“ဘလွန်းဒီအောဆုပေးပွဲ ပြီးသွားတဲ့ နှစ်ကုန်ပိုင်းအထိ စောင့်ဖို့ ငါ အကြံပေးချင်တယ်...”
မော်ရင်ညိုက သူ၏ လေးနက်သော မျက်နှာထားကို ပြန်လည် ထိန်းသိမ်းလိုက်ပြီး “ဒီခေတ် လူငယ်တွေက အပေါ်ယံ အမြင်ကို အရမ်း ဂရုစိုက်ကြတယ်။ ငါသိပါတယ်... မင်းက ဂရုမစိုက်ဘူး ဆိုပေမယ့် မာရီယာ့ရဲ့ ခံစားချက်ကိုတော့ ထည့်စဉ်းစားပေးရမယ်လေ... ဒါကြောင့် ဘလွန်းဒီအော အခမ်းအနား ပြီးတဲ့အချိန်က အကောင်းဆုံး ဖြစ်လိမ့်မယ်...”
ထို့အပြင် ဘောလုံးလောကတွင် ဤသို့သော မင်္ဂလာပွဲမျိုး တစ်ခါမှ မရှိခဲ့ဖူးပေ။ မကြာသေးမီ နှစ်များအတွင်းက မက်ဆီနှင့် ရော်နယ်ဒိုတို့သာ ဘလွန်းဒီအောဆုကို ကြီးစိုးခဲ့ကြသည်။
ပထမတစ်ယောက်က အိမ်ထောင်သည် ဖြစ်နေပြီဖြစ်ပြီး ဒုတိယတစ်ယောက်ကတော့ မိန်းမရှုပ်လွန်းသူ ဖြစ်ရာ သူတို့တွင် သေသပ် လှပသော မင်္ဂလာပွဲတစ်ခု ကျင်းပရန် အချိန်ပင် ရမည်မဟုတ်ပေ။
“အဲဒါ အကြံကောင်းပဲ... ကျွန်တော် ပြန်သွားရင် မာရီယာ့ကို မေးကြည့်လိုက်ပါ့မယ်...” ချူဖုန်းက သူတို့နှစ်ဦးကိုယ်စား ဆုံးဖြတ်ချက် မချရဲပေ။
“အင်း... ပရီးမီးယားလိဂ်မှာ ဆောင်းရာသီ နားရက် မရှိပေမယ့် မင်္ဂလာပွဲ ကျင်းပဖို့ အချိန်တစ်ခုတော့ ရှာလို့ ရပါတယ်။ ပြီးတော့ မင်းရဲ့ သူငယ်ချင်းတွေ အားလုံးကိုလည်း ဖိတ်လို့ ရတာပေါ့...” မော်ရင်ညိုက ချူဖုန်းကို အတန်ကြာ စိုက်ကြည့်နေလိုက်သည်။
ဒီကောင်လေးမှာ သူငယ်ချင်း တော်တော်များများ ရှိကြောင်း သူ သိလေသည်။ ချူဖုန်းက ပရီးမီးယားလိဂ်၊ စီးရီးအေနှင့် ဘွန်ဒက်စ်လီဂါတို့မှ ကစားသမားများနှင့် ရင်းနှီးပြီး ဘောလုံးလောကတွင် လူမှုရေး အတော်လေး ကောင်းမွန်သူ တစ်ယောက်ပင်။
“ဆရာကြီး... ကျွန်တော် ဘလွန်းဒီအောဆု ရမယ်ဆိုတာ တကယ် သေချာလို့လား...” ချူဖုန်းက မျက်ခုံးပင့်ကာ မေးလိုက်၏။
“သောက်ရူးလေး... မင်း ပါးစပ်ကို ပိတ်ထား...” ထိုအခါ မော်ရင်ညိုက ဒေါသထွက်ဟန်ဆောင်၍ အော်ဟစ်လိုက်သည်။
“ပြီးခဲ့တဲ့နှစ်က ဂိုးအရေအတွက်၊ တစ်ဦးချင်း ဆုတံဆိပ်တွေနဲ့ ချန်ပီယံဖလားတွေမှာ ဘယ်သူက မင်းကို ယှဉ်နိုင်လို့လဲ။ အခုမှ လာပြီး နှိမ့်ချဟန် ဆောင်မနေနဲ့...”
အကယ်၍ ဘလွန်းဒီအောဆုရှင်က သူ၏ တပည့်ကျော်သာ မဖြစ်ခဲ့လျှင် နောက်နေ့၌ပင် ပြင်သစ်ဘောလုံး မဂ္ဂဇင်းကို သူ အပြင်းအထန် တိုက်ခိုက်မည်မှာ အသေအချာပင်။
“ကဲ... သွား... လေ့ကျင့်ရေးဆင်းတော့... ပြဿနာတစ်ခုခု ရှိရင် ငါ့ဆီ လာခဲ့။ ငါ ရှင်းပေးနိုင်ရင် ရှင်းပေးမယ်... မရရင် တခြားလူကို အကူအညီ တောင်းပေးမယ်...”
မော်ရင်ညိုက လက်ကာပြလိုက်သည်။
“ဆရာကြီး... ကျွန်တော်တို့ဆီက ဓလေ့အရဆိုရင် လူငယ်တွေ လက်ထပ်တဲ့အခါ လူကြီးတွေက လက်ဆောင်ပေးရတယ်ဗျ... သေသေချာချာလေးသာ ပြင်ဆင်ထားတော့...”
ချူဖုန်းက မျက်စိတစ်ဖက် မှိတ်ပြရင်း ပြောလိုက်သည်။
“ထွက်သွားစမ်း... ”
ထို့နောက်... ချူဖုန်း တစ်ယောက် ရုံးခန်းထဲမှ အမြန် လစ်ပြေးရတော့သည်။
လေ့ကျင့်ရေးကွင်းသို့ ပြန်ရောက်သောအခါ ထူးခြားမှုတစ်ခုကို သူ သတိထားမိလိုက်သည်။ ယင်းက အသင်းတွင်းဝယ် လေ့ကျင့်ရေး ရူးသွပ်သူများ ပိုပိုများလာခြင်းပင်။
စကော့ ၊ ဟားဗက်ဇ်၊ မက်ဂွိုင်းယား၊ ဝမ်ဘစ်ဆာကာနှင့် အခြားသူများ အားလုံး အပို လေ့ကျင့်ခန်းများ လုပ်နေကြသည်။
နိုင်ငံတကာ ပွဲစဉ်ရက်များ အခုလေးတင် ပြီးသွားတာလေ... ဒီလောက် အပြင်းအထန် လုပ်နေရင် ဒဏ်ရာရသွားမှာ မကြောက်ကြဘူးလား။ ကိုယ့်ကိုယ်ကိုယ်လည်း ဂရုစိုက်ကြဦးမှပေါ့။
ချူဖုန်းက အားလုံးကို လှမ်းအော်လိုက်သည်။ “နေမကောင်းရင် အသင်းဆရာဝန်ဆီ သွားကြနော်... အတင်းအဓမ္မကြီး မလုပ်ကြနဲ့ဦး... ငါတို့ ရှေ့ဆက်သွားရမယ့် ခရီးက အရှည်ကြီး ကျန်သေးတယ်...”
သို့သော် သူ့အသင်းဖော် အများစု၏ နိုင်ငံတကာ ပြိုင်ဘက်များကလည်း မော်လ်ဒိုက်နှင့် သိပ်မကွာခြားလှပေ။ ထို့ကြောင့် သူတို့ သိပ်အများကြီး မကစားခဲ့ရဘဲ အနားယူရန်နှင့် လူစားလဲရန် အချိန် အလုံအလောက် ရခဲ့ကြသည်။
ညနေပိုင်း။
ဂွါဒီယိုလာ၏ အိမ်တွင်။
“ဒါက စပိန်ကနေ ကျွန်မ ယူလာတဲ့ ဝက်ပေါင်ခြောက်လေ။ အဆီပါဝင်မှု နည်းတာကို သီးသန့် ရွေးလာတာ...”
မာရီယာက ဝက်ပေါင်ခြောက် အချပ်အနည်းငယ်ကို လှီးဖြတ်ကာ ချူဖုန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
“အရသာရှိတယ်...” ချူဖုန်းက မဆိုင်းမတွပင် နှစ်လုပ်တည်းဖြင့် ဝက်ပေါင်ခြောက် အားလုံးကို မြိုချလိုက်သည်။
“ဒါက မင်းရဲ့ ဒုတိယမြောက် ယူအီးအက်ဖ်အေ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုလား...” ဂွါဒီယိုလာက အဖြေသိပြီးသား မေးခွန်းကို မေးလိုက်သည်။
“ဟုတ်တယ် အန်ကယ်ပက်ပ်...” ချူဖုန်းက ထမင်းကိုသာ ခေါင်းငုံ့စားနေ၏။
မာရီယာက ဝက်ပေါင်ခြောက် အချပ်အနည်းငယ်ကို ထပ်လှီးလိုက်သော်လည်း သူမ၏ လက်က လေထဲတွင် တန့်ရပ်သွားသည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦးစလုံး၏ ပန်းကန်များက ပြောင်သလင်းခါနေသောကြောင့် ဖြစ်သည်။
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် သူမက ချူဖုန်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်ပြီးမှ ဂွါဒီယိုလာအတွက် အချပ်အနည်းငယ် လှီးပေးလိုက်သည်။
နာကျင်လိုက်တာ... ရင်ထဲကို စူးအောင့်နေတာပဲ…။
ဂွါဒီယိုလာ တစ်ယောက် ရင်ဘတ်ထဲတွင် လေပြွန်ရောင်ရောဂါ ရနေသကဲ့သို့ မွန်းကျပ်သွားသည်။
အရင်တုန်းက ငါ့လက်မောင်းကို ဖက်ပြီး လက်ဆောင်တွေကို အသံချွဲချွဲလေးနဲ့ တောင်းတတ်တဲ့ သမီးလေးက ဘယ်လိုလုပ်ပြီး ဒီလိုပုံစံ ဖြစ်သွားရတာလဲ... အချစ်ရူး ရူးနေတာက သိပ်တော့ အခြေအနေ မကောင်းလှဘူးပဲ...
“ရိုဇီက စေ့စပ်မယ့်ကိစ္စ မင်းကို ပြောပြပြီးပြီလား...”
ဂွါဒီယိုလာက သက်ပြင်းရှည်ကြီးကို ရှူထုတ်လိုက်ပြီး ချူဖုန်း၏ အဖြေကိုပင် မစောင့်တော့ဘဲ သူ့ဘာသာ ဆက်ပြောလိုက်သည်။ “ပြီးခဲ့တဲ့ ရက်အနည်းငယ်က မင်းအဖေနဲ့ ငါ စကားပြောဖြစ်တယ်။ သူက ပထမဆုံး မန်ချက်စတာမှာ အရင်လုပ်ပြီးတော့ ရာသီကုန်မှ မင်းတို့ဆီကို ပြန်သွားလုပ်မယ်လို့ ပြောတယ်။ အဲဒီအပေါ် မင်း သဘောထားကရော ဘယ်လိုရှိလဲ...”
“ကျွန်တော့်ဘက်ကတော့ ပြဿနာ မရှိပါဘူး။ မာရီယာ သဘောကျသာ လုပ်ပါ အန်ကယ်ပက်ပ်...”
ချူဖုန်းက အကြံဉာဏ်ကောင်းကို အလွယ်တကူ လက်ခံလိုက်သည်။ ဤသို့သော ကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် သူ သိပ်မကျွမ်းကျင်လှပေ။
ကံကောင်းထောက်မစွာဖြင့် ငွေရှိလျှင် သရဲကိုပင် ခိုင်းစား၍ ရသည်မဟုတ်ပါလား။ ပြင်ဆင်ရန် အတွက် လိုအပ်သော ကိစ္စများကို ကျွမ်းကျင်သူများထံသာ လွှဲအပ်ထားလိုက်ခြင်းက အကောင်းဆုံးပင်။
ထိုစကားကို ကြားသောအခါ မာရီယာ၏ အပြုံးက ပို၍ နူးညံ့သွားပြီး ဝက်ပေါင်ခြောက်လှီးသော ဓားကို ကောက်ကိုင်ကာ နောက်ထပ် အချပ်အနည်းငယ် လှီးပေးရန် ပြင်လိုက်သည်။
“ဒီကောင် အဲဒီလောက် အများကြီး စားနိုင်လို့လား...”
ဂွါဒီယိုလာ၏ မုတ်ဆိတ်မွေးများ တဆတ်ဆတ် တုန်သွားသည်။ “ပြီးတော့ ဝက်ပေါင်ခြောက်က အရမ်း ငန်တယ်လေ။ နည်းနည်းပဲ စားသင့်တာ...”
“အို... ဖေဖေက အားကစားသမားမှ မဟုတ်တာ။ ကျန်တာ ဖေဖေ စားလိုက်ပေါ့...” မာရီယာ၏ ကွေးညွတ်နေသော နှုတ်ခမ်းလေးများက အောက်သို့ ကွေးဆင်းသွားသည်။
ဂွါဒီယိုလာ : “......”
အသက်ဝဝရှူ... အသက်ဝဝရှူထားစမ်း ပက်ပ်... အကြီးမလေး အချစ်ရူး ရူးနေတာကို သွားဂရုမစိုက်နဲ့။ မင်းမှာ အငယ်မလေး ရှိသေးတယ်လေ...။
ထိုစဉ် အနီးတွင် ရပ်နေသော ဗလင်တီးနားက တစ်ခုခုကို သတိရသွားပုံရသည်။ သူမက ခုံပေါ်မှ ချက်ချင်း ခုန်ဆင်းကာ ဆလတ်ရွက်သုပ် တစ်ပန်းကန်ကို ယူလာခဲ့သည်။
“ကိုကို... ဒါက သမီး ကိုယ်တိုင် လုပ်ထားတဲ့ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာလေ...”
ဗလင်တီးနားက ချူဖုန်းကို ဆလတ်ရွက်သုပ် ပန်းကန်လေး ကမ်းပေးလိုက်သည်။ ထိုအခိုက်၌ သူမ၏ မျက်နှာလေးတွင် သမီးကို ချီးမွမ်းပေးပါဦးဆိုသည့် အမူအရာလေး အပြည့် ဖုံးလွှမ်းနေသည်။
ဇူလိုင်လက ချူဖုန်း တရုတ်ပြည်သို့ ပြန်သွားစဉ်က မာရီယာနှင့် ဗလင်တီးနားတို့ မောင်နှမကိုပါ ခေါ်ဆောင်သွားခဲ့ပြီး ပေကျင်းနှင့် ချန်ဒူး ကဲ့သို့သော နေရာများသို့ ခရီးတိုလေး သွားခဲ့ကြသည်။
ဗလင်တီးနား အနှစ်သက်ဆုံး တိရစ္ဆာန်မှာ ပန်ဒါဝက်ဝံလေးများ ဖြစ်သည်။ ထို့ကြောင့်ပင် အနာဂတ် ခဲအိုဖြစ်သူက သူမကို ပန်ဒါလေးများဆီ ထပ်မံခေါ်သွားစေရန် မျက်နှာလိုမျက်နှာရ လုပ်နေခြင်း ဖြစ်သည်။
ချူဖုန်းက ခရမ်းချဉ်သီး သေးသေးလေး တစ်လုံးကို ယူကာ ပါးစပ်ထဲ ထည့်လိုက်သည်။ ချိုချဉ်ချဉ် အရသာလေးကြောင့် သူ ပြုံးလိုက်မိသည်။
“မစ်ရှယ်လင် ကြယ်ငါးပွင့် စားသောက်ဆိုင်က ဟာတွေထက်တောင် ပိုကောင်းသေးတယ်...”
ဒါက ဗြောင်လိမ်နေတာလား။ တကယ်တမ်းကျတော့ မဟုတ်ပါဘူး။
အဘယ်ကြောင့်ဆိုသော် မစ်ရှယ်လင် စားသောက်ဆိုင်၏ ဆလတ်ရွက်သုပ် ဆိုသည်မှာလည်း သစ်သီးနှင့် ဟင်းသီးဟင်းရွက် အနည်းငယ်ကို ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်။ ပါဝင်ပစ္စည်း ရွေးချယ်မှု ပိုကောင်းရုံသာ ရှိပေသည်။
ထိုစကားကို ကြားသောအခါ ဗလင်တီးနားက ချိုမြိန်စွာ ပြုံးလိုက်သည်။ မကြာမီ ပန်ဒါဝက်ဝံကြီးများကို ပြန်တွေ့ရတော့မည်ဟု သူမ တွေးနေမိသည်။
“ဖေဖေရော စားမလား... သမီး နည်းနည်းလေးပဲ ကျွေးမှာနော်...” သူမက ဂွါဒီယိုလာကိုလည်း မေ့မထားပေ။
“ငါ ဗိုက်တင်းနေပြီ...” ဂွါဒီယိုလာက ဓားနှင့် ခက်ရင်းကို ချကာ သူ၏ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။
ထို့နောက် ကွန်ပျူတာကို ဖွင့်ကာ ယခင်ပွဲစဉ်များမှ မန်ချက်စတာယူနိုက်တက်၏ ပွဲစဉ်ဗီဒီယိုများကို ဖွင့်ကြည့်လိုက်သည်။ သူ၏ ဝမ်းနည်းပူဆွေးမှုများနှင့် ဒေါသများကို ခွန်အားအဖြစ် ပြောင်းလဲပစ်ပေမည်။
——
အချိန်တွေက မြန်ဆန်လွန်းလှပြီး ယခုဆိုလျှင် စက်တင်ဘာလ ၁၄ ရက်နေ့သို့ ရောက်ရှိလာပြီ ဖြစ်သည်။
ပရီးမီးယားလိဂ် ပွဲစဉ် (၅)…
အိုးထရက်ဖို့ဒ်ကွင်း။
မန်ချက်စတာယူနိုက်တက်နှင့် လက်စတာစီးတီး။
လက်စတာစီးတီးအသင်း၏ လူစာရင်းက အံ့ဖွယ် ချန်ပီယံဆု ရယူနိုင်ခဲ့သည့် ရာသီကတည်းက လုံးဝ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ကန်တေ ၊ မာရက်ဇ်နှင့် ဒရင့်ခ်ဝါးတား ကဲ့သို့သော ချန်ပီယံအသင်း၏ အဓိက ကစားသမားများ အားလုံး အခြားကလပ်များသို့ ပြောင်းရွှေ့သွားခဲ့ကြပြီ။
ဗာဒီ၊ ရှမိုက်ကယ်နှင့် အခြား ကစားသမား အနည်းငယ်သာ ကျန်ရစ်တော့သည်။ ကျဆင်းလာသော ခြေစွမ်းများနှင့် ရင်းနှီးမြှုပ်နှံမှု လျော့ကျလာခြင်းတို့ကြောင့် သူတို့၏ စွမ်းဆောင်ရည်က အလယ်အလတ် အဆင့်တွင်သာ ရှိနေပြီး ယခင်က အံ့ဖွယ်ရာများကို ထပ်မံဖန်တီးနိုင်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။
“မန်ချက်စတာယူနိုက်တက်ရဲ့ နည်းဗျူဟာတွေကို ကျွန်တော် အချိန်အကြာကြီး လေ့လာထားပါတယ်။ ဒီနေ့တော့ နည်းပြကြီးကို အံ့သြသွားအောင် လုပ်ပြမယ်လို့ ယုံကြည်ပါတယ်...” ရော်ဂျာက မော်ရင်ညိုကို တင်းကျပ်စွာ ဖက်လိုက်သည်။
သူ ချယ်လ်ဆီး လူငယ်အသင်းတွင် ရှိနေစဉ်က ပထမအသင်း၏ နည်းပြချုပ်မှာ မော်ရင်ညို ဖြစ်သည်။ သူတို့နှစ်ဦးသည် နည်းဗျူဟာများနှင့် အမြင်များကို အပြန်အလှန် ဖလှယ်ခဲ့ကြပြီး အလွန်ကောင်းသော မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။
တစ်နည်းအားဖြင့် ဆိုရလျှင် နည်းပြ မော်ရင်ညိုက ရော်ဂျာ၏ ဆရာတစ်ဆူဟုတောင် သတ်မှတ်၍ ရပေသည်။
“လီဗာပူးထက် လက်စတာစီးတီးက မင်းနဲ့ ပိုကိုက်ညီပါတယ်။ မင်း ရလဒ်ကောင်းတွေ ရနိုင်ပါစေလို့ မျှော်လင့်ပါတယ်...”
မော်ရင်ညိုက သူ့တပည့်များ အပေါ်တွင် အတော်လေး သဘောထား ပြည့်ဝသူ ဖြစ်သည်။
ရော်ဂျာက သက်ပြင်းချကာ ပြုံးလိုက်ရုံသာ တတ်နိုင်တော့သည်။ လီဗာပူးကို စတင်ကိုင်တွယ်စဉ်က သူ၏ ရလဒ်များက သိပ်မကောင်းခဲ့သော်လည်း ပရီးမီးယားလိဂ် ချန်ပီယံဆုနှင့် ခြေတစ်လှမ်း အကွာအထိ ရောက်ခဲ့သည်။ ဂျရတ်သာ မချော်လဲခဲ့လျှင် သူ ထွက်သွားရမည် မဟုတ်ပေ။
သို့သော်လည်း ဆက်ခံသူ ကလော့ပ်၏ အခြေအနေကို ထည့်တွက်ကြည့်မည်ဆိုလျှင် မန်စီးတီးနှင့် မန်ယူတို့ကို ရင်ဆိုင်ပြီး လိဂ်ချန်ပီယံဆု ရယူရန်မှာ ပို၍ပင် ခက်ခဲပေမည်။ ယင်းကို တွေးမိသောအခါ ရော်ဂျာ၏ စိတ်ထဲတွင် အကြောင်းပြချက် မရှိဘဲ အတော်လေး နေလို့ထိုင်လို့ ကောင်းသွားသည်။
တီ… တီ…
မကြာမီမှာပင် ဒိုင်လူကြီးက ခရာမှုတ်လိုက်ပြီး ပွဲကို တရားဝင် စတင်လိုက်သည်။
မန်ချက်စတာယူနိုက်တက်က အိမ်ကွင်းတွင် အချိန်ဖြုန်းကာ စမ်းသပ်မနေတော့ပေ။ ပွဲစသည်နှင့် တစ်ပြိုင်နက် တောင်ပံများမှတစ်ဆင့် တိုက်စစ်ဆင်လာပြီး ဆန်ဒရို၏ ထိုးဖောက်မှုများကို အသုံးချကာ ဘယ်ဘက်ခြမ်းမှနေ၍ တိုက်စစ်ကို အတင်းအဓမ္မ ဖွင့်လှစ်လိုက်သည်။
“ဘရာဇီးလ် ကစားသမားတွေရဲ့ ဘောလုံးထိန်းချုပ်နိုင်စွမ်းက တကယ်ကို ယုံကြည်နိုင်စရာ မရှိအောင်ပဲဗျာ...”
“ဒီတိုက်စစ်ကနေ ဂိုးရလာမလား ကြည့်ကြရအောင်...”
ချူဖုန်း၏ အချက်ပြမှုကို မြင်သောအခါ ဆန်ဒရိုက ဂိုးစည်းအစွန်မှ ဖြတ်တင်မည့် အစီအစဉ်ကို စွန့်လွှတ်လိုက်ပြီး ချူဖုန်းထံသို့ ဘောလုံးကို ချက်ချင်း ပေးပို့လိုက်သည်။
ထိုခဏမှာပင်... အန်ဒီဒီက ကြမ်းတမ်းစွာ ဝင်လုလေသည်။
ယခုအချိန်တွင် ပရီးမီးယားလိဂ်ရှိ ခံစစ်ကစားသမား အားလုံးက ချူဖုန်းထံမှ ဘောလုံးကို အောင်မြင်စွာ ဖျက်ထုတ်နိုင်ခြင်းကို ဂုဏ်ယူစရာ ကိစ္စတစ်ခုအဖြစ် မှတ်ယူထားကြသည်။ အဘယ်ကြောင့်ဆိုသော် ဗန်ဒိုက်ပင်လျှင် ထိုသို့ မလုပ်နိုင်ခဲ့သောကြောင့် ဖြစ်သည်။
ချူဖုန်းက လွန်ခဲ့သော နှစ်နှစ်ကနှင့် ကွာခြားသွားပြီလား ဆိုလျှင်...
ထိုစဉ်က သူသည် ရင်ဆိုင်ရမည့် ခံစစ်ကစားသမား တိုင်း၏ နည်းစနစ်ပိုင်းဆိုင်ရာ ဝိသေသ လက္ခဏာများကို အလွတ် ကျက်မှတ်ထားလေ့ ရှိသည်။ သို့မှသာ ပွဲကစားနေစဉ်အတွင်း ပစ်မှတ်ထား၍ ထိုးဖောက်နိုင်မည် ဖြစ်သည်။
အခုရော...
သူက ကိုယ့်စွမ်းရည် တိုးတက်လာရေးကိုသာ ပိုအာရုံစိုက်လာပြီး ကျန်တာတွေကို ပွဲကစားနေစဉ် ခံစားချက်နှင့် ဆုံးဖြတ်ချက်ချဖို့သာ အားကိုးတော့သည်။ ဤသည်က အရည်အချင်း တိုးတက်လာပြီးမှသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
နေရာလွတ်ရအောင် ဘောလုံးကို ဆွဲပြေးပြီးနောက် ညာခြေဖမိုး အပြင်ဘက်ဖြင့် တွန်းထုတ်လိုက်သည်။
ဝှစ်…
ဘောလုံးက လက်စတာစီးတီး၏ ခံစစ်ကြောင်းကို ခွဲစိတ်ဓားတစ်လက်လို ထက်မြက်စွာ ခွဲထုတ်သွားသည်။
ထို့နောက် ဘောလုံးသည် မာရက်ဇ်၏ ခြေထောက်ပေါ်သို့ သေသပ်စွာ ကျဆင်းသွားသည်။ အသင်းဟောင်းနှင့် ရင်ဆိုင်ရချိန်တွင် မာရက်ဇ်က လုံးဝ သနားညှာတာမှု မပြခဲ့ပေ။ ပင်နယ်တီ ဧရိယာထဲတွင် ရုတ်တရက် ရပ်တန့်လိုက်ပြီး အလယ်သို့ ချိုးဝင်လိုက်သည်။
ထို့နောက် ဘယ်ခြေဖြင့် အဝေးတိုင်ဘက်သို့ ကွေးဝင်အောင် ကန်သွင်းလိုက်ပြီ။
သို့သော်လည်း ရှမိုက်ကယ်က သူ၏ အသင်းဖော်ဟောင်း အကြောင်းကို ကောင်းကောင်း သိထားသည်။ ဘယ်ခြေက ဘုရင်၊ ညာခြေက အသုံးမဝင် ဟူသော အချက်ကိုပင်။
ဖတ်...
သူက ကြိုတင်ရွှေ့လျားကာ ဘေးဘက်သို့ ခုန်ပစ်လိုက်ပြီး ဘောလုံးကို ဘေးထွက်သွားအောင် အနိုင်နိုင် ပုတ်ထုတ်လိုက်နိုင်သည်။
***