ယဲ့ပုဖန်က တလက်လက် တောက်ပနေသော လက်ထိတ်များကို တစ်ချက် ကြည့်လိုက်ပြီးနောက် ရယ်မောလိုက်သည်။ "အဘိုးကြီး... ကျွန်တော် ထပ်ပြီး သတိပေးမယ်နော်။ ခင်ဗျား ဒီအတွက် နောင်တရလိမ့်မယ်"
"နောင်တရမယ်... ဟုတ်လား။ ဒါဆိုလည်း မင်းက ငါ ဆွန်းချင်းယွမ်ကို ဘယ်လိုများ နောင်တရအောင် လုပ်နိုင်မလဲ ဆိုတာကို ငါ ကြည့်ချင်သေးတယ်"
ဆွန်းချင်းယွမ်၏ မျက်နှာပေါ်တွင် လှောင်ပြောင်ဟန်များ ပေါ်လွင်နေ၏။ သူ၏ အမြင်တွင် ယဲ့ပုဖန်သည် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေခြင်း သက်သက်သာ ဖြစ်သည်။ သူ၏ နောက်ခံအဖြစ် ရွှမ်ယွမ်စံအိမ် ရှိနေသည်ဆိုလျှင်တောင် ဘာများ အသုံးကျမည်နည်း။
သူသာ ဤကိစ္စကို ခိုင်မာအောင် လုပ်နိုင်ပါက ရွှမ်ယွမ်စံအိမ်မှ အကြီးအကဲချုပ် သုံးဦး ကိုယ်တိုင် ရောက်လာလျှင်တောင် အသုံးဝင်မည် မဟုတ်ပေ။ ဘာပဲဖြစ်ဖြစ် ဤကိစ္စက ကြီးမားလွန်းလှသည် မဟုတ်ပါလား။
ယဲ့ပုဖန်က နောက်ထပ် ဘာစကားမျှ ထပ်မပြောတော့ဘဲ ထိုလူများနှင့်အတူ တုန်းမိသားစု စံအိမ်မှ ထွက်ခွာလာခဲ့သည်။ တုန်းဖုန်းဝူက ဤကိစ္စကို အလွန် လျှို့ဝှက်စွာ ကိုယ်တွယ်ခဲ့သောကြောင့် တုန်းမိသားစု အရှင်သခင် သေဆုံးသွားကြောင်းကို သိရှိသူ အလွန် နည်းပါးလှရာ ကြီးကြီးမားမား ရုတ်ရုတ်သဲသဲ ဖြစ်မလာခဲ့ချေ။
ယဲ့ပုဖန်အား ဗင်ကားတစ်စီးပေါ်သို့ ခေါ်ဆောင်သွားကြသည်။ နာရီဝက်ခန့် ကြာပြီးနောက် သူတို့သည် တရုတ်နိုင်ငံ အထူးရေးရာဗျူရို ဌာနချုပ်သို့ ရောက်ရှိလာကြသည်။
ဤနေရာသည်လည်း စည်ကားလှသော မြို့လယ်ခေါင်နှင့် ဝေးကွာသော နေရာတစ်ခု ဖြစ်သည်။ ဧကဆယ်ဂဏန်းခန့် ကျယ်ဝန်းသော ခြံဝင်းကြီးတစ်ခုကို မြင့်မားသော တံတိုင်းများဖြင့် ဝန်းရံထားပြီး လုံခြုံရေး အထပ်ထပ် ချထားကာ အတွင်းဘက်တွင် အကြီး၊ အသေး အဆောက်အအုံ ဒါဇင်နှင့်ချီ၍ ရှိနေလေသည်။
ဗင်ကားသည် အထူးရေးရာဗျူရို၏ ပင်မအဆောက်အအုံရှေ့တွင် ရပ်တန့်သွားသည်။ ဆယ်ထပ်ခန့် မြင့်မားသော ထိုအဆောက်အအုံကြီးမှာ မကြာသေးမီကမှ တည်ဆောက်ထားပုံရပြီး အလွန် ထူးခြား ခမ်းနားသော အငွေ့အသက်များကို ပိုင်ဆိုင်ထားပေသည်။
ယဲ့ပုဖန်အား ပထမထပ်ရှိ စစ်ကြောရေးခန်းထဲသို့ ခေါ်ဆောင်သွားကြသည်။ ဤနေရာကို အထူး ပြုပြင် မွမ်းမံထားကြောင်း သိသာလှပေသည်။ ပတ်ပတ်လည်တွင် သံကူကွန်ကရစ် နံရံများ ရှိပြီး ပြတင်းပေါက်ရှိ အကာအကွယ် သံတိုင်များမှာ ကလေးတစ်ယောက်၏ လက်မောင်းခန့် တုတ်ခိုင်လှသည်။
ဤနေရာတွင် အကျဉ်းချခံရပြီ ဆိုလျှင် လူတစ်ယောက် နေနေသာသာ ကျားတစ်ကောင်ပင်လျှင် ထွက်ပြေး လွတ်မြောက်နိုင်မည် မဟုတ်ချေ။ ဆွန်းချင်းယွမ်က စစ်ကြောရေးခန်းကို သေချာ စောင့်ကြပ်ရန် တစ်စုံတစ်ယောက်အား အမိန့်ပေးလိုက်ပြီးနောက် အပေါ်ဆုံးထပ်သို့ အမြန် တက်သွားလေသည်။
ကျယ်ဝန်းသော ရုံးခန်းတစ်ခုအတွင်း၌ ကျောက်မင်းကျန်းသည် လက်နောက်ပစ်လျက် အဝေးရှိ ရှုခင်းများကို ငေးကြည့်နေ၏။ တစ်စုံတစ်ယောက် ဝင်လာသံကို ကြားသောအခါ သူက နောက်သို့ လှည့်ကြည့်ကာ မေးလိုက်သည်။
"ဘယ်လိုလဲ... အဆင်ပြေရဲ့လား"
"အရမ်းကို အဆင်ပြေပါတယ်။ အဲဒီကောင်လေးကို ဒီခေါ်လာခဲ့ပါပြီ"
ကျောက်မင်းကျန်းက မေးလိုက်၏။ "ယဲ့ပုဖန်က အာခံသေးလား"
"မလုပ်ပါဘူး... အဲဒီကောင်လေးက အရမ်း လည်လွန်းတယ်”
ဆွန်းချင်းယွမ်က ပြန်ဖြေလေသည်။ "အစကတော့ သူသာ အာခံခဲ့ရင် သူ့ကို ချက်ချင်း အပြတ်ရှင်းပစ်ဖို့ ပြင်ဆင်ထားခဲ့တာ။ ဒါပေမယ့် ကံဆိုးချင်တော့ ကျွန်တော် အခွင့်အရေး မရခဲ့ဘူး"
"ရပါတယ်... စိတ်မပူပါနဲ့။ ငါတို့ အထူးရေးရာဗျူရိုထဲ ရောက်လာပြီ ဆိုကတည်းက ရလဒ်က အတူတူပါပဲ"
ကျောက်မင်းကျန်းက ပြောလိုက်သည်။ "မင်း မြန်မြန် စစ်ကြောရေး ဝင်ပြီး သူ့အပေါ် စွဲချက်တွေကို ခိုင်မာအောင် လုပ်လိုက်တော့။ အဲဒီကောင်လေးက တုန်းဖုန်းဝူကို သတ်ခဲ့တယ်လို့ ဝန်ခံလိုက်တာနဲ့ ရွှမ်ယွမ်စံအိမ်က လူတွေ ရောက်လာရင်တောင် ဘာမှ အသုံးဝင်တော့မှာ မဟုတ်ဘူး"
"ဒါပေမယ့် ကျွန်တော် မြင်ကွင်းကို သွားကြည့်ခဲ့သေးတယ်။ တုန်းဖုန်းဝူရော၊ ဖာခုန်းရော နှစ်ယောက်စလုံးက စနိုက်ပါရိုင်ဖယ်နဲ့ ပစ်ခံရလို့ သေသွားတာ။ အဲဒီကောင်လေး လုပ်တဲ့ပုံ မပေါ်ဘူး"
ကျောက်မင်းကျန်းက အေးစက်စက် ပြုံးလိုက်၏။
"အလုပ်လုပ်တဲ့ နေရာမှာ ဘာလို့ ဒီလောက် စည်းကမ်းလိုက်နာနေရတာလဲ။ သူ ကိုယ်တိုင် မလုပ်ခဲ့ဘူး ဆိုရင်တောင် သူ့လူက သတ်ခဲ့တာလေ။ သူ ကိုယ်တိုင်သာ ဝန်ခံလိုက်မယ် ဆိုရင် ငါတို့က သူ့ကို ငြင်းလို့မရအောင် လုပ်ပစ်လိုက်မှာပေါ့"
"နားလည်ပါပြီ... စစ်ကြောရေးကို ကျွန်တော် ကိုယ်တိုင် ဦးစီးလိုက်ပါ့မယ်"
ဆွန်းချင်းယွမ်က လှောင်ပြောင်သည့် လေသံဖြင့် ဆက်ပြောလေသည်။ "ရယ်စရာကောင်းတာက... အဲဒီကောင်လေးက သူ့ရဲ့ နီးကပ်လာတဲ့ သေမင်းခေါ်သံကို သတိမထားမိသေးဘဲ ကျွန်တော်တို့ကိုတောင် နောင်တရစေရမယ်လို့ ပြောနေသေးတယ်"
"လူငယ်တွေ ဆိုတာက အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတဲ့ အတွေးတွေ ရှိတတ်ကြတာပဲ။ ရွှမ်ယွမ်စံအိမ်ကို အားကိုးလိုက်ရင် အရာအားလုံး အဆင်ပြေသွားလိမ့်မယ်လို့ ထင်နေကြတာ။ ငါတို့ အထူးရေးရာဗျူရိုကို ထိရဲတဲ့ ဘယ်သူမဆို တန်ဖိုးတစ်ခု ပြန်ပေးဆပ်ရမယ်"
ကျောက်မင်းကျန်းက ခဏမျှ စဉ်းစားပြီးနောက် ထပ်မံ သတိပေးလိုက်သည်။ "ဒီကိစ္စကို မြန်မြန်ဆန်ဆန် ကိုင်တွယ်ရမယ်နော်။ စီတုချန်ခုန်းတို့ မရောက်လာခင် ဝန်ခံချက် ရအောင် ယူထားရမယ်"
"နားလည်ပါပြီ... ကျွန်တော် အခုပဲ သွားလိုက်ပါ့မယ်"
ဆွန်းချင်းယွမ် စကားပြောပြီးနောက် နောက်သို့လှည့်ကာ စစ်ကြောရေးခန်းဆီသို့ အမြန် ထွက်ခွာသွားလေသည်။
ကျောက်မင်းကျန်းက ပြတင်းပေါက် အပြင်ဘက်သို့ ပြန်လည် ငေးကြည့်လိုက်ပြန်သည်။
"ရွှမ်ယွမ်စံအိမ်က ငါတို့ အထူးရေးရာဗျူရိုကို ဖိနှိပ်ထားခဲ့တာ နှစ်တွေ အများကြီး ရှိနေပြီ။ ဒီနေ့တော့ ငါတို့ အနိုင်ရမယ့် အလှည့် ရောက်လာပြီပေါ့"
ဆွန်းချင်းယွမ်သည် စစ်ကြောရေးခန်းထဲသို့ ဝင်လာပြီး တံခါးကို ပိတ်ရန် အမိန့်ပေးလိုက်သည်။ ထို့နောက် ယဲ့ပုဖန်အား ကြည့်ကာ ပြောလိုက်၏။ "ကောင်လေး... ငါ မေးတာကို မှန်မှန်ဖြေ။ မင်း ရိုးသားဖို့ လိုမယ်နော်"
ယဲ့ပုဖန်က ရယ်မောလိုက်သည်။ "ရိုးသားရမှာလား... ဒါမှမဟုတ် ခင်ဗျားတို့ သဘောကျသလို ရိုးသားပေးရမှာလား"
ဆွန်းချင်းယွမ်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ "အပိုစကားတွေ ပြောမနေနဲ့။ မှန်မှန်ပြော... မင်းက တုန်းဖုန်းဝူကို ဘာလို့ သတ်ခဲ့တာလဲ"
"စွပ်စွဲချက်က ကြီးမားလှချည်လား... ကျွန်တော်က ဘယ်တုန်းက တုန်းဖုန်းဝူကို သတ်လိုက်လို့လဲ"
ဆွန်းချင်းယွမ်က ဩရှရှ အသံဖြင့် ပြောလာသည်။ "သက်သေအထောက်အထားတွေ ရှိနေတာတောင် မင်းက ဘာတွေ ငြင်းချင်နေသေးတာလဲ"
"အဘိုးကြီးဆွန်း... ခင်ဗျား ဦးနှောက်များ မကောင်းဘူးလား။ သူတို့က စနိုက်ပါရိုင်ဖယ်နဲ့ အပစ်ခံရလို့ သေသွားတာ ရှင်းနေတာပဲ။ ကျွန်တော့်မှာ သေနတ်မှ မရှိတာ။ ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ။ ကျွန်တော်က အဝေးကနေ သူတို့ကို သတ်ပြီးတော့ သူတို့ သေပြီလားဆိုတာကို လာကြည့်တဲ့ အရူးတစ်ယောက်များ မှတ်နေလား"
"ဒါပေါ့..."
ဆွန်းချင်းယွမ်က သူ့ဘေးရှိ မှတ်တမ်းတင်သူအား လှမ်းပြောလိုက်သည်။ "ကြားတယ်မလား။ သူပြောသလိုပဲ အရင်ဆုံး လူကို အဝေးကနေ စနိုက်ပါနဲ့ ပစ်သတ်မယ်... ပြီးတော့ အခြေအနေကို လာစစ်ဆေးမယ်။ အဲဒီအချိန်မှာ ငါတို့က အချိန်ကိုက် ရောက်သွားပြီး သူ့ကို ဖမ်းမိလိုက်တာပဲ"
ယဲ့ပုဖန်မှာ အသံထွက်၍ပင် ရယ်မောလိုက်မိသည်။ "အဘိုးကြီး... ခင်ဗျားက တကယ်ကို အပြစ်ကင်းတဲ့ လူတစ်ယောက် အပေါ် အပြစ်တင်ဖို့ ကြိုးစားနေတာပဲ။ ဒီလောက် ရုပ်ဆိုးတဲ့ အကြောင်းပြချက်ကိုတောင် ခင်ဗျားက ဖန်တီးရဲသေးတယ်ပေါ့"
ဆွန်းချင်းယွမ်က ပြန်ပြောလေသည်။ "ဒါတွေက အရေးမကြီးပါဘူး။ ဒါတွေ အားလုံးက မင်းပြောခဲ့တဲ့ စကားတွေပဲလေ။ ဒီမှာ လက်မှတ်သာ ထိုးလိုက်ပါ"
"ကျွန်တော်က လက်မှတ်ထိုးမယ်လို့ ထင်နေတာလား"
"မင်း ထိုးရလိမ့်မယ်လို့ ငါ ထင်တယ်"
ဆွန်းချင်းယွမ်က အေးစက်စက် ပြုံးလိုက်သည်။ သူ၏ အမြင်တွင် သူသည် တစ်ဖက်လူ၏ အသက် အန္တရာယ်ကို အပြည့်အဝ ထိန်းချုပ်ထားပြီး ဖြစ်ရာ ပြန်လည် ခုခံရန် မည်သည့် အခွင့်အရေးမျှ မရှိတော့ချေ။
"ကောင်လေး... မင်း မူကောင်းဖုန်းကို ဘယ်လို သတ်ခဲ့တာလဲ"
ယဲ့ပုဖန်က ဖြေလိုက်၏။ "အဘိုးကြီး... ခင်ဗျားက ကျွန်တော့်ကို ထောင်ချောက်ဆင်ဖို့ ကြိုးစားနေပြန်ပြီလား။ အဲဒီကောင်လေးရဲ့ သေဆုံးမှုက ကျွန်တော်နဲ့ ဘာဆိုင်လို့လဲ"
"စကားမပြောဘူးပေါ့လေ... ဟုတ်လား။ မင်း စကားမပြောရင်တော့ နာရလိမ့်မယ်"
ဆွန်းချင်းယွမ်က သူ့ဘေးရှိ လူလတ်ပိုင်းအမျိုးသားအား လက်ယမ်းပြကာ အချက်ပြလိုက်သည်။ "သူ့ကို နာကျင်မှုရဲ့ အရသာကို နည်းနည်း မြည်းစမ်းခိုင်းလိုက်"
"ဟုတ်ကဲ့ပါ..."
လူလတ်ပိုင်းအမျိုးသားက သဘောတူလိုက်ပြီး နံရံပေါ်မှ ရာဘာတုတ် တစ်ချောင်းကို ယူကာ ယဲ့ပုဖန်ထံသို့ မကောင်းဆိုးဝါးဆန်ဆန် အပြုံးဖြင့် လျှောက်လာခဲ့သည်။
ယဲ့ပုဖန်က ပြောလိုက်၏။ "အဘိုးကြီး... ဒီလို အမှိုက်ကောင်မျိုးက ကျွန်တော့်ကို ထိနိုင်မယ်လို့ ထင်နေတာလား"
ဆွန်းချင်းယွမ်က လှောင်ပြောင်လိုက်သည်။ "ကောင်လေး... မင်း ပြန်မခုခံတာ အကောင်းဆုံးပဲ။ မင်းရဲ့ ကျင့်ကြံမှုကို ဖျက်ဆီးပစ်ဖို့ ငါ့ကို အခွင့်အရေး မပေးနဲ့နော်"
"ကောင်းပြီလေ... အဲဒါဆိုရင် မှတ်ထားပါ။ ဒီနေ့ ဖြစ်ပျက်ခဲ့သမျှ အားလုံးက ခင်ဗျားတို့ ကိုယ်တိုင် ကျူးလွန်ခဲ့တာတွေချည်းပဲ"
ယဲ့ပုဖန် စကားပြောနေစဉ် သူ၏ နှုတ်ခမ်းထောင့်တွင် လှောင်ပြောင်သည့် အပြုံးတစ်ခု ပေါ်ထွက်လာသည်။
ဆွန်းချင်းယွမ်မှာ ရုတ်တရက် အန္တရာယ်ရှိသည့် ကြိုတင်နိမိတ် တစ်ခုကို ခံစားလိုက်ရသော်လည်း ပြဿနာက ဘာလဲဆိုသည်ကို သူ စဉ်းစား၍ မရနိုင်ချေ။
ဤနေရာသည် သူ၏ ပိုင်နက် ဖြစ်သည်။ တစ်ဖက်လူက အခြေအနေကို ပြောင်းပြန်လှန်ပစ်ရန် မည်ကဲ့သို့ အခွင့်အရေး ရနိုင်မည်နည်း။
သို့သော် ထိုအခိုက်အတန့်မှာပင် စစ်ကြောရေးခန်း၏ အပြင်ဘက်မှ ဝုန်း ဟူသော ကျယ်လောင်သော အသံကြီး တစ်သံ ထွက်ပေါ်လာသည်။ ၁၀ စင်တီမီတာခန့် ထူထဲသော သံတံခါးကြီးမှာ ကန်ဖွင့်ခံလိုက်ရပြီးနောက် ဒုတ်ခနဲ အသံနှင့်အတူ လူလတ်ပိုင်း အမျိုးသား၏ နောက်ကျောသို့ ပြင်းထန်စွာ ဝင်အောင့်သွားတော့သည်။
လူလတ်ပိုင်းအမျိုးသားသည် မြေကမ္ဘာအဆင့် ကျင့်ကြံမှု ရှိသော်ငြား သံတံခါးကြီးမှာ အလွန် ထူထဲလေးလံလွန်းလှပြီး ပေါင်တစ်ထောင်ခန့် အလေးချိန် ရှိပေသည်။ ဤတိုက်ခိုက်မှုကြောင့် သူသည် ခုနစ်မီတာ၊ ရှစ်မီတာခန့် လွင့်စင်သွားပြီး မျက်နှာချင်းဆိုင်ရှိ နံရံနှင့် တိုက်ရိုက် သွားစောင့်မိကာ သွေးများကို အန်ချလိုက်တော့သည်။
"ဘာတွေ ဖြစ်ကုန်တာလဲ"
ဆွန်းချင်းယွမ်မှာ အလွန်အမင်း ထိတ်လန့်သွားသည်။ သူက နောက်သို့ လှည့်ကြည့်လိုက်ရာ တံခါးဝတွင် ရပ်နေသော အသက် ၃၀ ဝန်းကျင်ခန့်ရှိ လူငယ်တစ်ဦးကို တွေ့လိုက်ရပေသည်။
"အထူးရေးရာဗျူရိုမှာ ပြဿနာ လာရှာရဲတယ်ပေါ့လေ... သူ့ကို မြန်မြန် ဖမ်းကြစမ်း"
သူ၏ အမိန့်ပေးသံနှင့်အတူ လက်အောက်ငယ်သား ဒါဇင်နှင့်ချီ၍ ချက်ချင်း ပြေးဝင်သွားကြသော်လည်း ကံဆိုးစွာဖြင့် ထိုလူများမှာ ယဲ့ထျန်း၏ ပြိုင်ဘက်များ လုံးဝ မဟုတ်ကြချေ။ မျက်တောင်တစ်ခတ် အတွင်းမှာပင် သူတို့ အားလုံး မြေပြင်ပေါ်သို့ လဲကျသွားကြတော့သည်။
ယဲ့ပုဖန်က ထိုလူများကို သင်ခန်းစာ ပေးရုံသာ ပေးရန်နှင့် အများဆုံး ခြေလက်များ ချိုးပစ်ပြီး အသေအပျောက် မရှိစေရန် ကြိုတင် မှာကြားထားသောကြောင့်သာ ဤမျှဖြင့် ပြီးဆုံးသွားခြင်း ဖြစ်ပေသည်။
"အာကာသအဆင့် သိုင်းပညာရှင်လား"
ဆွန်းချင်းယွမ်၏ သူငယ်အိမ်များမှာ ချက်ချင်းပင် ကျဉ်းမြောင်းသွားတော့သည်။ အနှီ အာကာသအဆင့် သိုင်းပညာရှင်သည် ဘယ်ကနေ ရောက်လာပြီး အထူးရေးရာဗျူရို ဌာနချုပ်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာရဲသည်ကို သူ လုံးဝ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
သို့သော် ယဲ့ထျန်းက သူ့ကို ဆက်လက် စဉ်းစားရန် အခွင့်အရေး မပေးတော့ချေ။ သူက သူ၏ ကြီးမားသော လက်ဝါးကြီးကို ဆန့်ထုတ်၍ ဆွန်းချင်းယွမ်ထံသို့ လှမ်းဖမ်းလိုက်သည်။
"သေချင်နေတာပဲ"
ဆွန်းချင်းယွမ်သည်လည်း အာကာသအဆင့် အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ဦး ဖြစ်ပေသည်။ သူက ဟိန်းဟောက်လိုက်ပြီး ယဲ့ထျန်း၏ ရင်ဘတ်ကို လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ချလိုက်တော့သည်။
သူ့ကို အံ့ဩသွားစေသည်မှာ တစ်ဖက်လူသည် ရှောင်တိမ်းခြင်း အလျဉ်းမရှိဘဲ သူ၏ လက်ဝါး ရိုက်ချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်ခြင်းပင် ဖြစ်သည်။
ချက်ချင်းဆိုသလိုပင် သူ၏ လက်ဝါးသည် သံမဏိပြား တစ်ချပ်ကို ရိုက်မိလိုက်သကဲ့သို့ ခံစားလိုက်ရပြီး ပြိုင်ဘက်ကို အနည်းငယ်မျှပင် မရွေ့လျားစေနိုင်ခဲ့ချေ။
ယဲ့ထျန်းသည် အဆင့်သုံး ရွှေအလောင်း တစ်ခု ဖြစ်ပြီး အာကာသ အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ဦးနှင့် ညီမျှကာ ဆွန်းချင်းယွမ်ထက် အဆင့်ထက် တစ်ဆင့် ပိုမို မြင့်မားနေပေသည်။
ထို့ပြင် ရွှေအလောင်း တစ်ခုသည် ခန္ဓာကိုယ် သန့်စင်ခြင်း လုပ်ငန်းစဉ်ကိုပါ လုပ်ဆောင်ထားပေသည်။ အာကာသအဆင့် အစောပိုင်းအဆင့် သိုင်းပညာရှင် တစ်ဦးက ၎င်းကို မည်သို့လုပ် လှုပ်ခါနိုင်မည်နည်း။
***