ထိပ်သီး အကြီးအကဲ နှစ်ဦးက ကိုယ်တိုင်ကိုယ်ကျ တောင်းပန်လိုက်သည်ကို ကြားသိလိုက်ရသောအခါ အထူးရေးရာဗျူရိုမှ လူများမှာ မှင်သက်မိသွားကြကာ သူတို့၏ မျက်လုံးများမှာလည်း အံ့ဩမှုကြောင့် ပြူးကျယ်သွားကြတော့သည်။
အထူးရေးရာဗျူရို ဆိုသည်မှာ တရုတ်နိုင်ငံတွင် တစ်မူထူးခြားသော တည်ရှိမှုတစ်ခု ဖြစ်သည်။ ၎င်း၏ ထိပ်သီးခေါင်းဆောင် နှစ်ဦးဆိုလျှင် မြို့တော်ရှိ ထိပ်သီးမိသားစုကြီးများ၏ အရှင်သခင်များပင်လျှင် မျက်နှာသာ ပေးရသူများ ဖြစ်ကြပေသည်။
ဤမျှလောက်သော နှစ်ပေါင်းများစွာအတွင်း သူတို့သည် မည်သူ့ကိုမျှ ဦးညွှတ်တောင်းပန်ခြင်း မရှိခဲ့ဖူးချေ။ ယခုကား သေချာပေါက် ပထမဆုံးအကြိမ်ပင် ဖြစ်လေသည်။
ဤလူငယ်သည် တကယ်တမ်း ဘယ်သူနည်း။ အဘယ်ကြောင့် ဤမျှလောက်သော အရှိန်အဝါမျိုး ရှိနေရသနည်း။
"အမှားကို သိပြီး ပြင်တတ်တဲ့သူဟာ လူကောင်း တစ်ယောက်ပဲ... ခင်ဗျားတို့ရဲ့ သဘောထားက အတော်လေး ကောင်းပါတယ်"
ယဲ့ပုဖန်က သူတို့၏ လုပ်ဆောင်ချက်အပေါ် အတော်လေး ကျေနပ်သွားပုံရကာ ခေါင်းညိတ်၍ ပြောလိုက်သည်။ "ခင်ဗျားတို့ မှားမှန်း သိပြီဆိုမှတော့ တစ်ခုခု ပြန်ပေးလျော်သင့်တာပေါ့... မဟုတ်ဘူးလား"
ဆွန်းချင်းယွမ်က ဒေါသတကြီးဖြင့် "ယဲ့ပုဖန်... မင်း သိပ်ပြီးတော့ လွန်မလာနဲ့" ဟု အော်ဟစ်လိုက်သည်။
"ကျွန်တော်က လွန်နေတာလား။ ဒီတောင်းဆိုချက်က အတော်လေးကို ယုတ္တိတန်တဲ့ အရာတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ တကယ်လို့ ကျွန်တော့်မှာသာ ကိုယ်ပိုင်လှည့်ကွက်လေးတွေ မရှိခဲ့ဘူးဆိုရင် ခင်ဗျားတို့ရဲ့ နှိပ်စက်မှုကို ခံရပြီး လူသတ်သမားဆိုတဲ့ တံဆိပ် အကပ်ခံရမှာ သေချာနေတာပဲ"
ယဲ့ပုဖန်က ခေါင်းယမ်းလိုက်ပြန်ပြီး "ဒါပေမယ့် ကျွန်တော်က အမြဲတမ်း ယုတ္တိတန်တဲ့ လူတစ်ယောက်ပါ။ ခင်ဗျားတို့ သဘောမတူရင်လည်း ထားလိုက်ပါတော့... ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သတ်မှတ်လိုက်ကြတာပေါ့"
ကျောက်မင်းကျန်းက စိတ်မထိန်းနိုင် ဖြစ်နေသော ဆွန်းချင်းယွမ်ကို အကြည့်တစ်ချက်ဖြင့် တားဆီးလိုက်သည်။ ဒေါသထွက်ခြင်း၏ နောက်ဆက်တွဲ အကျိုးဆက်ကို သူ ကောင်းကောင်း သဘောပေါက်ထားလေသည်။
အကယ်၍ လျှို့ဝှက် သိုင်းဆရာကြီးသာ ထပ်မံ အမျက်ထွက်လာပါက နောက်ဆက်တွဲ အကျိုးဆက်များကို သူတို့ ကိုင်တွယ်နိုင်လိမ့်မည် မဟုတ်ချေ။ အထူးရေးရာဗျူရို တစ်ခုလုံးပါ ဖြိုချခံလိုက်ရပေလိမ့်မည်။
သူက ယဲ့ပုဖန်အား မေးလိုက်သည်။ "မင်းက ဘာလျော်ကြေး လိုချင်တာလဲ"
"ကျွန်တော်က အကျင့်စာရိတ္တ ကောင်းမွန်တဲ့ နိုင်ငံသားတစ်ယောက်ပါ။ ခင်ဗျားတို့ ဒီလို ဖမ်းဆီးလိုက်တာက ကျွန်တော့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို အကြီးအကျယ် ထိခိုက်စေခဲ့တယ်။ အဲဒီတော့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုအတွက် လျော်ကြေးတစ်ခုတော့ ရှိသင့်တာပေါ့"
ယဲ့ပုဖန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ "ခင်ဗျားတို့မှာလည်း ပိုက်ဆံ သိပ်ရှိမှာ မဟုတ်ဘူးဆိုတာကို ထည့်တွက်ပြီး ကျွန်တော် အများကြီး မတောင်းပါဘူး။ ယွမ် ၁၀ သန်းဆိုရင် ရပါပြီ"
"ယွမ် ၁၀ သန်း... ဟုတ်လား။ မင်း ငါတို့ကို ဗြောင်ကျကျ ဓားပြတိုက်နေတာလား"
ဆွန်းချင်းယွမ်မှာ ဒေါသကြောင့် မျက်လုံးများမှ မီးများပင် ထွက်မတတ် ဖြစ်နေချေပြီ။ အဆောက်အအုံ နှစ်လုံးလုံး ဖြိုချခံထားရသဖြင့် ပြန်လည် တည်ဆောက်ရန် ငွေများစွာ လိုအပ်နေချိန်တွင် တစ်ဖက်က ယွမ် ၁၀ သန်း ထပ်မံ တောင်းခံနေခြင်းပင် ဖြစ်သည်။
"ဈေးနှုန်းရှိမှတော့ ဒါက ခြိမ်းခြောက်ငွေညှစ်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ဆွေးနွေးနေကြတာပဲ။ ခင်ဗျားတို့ အဆင်မပြေဘူး ထင်ရင်လည်း ထားလိုက်ပါ... ကျွန်တော် ဘာမှ မပြောခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ"
ယဲ့ပုဖန်သည် အသာစီးကို အပြည့်အဝ ရယူထားပြီး ဖြစ်ရာ တစ်ဖက်လူက သဘောမတူမည်ကို သူ လုံးဝ မကြောက်ပေ။
ထို့နောက် ကျောက်မင်းကျန်းသည် အံကို တင်းတင်းကြိတ်လျက် ပြောလိုက်ရတော့သည်။ "ယွမ် ၁၀ သန်းပဲ မဟုတ်လား... ငါ ပေးပါ့မယ်"
ပြောပြီးသည်နှင့် သူက လက်အောက်ငယ်သား တစ်ဦးကို လှမ်းခေါ်ကာ ချက်လက်မှတ်စာအုပ်ကို ယူ၍ ယွမ် ၁၀ သန်းတန် ချက်လက်မှတ် တစ်ခုတွင် လက်မှတ်ထိုးကာ ကမ်းပေးလိုက်သည်။ ယဲ့ပုဖန်က ချက်လက်မှတ်ကို ယူ၍ တစ်ချက်ခါကြည့်လိုက်ပြီးနောက် သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်လေသည်။
အမှန်စင်စစ် ဤငွေပမာဏမှာ ယခုအခါ သူ့အတွက် နည်းပါးလွန်းသော ငွေပမာဏပင်…။ တစ်ဖက်လူထံမှ ငွေညှစ်ယူရခြင်း၏ အဓိက အကြောင်းရင်းမှာ အထူးရေးရာဗျူရိုအား ဤသင်ခန်းစာကို မှတ်မိသွားစေရန် ဖြစ်သည်။ နောင်တွင် သူ့ထံသို့ ပေါ့ပေါ့ဆဆ လာရောက် ပြဿနာရှာခြင်း မပြုရဲအောင် ပြုလုပ်လိုက်ခြင်းပင်။
မဟုတ်လျှင် နောက်ကွယ်မှ ကြိုးကိုင်သူကို မရှာတွေ့သေးခင်မှာပင် အထူးရေးရာဗျူရို၏ အနှောင့်အယှက်များကို ခဏခဏ ရင်ဆိုင်နေရမည်မှာ တကယ်ကို စိတ်အနှောင့်အယှက် ဖြစ်စရာ ကောင်းလွန်းလှပေသည်။
ဆွန်းချင်းယွမ်က "အခုတော့ လုံလောက်ပြီလား" ဟု မေးလိုက်၏။
"နောက်ဆုံး မေးခွန်းတစ်ခုပဲ ရှိပါတော့တယ်။ ခင်ဗျားတို့ရဲ့ အဖြေက ကျွန်တော့်ကို ကျေနပ်စေတယ် ဆိုရင် ကျွန်တော် ထွက်သွားပါ့မယ်"
ကျောက်မင်းကျန်းက "မေးပါ" ဟု ပြန်ပြောလေသည်။ သူသည် ယဲ့ပုဖန်ကို အခုချက်ချင်းပင် မြန်မြန် ပြန်ပို့ချင်နေပြီ ဖြစ်သည်။
"ကျွန်တော် တုန်းမိသားစု စံအိမ်မှာ ရှိနေမှန်း ခင်ဗျားတို့ ဘယ်လို သိတာလဲ။ ပြီးတော့ တုန်းဖုန်းဝူ သတ်ခံရပြီးပြီးချင်း ခင်ဗျားတို့က ဘာလို့ အချိန်ကိုက်ကြီး ရောက်လာရတာလဲ"
ဆွန်းချင်းယွမ်က ခဏမျှ တုံ့ဆိုင်းသွားပြီး ကျောက်မင်းကျန်းအား လှမ်းကြည့်လိုက်သည်။ ဘာပဲဖြစ်ဖြစ် ကျောက်မင်းကျန်းကသာ အဓိက စီမံခန့်ခွဲသူ မဟုတ်ပါလား။
ကျောက်မင်းကျန်းက ပြောလိုက်၏။ "ဒီကိစ္စက အရမ်းကို ရိုးရှင်းပါတယ်။ ဖုံးကွယ်ထားစရာလည်း မရှိပါဘူး။ အဖြစ်အပျက် မတိုင်ခင်မှာ ငါ့ဆီကို ဖုန်းတစ်ကောလ် ဝင်လာခဲ့တယ်။ မင်းက တုန်းမိသားစုမှာ ရှိနေပြီး အရှင်သခင် တုန်းဖုန်းဝူကို သတ်လိုက်ပြီလို့ ပြောလာခဲ့တာ။ ငါသာ လက်တုံ့ပြန်ချင်ရင် မင်းကို ဖမ်းဆီးဖို့ လူမြန်မြန် လွှတ်ပါလို့ ပြောခဲ့တယ်"
ယဲ့ပုဖန်က မျက်မှောင်ကြုတ်လိုက်မိသည်။ တစ်ဖက်လူက အလွန် ရိုးရှင်းစွာ ပြောသွားသော်လည်း ထိုစကားထဲတွင် ပါဝင်သော သတင်းအချက်အလက်များမှာ အလွန်ပင် များပြားလှပေသည်။
ပထမ အချက်မှာ တစ်ဖက်လူသည် သူ တုန်းမိသားစု စံအိမ်တွင် ရှိနေသည်ကို သိထားပြီး အခြေအနေကို ပြောင်းပြန်လှန်ကာ တုန်းဖုန်းဝူကို ထိန်းချုပ်နိုင်ခဲ့သည် အထိ သိနေခြင်းပင်။
ဒုတိယ အချက်မှာ တစ်ဖက်လူသည် အထူးရေးရာဗျူရိုနှင့် သူ၏ ရန်ငြိုးများကိုပါ သိထားခြင်း ဖြစ်သည်။ ဤအချက်များကို ကြည့်ခြင်းအားဖြင့် နောက်ကွယ်မှ ကြိုးကိုင်သူမှာ ယခုကိစ္စကို ကျူးလွန်ခဲ့သူ ဖြစ်နိုင်ခြေ အလွန် များနေပေသည်။
ခဏမျှ စဉ်းစားပြီးနောက် သူက ထပ်မံ မေးလိုက်သည်။ "ဖုန်းဆက်တဲ့လူက ဘယ်သူလဲ ဆိုတာရော ခင်ဗျား သိလား"
ကျောက်မင်းကျန်းက "ငါ မသိဘူး။ တစ်ဖက်လူက ဖုန်းနံပါတ်ကို ဖုံးကွယ်ထားတဲ့ အထူးနည်းလမ်းကို သုံးထားသလို အသံပြောင်းစက်ကိုလည်း သုံးထားတာကြောင့် ကျား၊ မ ဒါမှမဟုတ် အသက်အရွယ်ကို လုံးဝ ခန့်မှန်းလို့ မရဘူး" ဟု ဖြေလေသည်။
"ခင်ဗျားတို့ အထူးရေးရာဗျူရိုရဲ့ နည်းလမ်းတွေနဲ့ဆိုရင် ဒီလိုဖုန်းမျိုးကို ခြေရာခံဖို့ မခက်ခဲဘူး မဟုတ်လား"
ကျောက်မင်းကျန်းက ဆက်ပြောလေသည်။ "မင်းပြောတာ မှန်ပါတယ်။ ဖုန်းလက်ခံရရှိပြီးတာနဲ့ ငါက ဒုတိယ အကြီးအကဲ ဆွန်းကို တုန်းမိသားစုဆီ လူလွှတ်ခိုင်းလိုက်သလို တစ်ဖက်ကလည်း ဖုန်းခေါ်တဲ့လူကို စုံစမ်းခိုင်းလိုက်တယ်။ ဒါပေမယ့် အဲဒီဖုန်းက ပျောက်ဆုံးနေတဲ့ ဖုန်းတစ်လုံး ဖြစ်နေတာကို တွေ့ရတယ်။ ဖုန်းပိုင်ရှင်ကို ရှာတွေ့ခဲ့ပေမယ့် အသုံးမဝင်ခဲ့ပါဘူး။ တစ်ဖက်လူက ဘယ်သူလဲ ဆိုတာကို ငါတို့ လုံးဝ မသိခဲ့ရဘူး"
"သူတို့က တကယ်ကို ပိပိရိရိ လုပ်ခဲ့တာပဲ”
အနှီ ခံစားချက်က ယဲ့ပုဖန်ကို အလွန်အမင်း စိတ်မသက်မသာ ဖြစ်စေခဲ့သည်။ နောက်ကွယ်မှ ကြိုးကိုင်သူသည် သူ့အနီးနားမှာပင် ရှိနေပြီး မည်သည့်အချိန်တွင်မဆို ဝင်ရောက် တိုက်ခိုက်ရန် အသင့် ဖြစ်နေသော်လည်း ရန်သူက ဘယ်နေရာမှာလဲ ဆိုတာကို သူ ရှာမတွေ့သေးပေ။
ကျောက်မင်းကျန်းသည် ယဲ့ပုဖန်က သူ့ကို မယုံကြည်မည်ကို စိုးရိမ်သဖြင့် အမြန်အဆန်ပင် ထပ်လောင်း ပြောဆိုလိုက်သည်။ "ငါပြောတာတွေ အားလုံးက အမှန်တရားတွေပါ။ အဲဒီလူက ဘယ်သူလဲ ဆိုတာကို ငါ တကယ် မသိပါဘူး"
သူသည် ယခုအခါ တစ်ဖက်လူ၏ ထိန်းချုပ်မှုအောက်တွင် လုံးဝ ကျရောက်နေပြီး အကယ်၍ ယဲ့ပုဖန်သာ မကျေနပ်၍ ဤနေရာတွင် ဆက်နေမည်ကို အလွန်အမင်း ကြောက်လန့်နေခြင်း ဖြစ်၏။
ထိုအခိုက်အတန့်မှာပင် အထူးရေးရာဗျူရို၏ ဂိတ်တံခါးဝတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီးနောက် စီတုချန်ခုန်းနှင့် အန်းသောက်ချွမ်းတို့သည် ရွှမ်ယွမ်စံအိမ်မှ လူများနှင့်အတူ အပြေးအလွှား ဝင်ရောက်လာကြသည်။
"ကျောက်မင်းကျန်း... မင်းက ငါတို့ ရွှမ်ယွမ်စံအိမ်က လူကို ဘယ်လိုများ ဖမ်းရဲတာလဲ..."
စီတုချန်ခုန်းက ရှေ့ဆုံးမှ ဦးဆောင်လာပြီး ရှင်းလင်းချက် တောင်းရန် ပြင်လိုက်သော်လည်း သူ၏ အော်ဟစ်သံမှာ တစ်ဝက်မှာတင် ရပ်တန့်သွားတော့သည်။ ပတ်ဝန်းကျင်ရှိ အပျက်အစီးများကို ကြည့်ပြီးနောက် ဘာထိခိုက်ဒဏ်ရာမျှ မရဘဲ အကောင်းပကတိ ရှိနေသော ယဲ့ပုဖန်ကို မြင်သောအခါ သူက ဇဝေဇဝါဖြင့် မေးလိုက်၏။
"ဘာတွေ ဖြစ်ကုန်တာလဲ... မင်းတို့ အထူးရေးရာဗျူရို ဗုံးကြဲခံလိုက်ရတာလား"
ကျောက်မင်းကျန်းနှင့် ဆွန်းချင်းယွမ်တို့၏ မျက်နှာများမှာ ဒေါသကြောင့် ပြာနှမ်းသွားသော်လည်း ဤကဲ့သို့သော ကိစ္စကို ရှင်းပြရန် နည်းလမ်း မရှိပေ။
သူတို့သည် မိမိတို့ဘာသာ ယဲ့ပုဖန်ကို ဖမ်းဆီးရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင် ကိုယ့်ခြေထောက် ကိုယ် ပြန်ထိုးမိသကဲ့သို့ ဖြစ်ခဲ့ရလေသည်။ သူတို့ လုပ်နိုင်သည်မှာ ခါးသီးသော ဝေဒနာကို မျိုသိပ်ထားရန်သာ ရှိတော့သည်။
ယဲ့ပုဖန်က နောက်ပြောင်သည့် မျက်နှာအမူအရာဖြင့် ပြန်ပြောလိုက်၏။ "စီနီယာစီတု... သူတို့က သူတို့ရဲ့ ရုံးခန်း အခြေအနေတွေက သိပ်မကောင်းဘူးလို့ ခံစားရလို့ အသစ်ပြန်ဆောက်ဖို့အတွက် ဖြိုချလိုက်တာတဲ့ဗျ"
ကျောက်မင်းကျန်းနှင့် ဆွန်းချင်းယွမ်တို့၏ ရုပ်ဆိုးလှသော မျက်နှာအမူအရာများကို မြင်သောအခါ စီတုချန်ခုန်းမှာ တစ်စုံတစ်ခုကို ချက်ချင်း ရိပ်မိသွားပြီး အသံထွက်၍ ရယ်မောလိုက်တော့သည်။
"ကြည့်ရတာ အထူးရေးရာဗျူရိုက တကယ်ကို ချမ်းသာပုံရတာပဲ။ ငါတို့ ရွှမ်ယွမ်စံအိမ် ဌာနချုပ်ကလည်း နည်းနည်း ဟောင်းနေပြီဆိုတော့ အသစ်ပြန်ပြင်ချင်တာ... ကံဆိုးတာက ငါတို့မှာ ပိုက်ဆံ မရှိဘူး ဖြစ်နေတာပဲ"
"စီနီယာစီတု... အဆင်ပြေပါတယ်။ ကျွန်တော့်ဆီမှာ ပိုက်ဆံ နည်းနည်း ရှိနေတာနဲ့ အတော်ပဲပေါ့။ ခင်ဗျား ဒါကို ယူပြီး သုံးလိုက်ပါ"
ယဲ့ပုဖန် စကားပြောပြီးသည်နှင့် သူ၏ အိတ်ကပ်ထဲမှ ယွမ် ၁၀ သန်းတန် ချက်လက်မှတ်ကို ထုတ်၍ ကမ်းပေးလိုက်သည်။ စီတုချန်ခုန်းက ချက်လက်မှတ်ကို ယူကာ အပေါ်ရှိ ကျောက်မင်းကျန်း၏ လက်မှတ်ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ထပ်မံ ရယ်မောလိုက်ပြန်သည်။
"ယဲ့ပုဖန်… မင်းက တော်တယ်ကွာ... မင်းက တကယ်ကို ငါတို့ ရွှမ်ယွမ်စံအိမ်ရဲ့ စတုတ္ထအကြီးအကဲ ပီသပါပေတယ်"
သူတို့နှစ်ဦး အပေးအယူတည့်စွာ လုပ်ဆောင်နေသည်ကို မြင်သောအခါ ကျောက်မင်းကျန်းနှင့် ဆွန်းချင်းယွမ်တို့မှာ ဒေါသကြောင့် သွေးအန်ချင်စိတ်ပင် ပေါက်သွားရတော့သည်။ သူတို့၏ ပိုက်ဆံကို ယူထားရုံသာမက သူတို့၏ မျက်နှာကိုပါ ထပ်မံ ရိုက်နှက်နေခြင်းက ရှင်းလင်းလှပေသည်။
ဤထက် ပို၍ ဒေါသထွက်စရာ ကောင်းသောအရာ ရှိသေးပါသလား။
အန်းသောက်ချွမ်းက ရှေ့သို့ လှမ်းလာပြီး မေးလိုက်၏။ "အဘိုးကြီးကျောက်... ဘာတွေ ဖြစ်နေတာလဲ။ မင်းက ဘာလို့ ငါတို့ ရွှမ်ယွမ်စံအိမ်က လူကို ဖမ်းရတာလဲ"
"အဲဒါက..."
ကျောက်မင်းကျန်းမှာ စကားတွေ ဆို့အသွားတော့သည်။ အခြေအနေတွေက ဤအဆင့်အထိ ရောက်နေပြီ ဖြစ်ရာ သူ အစောပိုင်းက ပြင်ဆင်ထားခဲ့သော ဆင်ခြေများမှာ လုံးဝ အသုံးမဝင်တော့ချေ။
"ဘာမှ မဟုတ်ပါဘူး... သူတို့က ကျွန်တော့်ကို စကားစမြည် ပြောဖို့ ဖိတ်ခေါ်တာပါ။ ပြီးတော့ လမ်းစရိတ် အတွက် ထောက်ပံ့ကြေးလေးတွေပါ ပေးလိုက်သေးတယ်လေ"
ယဲ့ပုဖန်သည် အန်းသောက်ချွမ်းကို မသိသော်လည်း တစ်ဖက်လူ၏ အဆင့်အတန်းမှာ မနိမ့်ကျကြောင်း သူ သိနိုင်သည်။ သူက စီတုချန်ခုန်းနှင့် အခြားတစ်ဦးအား ပြောလိုက်၏။
"ဒီမှာ အားလုံး အဆင်ပြေသွားပါပြီ။ သွားကြရအောင်... ကြာကြာနေရင် သူတို့ အိမ်ဆောက်တာကို အနှောင့်အယှက် ဖြစ်နေဦးမယ်"
ယဲ့ပုဖန် အကောင်းပကတိ ရှိနေသည်ကို မြင်လျှင် စီတုချန်ခုန်းနှင့် အခြားတစ်ဦးမှာလည်း နောက်ထပ် ဘာစကားမျှ ထပ်မပြောတော့ဘဲ သူတို့၏ လူများကို ခေါ်ဆောင်ကာ အထူးရေးရာဗျူရိုမှ ထွက်ခွာလာခဲ့ကြသည်။
"ခွေးကောင်..."
ဆွန်းချင်းယွမ်သည် ယဲ့ပုဖန်တို့ ထွက်ခွာသွားသည်ကို ကြည့်ကာ မုန်းတီးမှုကြောင့် အံကို တင်းတင်း ကြိတ်လိုက်မိသည်။ ဤစစ်ဆင်ရေးမှာ လုံးဝ ရှုံးနိမ့်မှုကြီး တစ်ခုပင် ဖြစ်၏။
ဂုဏ်သိက္ခာ အားလုံး ဆုံးရှုံးသွားရုံသာမက ဘဏ္ဍာရေးအရ ကြီးမားသော ဆုံးရှုံးမှုများကိုလည်း ရင်ဆိုင်လိုက်ရချေပြီ။ ဖြိုချခံလိုက်ရသော အဆောက်အအုံ နှစ်လုံးကို တွေးမိရုံနှင့် သူတို့၏ ရင်ထဲတွင် သွေးထွက်မတတ် နာကျင်နေရတော့သည်။
သူက ပြောလိုက်၏။ "အဘိုးကြီးကျောက်... ဒီကိစ္စကို ဒီအတိုင်း လွှတ်ထားလို့ မဖြစ်ဘူး။ ငါ ဒီဒေါသကို လုံးဝ မျိုမချနိုင်ဘူး"
***