လင်းရန် ပျံသန်းနိုင်သွားပြီးနောက် အရာများစွာ ပြောင်းလဲသွားနိုင်ခဲ့သည်။ အရာအားလုံးက အရည်အသွေးပိုင်းဆိုင်ရာ အပြောင်းအလဲတစ်ခုကို ဖြတ်သန်းသွားခဲ့ပြီး နောင်တွင် ကန့်သတ်ချက်များလည်း များစွာ နည်းပါးသွားမည် ဖြစ်ပေသည်။
အချိန်ကာလထဲတွင် သေမျိုးကင်းလွတ်ခြင်းကို ရှာဖွေပြီး နေရာလွတ် အတားအဆီး အလွှာများကို ချိုးဖြတ်ခြင်း... ကောင်းကင်သို့ တက်လှမ်းနိုင်သလို မြေကြီးထဲသို့လည်း ဆင်းသက်နိုင်ခြင်း... အရာအားလုံးကို တတ်စွမ်းနိုင်ခြင်း... ဤသည်ပင်လျှင် ကျင့်ကြံသူတစ်ဦး၏ အနှစ်သာရ ဖြစ်လေတော့၏။
လင်းရန်ကတော့ ယခု ဂျပန်သို့ တိုက်ရိုက် သွားမည် မဟုတ်ပါချေ။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲတွင် နတ်ဘုရားအဆီအနှစ် အစက် ၆၀,၀၀၀ ကျော်သာ ရှိပြီး အလွန်တရာ နည်းပါးလွန်းနေသောကြောင့်ပင်။ ထို့အပြင် ဟွာရှတွင် သူ လုပ်စရာ အရေးကြီးသော ကိစ္စများစွာ ကျန်ရှိနေသေး၏။
ပထမဆုံး ဦးစားပေးမှာ သေချာပေါက်ပင် ကောင်းကင်ဓားဂိုဏ်းသို့ သွားပြီး ချင်ချူရွယ်ကို ကယ်တင်ရန် ဖြစ်လေသည်။
ဝှစ်...
ဆယ်မိနစ်ကျော် အကြာတွင် ရီရှင်းချန်လည်း ကျင့်ကြံခြင်းကို ရပ်တန့်လိုက်လေသည်။ သူမက မီတာ တစ်သောင်း အမြင့်သို့ ထိုးတက်သွားပြီး လင်းရန်၏ ပုံရိပ်ကို ရှာဖွေရန် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်၏။
"ဟဲဟဲ... ကိုယ် ဒီမှာလေ..."
လင်းရန်က ကိုယ်ဖျောက်ခြင်းကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ရီရှင်းချန်၏ ဘေးတွင် ပေါ်လာကာ သူမကို ပြုံးပြလိုက်သည်။
"လန့်လိုက်တာရှင်..."
ရီရှင်းချန်က လင်းရန် အနီးအနားတွင် ရှိနေသည်ကို အာရုံခံနိုင်သော်လည်း သူ့ကို မမြင်ရပါချေ။ သူမ စိုးရိမ်နေစဉ် လင်းရန်က သူမရှေ့တွင် ရုတ်တရက် ပေါ်လာသဖြင့် လန့်သွားကာ မနေနိုင်ဘဲ ဆူပူလိုက်မိသည်။
"ဟဲဟဲ... ဒါက ကိုယ်ဖျောက် ပညာရပ်လေ... ချီသန့်စင်ခြင်း နောက်ပိုင်းအဆင့်ရောက်ရင် ကျင့်ကြံသူတွေ မဖြစ်မနေ တတ်မြောက်ထားရမယ့် နည်းလမ်းပဲ... နောက်မှ မင်းကို မန္တန် သင်ပေးမယ်..."
လင်းရန်က မည်သည့်အရာကိုမျှ မဖုံးကွယ်ဘဲ ရီရှင်းချန်ကို ပွင့်ပွင့်လင်းလင်း ပြောပြလိုက်လေသည်။
ရီရှင်းချန်က ပြုံးကာ မေးလိုက်၏။ "အဲဒါက ချီသန့်စင်ခြင်း နောက်ပိုင်းအဆင့်ရောက်မှ တတ်နိုင်တဲ့ ပညာရပ်ဆိုရင် ရှင်က ဘာလို့ အခု သုံးနိုင်နေတာလဲ..."
"ပါရမီရှင်မို့လို့လေ..."
လင်းရန်က စကားလုံး အနည်းငယ်ဖြင့် အရာအားလုံးကို ရှင်းပြလိုက်ရာ သူ့မျက်နှာပေါ်ရှိ ကျေနပ်နေသော အမူအရာကြောင့် ရီရှင်းချန်ပင် သူ့ကို အုတ်ခဲဖြင့် ကောက်ပေါက်ချင်စိတ် ပေါ်လာရသည်။
"ချီသန့်စင်ခြင်း အဆင့်ငါး အလယ်အဆင့်... မဆိုးဘူးပဲ..."
လင်းရန်က သူ့နတ်ဘုရားအာရုံဖြင့် ဧရိယာကို စစ်ဆေးလိုက်ပြီး ရီရှင်းချန်၏ လက်ရှိ ကျင့်ကြံဆင့်ကို ချက်ချင်း သိရှိသွားကာ မနေနိုင်ဘဲ အံ့ဩချီးကျူးလိုက်မိ၏။
"ချီး... ဒီလောကမှာ ရှင်တစ်ယောက်တည်း ပါရမီရှင် မဟုတ်ပါဘူးနော်..."
ရီရှင်းချန်က ကျေနပ်သွားပြီး လင်းရန်ကို မျက်စောင်းထိုးကာ ချွဲနွဲ့သော လေသံဖြင့် ပြောလိုက်လေသည်။
"ရှင်းချန်... ကျင့်ကြံသူတစ်ယောက် ချီသန့်စင်ခြင်း အလယ်အဆင့်ကို ဝင်ရောက်ပြီးသွားရင် အရေးအကြီးဆုံးက နတ်ဘုရားအဆီအနှစ်တွေကို စုစည်းထုတ်လွှတ်တဲ့ အမြန်နှုန်းပဲ... ပြီးတော့ နတ်ဘုရားအဆီအနှစ်တွေကို မှော်စွမ်းအင်အဖြစ် ပြောင်းလဲပြီးတဲ့အခါ သုံးစွဲတဲ့ စွမ်းဆောင်ရည်လည်း ပါတယ်..."
"ချီသန့်စင်ခြင်း အလယ်အဆင့် ဆိုတာ အတိတ်နဲ့ အနာဂတ်ကြားက တံတားတစ်စင်းလို့ ပြောလို့ရတယ်... အဆင့်ငယ်တစ်ခုကို ချိုးဖြတ်ဖို့က မခက်ဘူး... အခက်အခဲက ခုနက ကိုယ်ပြောခဲ့တဲ့ အချက်နှစ်ချက်ပဲ... ဒါတွေက သိပ်အရေးကြီးတယ်... အဲဒီလိုမှမဟုတ်ရင် အဆင့်တစ်ခု ရှိနေပြီး ထိုက်တန်တဲ့ တိုက်ခိုက်ရေးစွမ်းအား မရှိတာက အဓိပ္ပာယ်မရှိဘူး..."
ယခုမှသာ လင်းရန်သည် ရီရှင်းချန်အား ချီသန့်စင်ခြင်း အလယ်အဆင့် ကျင့်ကြံမှု၏ အဓိက သော့ချက်အချို့ကို သေချာစွာ ရှင်းပြရန် အချိန်ရသွားခြင်း ဖြစ်သည်။
"အင်း..."
သူမ၏ အသိစိတ်ပင်လယ်ထဲရှိ အံ့မခန်း အပြောင်းအလဲများကြောင့် ရီရှင်းချန်က ထူးခြားသောအရာအချို့ကို အာရုံခံမိပြီး ဖြစ်၏။ သူမက သေချာစွာ နားထောင်ရင်း ခေါင်းအကြိမ်ကြိမ် ညိတ်လိုက်သည်။
နံနက် ရှစ်နာရီခန့်တွင် လင်းရန်က ချင်းရွှေမြို့သို့ ပြန်ရန် အကြံပြုလိုက်လေသည်။
လင်းရန် ပြုံးကာ မေးလိုက်၏။ "ရှင်းချန်... ကိုယ်တို့ ကောင်းကင်ယံကနေ တိုက်ရိုက် ပျံသွားရမလား... ဒါမှမဟုတ် ပင်လယ်ထဲ ဝင်ပြီး အဲဒီကနေ ပျံသွားရမလား... မင်း ဘယ်လို ထင်လဲ..."
"သဘောလေ..."
ရီရှင်းချန်က ပြုံးကာ လင်းရန်ကို သဘောအတိုင်း လုပ်ခွင့်ပေးလိုက်သော်လည်း သူမ၏ အကြံပြုချက်ကိုတော့ ပြောလိုက်သေး၏။ "ကျွန်မ ထင်တာကတော့ ကောင်းကင်ယံမှာ ခဏလောက် အရင်ပျံသန်းပြီး ကမ်းရိုးတန်းနား ရောက်တော့မှ ပင်လယ်ထဲ ဝင်ပြီး လူသူကင်းမဲ့တဲ့ နေရာကနေ ကုန်းပေါ် တက်တာ အကောင်းဆုံး ဖြစ်မယ် ထင်တယ်..."
"မင်း သဘောပဲလေ..."
လင်းရန်မှာ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ရီရှင်းချန်နှင့်အတူ ကုန်းမြေဆီသို့ ပြန်လည် ပျံသန်းသွားတော့သည်။
...
မီတာ တစ်သောင်း အမြင့်တွင် လင်းရန်နှင့် ရီရှင်းချန်တို့မှာ အနောက်ဘက်သို့ တိုက်ရိုက် မပျံသန်းဘဲ အနောက်မြောက်ဘက်သို့ အနည်းငယ် ယိမ်းကာ ချင်းရွှေပင်လယ်အော် ဆီသို့ ဦးတည်သွားနေကြသည်။
မည်သို့ပင်ဆိုစေ ချင်းရွှေပင်လယ်အော်ရှိ လင်းရန်၏ စံအိမ်မှာ ချင်းရွှေပင်လယ်အော်၏ တောင်ဘက်ကမ်းခြေတွင် တည်ရှိပြီး ပင်လယ်ကို မျက်နှာမူထားပေသည်။ သူတို့ ချင်းရွှေပင်လယ်အော်သို့ ရောက်သည်နှင့် အိမ်ရောက်သကဲ့သို့ပင် ဖြစ်ရာ ပြဿနာပေါင်းများစွာကို လျှော့ချပေးနိုင်မည် ဖြစ်ချေသည်။
ရီရှင်းချန်သည် ချီသန့်စင်ခြင်း အဆင့်ငါး အလယ်အဆင့်သို့ ရောက်ရှိသွားပြီးနောက် သာမန်အခြေအနေအောက်တွင် သူမ၏ ပျံသန်းမှု အမြန်နှုန်းမှာ အသံထက် နှစ်ဆ ပိုမြန်နေပြီ ဖြစ်လေသည်။ အကယ်၍ သူမသာ ဥက္ကာပျံ ခြေလှမ်းကို အသုံးပြုပါက အသံထက် သုံးဆ အတိအကျ ပိုမြန်မည်ဖြစ်ပြီး တစ်စက္ကန့်လျှင် ကီလိုမီတာ တစ်ဝက်ခန့် ရှိမည် ဖြစ်ပေသည်။
သူတို့နှစ်ဦးမှာ ဤအမြန်နှုန်းဖြင့် ပျံသန်းနေကြရာ အလွန်တရာ မြန်ဆန်လှပြီး ချင်းရွှေပင်လယ်အော် အထက် လေပိုင်နက်သို့ ရောက်ရှိရန် ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်သာ လိုတော့သည်။
"ကိုယ်တို့ ပင်လယ်ထဲ ဆင်းရအောင်... လေယာဉ်တွေ အရမ်းများလွန်းတယ်..."
သို့သော် နှစ်မိနစ်ခန့် ပျံသန်းပြီးနောက် လင်းရန်သည် ပင်လယ်ထဲသို့ ဆင်းသက်ရန် ပြတ်သားစွာ ဆုံးဖြတ်လိုက်လေသည်။ အခြား ရွေးချယ်စရာ မရှိပါချေ။ လေယာဉ်များ အလွန်တရာ များပြားလွန်းနေသောကြောင့်ပင်။ နှစ်မိနစ်အတွင်းမှာပင် သူတို့သည် လေယာဉ် ငါးစင်းနှင့် ဆုံတွေ့ခဲ့ရပြီး အားလုံးက မီတာ တစ်သောင်း အမြင့်တွင် ပျံသန်းနေကြခြင်း ဖြစ်၏။ ယင်းက လင်းရန်ကို ကိုယ်ဖျောက် ပညာရပ်အား အကြိမ်ကြိမ် အသုံးပြုစေရန် ဖိအားပေးနေပြီး အလွန်တရာ ဒုက္ခများကာ စွမ်းအင်လည်း အလွန်ကုန်ခမ်းစေလေသည်။
ဝှစ်... ဝှစ်...
လင်းရန်နှင့် ရီရှင်းချန်တို့သည် လျှပ်စီးများကဲ့သို့ လျင်မြန်စွာ ဆင်းသက်လာကြပြီး ပင်လယ်ရေမျက်နှာပြင် အောက်သို့ တိုက်ရိုက် ငုပ်လျှိုးဝင်ရောက်သွားကြသည်။ ရေကာပုလဲက ထပ်မံ၍ တောက်ပသော အပြာရောင် နေရာလွတ်တစ်ခုကို ဖန်တီးပေးပြီး သူတို့နှစ်ဦးကို အတွင်းတွင် လွှမ်းခြုံထားလိုက်၏။
"ဒီလို ယိုယွင်းနေတဲ့ ခေတ်ကြီးမှာ လူသားတွေက ကောင်းကင်ယံကို ဒီလိုမျိုး နေရာယူထားလိမ့်မယ်လို့ ငါ ဘယ်တုန်းကမှ မတွေးမိခဲ့ဘူး..."
လင်းရန် မျက်မှောင်ကြုတ်သွားပြီး ခေါင်းခါကာ သက်ပြင်းချလိုက်လေသည်။ ကျင့်ကြံသူကြီးများ ကောင်းကင်ယံတွင် ပျံသန်းသွားလာနေကြသော မူလကျင့်ကြံခြင်းလောကကို သူ ပြန်လည် သတိရမိသွား၏။ လူသားများ၊ မိစ္ဆာများနှင့် နေမင်းကိုပင် ကွယ်ဝှက်နိုင်သော အတောင်ပံများရှိသည့် ငှက်များစွာ ရှိကြပေသည်။ သူတို့က အုပ်စုငယ်များဖွဲ့ကာ စုစည်းနေတတ်ကြပြီး သဘောထားကွဲလွဲမှု အနည်းငယ် ရှိသည်နှင့် သေချေအသက်လု တိုက်ခိုက်ကြလေသည်။
မည်မျှ လွတ်လပ်ပေါ့ပါးလိုက်သလဲ...
သို့သော် ကမ္ဘာပေါ်တွင်တော့ ကျင့်ကြံသူများအတွက် နေရာလွတ်မှာ လူသားများ တီထွင်ထားသော အဆင့်မြင့် နည်းပညာ ထုတ်ကုန်များ၏ ညှစ်ထုတ်ခြင်းကို ခံနေရသည်မှာ ထင်ရှားလှပေသည်။ ကောင်းကင်တွင် လေယာဉ်များ ရှိပြီး၊ ပင်လယ်တွင် သင်္ဘောအမျိုးမျိုး ရှိကာ၊ ကုန်းပေါ်တွင်လည်း ကင်မရာများနှင့် cctv များ နေရာအနှံ့ ရှိနေလေသည်။
ယင်းက ချီသန့်စင်ခြင်း အဆင့်ငါး အထွတ်အထိပ်သို့ ရောက်ရှိနေပြီး နောက်တစ်ကြိမ် လွတ်လပ်စွာ ပျံသန်းသွားလာနိုင်ပြီဖြစ်သော လင်းရန်ကို အလွန်တရာ စိတ်မသက်မသာ ဖြစ်စေခဲ့၏။ သူ ကန့်သတ်ခံထားရသကဲ့သို့ ခံစားရပြီး လုံးဝကို ထိန်းချုပ်ခံထားရသည်ဟု ခံစားနေရသည်။
မိစ္ဆာနှိမ်နင်းအစည်းအဝေး ပြီးနောက် သုံးရက်အတွင်းမှာပင် လင်းရန်သည် အဓိက ကျင့်ကြံဆင့်ကြီး နှစ်ခုကို ချိုးဖြတ်နိုင်ခဲ့ပေသည်။ ယခုအခါ သူသည် ဓားကို အသုံးပြုစရာ မလိုဘဲ လေထဲတွင် တိုက်ရိုက် ပျံသန်းနိုင်ပြီ ဖြစ်လေသည်။ သူ အလွန် တက်ကြွနေပြီး အရာအားလုံးကို လျစ်လျူရှုကာ လောကကြီးထဲတွင် လွတ်လွတ်လပ်လပ် သွားလာလှုပ်ရှားရင်း လွတ်လပ်ပေါ့ပါးမှု၏ အရသာကို ခံစားချင်နေခဲ့၏။ သို့သော် သူ့အသိတရားက ထိုသို့ မလုပ်ရန် အမြဲ သတိပေးနေခဲ့ပေသည်။
အဘယ်ကြောင့်ဆိုသော် ယင်းက လွန်စွာ တုန်လှုပ်ချောက်ချားဖွယ် ကောင်းနေမည် ဖြစ်သောကြောင့်ပင်။
"ကိုယ်တို့ရဲ့ ပျံသန်းတဲ့ အမြင့် မှားနေလို့ ဖြစ်မယ်..."
ရီရှင်းချန်က လင်းရန်၏ စိတ်ပျက်အားငယ်မှုကို အာရုံခံမိပြီး ညင်သာစွာ နှစ်သိမ့်လိုက်လေသည်။ "ကျွန်မ သိသလောက်ဆိုရင် ခရီးသည်တင် လေယာဉ်အများစုရဲ့ ပျံသန်းတဲ့ အမြင့်က မီတာ ၇,၀၀၀ ကနေ ၁၂,၀၀၀ ကြားမှာ ရှိတယ်... ခုနက ကိုယ်တို့ ပျံသန်းခဲ့တာက မီတာ ၁၀,၀၀၀ ဆိုတော့ ခရီးသည်တင် လေယာဉ်အများစုအတွက် အကောင်းဆုံး ပျံသန်းတဲ့ အမြင့် ဖြစ်နေတာကြောင့် လေယာဉ်တွေ ပိုများနေတာပဲ..."
"ကိုယ်တို့သာ မီတာ ၆,၀၀၀ အောက် ဒါမှမဟုတ် မီတာ ၁၅,၀၀၀ အထက်မှာ ပျံသန်းမယ်ဆိုရင် အဲဒီလေယာဉ်တွေကို လုံးဝ ရှောင်ရှားနိုင်လိမ့်မယ်..."
"စိတ်ရှုပ်စရာကြီး..."
လူတိုင်း အံ့အားသင့်သွားစေမည့်အရာမှာ လင်းရန်က မျက်စောင်းထိုးကာ ပြန်လည်ချေပလိုက်ခြင်းပင်။ "ရှင်းချန်... အဲဒါက ဘယ်လို ယုတ္တိမျိုးလဲ... ကိုယ်တို့ ပျံသန်းနိုင်ပြီဆိုမှတော့ ဘယ်လောက်အမြင့်၊ ဘယ်လောက်အမြန် ပျံသန်းမလဲဆိုတာ ကိုယ်တို့ အပိုင်းပဲလေ... ကိုယ်တို့က ဘာလို့ အဲဒီလေယာဉ်တွေကို ရှောင်ပေးနေရမှာလဲ..."
ဤသည်ကား လင်းရန်၏ စတိုင်ပင် ဖြစ်လေသည်။ သူ့အမြင်တွင် ရီရှင်းချန်၏ စကားမှာ လူတစ်ယောက်က သင့်ကို လက်သီးဖြင့် ထိုးလိုက်သော်လည်း သင်က မည်သို့ ပြန်လည် တုံ့ပြန်ရမည်ကို မတွေးဘဲ အခြားတစ်ဖက်က ဘာကြောင့် ထိုးတာလဲ၊ ကိုယ် ဘာမှားသွားတာလဲ၊ နောက်တစ်ခါ ဘယ်လို ပြင်ရမလဲဟု ရပ်တွေးနေခြင်းနှင့် တူနေပေသည်။
ရီရှင်းချန်၏ စေတနာမှာ အချည်းနှီး ဖြစ်သွားပြီး လင်းရန်၏ ချေပချက်ကြောင့် သူမလည်း ဒေါသထွက်သွားရ၏။ သူမ၏ လှပသော မျက်လုံးများက စူးရဲသွားပြီး ပေါက်ကွဲထွက်လာလေသည်။ "ကောင်းပြီလေ... ရှင်က အရမ်းတော်နေတာကိုး... သွားပြီးတော့ ပျံသန်းလိုက်လေ... ကိုယ်မဖျောက်နဲ့... လေယာဉ်နား ကပ်ပျံပြီး အထဲက မိန်းမလှလေးတွေနဲ့ တိုက်ရိုက် စကားပြောလိုက်ပါလား..."
"..."
လင်းရန်မှာ ချက်ချင်း ဆွံအသွားခဲ့သည်။ သူက ခေါင်းကို ကုတ်ကာ ရှက်ရွံ့စွာ ရယ်မောလိုက်ပြီး.... "ဟဲဟဲ... ရှင်းချန်... စိတ်မဆိုးပါနဲ့ကွာ... ကိုယ်က ဒေါသထွက်လို့ ပြောလိုက်တာပါ..."
"ဟွန်း..."
ရီရှင်းချန်က လင်းရန်၏ စကားကြောင့် ရယ်မောလိုက်မိသော်လည်း သူမ အမှန်တကယ် စိတ်ဆိုးနေခြင်းတော့ မဟုတ်ပါချေ။ သူမ ချွဲနွဲ့သော လေသံဖြင့်.... "တကယ်ပြောတာ... ရှင် တကယ်ပဲ လွတ်လွတ်လပ်လပ် ပျံသန်းချင်တယ်ဆိုရင် နောက်တစ်ခါ မီတာ ၂၀,၀၀၀ အမြင့်မှာ ပျံဖို့ ကျွန်မ လိုက်ခဲ့ပေးမယ်... ဘယ်လေယာဉ်မှ လာမနှောင့်ယှက်ဘူးလို့ အာမခံတယ်..."
မီတာ ၂၀,၀၀၀ အမြင့်တဲ့လား။
အခန်း ၁၅၇၃ ပြီး