"ရှင်းချန်... မင်း အဆင့်တက်သွားပြီလား..."
ရီရှင်းချန်မှာ မျက်စိတစ်မှိတ်အတွင်းမှာပင် ကျင့်ကြံဆင့် တက်လှမ်းသွားခဲ့ပြီး ချီသန့်စင်ခြင်း အဆင့်ငါးသို့ ဝင်ရောက်သွားခဲ့ပြီ ဖြစ်ပေသည်။ လင်းရန်၏ လက်ရှိ ကျင့်ကြံဆင့်မှာ ရီရှင်းချန်ထက် ပိုမြင့်နေသဖြင့် ချက်ချင်း အာရုံခံမိလိုက်၏။ သူက ပို၍ပင် ဝမ်းသာသွားပြီး ပြုံးကာ မေးလိုက်သည်။
"အင်း..."
ရီရှင်းချန်မှာ နောက်တစ်ဆင့်သို့ ယခုလေးတင် တက်လှမ်းသွားခဲ့ပြီး အလွန်တရာ နက်နဲဆန်းကြယ်သော အခြေအနေတစ်ခုသို့ ရောက်ရှိနေပေသည်။ သူမ၏ စိတ်အာရုံထဲတွင် တစ်စုံတစ်ရာ ပေါ်လာသကဲ့သို့ ခံစားလိုက်ရ၏။ ကြယ်တာရာ ဝဲဂယက် အတွင်း၌ အနီရောင်အလင်းတန်းများကို မှိန်ဖျော့ဖျော့ ထုတ်လွှတ်နေသော နေမင်းနီနီကြီး၏ ပုံရိပ်တစ်ခုဖြစ်ပြီး သူမကို နွေးထွေးကာ အလွန်တရာ သက်တောင့်သက်သာ ဖြစ်စေလေသည်။
ယင်းမှာ ဟင်းလင်းပြင် ကြယ်တာရာဆွဲယူခြင်း ကျင့်စဥ် ကြောင့်ပင်။
ပြီးခဲ့သည့် နှစ်ရက်တာကာလအတွင်း လင်းရန် အဆင့်တက်နေချိန်တွင် ရီရှင်းချန်မှာ သူ့ကို စောင့်ကြပ်ပေးနေရင်း အလကားနေနေခဲ့ခြင်း မဟုတ်ပါချေ။ စက္ကန့်တိုင်းကို အကျိုးရှိရှိ အသုံးချကာ နေ့ရောညပါ ကျင့်ကြံနေခဲ့ခြင်း ဖြစ်၏။ ထို့အပြင် သူမ ကျင့်ကြံနေသော ကျင့်စဥ်မှာလည်း ဟင်းလင်းပြင် ကြယ်တာရာဆွဲယူခြင်း ကျင့်စဥ်နှင့် အနည်းငယ် ဆင်တူမှု ရှိနေပေသည်။ ရီရှင်းချန်က ယင်ဝင်္ကပါဗဟိုချက်မှ ယင်စွမ်းအင်ကို အသုံးပြု၍ ကျင့်ကြံခဲ့ရာ ချီသန့်စင်ခြင်း အဆင့်ငါးသို့ ခြေလှမ်းဝင်ရောက်နေခဲ့ပြီ ဖြစ်လေသည်။ သို့သော် သူမက ကောင်းကင်အက်ကြောင်းနှင့် မြေအောက်မြစ်ထဲတွင်သာ နေထိုင်နေခဲ့ရသဖြင့် အဆင့်တက်ရန် အခွင့်အရေး မရခဲ့ခြင်းသာ ဖြစ်ပေသည်။
ဟင်းလင်းပြင် ကြယ်တာရာဆွဲယူခြင်း ကျင့်စဥ်မှာ သဘာဝအရ ကြယ်တာရာများ၏ စွမ်းအင်ကို လိုအပ်ပေသည်။ သို့သော် နေမင်းမှာ ကမ္ဘာမြေနှင့် အနီးဆုံး ကြယ်တစ်ပွင့်ဖြစ်ပြီး အဆုံးမရှိသော အလင်းနှင့် အပူကို ထုတ်လွှတ်ကာ ခပ်သိမ်းသော သက်ရှိများ ကြီးထွားရန် အလင်းပေးနေလေသည်။ ရီရှင်းချန်က အရှေ့ပင်လယ် အထက်မှ နေထွက်လာသည်ကို မြင်လိုက်ရသောအခါ တောက်ပသော အနီရောင်အလင်းတန်းများနှင့် စီးဆင်းနေသော ရောင်စုံတိမ်တိုက်များနှင့်အတူ အလွန်တရာ ခမ်းနားလှပသော မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရ၏။ သူမ၏ မွေးရာပါ ပါရမီနှင့်ဆိုလျှင် အဆင့်မတက်ရန်မှာ ပို၍ပင် ခက်ခဲနေမည် ဖြစ်ချေသည်။
တကယ်တမ်းတွင် အခြား ရှင်းလင်းချက်တစ်ခုကလည်း ယုတ္တိရှိပေသည်။ နေမင်း၏ စွမ်းအင်၊ လမင်း၏ စွမ်းအင်နှင့် မရေမတွက်နိုင်သော ကြယ်တာရာများ၏ စွမ်းအင်တို့ ပေါင်းစပ်သွားခြင်းမှာ ယင်နှင့် ယန် ညီမျှခြင်းနှင့် အတိအကျ တူညီနေသောကြောင့်ပင်။
ဆောင်းဦးပေါက် ပွဲတော်ညတွင် ရီရှင်းချန်သည် ချီသန့်စင်ခြင်း အလယ်အဆင့်သို့ တက်လှမ်းရန်နှင့် ချီသန့်စင်ခြင်း အဆင့်လေး အထွတ်အထိပ်သို့ ရောက်ရှိရန် လုံလောက်သော လအဆီအနှစ်များနှင့် မရေမတွက်နိုင်သော ကြယ်တာရာစွမ်းအင်များကို စုပ်ယူထားပြီး ဖြစ်လေသည်။ ယခုအခါ အနှစ်သာရအရှိဆုံး ကြီးမြတ်သော နေမင်း၏ အစစ်အမှန်မီးတောက်ကို စုပ်ယူလိုက်ပြီဖြစ်ရာ ယင်နှင့် ယန် သဟဇာတဖြစ်သွားပြီး နောက်တစ်ဆင့်သို့ အောင်မြင်စွာ တက်လှမ်းသွားနိုင်ခဲ့ခြင်းပင်။
ရီရှင်းချန်တွင် အံ့မခန်း အသိစိတ်ပင်လယ် တစ်ခုလည်း ရှိနေပေသည်။ လင်းရန်၏ ယင်ယန်ကျင့်စဥ်နှင့် မတူဘဲ သူမ၏ ယခု အဆင့်တက်ခြင်းမှာ နတ်ဘုရားအဆီအနှစ် စုစည်းမှု အမြန်နှုန်းတွင် ထင်ဟပ်မနေပါချေ။ ယင်းအစား သူမ၏ မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်ထဲတွင် နေမင်းနီနီကြီး၏ ပုံရိပ်တစ်ခု ပေါ်လာပြီး ကြယ်တာရာ ဝဲဂယက် တစ်ခုလုံးကို အလင်းဖြာကျစေခဲ့သည်။ ယင်းက သူမ၏ အသိစိတ်ပင်လယ်ထဲရှိ မရေမတွက်နိုင်သော ကြယ်တာရာများကို ပိုမို တောက်ပသော အလင်းရောင်များ ပေါက်ကွဲထွက်လာစေပြီး ကြယ်တာရာ ဝဲဂယက် တစ်ခုလုံး၏ လည်ပတ်နှုန်းကိုလည်း ငါးဆ သို့မဟုတ် ခြောက်ဆခန့် မြင့်တက်သွားစေလေသည်။
"ဒီကျင့်စဉ်က သိပ်ကို အစွမ်းထက်လွန်းနေပြီ..."
ရီရှင်းချန်က အဆင့်တက်ခြင်းမှ ယူဆောင်လာသော အဆုံးမဲ့ သာယာမှုကို ခံစားရန် မျက်လုံးများကို မှိတ်ထားလိုက်၏။
"စကားမပြောနဲ့ဦး... မင်း အခုလေးတင် အဆင့်တက်ထားတာဆိုတော့ ဒီမှာ နည်းနည်းလောက် ထပ်ကျင့်ကြံကြတာပေါ့..."
လင်းရန်က ရီရှင်းချန်အတွက် ဝမ်းသာနေသော်လည်း ချင်းရွှေမြို့သို့ အလျင်စလို ပြန်မည့် အကြံကို ချက်ချင်း လက်လွှတ်လိုက်လေသည်။ ထို့နောက် သူတို့နှစ်ဦးမှာ လေထဲတွင် မျောလွင့်ရင်း စတင် ကျင့်ကြံလိုက်ကြသည်။
ကောင်းကင် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် လင်းရန်၏ မျက်ခုံးနှစ်ခုကြားရှိ အသိစိတ်ပင်လယ်ထဲတွင် နတ်ဘုရားအဆီအနှစ် အစက် ၅၀,၀၀၀ ကျော်သာ ကျန်ရှိတော့၏။ သူ့အတွက် ယခု အရေးအကြီးဆုံး လုပ်ဆောင်ရမည့်အရာမှာ အသိစိတ်ပင်လယ်တစ်ခုလုံးကို နတ်ဘုရားအဆီအနှစ်များဖြင့် အမြန်ဆုံး ပြန်လည် ဖြည့်တင်းရန်ပင်။
နောက်ထပ် နှစ်နာရီခွဲကြာသည်အထိ လင်းရန်နှင့် ရီရှင်းချန်တို့မှာ ကျင့်ကြံရင်း အချိန်ကုန်ဆုံးခဲ့ကြသည်။ တစ်ယောက်က ခွန်အားအသစ်ကို နားလည်သဘောပေါက်ရန် ကြိုးစားနေပြီး ကျန်တစ်ယောက်ကတော့ နတ်ဘုရားအဆီအနှစ်များကို စုစည်းကာ မဟာကြယ်တာရာ ကျင့်စဥ်ကို ကျင့်ကြံရန် အလုပ်များနေခဲ့၏။ နှစ်နာရီခွဲအချိန်မှာ လျင်မြန်စွာ ကုန်လွန်သွားခဲ့လေသည်။
နံနက် ၇ နာရီခွဲခန့်တွင် လင်းရန် ကျင့်ကြံခြင်းကို ရပ်တန့်လိုက်သည်။ သူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်မှာ လေထဲသို့ ရုတ်တရက် ထိုးတက်သွားခဲ့၏။ ခုနစ်စက္ကန့်၊ ရှစ်စက္ကန့် အတွင်းမှာပင် လင်းရန်သည် တိမ်လွှာများကို ဖြတ်သန်းကာ မီတာ တစ်သောင်း အမြင့်သို့ ရောက်ရှိသွားတော့သည်။
ဤနေရာတွင် အပူချိန်မှာ အလွန်တရာ နိမ့်ကျပြီး အနှုတ် လေးဆယ် ဒီဂရီ စင်တီဂရိတ် အထိ ရှိနေကာ လေပြင်းများ တိုက်ခတ်နေသော်လည်း လင်းရန်ကတော့ တည်ငြိမ်နေဆဲပင်။
ကောင်းကင် ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်ပြီးနောက် ဒြပ်စင်ငါးပါး ကပ်ဘေးမိုးကြိုး၏ အကြိမ်ကြိမ် သန့်စင်မှုကို ခံထားရသော လင်းရန်၏ ခန္ဓာမှာ ရွှေအလင်းခန္ဓာ အဖြစ် စတင် ပြောင်းလဲလာသည်။ ထိုကဲ့သို့သော ခန္ဓာကိုယ်မျိုးဖြင့်ဆိုလျှင် အနှုတ် တစ်ရာ ဒီဂရီ အအေးဒဏ်ဖြစ်စေ၊ ဒီဂရီ နှစ်ထောင် အပူဒဏ်ဖြစ်စေ သူ့ကို မည်သို့မျှ ထိခိုက်စေနိုင်မည် မဟုတ်ပါချေ။
သေချာပေါက်ပင် မည်သည့် သက်ရောက်မှုမျှ မရှိခြင်းက လင်းရန် အပူချိန် အပြောင်းအလဲများကို မခံစားနိုင်ခြင်း သို့မဟုတ် ထုံထိုင်းသွားခြင်းဟု ဆိုလိုခြင်း မဟုတ်ပေ။ ဆန့်ကျင်ဘက်အနေဖြင့် သူ့ကျင့်ကြံဆင့်မှာ များစွာ တိုးတက်လာခဲ့ပြီး သူ့အာရုံခံစားမှုများမှာ ပိုမို ထက်မြက်လာခဲ့၏။ ယင်းက သူ့ကို မည်သည့် နည်းနှင့်မျှ အန္တရာယ် မပေးနိုင်ဟုသာ ဆိုလိုခြင်း ဖြစ်ပေသည်။
မီတာ တစ်သောင်း အမြင့်တွင် အထက်သို့ ကြည့်လိုက်ပါက ကြည်လင်နေသော အပြာရောင် ကောင်းကင်ယံကြီး ရှိနေပြီး အောက်ဘက်တွင်တော့ တိမ်လွှာများက သကြားလုံးများကဲ့သို့ လွင့်မျောကာ ထူးဆန်းသော ပုံသဏ္ဌာန်ပေါင်းစုံ အဖြစ် ပြောင်းလဲနေလေသည်။ ယင်းတို့က မြေပြင်၏ မြေမျက်နှာသွင်ပြင်နှင့် ဆင်တူနေပြီး တောင်တန်းများ၊ တောင်ကြားများ၊ လှိုင်းတံပိုးများ စသည်ဖြင့် အမှန်တကယ် မြေမျက်နှာသွင်ပြင်ထက်ပင် ပိုမို ရှုပ်ထွေးနေသေး၏။
လေယာဉ်တစ်စင်း...
လင်းရန်သည် သူ့အမြင့်နှင့် နီးပါးတူညီသော နေရာမှ လေယာဉ်တစ်စင်း အနောက်တောင်ဘက်မှ အရှေ့မြောက်ဘက်သို့ ဦးတည် ပျံသန်းလာသည်ကို မြင်လိုက်ရလေသည်။
"ကိုယ်ဖျောက်ခြင်း..."
မီတာ တစ်သောင်း အမြင့်တွင် အဆုံးမဲ့ ကျယ်ပြောလှသော မြင်ကွင်းဖြင့် လင်းရန်က အဝေးမှ လေယာဉ်ကို မြင်လိုက်ရသည်နှင့် တပြိုင်နက် မဆိုင်းမတွပင် ကိုယ်ဖျောက်လိုက်တော့သည်။
"ဟူး... ခြောက်လလောက် ကြာပြီးမှ ငါ နောက်တစ်ကြိမ် ကိုယ်ဖျောက်နိုင်ခဲ့ပြီ... လွယ်တော့ မလွယ်ဘူးပဲ..."
သူ့တည်ရှိမှုကို လုံးဝ ဖုံးကွယ်ပြီးနောက် လင်းရန်မှာ အဆုံးမဲ့ ခံစားချက်များဖြင့် ပြည့်နှက်သွားခဲ့သည်။ ချင်းရွှေမြို့သို့ သူ ပထမဆုံး ရောက်လာစဉ်က သူ့ပထမဆုံး အတွေးမှာ ကိုယ်ဖျောက်ရန် ဖြစ်သော်လည်း ကျရှုံးခဲ့ရ၏။ ယခုအခါ ချီသန့်စင်ခြင်း အဆင့်ငါး အထွတ်အထိပ်သို့ ရောက်ရှိလာပြီ ဖြစ်ရာ သူ နောက်ဆုံးတွင် ကိုယ်ဖျောက်နိုင်ခဲ့ပြီ ဖြစ်ပေသည်။
ယင်းက လွယ်ကူသော ခရီးတစ်ခုတော့ မဟုတ်ခဲ့ပါချေ။
"လေယာဉ်ရဲ့ ပျံသန်းရာ လမ်းကြောင်းအရဆိုရင် သူ့ရဲ့ ခရီးစဉ်က ဂျပန် ဖြစ်ပုံရတယ်..."
လင်းရန်က အခြေအနေကို တိတ်တဆိတ် သုံးသပ်လိုက်ပြီး စိတ်လှုပ်ရှားသွားမိ၏။ ရှန်းနွန်မှော်ဆေးအိုး၏ အဖုံးကို ပြန်ယူရန် ဂျပန်သို့ တိုက်ရိုက် ပျံသန်းသွားချင်စိတ်များပင် ပေါ်လာခဲ့လေသည်။
ချီသန့်စင်ခြင်း အဆင့်ငါး အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် လင်းရန်သည် ဆေးလုံးများကို အမှန်တကယ် စတင် ဖော်စပ်တော့မည် ဖြစ်ပေသည်။ ရှန်းနွန်မှော်ဆေးအိုးတွင် ကိုယ်ထည် ရှိသော်လည်း အဖုံးမပါဘဲ အသုံးပြုရန်မှာတော့ လုံးဝ မဖြစ်နိုင်ပါချေ။
"အသံထက် လေးဆ ပိုမြန်တယ်... ငါ့ရဲ့ လက်ရှိ အမြန်နှုန်းက တစ်စက္ကန့်ကို မီတာ ၁,၄၀၀ ပဲ... ငါသာ ဂျပန်ကို သွားမယ်ဆိုရင်..."
ပထဝီဝင် အတန်းတွင် သင်ယူခဲ့ရသော အသိပညာများကို အသုံးပြု၍ လင်းရန်က ဤနေရာနှင့် အရှေ့ဘက် အကြားရှိ အကွာအဝေးကို တိတ်တဆိတ် တွက်ချက်လိုက်ရာ အများဆုံး ကီလိုမီတာ တစ်ထောင်ခန့်သာ ဝေးမည်ဟု ခံစားလိုက်ရလေသည်။
"စက္ကန့် တစ်ထောင်ဆိုတော့... မိနစ် နှစ်ဆယ်တောင် မပြည့်ဘူး..."
လင်းရန် မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။ ယခု ဂျပန်သို့ သွားရန် လေယာဉ်စီးစရာပင် မလိုတော့ကြောင်း သူ တွေးလိုက်မိသည်။ ဟွာရှမကြီးမှ တိုက်ရိုက် ပျံသန်းသွားလျှင်ပင် အများဆုံး နာရီဝက်ခန့်သာ ကြာမည် ဖြစ်ချေသည်။
"ကျင့်ကြံခြင်းနဲ့ နည်းပညာ... နောက်ဆုံးတော့လည်း ကျင့်ကြံခြင်းက ပိုပြီး စွမ်းအားကြီးတာပဲ..."
ကောင်းကင်ယံ အမြင့်တွင် ကိုယ်ဖျောက်ထားသော လင်းရန်က လေယာဉ်ကြီး အဝေးသို့ ပျောက်ကွယ်သွားသည်ကို ကြည့်နေရင်း တီးတိုး ရေရွတ်လိုက်လေသည်။ အလွန်တရာ ဆွဲဆောင်မှုရှိသော အပြုံးတစ်ခုက သူ့ခန့်ညားသော မျက်နှာပေါ်တွင် ပေါ်လွင်နေ၏။
"အင်း... နောင်တစ်ချိန် ငါတို့ မဟာကြယ်တာရာ ကျင့်စဥ်ကို ထပ်ကျင့်ချင်တယ်ဆိုရင် မြေပြင်ပေါ်မှာ နေစရာ မလိုတော့ဘူး... မီတာ တစ်သောင်း အမြင့်ကနေ တိုက်ရိုက် ကျင့်ကြံလို့ ရပြီ... အားစိုက်ထုတ်မှု တစ်ဝက်နဲ့ အကျိုးသက်ရောက်မှုက သေချာပေါက် နှစ်ဆ ဖြစ်လာမှာပဲ..."
အခန်း ၁၅၇၂ ပြီး