုက် ပရိသတ်များကတော့ လုံးဝ စိတ်အေးလက်အေး ဖြစ်နေကြသည်။ ဘလွန်းဒီအော အဆင့်ရှိ ကစားသမားများ ကစားသည်ကို ကြည့်ချင်သောကြောင့်ဟု သူတို့ သဘောထားလိုက်ကြသည်။
ပွဲကြည့်ဖို့ ယူရို ရာနဲ့ချီ ကုန်ကျတာမှ မဟုတ်တာ။ ဒါကြောင့် အေးအေးဆေးဆေးပဲ ဘောလုံးပွဲကို ခံစားလိုက်တော့မယ်။ ဘယ်လိုပဲဖြစ်ဖြစ် နိုင်မှာမှ မဟုတ်တာလေ...။
“မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ အာရှဇုန် ခြေစစ်ပွဲစဉ်မှာ တရုတ်အသင်းက အဝေးကွင်းမှာ မော်လ်ဒိုက်ကို ၉-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ကစားသမား ချူဖုန်းကတော့ ငါးဂိုး သွင်းယူခဲ့ပြီး အမျိုးသားအသင်းရဲ့ တစ်ပွဲတည်း ဂိုးအများဆုံး သွင်းယူနိုင်တဲ့ စံချိန်သစ်ကို ရေးထိုးသွားခဲ့ပါပြီ...”
“ပွဲအပြီး မီဒီယာတွေနဲ့ အင်တာဗျူးမှာ ချူဖုန်းက တရုတ်အသင်းအနေနဲ့ ရှေ့ဆက်လျှောက်ရမယ့် ခရီးကြမ်းတွေ အများကြီး ကျန်နေသေးကြောင်း ပြောကြားခဲ့ပါတယ်။ ဒီနိုင်ပွဲရဲ့ အဓိက သော့ချက်က ပြိုင်ဘက်ရဲ့ အားနည်းမှုကြောင့် ဖြစ်ပြီး တရုတ်အသင်းအတွက် တကယ့် စမ်းသပ်မှုအစစ်အမှန်က နိုဝင်ဘာလမှာ ကစားရမယ့် ဆီးရီးယားနဲ့ ပွဲစဉ်ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်...”
“အမျိုးသားအသင်း ကစားသမားတွေအနေနဲ့ မနေ့က အရှိန်အဟုန်ကို ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး အာရှဇုန် အကောင်းဆုံး (၁၂) သင်း အဆင့်ကို တက်လှမ်းကာ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲ အောင်မြင်နိုင်ဖို့ မျှော်လင့်မိပါတယ်...”
“......”
နံနက်ခင်း သတင်းကြေညာသူ၏ အသံက နာရီဝက်တိတိ အချိန်တွင် ထွက်ပေါ်လာလေသည်။
အမျိုးသားအသင်း ပွဲစဉ်များ ပြီးဆုံးပြီးနောက် ချူဖုန်းသည် အင်္ဂလန်သို့ ချက်ချင်း ပြန်လာခဲ့သည်။ တကယ်တမ်းတော့ သူ ထိုမျှလောက် လောကြီးနေရန် မလိုအပ်ပေ။
သို့သော် သူ၏ ခန္ဓာကိုယ် ကြံ့ခိုင်မှုကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် ကလပ်အသင်းသို့ အမြန်ဆုံး ပြန်လာရန် ရွေးချယ်ခဲ့ခြင်း ဖြစ်သည်။
ရိုးရိုးသားသား ပြောရလျှင် အမျိုးသားအသင်း၏ ပွဲစဉ်များက အတော်လေး ပျင်းစရာ ကောင်းလှ၏။ သူ၏ အစွမ်းအစ အပြည့်အဝကို ထုတ်ဖော်ခွင့်ပင် မရလိုက်ဘဲ ပွဲက ပြီးဆုံးသွားခဲ့ရသည်။ ခြေစွမ်းကို ထိန်းသိမ်းထားဖို့ ဆိုသည်မှာ ဝေလာဝေးပင်။
ကာရင်တန် လေ့ကျင့်ရေးကွင်း…
“ချူ... ငါ မင်းရဲ့ အမျိုးသားအသင်း ပွဲတွေကို ကြည့်ဖြစ်တယ်။ လစ်ပီက မင်းကို နောက်ဆုတ်ပြီး တိုက်စစ်ကစားကွက် ဖန်တီးခိုင်းတာ တကယ်ကို ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ...”
မော်ရင်ညိုက ခြေချိတ်ထိုင်ရင်း အလွန် ကျေနပ်နေပုံရသည်။
သူ အကြောက်ဆုံးအရာက ချူဖုန်း တရုတ်ပြည်သို့ ပြန်ရောက်သွားပြီးနောက် လစ်ပီက သူ့ကို မြည်းတစ်ကောင်လို အသုံးချကာ ကန့်သတ်ချက်ထက် ကျော်လွန်သည်အထိ အတင်းအဓမ္မ ခိုင်းစေမည်ကိုပင်။ ထိုသို့ဆိုလျှင် ကစားသမားအတွက် ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီး ဖြစ်သွားပေလိမ့်မည်။
သောက်ကျိုးနည်း... လစ်ပီသာ အဲဒီလို လုပ်ရဲလုပ်ကြည့်စမ်း... သတင်းစာရှင်းလင်းပွဲမှာ ဒင်းကို အသေဆဲပစ်မယ်...
“ဒီအကြံအစည်ကို ကလပ်အသင်းမှာလည်း အသုံးချလို့ ရတယ်။ ဘရူနို ဖာနန်ဒက်စ်ရော ဟားဗက်ဇ်ပါ ကစားကွက် ဖန်တီးနိုင်စွမ်း အားနည်းကြတယ်...”
မော်ရင်ညိုက ပွဲစဉ်ဗီဒီယိုကို ဖွင့်ပြရင်း ဆက်ပြောသည်။ “မင်းက တိုက်စစ်ဧရိယာ နေရာမှာ လွတ်လွတ်လပ်လပ် လှုပ်ရှားပြီး အသင်းရဲ့ တိုက်စစ် ဦးတည်ရာကို ဆုံးဖြတ်ပေးရမယ်။ နေရာလွတ် ရပြီဆိုတာနဲ့ မင်းကိုယ်တိုင် ဂိုးကန်သွင်းယူလို့လည်း ရတယ်...”
သူ၏ နည်းဗျူဟာ အယူအဆများက ယခင်ကနှင့် မတူတော့ဘဲ လုံးဝ ပြောင်းလဲသွားချေပြီ။ သူက ချူဖုန်းကို တစ်သင်းလုံးအား ဦးဆောင်ခွင့် ပေးလိုက်လေပြီ။ ကျန်သည့် ကစားသမား ၁၀ယောက်လုံးက ချူဖုန်း လိုချင်သည့် ကစားဟန်အတိုင်း ကစားရပေမည်။
ဤသည်က တိုနီစတက်ခ်၏ သံချပ်ကာဝတ်စုံတွင် အာ့ခ် ဓာတ်ပေါင်းဖိုကို ဗဟိုချက်မအဖြစ် တပ်ဆင်လိုက်သည်နှင့် အလားသဏ္ဍာန် တူလေသည်။ သူတို့၏ စွမ်းအားများ ရုတ်ခြည်းဆိုသလို တိုးတက်လာမည်မှာ အသေအချာပင်…။
တကယ်တမ်းတော့ မော်ရင်ညိုသည်လည်း နည်းဗျူဟာများ ပုံဖော်ရန် အနည်းငယ် ပျင်းရိလာခြင်း ဖြစ်ပေမည်။
စဉ်းစားကြည့်လိုက်လေ။ ဂွါဒီယိုလာ၏ ဘောလုံးပိုင်ဆိုင်မှု အသားပေး နည်းဗျူဟာများကို ဘက်စုံ အဆင့်မြှင့်တင်ရသည်က ပိုလွယ်သလား... သို့မဟုတ် ဗဟိုချက်မ ကစားသမား တစ်ဦးကို အခြေခံပြီး ရိုးရှင်းသော နည်းဗျူဟာများ တည်ဆောက်ရသည်က ပိုလွယ်သလား...။
သေချာပေါက် ဒုတိယအချက်က ပိုလွယ်ကူပေသည်။
မော်ရင်ညိုက တွေးတောရင်း သူ၏ ဆံပင်များကို ပွတ်သပ်လိုက်သည်။
ငါ့ဆံပင်တွေက အရင်ကလောက် မမည်းတော့ပေမယ့် ခေါင်းပေါ်မှာ ရှိနေသေးတာပဲ။ သောက်ပြောင်ကြီး ဂွါဒီယိုလာနဲ့တော့ မတူပါဘူးလေ... ကျွတ် ကျွတ်... ဦးနှောက် အရမ်းစားတဲ့ ကောင်တွေက အဲဒီလိုပဲ...
“ကျွန်တော်ကတော့ အဆင်ပြေပါတယ် ဆရာကြီး...”
ချူဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
တကယ်တမ်းတွင်လည်း သူသည် တိုက်စစ်ကို မည်သို့ စီစဉ်ညွှန်ကြားရမည်ကို လေ့လာနေခဲ့သည်မှာ ကြာပြီ ဖြစ်သည်။ ပွဲစဉ်ပေါင်း များစွာကို ပြန်လည် သုံးသပ်ပြီးနောက် လုံလောက်သော အတွေ့အကြုံများကိုလည်း ရရှိထားပြီး ဖြစ်သည်။
ကျန်တာကတော့ ကိုယ့်စွမ်းရည်ကို စမ်းသပ်ရန်နှင့် ပွဲစဉ်တိုင်းမှ တစ်ဆင့် ဆက်လက် လေ့လာ သင်ယူရန်သာ ကျန်တော့သည်။
“ကောင်းပြီ... ကလပ်အသင်း ကိစ္စတွေ ပြီးပြီဆိုတော့ မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စတွေကို ပြောကြတာပေါ့...” မော်ရင်ညိုက ရေတစ်ငုံ သောက်လိုက်သည်။
“ကိုယ်ရေးကိုယ်တာ ကိစ္စတွေ... ဟုတ်လား”
ချူဖုန်း လုံးဝ ကြောင်အမ်းသွားသည်။ သူ့မှာ ကိုယ်ရေးကိုယ်တာ ပြဿနာ ရှိလို့လား။
“အဟမ်း... ပြီးခဲ့တဲ့ ရက်အနည်းငယ်က ပက်ပ် ငါ့ဆီ ဖုန်းဆက်တယ်။ မင်းနဲ့ မာရီယာ စေ့စပ်တော့မယ် ဆိုတာလေ။ အဲ့ဒါ ဟုတ်လား...” မော်ရင်ညို၏ လေသံက အနည်းငယ် ချဉ်စုတ်စုတ် ဖြစ်နေသည်။
ဟူး... ငါ့သမီးက စိတ်ပျက်စရာ ကောင်းနေတာ တကယ် နှမြောစရာပဲ။ မဟုတ်ရင် ငါ့မှာ တပည့်ကောင်းရော သားမက်ကောင်းပါ တစ်ပြိုင်တည်း ရနေလောက်ပြီ...
“ဟုတ်တယ်... ကျွန်တော်တို့ အဲဒီလို စီစဉ်ထားပါတယ်။ ဒါပေမယ့် ရက်အတိအကျတော့ မသတ်မှတ်ရသေးဘူး...” ချူဖုန်း ချက်ချင်း သဘောပေါက်သွားသည်။
အနာဂတ် ယောက္ခမကြီးက သူတို့စုံတွဲ၏ မင်္ဂလာပွဲကို အရမ်း ဂရုစိုက်နေပုံရသည်။ မဟုတ်လျှင် မော်ရင်ညိုထံ ဘာကြောင့် ဖုန်းဆက်ရမည်နည်း။
***