သူတို့သည် စိုးရိမ်ပူပန်နေကြသော်လည်း ရွေးချယ်စရာ မရှိကြပေ။ မည်သို့ပင် ဖြစ်စေ တစ်ဖက်လူ၏ ခွန်အားမှာ သူတို့ထက် များစွာ သာလွန်သည် မဟုတ်ပါလား…။
အကယ်၍ သူတို့သာ အပေါ်သို့ တက်သွားပါက အလဟဿသာ ဖြစ်ပေလိမ့်မည်။ ထို့ပြင် တစ်ဖက်လူက သူတို့ကို သတ်မပစ်ခဲ့သည်ကိုပင် ကံကောင်းသည်ဟု မှတ်ယူရမည် ဖြစ်၏။
ဆွန်းချင်းယွမ်က ဒေါသတကြီးဖြင့် ပြောလိုက်သည်။ "ဒီကောင်လေးက ဘယ်က ရောက်လာတာလဲ... ဘာလို့ တစ္ဆေသရဲ တစ်ကောင်လို ဖြစ်နေရတာလဲ။ သူ့ကို ကာကွယ်ဖို့က လုံးဝ မဖြစ်နိုင်ဘူး။ သူ ပေါ်ချင်တဲ့ အချိန်ကျ ပေါ်လာတာပဲ"
ကျောက်မင်းကျန်း၏ မျက်နှာမှာ ပြာနှမ်းနေပြီး ၎င်းမှာ သူ့ကိုပါ ဇဝေဇဝါ ဖြစ်စေသော မေးခွန်းတစ်ခုပင် ဖြစ်လေသည်။
ဒီလူက တကယ်တော့ ဘယ်သူလဲ...။ သူ ဘာလုပ်ချင်နေတာလဲ...။
အကယ်၍ သူသာ ယဲ့ပုဖန် ခေါ်လာသော သူတစ်ယောက် ဖြစ်မည်ဆိုလျှင် သူတို့က တစ်ချိန်လုံး ဘေးမှ စောင့်ကြည့်နေခဲ့သည် ဖြစ်ရာ ယဲ့ပုဖန် အနေဖြင့် မည်သူ့ကိုမျှ ခေါ်ရန် အခွင့်အရေး မရခဲ့ချေ။
မဟုတ်ဘူး ဆိုလျှင်ကော ဘာလို့ ဒီလောက်တောင် တိုက်ဆိုင်နေရသနည်း။
အရေးအကြီးဆုံး အချက်မှာ သံမဏိတမျှ ခိုင်မာသော ကာကွယ်ရေးများ ချထားသည့်တိုင်အောင် အာကာသ အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ဦးသည် အဆောက်အအုံ အတွင်းသို့ ဝင်ရောက်နိုင်စွမ်း မရှိသင့်ပေ။
သို့သော် တစ်ဖက်လူသည် အထဲမှနေ၍ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ သူ ဘယ်လို လုပ်လိုက်တာလဲ...။
အာကာသ အလယ်အလတ်အဆင့် သိုင်းပညာရှင် တစ်ဦးနှင့် အထူးရေးရာဗျူရို၏ အကြီးအကဲချုပ် တစ်ဦး အနေဖြင့် ပြီးခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း သူ မြင်တွေ့ခဲ့ရသည်များ မနည်းလှတော့ချေ။ သို့သော် ယနေ့ ဖြစ်ပျက်သွားသမျှ အရာအားလုံးက သူ နားလည်နိုင်စွမ်း ရှိသည့် အတိုင်းအတာထက် လုံးဝ ကျော်လွန်နေပြီး သူ့ကို အကြံအစည်မဲ့ ဖြစ်သွားစေခဲ့သည်။
သူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ ဆွန်းချင်းယွမ်က ထပ်မံ ပြောလာပြန်သည်။
"အဘိုးကြီးကျောက်... ငါတို့ တစ်ခုခုတော့ စဉ်းစားမှ ရမယ်။ သူ့ကို ဒီလို ဆက်ပြီး ဖြိုချခွင့် ပေးထားလို့ မဖြစ်ဘူး။ အကူအညီ တောင်းလိုက်ရင်ကော ဘယ်လိုလဲ"
"အကူအညီ တောင်းမယ်... ဟုတ်လား။ ငါတို့က ဘယ်သူ့ဆီကနေ အကူအညီ တောင်းရမှာလဲ"
ကျောက်မင်းကျန်းက တင်းမာသော မျက်နှာအမူအရာဖြင့် မေးလိုက်သည်။
"အဲဒါက..."
ဆွန်းချင်းယွမ်မှာ စကားတွေ ဆို့အသွားတော့သည်။ သူတို့ကို ကူညီနိုင်သည့် ဌာန နှစ်ခုသာ ရှိပေသည်။ တစ်ခုမှာ ရွှမ်ယွမ်စံအိမ် ဖြစ်ပြီး နောက်တစ်ခုမှာ အထူးဌာနများထက် ပိုမို အဆင့်မြင့်သော ထျန်းကုန်း ဖြစ်လေသည်။
ရွှမ်ယွမ်စံအိမ်ကို အကူအညီ တောင်းရန်မှာ လုံးဝ မဖြစ်နိုင်ချေ။ သူတို့က သတင်း မရသေးသည်မှာ သေချာလှသည်။ မဟုတ်လျှင် စီတုချန်ခုန်း၏ စရိုက်အရ အထူးရေးရာဗျူရိုသို့ သေချာပေါက် ပြဿနာ လာရှာပေလိမ့်မည်။ ထို့ကြောင့် အကူအညီရရန် မဖြစ်နိုင်ပေ။
ထျန်းကုန်းမှာမူ တရုတ်နိုင်ငံ၏ အမြင့်ဆုံး ထိပ်တန်း တည်ရှိမှု တစ်ခု ဖြစ်သည်။ ထိုဌာနအတွင်းရှိ အဘိုးအို သိုင်းဆရာကြီးများ အားလုံးမှာ ထိပ်သီး ပညာရှင်များ ဖြစ်ကြပြီး မည်သူမဆို ယနေ့ အခြေအနေကို အလွယ်တကူ ဖြေရှင်းပေးနိုင်စွမ်း ရှိကြပေသည်။
သို့သော် ထျန်းကုန်း မင်းသမီးလေးက ရှင်းလင်းသော အမိန့်တစ်ရပ်ကို ထုတ်ပြန်ထားခဲ့ဖူးသည်။ တရုတ်နိုင်ငံ၏ လုံခြုံရေး အန္တရာယ် ကျရောက်နေခြင်း မရှိပါက မည်သူမျှ သူတို့ကို အနှောင့်အယှက် မပေးရ ဟူ၍ ဖြစ်၏။
ယခုလက်ရှိတွင် အထူးရေးရာဗျူရို၏ အဆောက်အအုံ နှစ်လုံး ဖြိုချခံလိုက်ရသော်လည်း အသေအပျောက် မရှိခဲ့သလို တရုတ်နိုင်ငံ၏ လုံခြုံရေးကို ထိခိုက်စေခြင်းနှင့်လည်း မည်သို့မျှ မသက်ဆိုင်ပေ။
သူက ခြောက်သွေ့နေသော နှုတ်ခမ်းများကို သပ်လိုက်ပြီး မေးလိုက်သည်။ "ဒါဆို ငါတို့ ဘယ်လို လုပ်ကြမလဲ"
ကျောက်မင်းကျန်းသည် အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက်မှ ပြောလိုက်၏။ "အဲဒီကောင်လေးဆီ သွားပြောပြီး သူ့ကို လွှတ်ပေးလိုက်တော့"
ထိုစကားကို ပြောပြီးနောက် သူ၏ ရင်ထဲ၌ အလွန်အမင်း မွန်းကျပ်သွားတော့သည်။ သူ အာဏာ ရလာခဲ့သည့် နှစ်ပေါင်းများစွာ အတွင်း ဤမျှလောက် မွန်းကျပ်မှုကို တစ်ခါမျှ မခံစားခဲ့ရဖူးချေ။
ဆွန်းချင်းယွမ်က စိုးရိမ်တကြီး ပြောလာလေသည်။ "အဘိုးကြီးကျောက်... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ငါတို့က ဒီကောင်လေးကို မနည်း ဖမ်းလာခဲ့ရတာလေ။ ဘယ်လိုလုပ် လွှတ်ပေးလို့ ရမှာလဲ။ ဒီတစ်ခါ လွှတ်ပေးလိုက်ရင် နောက်ကျ သူ့ကို ပြန်ဖမ်းဖို့ ခက်သွားလိမ့်မယ်”
“ပြီးတော့... အခြေအနေတွေက ဒီလို ဖြစ်နေပြီဆိုတော့ တကယ်လို့ သူ့ကို လွှတ်ပေးလိုက်လို့ သတင်းသာ ပျံ့သွားရင် နောင်ကျ ငါတို့ အထူးရေးရာဗျူရို မျက်နှာ ဘယ်နား သွားထားရမလဲ"
"ဒါဆို ဘယ်လိုလုပ်ရမလဲ ဆိုတာကို မင်း ပြောလေ"
ကျောက်မင်းကျန်းမှာလည်း ဒေါသများ ပြည့်နှက်နေ၏။ "ငါတို့ အထူးရေးရာဗျူရို တစ်ခုလုံးမှာ ရှိတဲ့ အဆောက်အအုံ အားလုံးကို အဲဒီလူ ဖြိုချသွားတာကို ထိုင်ကြည့်နေရမှာလား"
သေချာပေါက်ပင် သူသည်လည်း ယဲ့ပုဖန်ကို မလွှတ်ပေးချင်ပေ။ သို့သော် အခြား ရွေးချယ်စရာ နည်းလမ်း မရှိတော့ချေ။ ၏
အဆောက်အအုံ နှစ်လုံး ပြိုကျသွားခြင်းကပင် သူတို့ကို ကြီးမားလှသော ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်သည်။
မျက်နှာ ပျက်ရခြင်းက အပေါ်ယံမျှသာ ဖြစ်သော်လည်း အဆောက်အအုံများကို ပြန်လည် တည်ဆောက်ရန် ငွေကုန်ကြေးကျ ခံရမည်မှာ အမှန်တကယ်ပင် ဖြစ်၏။ သူတို့၏ နှစ်စဉ် ဘတ်ဂျက် ငွေကြေးမှာ အလွန် များပြားသော်ငြား ဤမျှ ကြီးမားသော အဆောက်အအုံ နှစ်လုံးကို ပြန်လည် တည်ဆောက်ရန် လိုအပ်သော ရန်ပုံငွေမှာ သေးငယ်သော ပမာဏ မဟုတ်ပေ။
အကယ်၍ နောက်ထပ် အဆောက်အအုံ အနည်းငယ်မျှသာ ထပ်မံ ဖြိုချခံလိုက်ရပါက သူ တကယ်ကို ငိုချင်စိတ် ပေါက်လာပေလိမ့်မည်။
အကယ်၍ အဆောက်အအုံများ အားလုံး လုံးဝ ဖြိုချခံလိုက်ရပါက နောင်တွင် အထူးရေးရာဗျူရိုက ဘယ်နေရာမှာ အလုပ်လုပ်ရမည်နည်း။ အထက်လူကြီးများလည်း သေချာပေါက် ဒေါသထွက်ကြပေလိမ့်မည်။
သူ့စကားကို ကြားသောအခါ ဆွန်းချင်းယွမ်သည် ချက်ချင်း အသိစိတ် ပြန်ဝင်လာတော့သည်။ ယခု အရေးအကြီးဆုံး ပြဿနာမှာ ဂုဏ်သိက္ခာအတွက် စိုးရိမ်နေရန် မဟုတ်ဘဲ ထိုလူကို တားဆီးရန် သူတို့တွင် စွမ်းဆောင်ရည် လုံးဝ မရှိခြင်းပင် ဖြစ်သည်။
ခေါင်းငုံ့ အရှုံးပေးခြင်းမှလွဲ၍ အခြား ရွေးချယ်စရာ မရှိတော့ချေ။ ဤအခိုက်အတန့်တွင် ယဲ့ပုဖန်၏ စကားများက သူ၏ နားထဲ၌ ထပ်မံ ပဲ့တင်ထပ်လာပြန်သည်။
"ကျွန်တော့်ကို ဖမ်းရင် ခင်ဗျားတို့ နောင်တရလိမ့်မယ်"
တကယ်တမ်းပင် ယခုအခါ သူ အလွန်အမင်း နောင်တရနေမိပြီ ဖြစ်သည်။ ဤသို့ ဖြစ်လာမည်ကိုသာ ကြိုသိခဲ့ပါက ယွမ် ၈ သန်း ပေးလျှင်တောင် ယဲ့ပုဖန်ကို သူ သွားထိမည် မဟုတ်ချေ။ ဆုံးရှုံးမှုများက ကြီးမားလွန်းလှပေသည်။
ကျောက်မင်းကျန်းက သက်ပြင်းချလိုက်၏။ "သွားရအောင်... သူ့ကို သွားပြောကြမယ်"
ဤအခိုက်အတန့်တွင် ၈ ထပ် အဆောက်အအုံကြီးမှာလည်း အခွံသာသာ အကြွင်းအကျန် တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ ယဲ့ထျန်းသည် ထပ်မံ ပျောက်ကွယ်သွားခဲ့ပြီး ယဲ့ပုဖန် တစ်ယောက်တည်းသာ စစ်ကြောရေးခန်းထဲတွင် ထိုင်လျက် ကျန်ရစ်နေခဲ့လေသည်။
ကျောက်မင်းကျန်းနှင့် ဆွန်းချင်းယွမ်တို့ လျှောက်လာသည်ကို မြင်သောအခါ ယဲ့ပုဖန်က ပြုံးလိုက်သည်။ "လူကြီးမင်းတို့... ကျွန်တော်တို့ နေရာ ထပ်ပြောင်းကြမလား။ ခင်ဗျားတို့ အထူးရေးရာဗျူရိုမှာ စစ်ကြောရေးခန်း ဘယ်လောက်တောင် ကျန်သေးလဲ မသိဘူးနော်"
ဆွန်းချင်းယွမ်၏ မျက်နှာမှာ ပြာနှမ်းနေသော်လည်း တစ်ဖက်လူအတွက် စစ်ကြောရေးခန်း ပြောင်းပေးရန် သတ္တိမရှိတော့ချေ။ ဘာပဲဖြစ်ဖြစ် အထူးရေးရာဗျူရိုတွင် အဆောက်အအုံ အနည်းငယ်သာ ရှိပြီး အားလုံးမှာ ဖြိုချခံရန် လုံလောက်မည် မဟုတ်ပေ။
သူက ပြောလိုက်၏။ "ယဲ့ပုဖန်... ဒီကိစ္စကို ဒီမှာပဲ ပြီးပြီလို့ သတ်မှတ်လိုက်ကြရအောင်။ မင်း သွားလို့ ရပါပြီ"
"ကျွန်တော့်ကို ဒီအတိုင်း လွှတ်ပေးလိုက်တော့မလို့လား... အဲဒါက ကျွန်တော့်အတွက် သိပ်ကို လွယ်ကူနေသလိုပဲနော်”
ယဲ့ပုဖန်က နောက်ပြောင်သည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလေသည်။ "တကယ်လို့ ဒီတစ်ခါ ခင်ဗျားတို့ ကျွန်တော့်ကို လွှတ်ပေးလိုက်ရင် နောင်ကျ ဒီလို အခွင့်အရေးမျိုး ရဖို့ မလွယ်တော့ဘူးနော်"
ဆွန်းချင်းယွမ်မှာ စိတ်အနှောင့်အယှက် ဖြစ်သွားကာ မေးလိုက်သည်။ "မင်း သွားမှာလား... မသွားဘူးလား"
ယဲ့ပုဖန်က ရယ်မောလိုက်၏။ "သေချာပေါက် မသွားဘူးပေါ့။ ခင်ဗျားတို့က ကျွန်တော့်ကို ဘာမှတ်နေလဲ။ ခင်ဗျားတို့ ဖမ်းချင်တဲ့အချိန် ဖမ်းမယ်... ပြန်လွှတ်ချင်တဲ့အချိန် လွှတ်မယ်ပေါ့လေ... ဟုတ်လား။ အဲဒီလောက် ဈေးပေါတဲ့ ကိစ္စမျိုး ဘယ်မှာ ရှိမလဲ"
ကျောက်မင်းကျန်းက တင်းမာခက်ထန်နေသော မျက်နှာဖြင့် မေးလိုက်သည်။ "မင်းက တခြား ဘာလိုချင်နေသေးတာလဲ"
"ကျွန်တော်တို့ တရုတ်နိုင်ငံမှာ ရှေးစကား တစ်ခွန်း ရှိတယ်လေ... နတ်ဘုရားကို ဖိတ်ခေါ်ရတာ လွယ်သလောက် ပြန်ပို့ရတာ ခက်တယ်တဲ့။ ကျွန်တော့်ကို ဖမ်းရင် ခင်ဗျားတို့ နောင်တရလိမ့်မယ်လို့ အစကတည်းက ပြောသားပဲ။ ကံဆိုးတာက ခင်ဗျားတို့ နားမထောင်ခဲ့ကြဘူးလေ။ အခု ကျွန်တော့်ကို ဒီအထိ ခေါ်လာပြီးမှ ချက်ချင်း ပြန်လှည့်ပြီး ထွက်သွားခိုင်းနေတယ်။ ကျွန်တော်က အဲဒီလောက် လွယ်လွယ်ကူကူ ကိုင်တွယ်လို့ ရတဲ့သူ မဟုတ်ဘူးဗျ"
ဆွန်းချင်းယွမ်က ဒေါသတကြီး ပြောလိုက်သည်။ "မင်း မသွားဘူးပေါ့လေ... ဟုတ်လား။ ဒါဆိုလည်း ဒီမှာပဲ ဆက်နေလိုက်တော့"
ယဲ့ပုဖန်က ပတ်ဝန်းကျင်ကို အကဲခတ်ကြည့်ပြီးနောက် မကျေမနပ် လေသံဖြင့် ပြန်ပြောလေသည်။ "ဒီနေရာက ဘယ်လိုလုပ် နေလို့ရမှာလဲ။ လူနေဖို့ လုံးဝ မသင့်တော်ပါဘူး။ နေဖို့ ပိုကောင်းတဲ့ အိမ်တစ်လုံးလောက်တော့ ရှာမှဖြစ်မယ်"
စကားပြောပြီးနောက် သူက အနီးရှိ အဆောက်အအုံ တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။ "ဟိုအဆောက်အအုံက မဆိုးဘူးပဲ။ မကြာသေးခင်ကမှ ဆောက်ထားပုံရတယ်။ အပြင်အဆင်ကလည်း အတော်လေး ကောင်းတယ်။ ခဏနေကျရင် အဲဒီကို သွားဖို့ စိတ်ကူးထားတယ်"
သူ့စကားကို ကြားသောအခါ ကျောက်မင်းကျန်းနှင့် ဆွန်းချင်းယွမ် နှစ်ဦးစလုံး၏ ရင်ထဲ၌ ဒိတ်ခနဲ ဖြစ်သွားတော့သည်။
တောက်... ဒါက ဗြောင်ကျကျ ခြိမ်းခြောက်နေတာပဲ။
အကယ်၍ ယဲ့ပုဖန်သာ ထိုနေရာသို့ သွားမည်ဆိုပါက ထိုအဆောက်အအုံမှာလည်း အချိန်အကြာကြီး တောင့်ခံနိုင်မည် မဟုတ်ဘဲ လုံးဝ ဖြိုချခံရမည်မှာ သေချာလှပေသည်။
ကျောက်မင်းကျန်းက သက်ပြင်းပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး သူ၏ ရင်ထဲရှိ ဒေါသများကို ဖိနှိပ်ကာ မေးလိုက်သည်။ "ပြောပါ... မင်း အထူးရေးရာဗျူရိုကနေ ထွက်သွားဖို့ ဘာတွေ လိုအပ်လဲ"
ယဲ့ပုဖန်က ပြောလိုက်၏။ "အဘိုးကြီးကျောက်... အဲဒါက ခင်ဗျား ပြောသင့်တဲ့ စကားမျိုး မဟုတ်ဘူး ထင်တယ်နော်။ ခင်ဗျားက သက်သေ အထောက်အထားတွေ ရဖို့ နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားပြီး လူသတ်မှုကို ကျွန်တော့်ခေါင်းပေါ် ပုံချရမှာ မဟုတ်ဘူးလား။ ပြီးတော့ ကျွန်တော့်ကို ထောင်ထဲမှာ တစ်သက်လုံး နေရအောင် လုပ်ပြီး အဲဒီ အခွင့်အရေးကို သုံးကာ ရွှမ်ယွမ်စံအိမ်ကို ဖိနှိပ်ရမှာလေ။ အခုကျတော့ ဘာလို့ ခင်ဗျားရဲ့ သဘောထားတွေ ပြောင်းလဲသွားရတာလဲ။ ကျွန်တော့်ကို ထွက်သွားပေးဖို့ တောင်းပန်နေသလိုပဲနော်"
"မင်း..."
ကျောက်မင်းကျန်းမှာ ဒေါသကြောင့် ရင်ဘတ်များပင် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသော်လည်း နောက်ဆုံး လက်ကျန် အသိတရားလေးက သူ့ကို သည်းခံရန် သတိပေးနေလေသည်။ ဘာပဲဖြစ်ဖြစ် တစ်ဖက်လူ၏ ခွန်အားမှာ ရှင်းလင်းစွာ ပေါ်လွင်နေပြီး သူ့အနေဖြင့် လုံးဝ ရန်မစနိုင်သည်မှာ အမှန်ပင် ဖြစ်၏။
"တုန်းမိသားစု ကိစ္စက အစကတည်းက ငါတို့ အထူးရေးရာဗျူရိုရဲ့ စီရင်ပိုင်ခွင့်အောက်မှာ မရှိပါဘူး။ မင်း သူတို့ကို သတ်တာပဲဖြစ်ဖြစ်၊ မသတ်တာပဲဖြစ်ဖြစ် ငါတို့နဲ့ ဘာမှ မဆိုင်ဘူး။ ကျေးဇူးပြုပြီး မြန်မြန် ထွက်သွားပေးပါတော့"
သူ စကားပြောပြီးနောက် ယဲ့ပုဖန်က ဆွန်းချင်းယွမ်အား နောက်ပြောင်သည့် မျက်နှာအမူအရာဖြင့် ကြည့်လိုက်သည်။
"အဘိုးကြီးဆွန်း... အရင်ကတည်းက ဒီကိစ္စကို ခင်ဗျားကို ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပေမယ့် ခင်ဗျားက နားမထောင်ခဲ့ဘူးလေ။ ဒီလောက် ရိုးရှင်းတဲ့ အကြောင်းအရာလေးကိုတောင် ခင်ဗျားက ဘာလို့ နားမလည်ရတာလဲ"
ဤနေရာသို့ အရောက်တွင် ဆွန်းချင်းယွမ်သည် သူ၏ မျက်နှာကို ဘေးဖယ်ထားကာ အံကို တင်းတင်း ကြိတ်လျက် ပြောလိုက်ရတော့သည်။
"တောင်းပန်ပါတယ်... ဒီတစ်ခါ ငါတို့ မှားသွားတယ်။ ဒီလို သာမန် အမှုမျိုးတွေကို ဒေသခံရဲတွေကပဲ ကိုင်တွယ်သင့်တာပါ။ မင်း သွားလို့ ရပါပြီ"
ယဲ့ပုဖန်က သူ၏ ရှေ့ရှိ အဘိုးကြီး နှစ်ဦးအား ကြည့်ကာ မေးလိုက်သည်။ "ခင်ဗျားတို့ မှားသွားပြီဆိုတာ သေချာရဲ့လား"
"သေချာပါတယ်... ငါတို့ မှားသွားတာပါ။ မင်းကို တောင်းပန်ပါတယ်"
ကျောက်မင်းကျန်း၏ မျက်နှာမှာ ရေများပင် ညှစ်ချလိုက်၍ ရမတတ် ပြာနှမ်းနေသော်လည်း သူ၏ ရှေ့ရှိ အနှီ ကောင်လေးမှာ ကိုင်တွယ်ရ လွယ်ကူသော ဇာတ်ကောင် တစ်ကောင် မဟုတ်ကြောင်းကိုလည်း သူ ကောင်းကောင်း သဘောပေါက်ထားလေသည်။
အကယ်၍ သူသာ ခေါင်းမငုံ့ပါက ယဲ့ပုဖန် ဟူသော နတ်ဘုရားကြီးကို သူ လုံးဝ ပြန်လွှတ်နိုင်မည် မဟုတ်ချေ။ ထို့ကြောင့် နောက်ဆုံးတွင် ခေါင်းငုံ့ တောင်းပန်ရန်သာ သူ ရွေးချယ်နိုင်တော့သည်။
***