"ကောင်းပါပြီ... မင်းရဲ့ သိချင်စိတ်ကို ငါ ဖြည့်ဆည်းပေးနိုင်ပါတယ်။ ဒါပေမယ့် နောက်ကျရင် ငါ့မေးခွန်းတွေကို မင်းက ရိုးရိုးသားသား ပြန်ဖြေရမယ်နော်။ မဟုတ်ရင် မင်းအတွက်လည်း သိပ်ပြီး သာယာမှာ မဟုတ်ဘူး"
တုန်းဖုန်းဝူက ယုံကြည်မှု အပြည့်ဖြင့် ပြောလိုက်သည်။ ဘာပဲဖြစ်ဖြစ် ဤနေရာမှာ သူ၏ ကိုယ်ပိုင်အိမ် ဖြစ်ပြီး သူ၏ ဘေးတွင် အာကာသအဆင့် သိုင်းပညာရှင် တစ်ဦး ရှိနေသည့်အပြင် တစ်ဖက်လူ၏ အပ်စိုက်မှတ်များကိုလည်း ပိတ်ဆို့ထားပြီး ဖြစ်ပေသည်။
သူ၏ အမြင်တွင် ယဲ့ပုဖန်သည် သေလူတစ်ယောက်သာ ဖြစ်နေပြီး မည်သည့်အချိန်တွင် သေရမည် ဆိုသည်မှာ သူ၏ စိတ်ခံစားချက်အပေါ်တွင်သာ လုံးဝ မူတည်နေလေသည်။
ယဲ့ပုဖန်က မေးလိုက်၏။ "ပထမ မေးခွန်း... ဟိုလူနှစ်ယောက်ကို ခင်ဗျား ဘယ်လိုလုပ် ရှာတွေ့ခဲ့တာလဲ ဆိုတာကို ကျွန်တော် တကယ်ကို သိချင်နေတယ်။ ပြီးတော့ လေယာဉ်ပေါ်ရောက်မှ ရောဂါ ဖောက်လာအောင် သူတို့ရောဂါကို သူတို့ ဘယ်လိုလုပ် အဲဒီလောက် သေချာ ထိန်းချုပ်ထားနိုင်ရတာလဲ"
ကျန်းခိုင်နှင့် ဝမ်ကျွမ်းတို့သည် တုန်းမိသားစုမှ စီစဉ်ထားသော မြှူစာများ ဖြစ်ကြောင်း သူ သိထားသော်လည်း အဖြစ်အပျက်များအား သေချာ နားမလည်သေးပေ။ မှဲ့နက်ကင်ဆာ ရောဂါဖောက်ခြင်းသည် လူသားတို့၏ ထိန်းချုပ်မှု ပြင်ပတွင် ရှိသော ကိစ္စရပ် ဖြစ်ရာ အချိန်ကိုက်ကြီး မည်ကဲ့သို့ ဖြစ်လာရသနည်း။
"ဪ... မင်းက အဲဒီကိစ္စကို ပြောတာလား" တုန်းဖုန်းဝူက ရယ်မောလိုက်ပြီး ကျန်းတာလဲ့ကို လှမ်းပြောလိုက်သည်။
"မင်းပဲ သူ့ကို ရှင်းပြလိုက်တော့"
ကျန်းတာလဲ့က ပြောလေသည်။ "မင်းကို သံသယ မဝင်စေဘဲ ငါးစာမိလာအောင် ဒီနှစ်ယောက်ကို ငါတို့ ငွေပေးပြီး ငှားလာခဲ့တာ သာမန်လူတွေပဲ။ အဲဒီလိုဆိုရင် ငါတို့ ခြေရာခံမိဖို့ မလွယ်တော့ဘူးလေ။
ဒီမတိုင်ခင်က ကျန်းခိုင်မှာ မှဲ့နက်ကင်ဆာ ရှိနေတယ် ဆိုတာကို ဘယ်သူမှ မသိခဲ့သလို ရောဂါ ဖောက်လာလိမ့်မယ်လို့လည်း ပိုပြီးတော့တောင် မသိခဲ့ကြဘူး။ အဲဒီအချိန်တုန်းက သူ့ရဲ့ အစာအိမ်ရောဂါနဲ့ မင်းကို မြှူဆွယ်ဖို့ ရည်ရွယ်ထားခဲ့တာ။ ဒါပေမယ့် မထင်မှတ်ဘဲ တိုက်ဆိုင်မှု တစ်ခုကြောင့် အခုလို ဖြစ်သွားရတာပဲ။ ဒါပေမယ့် အကျိုးသက်ရောက်မှုကတော့ ကောင်းပါတယ်။ ပိုပြီး သဘာဝကျသလို ဖြစ်သွားလို့ မင်းလည်း သံသယ မဝင်တော့ဘူးလေ"
"ဪ... ဒါကြောင့်ကိုး"
ယဲ့ပုဖန်က ခေါင်းညိတ်လိုက်သည်။ "ဒုတိယ မေးခွန်း... ခင်ဗျားက ဘာလို့ ကျွန်တော့်ကို ဒုက္ခပေးချင်ရတာလဲ ဆိုတာ သိချင်တယ်။ ကျွန်တော်တို့ အရင်က ရန်ငြိုးများ ရှိခဲ့ဖူးလို့လား။ ကျွန်တော့် မှတ်ဉာဏ်ထဲမှာတော့ ခင်ဗျားတို့ တုန်းမိသားစုကို ဘယ်တုန်းကမှ မစော်ကားခဲ့ဖူးပါဘူး"
တုန်းဖုန်းဝူက ပြန်ဖြေ၏။ "မင်းပြောတာ မှန်ပါတယ်။ ငါတို့ကြားမှာ ဘာရန်ငြိုးမှ မရှိပါဘူး။ အမှန်အတိုင်း ပြောရရင် မကြာခင်တုန်းကအထိ မင်းလိုလူမျိုး ရှိနေတယ် ဆိုတာကိုတောင် ငါ မသိခဲ့ဘူး။ မင်း သေကိုသေရမယ့် အကြောင်းရင်းက မင်းက မစော်ကားသင့်တဲ့ လူတစ်ယောက်ကို စော်ကားခဲ့မိလို့ပဲ"
သူ့စကားကို ကြားသောအခါ တုန်းမိသားစုကို သူ့အပေါ် လှုပ်ရှားလာအောင် စေခိုင်းနိုင်သူမှာ နောက်ကွယ်မှ ဖုံးကွယ်နေသော လက်မည်းကြီးသာ ဖြစ်ရမည်ဟု ယဲ့ပုဖန် ချက်ချင်း ရိပ်မိသွားသည်။
ယခင်က ရှန်ကွမ် မိသားစု၏ အင်အားကို အသုံးချနိုင်ခဲ့သဖြင့် ယခု တုန်းမိသားစုကိုပါ ခိုင်းစေနေသည်မှာ အံ့ဩစရာတော့ မဟုတ်ပေ။
"တတိယ မေးခွန်း... အဲဒီလူက ဘယ်သူလဲ"
တုန်းဖုန်းဝူက ခေါင်းယမ်းပြလေသည်။ "သူကိုယ်တိုင် ထွက်မလာဘူး ဆိုကတည်းက လူတွေကို မသိစေချင်လို့ပေါ့။ အဲဒီတော့ ငါက မင်းကို ဘယ်လိုလုပ် ပြောပြနိုင်မှာလဲ"
"ကောင်းပြီလေ"
ယဲ့ပုဖန်က ဆိုလိုက်သည်။ "နောက်ဆုံး မေးခွန်း... ကျွန်တော့်အကြောင်း ခင်ဗျား ဘယ်လောက် သိထားလဲ"
နောက်ဆုံး မေးခွန်းက ဤသို့ ဖြစ်လာလိမ့်မည်ဟု မထင်ထားသဖြင့် တုန်းဖုန်းဝူမှာ အနည်းငယ် ကြောင်အမ်းသွားသည်။
"ပွင့်ပွင့်လင်းလင်း ပြောရရင် ငါတို့ တုန်းမိသားစုက ကျန်းနန်မြို့က မင်းလို လူသေးလူမွှားလေး တစ်ယောက်အကြောင်းကို အများကြီး သိဖို့ စိတ်မဝင်စားပါဘူး။ မင်းက သာမန် သမားတော်လေး တစ်ယောက်ဖြစ်ပြီး ဆေးပညာ နည်းနည်းပါးပါး တတ်တယ် ဆိုတာလောက်ပဲ သိတယ်"
"ကြည့်ရတာ ခင်ဗျားက ကျွန်တော့်အကြောင်း သိပ်မသိသေးဘူးပဲ။ ဒါကြောင့်လည်း ဒီလို အဆင့်နိမ့်တဲ့ အမှားမျိုးကို ကျူးလွန်မိတာ မဆန်းပါဘူး။ ဘိုးဘေးတွေ ထားရစ်ခဲ့တဲ့ နာမည်ကြီး စကားတစ်ခွန်းကို ခင်ဗျား မေ့နေပြီလား... မိမိအကြောင်း ကိုယ်သိ၍ ရန်သူ့အကြောင်း သိလျှင် စစ်ပွဲတစ်ရာ လုံးဝ မရှုံးနိုင်ပေတဲ့။ ခင်ဗျားက ကျွန်တော့်အခြေအနေကို သေချာ မလေ့လာဘဲနဲ့ လှုပ်ရှားဖို့ ကြိုးစားခဲ့တာ ဆိုတော့ ခင်ဗျား ရှုံးနိမ့်ဖို့က သေချာနေပြီပေါ့"
တုန်းဖုန်းဝူ၏ မျက်နှာပေါ်တွင် အထင်အမြင် သေးဟန်များ ပေါ်လွင်နေ၏။ "ကြည့်ရတာ မင်း အခြေအနေကို မှားနားလည်နေပုံရတယ်။ အခုအချိန်မှာ ငါက အနိုင်ရသူဖြစ်ပြီး မင်းက အရှုံးသမားပဲလေ"
"တကယ်ကို အသိဉာဏ်ကင်းမဲ့လွန်းတာပဲ။ ခင်ဗျားကို ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်က သာမန် သမားတော် တစ်ယောက်တည်း မဟုတ်ဘူး... အကောင်းဆုံး တိုင်းရင်းဆေးပညာရှင် တစ်ယောက်လည်း ဖြစ်တယ်။ အဆိပ်မျိုးစုံကို ခံနိုင်ရည်ရှိတယ်လို့တော့ မပြောလိုပေမယ့် အမေရိကန် နိုင်ငံကနေ ခင်ဗျားတို့ ရလာတဲ့ အဆင့်နိမ့်ဆေးတွေက ကျွန်တော့်အပေါ် လုံးဝ အလုပ်မဖြစ်ဘူး”
“ကျွန်တော် သတိလစ်သွားသလို ဟန်ဆောင်ခဲ့ရတဲ့ အကြောင်းရင်းက ခင်ဗျားတို့ကို လိုက်ရှာရမယ့် ဒုက္ခကနေ သက်သာအောင်လို့ ခင်ဗျားတို့နဲ့ ပူးပေါင်းပေးလိုက်တာပဲ"
ဤနေရာသို့ အရောက်တွင် ယဲ့ပုဖန်သည် မြေပြင်ပေါ်မှ တည့်မတ်စွာ မတ်တပ်ရပ်လိုက်ပြီး သူ၏ အပ်စိုက်မှတ်များ ပိတ်ဆို့ခံထားရသည့် အရိပ်အယောင် လုံးဝ မရှိတော့ချေ။
"မင်း... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"
ယခုတစ်ကြိမ်တွင်မူ အလွန်အမင်း ထိတ်လန့်သွားသူမှာ သံမျက်နှာ ကိုယ်တော် ဖာခုန်းပင် ဖြစ်လေသည်။ "မင်းရဲ့ ပိတ်ဆို့ထားတဲ့ အပ်စိုက်မှတ်တွေကို ဘယ်လိုလုပ် ပြန်ဖွင့်လိုက်တာလဲ"
သူ၏ အပ်စိုက်မှတ် ပိတ်ဆို့ခြင်း နည်းစနစ်အပေါ်တွင် သူသည် အကြွင်းမဲ့ ယုံကြည်မှု ရှိထားသည်။ သူ ပိတ်ဆို့လိုက်ပြီ ဆိုသည်နှင့် ၂၄ နာရီ အတွင်း လုံးဝ ပြန်ဖွင့်၍ မရနိုင်ပေ။
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်သည်။ "ခင်ဗျားကလည်း အာကာသအဆင့် သိုင်းပညာရှင် တစ်ယောက် ဆိုတော့ ခင်ဗျား ပိတ်ဆို့လိုက်တဲ့ အပ်စိုက်မှတ်တွေကို အချိန်တိုအတွင်း ပြန်ပွင့်အောင် လုပ်ဖို့ဆိုတာ မလွယ်ပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောပြီးသားပဲ... ကျွန်တော်က သမားတော် တစ်ယောက် ဖြစ်ပြီး လူ့ခန္ဓာကိုယ်က အပ်စိုက်မှတ်တွေကို အလွန် ရင်းနှီးကျွမ်းဝင်တယ်။ အပ်စိုက်မှတ် ရွှေ့ပြောင်းတာက သိပ်ပြီး ခက်ခဲတဲ့ အလုပ်တစ်ခုမှ မဟုတ်တာ"
ယခုအခါ လူတိုင်း၏ မျက်နှာအမူအရာများမှာ ပြောင်းလဲသွားကြပြီး အထူးသဖြင့် ကျန်းတာလဲ့၏ မျက်နှာမှာ အလွန်တရာ ရုပ်ဆိုးသွားတော့သည်။ တစ်ဖက်လူသည် လုံးဝ သတိလစ်သွားခဲ့ခြင်း မရှိဘဲ တစ်ချိန်လုံး သူတို့ကို အရူးလုပ်နေခဲ့ခြင်း ဖြစ်လေသည်။
တုန်းဖုန်းဝူက ပြောလိုက်၏။ "အဲဒီလို ဆိုရင်တောင် မင်း ဘာလုပ်နိုင်မှာလဲ။ ဒီနေရာက ငါတို့ တုန်းမိသားစုရဲ့ အိမ်တော်ပဲ... နောက်ဆုံးတော့ မင်း သေရမှာပါပဲ"
အခြေအနေမှာ အနည်းငယ် ထိန်းချုပ်မှု ပြင်ပသို့ ရောက်သွားသော်လည်း သူ ဂရုမစိုက်ပေ။ ဖာခုန်းသည် အာကာသအဆင့် သိုင်းပညာရှင် ဖြစ်ရုံသာမက သူကိုယ်တိုင်သည်လည်း မြေကမ္ဘာအဆင့် ပြီးပြည့်စုံခြင်းအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်ပေသည်။
ဤအကြောင်းကြောင့်ပင် ယဲ့ပုဖန်အား စစ်ကြောမေးမြန်းရန်အတွက် သူတို့နှစ်ဦးတည်းဖြင့် စီစဉ်ခဲ့ခြင်း ဖြစ်သည်။
"ကြည့်ရတာ ခင်ဗျားက ကျွန်တော့်အကြောင်း သိပ်မသိသေးဘူးပဲ။ ထူးချွန်တဲ့ တိုင်းရင်းဆေးပညာရှင် တစ်ယောက် အနေနဲ့ လူတွေကို အဆိပ်ဖြေပေးနိုင်သလို တစ်ချိန်တည်းမှာပဲ အလွယ်လေး အဆိပ် ခတ်နိုင်တယ်။ ခုနက ခင်ဗျားတို့နဲ့ စကားတွေ အများကြီး ပြောနေတယ်လို့ ဘာလို့ ထင်လဲ။ အဓိက ရည်ရွယ်ချက်က ကျွန်တော် ဖော်စပ်ထားတဲ့ အဆိပ်တွေ အာနိသင် ပြလာဖို့ အချိန်ဆွဲနေတာပဲ"
ယဲ့ပုဖန်က အနည်းငယ် ပြုံးလိုက်၏။ "ပြီးခဲ့တဲ့ ရက်အနည်းငယ်က ရှန်းရှီးမှာတုန်းက တခြား ဘာမှ သုံးစရာ မရှိပေမယ့် အမွှေးဆယ်ပါး အားပြယ်မှုန့် လို့ခေါ်တဲ့ အဆိပ်ဖော်စပ်ဖို့ အတိအကျ ကိုက်ညီတဲ့ ဆေးမြစ်တချို့ကို ကျွန်တော် ရှာဖွေ စုဆောင်းခဲ့တယ်။ အဲဒီအချိန်တုန်းက ပျင်းပျင်းရှိတာနဲ့ နည်းနည်း ဖော်စပ်ထားခဲ့တာ။ ဒီနေ့မှ ပထမဆုံးအကြိမ် စသုံးကြည့်တာ ဆိုတော့ အာနိသင် ဘယ်လောက် ရှိမလဲ မသိဘူးနော်”
“ကျွန်တော့်ရဲ့ အားပြယ်မှုန့်က အရောင်လည်း မရှိသလို အနံ့လည်း မရှိဘူး။ လေထဲမှာ လွင့်ပျံ့လာတာဆိုတော့ ခင်ဗျားတို့ ကိုယ်တိုင် ခံစားကြည့်ကြပါဦး... အာနိသင်ကို ကျေနပ်ရဲ့လား"
သူ့စကားကို ကြားသောအခါ တုန်းဖုန်းဝူနှင့် ကျန်းတာလဲ့တို့သည် သူတို့၏ ကျင့်ကြံမှုကို စစ်ဆေးရန် အတွက် ချီစွမ်းအင်များကို ချက်ချင်း လှည့်ပတ်ကြည့်လိုက်ကြသည်။ သို့သော် သူတို့၏ ဒန်တျန်အတွင်း၌ အားအင် ကုန်ခမ်းနေသည့် ခံစားချက်တစ်ခု ပေါ်ထွက်လာပြီး ချီစွမ်းအင် အနည်းငယ်မျှကိုပင် ဆင့်ခေါ်၍ မရနိုင်တော့ချေ။
တစ်ဖက်လူ၏ အဆိပ်ခတ်သည့် နည်းလမ်းမှာ ဤမျှလောက်အထိ ထူးချွန်လိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ယခု အဖြစ်အပျက်က သူတို့နှစ်ဦးကို အလွန်အမင်း ထိတ်လန့်သွားစေခဲ့သည်။ သူတို့က သူတပါးကို အဆိပ်ခတ်ရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း နောက်ဆုံးတွင် သူတို့ကိုယ်တိုင်သာ အဆိပ်ခတ် ခံလိုက်ရလေသည်။
ဤအခိုက်အတန့်တွင် ဖာခုန်းက ဝင်ပြောလာသည်။ "မင်းရဲ့ အဆိပ်ခတ်တဲ့ လှည့်ကွက်လေးတွေက အသေးအဖွဲ ပညာရပ်တွေ သက်သက်ပါပဲ။ ငါ့အပေါ်ကိုတော့ လုံးဝ အသုံးမဝင်ပါဘူး"
"တကယ်ပဲ အသုံးမဝင်ဘူးလား... ကိုယ်တော် သေချာ ခံစားကြည့်ပါဦး"
ယဲ့ပုဖန်က ရယ်မောလိုက်သည်။ "အချိန်က အရမ်း တိုတောင်းလွန်းရင်တော့ ကိုယ့်တော်အပေါ်မှာ အမွှေးဆယ်ပါး အားပြယ်မှုန့်က သိပ်ပြီး အာနိသင် ပြချင်မှ ပြလိမ့်မယ်။ ဒါပေမယ့် ကံကောင်းစွာနဲ့ အချိန်က လုံလောက်သွားခဲ့တယ်။ ကိုယ်တော့်ရဲ့ ကျင့်ကြံမှု အားလုံးကို မဖျက်ဆီးနိုင်ရင်တောင် အနည်းဆုံးတော့ အာကာသအဆင့်ကနေ မြေကမ္ဘာအဆင့်အထိ ကျဆင်းသွားအောင် လုပ်နိုင်ပါတယ်။ အဲဒါဆိုရင် လုံလောက်ပါပြီ"
ဖာခုန်း၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားတော့သည်။ ယခုလေးတင် သူ၏ ဒန်တျန်အတွင်း၌ ချီစွမ်းအင်များ ရှိနေသေးသည်ကို ခံစားမိခဲ့သဖြင့် သူ အထိတ်တလန့် မဖြစ်ခဲ့ခြင်း ဖြစ်သည်။
သို့သော် ယခု သူ သေချာစွာ ထပ်မံ ခံစားကြည့်လိုက်သောအခါ မူလက ကျယ်ပြန့် များပြားလှသော ချီစွမ်းအင်များမှာ အမှန်တကယ်ပင် အလွန်အမင်း အားနည်းသွားကာ အာကာသအဆင့်မှနေ၍ မြေကမ္ဘာအဆင့် ပြီးပြည့်စုံခြင်းအဆင့်သို့ တိုက်ရိုက် ကျဆင်းသွားခဲ့ပြီ ဖြစ်ပေသည်။
"ကောင်လေး... မင်းကို သတ်မယ်"
ဖာခုန်းမှာ ချက်ချင်းပင် ဒေါသထွက်သွားကာ ယဲ့ပုဖန်ထံသို့ လက်ဝါးရိုက်ချက် တစ်ချက်ဖြင့် ပြင်းထန်စွာ တိုက်ခိုက်လိုက်တော့သည်။ သူ၏ အထင်တွင် သူသည် မြေကမ္ဘာအဆင့် ပြီးပြည့်စုံခြင်း အဆင့်သို့ ရောက်နေလျှင်တောင်မှ ဤကောင်လေးကို နှိမ်နင်းပြီး ဖြေဆေးရယူရန် လုံလောက်ပြီဟု တွေးထင်ထားခဲ့သည်။
သို့သော် ၎င်းမှာ အလွန် လှပလွန်းသော စိတ်ကူးယဉ် အိပ်မက်တစ်ခုသာ ဖြစ်လေသည်။ မြေကမ္ဘာအဆင့်တွင် မူလချီစွမ်းအင်ကို ပိုင်ဆိုင်ထားသော ယဲ့ပုဖန်သည် ပြိုင်ဘက်ကင်းပင် ဖြစ်သည်။
သူက လက်တစ်ဖက်ကို မြှောက်ကာ ဖာခုန်း၏ လက်ဝါးရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
ဘုန်း... ဟူသော တုံးတိတိ အသံတစ်သံနှင့်အတူ ဖာခုန်းသည် ခုနစ်လှမ်း၊ ရှစ်လှမ်းခန့် နောက်ဆုတ်သွားရသော်လည်း ယဲ့ပုဖန်မှာမူ မတုန်မလှုပ် ရပ်နေဆဲ ဖြစ်လေသည်။
"ကျွန်တော် တကယ်ကို သိချင်နေတာ... ခင်ဗျားတို့ ကိုယ်တော်တွေက ဘုရားကျောင်းထဲမှာ နေပြီး တရားစာတွေ မရွတ်ဘဲနဲ့ အပြင်ထွက်ပြီး ပြဿနာရှာဖို့ကိုပဲ အတင်း တာဆူနေကြတာလဲ”
ယဲ့ပုဖန်က စကားပြောပြီးသည်နှင့် သူ၏ ခြေထောက်များကို လှုပ်ရှားလိုက်ရာ သူ၏ တစ်ကိုယ်လုံးသည် ပုံရိပ်ယောင် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားပြီး ဖာခုန်း၏ ရှေ့မှောက်၌ ရုတ်တရက် ပေါ်လာကာ ပြိုင်ဘက်၏ ဒန်တျန်ကို ခြေကန်ချက် တစ်ချက်ဖြင့် ကန်ထည့်လိုက်တော့သည်။
သူ၏ လှုပ်ရှားမှုများမှာ အလွန် မြန်ဆန်လွန်းလှသည်။ ကျင့်ကြံမှု အလွန်အမင်း ကျဆင်းသွားသော ဖာခုန်းမှာ တုံ့ပြန်ရန် အချိန်မရလိုက်ဘဲ အဝေးသို့ လွင့်စင်သွားတော့သည်။
ကိုယ်တော်အိုကြီးသည် မြေပြင်ပေါ်မှ လူးလဲထလာပြီး သွေးလတ်လတ်ဆတ်ဆတ် တစ်လုတ်ကို အန်ထုတ်လိုက်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။ "မင်း... မင်းက ငါ့ရဲ့ ကျင့်ကြံမှုကို တကယ်ကြီး ဖျက်ဆီးပစ်လိုက်တာလား"
ယခုအခါ သူသည် အလွန်အမင်း ထိတ်လန့်သွားသလို ဒေါသလည်း အကြီးအကျယ် ထွက်နေလေသည်။ ယဲ့ပုဖန်၏ ကျင့်ကြံမှုမှာ ဤမျှလောက်အထိ မြင့်မားနေသည်ကို ကြည့်ပြီး ထိတ်လန့်သွားသလို သူ၏ တစ်သက်တာ ကျင့်ကြံမှုများ ဖျက်ဆီးခံလိုက်ရသဖြင့်လည်း ဒေါသထွက်နေခြင်း ဖြစ်၏။
"ခင်ဗျားက ကိုယ်တော်တစ်ပါး ဖြစ်နေလို့ မျက်နှာသာ ပေးလိုက်တာပါ။ ပြန်သွားပြီး ကိုယ်တော်ကောင်း တစ်ပါး ဖြစ်အောင် ကြိုးစားပါတော့။ အပြင်ဘက်မှာ ဒီလို ပေါ့ပေါ့ဆဆနဲ့ လျှောက်မသွားပါနဲ့တော့"
ယဲ့ပုဖန်က စကားပြောပြီးနောက် သူ၏ ဘေးရှိ ကျန်းတာလဲ့ဘက်သို့ ခေါင်းလှည့်ကြည့်လိုက်သည်။ "ခုနကတည်းက မင်းကို ငါ ပြောခဲ့ပြီးသားပဲ။ ငရဲမင်းကြီးက မင်းရဲ့ သက်တမ်း ကုန်နေပြီလို့ ပြောလိုက်တယ်လို့"
***