ကျန်းချန်နှင့် ရှဖေးတို့ စကားပြောနေစဥ်အတွင်း ကောင်းကင်ယံရှိ ရထားလုံးသည် စိမ်းလန်းသောမြစ်မြို့၏ ဗဟိုဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။
“ညီနောင်ကျန်းချန် ခရီးလမ်းတစ်လျှောက် စောင့်ရှောက်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်.. အခု စိမ်းလန်းသောမြစ်မြို့မှာ လူတွေနဲ့ ပြည့်နှက်နေတဲ့ အတွက် တည်းခိုဖို့ နေရာရှာရတာ လွယ်ကူမှာ မဟုတ်ဘူး.. ညီနောင်ကျန်းချန် အနှောင့်အယှက်မဖြစ်ဘူးဆိုရင် ငါနဲ့အတူ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ဆီ လိုက်ခဲ့ပါလား.. ငါ့ရဲ့အိမ်မှာ တည်းခိုနိုင်တာပေါ့.. ညီနောင်ကျန်းချန် လေလံပွဲကို တက်ရောက်ဖို့ အတွက် လေလံပွဲရဲ့ အထူးဧည့်သည်တော် ဖိတ်စာတစ်စောင်ကိုလည်း ငါစီစဥ်ပေးပါ့မယ်”
ရှဖေးက ကျန်းချန်ကို ပြုံး၍ ပြောလိုက်သည်။
“ကြီးကြပ်ရေးမှုးရှကို အလုပ်ရှုပ်သွားစေမိပြီ”
ကျန်းချန်က ရှဖေး၏ စေတနာကို မငြင်းပယ်ခဲ့ပေ။
သူက စိမ်းလန်းသောမြစ်မြို့သို့ ယခုမှ ရောက်ရှိလာသူ ဖြစ်၍ မြို့နှင့် ရင်းနှီးမှုမရှိပေ။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့အစည်းရှိ ရှဖေး၏ နေအိမ်တွင် တည်းခိုပြီး လေလံပွဲကို တိတ်တဆိတ် စောင့်ဆိုင်းခြင်းသည် ပို၍ အဆင်ပြေလိမ့်မည် ဖြစ်၏။
စိမ်းလန်းသောမြစ် မြို့အတွင်း၌ နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက်တွင် သူတို့အဖွဲ့သည် မြို့လယ်ရှိ မြင့်မားသော အဆောက်အဦးတစ်ခု ရှေ့သို့ အဆုံးသတ်တွင် ရောက်ရှိလာခဲ့သည်။
ထိုအဆောက်အဦး၏ တံခါးဝအထက်တွင် မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော ရွှေရောင်ဆိုင်းဘုတ် ပေါ်၌ နဂါးနှင့် ဖီးနစ်များ ကူးခတ်နေသကဲ့သို့ လက်ရေးဖြင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ဟု ရေးထိုးထားသည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ရှဖေးသည် ကိုင်တွယ်ဖြေရှင်းစရာ ကိစ္စရပ်များ ကျန်ရှိနေသဖြင့် သူ၏ လူယုံတစ်ဦးကို ကျန်းချန်တို့ နှစ်ဦးအား သူ၏ နေအိမ်သို့ အရင်ခေါ်သွားရန် အမိန့်ပေးလိုက်သည်။
မကြာမီမှာပင် ရှဖေး၏ လူယုံ ဦးဆောင်မှုဖြင့် ကျန်းချန်တို့ နှစ်ဦးသည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ခြံဝန်းတစ်ခုအတွင်း အခြေချနိုင်ခဲ့၏။
“သခင်ကြီး.. ကပ်ဘေးဆေးလုံးက အင်အားကြီးမားတဲ့ ကျင့်ကြံသူ အများအပြားကို ဆွဲဆောင်နိုင်ခဲ့တဲ့ပုံပဲ.. ကျွန်တော်တို့ရဲ့ ငွေကြေးအင်အားနဲ့ဆိုရင် ကပ်ဘေးဆေးလုံးကို ရဖို့ မလွယ်ကူလောက်ဘူး ထင်တယ်”
ရွှယ်ချန်ကျဲက သူ့ရှေ့ရှိ ကျန်းချန်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။
“ကိစ္စမရှိပါဘူး.. ငွေကြေးအင်အားတတ်နိုင်ရုံတောင် ကပ်ဘေးဆေးလုံးကို တိုက်ရိုက်ဝယ်ယူဖို့ အစီအစဥ်မရှိဘူး”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
ကပ်ဘေးဆေးလုံး၏ ဆွဲဆောင်မှုသည် အလွန်ပင် ကြီးမား၏။
ထို့ကြောင့် ကပ်ဘေးဆေးလုံးကို လေလံအောင်သည့် မည်သူမဆို လူအများ၏ ပစ်မှတ် ဖြစ်လာပေလိမ့်မည်။
ကပ်ဘေးဆေးလုံးကို ယူပြီး ဘေးကင်းကင်းနှင့် ထွက်သွားရန်မှာ မည်သို့မှ မလွယ်ကူနိုင်ပေ။
ဆိုရလျှင် ကပ်ဘေးဆေးလုံး ဆိုသည်မှာ ကောင်းကင်ကိုပင် ဆန့်ကျင်နေသော ဒဏ္ဍာရီလာဆေးလုံး ဖြစ်၏။
ထို့ကြောင့် ယခုတစ်ကြိမ်တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့အစည်းသည် လေလံပွဲတွင် မိုးထိအောင်မြင့်မားသော စျေးနှုန်းဖြင့် ရောင်းချမည်မှာ သေချာသလောက်ပင်။
သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်အားစုများနှင့် ယှဥ်ပြိုင်၍ ကပ်ဘေးဆေးလုံးကို လေလံဆွဲရန် ငွေကြေးအင်အား မရှိပေ။
ထို့အပြင် လေလံပွဲသည် ကပ်ဘေးဆေးလုံး အတွက် တိုက်ပွဲအစသာ ဖြစ်နိုင်မှန်း ကျန်းချန် ကောင်းစွာ သိထားခဲ့သည်။
ဆေးလုံးကို မည်သူက လေလံအောင်သည်ဖြစ်စေ၊ အခြားသူများသည် ထိုသူကို လွယ်လွယ်ကူကူ ထွက်သွားခွင့်ပေးမည် မဟုတ်ချေ။
အချိန်ကျလာလျှင် သူက အမှောင်ထဲတွင် ပုန်းအောင်းနေပြီး ရေနောက်မှ ငါးရှာသကဲ့သို့ ကပ်ဘေးဆေးလုံးကို လက်ထဲရောက်အောင် ယူရန် ဆုံးဖြတ်ထားခဲ့သည်။
ကျန်းချန်၏ စကားကို ကြားလျှင် ရွှယ်ချန်ကျဲသည် ထိုကိစ္စနှင့် ပတ်သက်၍ သိပ်မပြောတော့ပေ။
“သခင်ကြီး.. သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှကလည်း စိမ်းလန်းသောမြစ်မြို့ကို ရောက်နေလောက်ပြီ.. သူတို့ရဲ့ အခြေအနေကို ကျွန်တော် သွားစုံစမ်းလိုက်ရမလား”
ကျန်းချန်က ခေါင်းခါရမ်းကာ ပြောလိုက်သည်။
“မလိုပါဘူး.. လေလံပွဲကျင်းပတဲ့ အချိန်ကျရင် သူတို့ ပေါ်ထွက်လာပါလိမ့်မယ်”
ယခုခရီးစဥ်တွင် သူက ရွှယ်ဝူရှကို လုပ်ကြံရန်လာခြင်း မဟုတ်သဖြင့် ရွှယ်ဝူရှတို့ လူစု၏ သွားလာ လှုပ်ရှားမှုများကို ဂရုစိုက်နေရန် မလိုအပ်ပေ။
အကယ်၍ ရွှယ်ချန်ကျဲက အခြေအနေ သွားစုံစမ်းရင်း ရွှယ်ဝူရှက သူ မည်သူမည်ဝါ ဖြစ်မှန်း သိသွားခဲ့လျှင် မလိုလားအပ်သော ပြဿနာများ ဖြစ်လာနိုင်ပေသည်။
ရွှယ်ချန်ကျဲသည် အရှိန်အဝါကို ဖုံးကွယ်ထားပြီး ရုပ်ဖျက်ထားသော်လည်း သွေးနတ်ဆိုးဂိုဏ်း၏ မျက်လုံးများကိုမူ ဖုံးကွယ်နိုင်မည် မဟုတ်ပေ။
ဆိုရလျှင် ပြီးခဲ့သည့်အခေါက်က ရွှယ်ဟုန်ယန်ကို လုပ်ကြံစဥ်တွင် သူတို့သည် အလွန် လျှို့ဝှက်စွာ လုပ်ဆောင်ခဲ့သော်လည်း ရလဒ်အနေဖြင့် သူတို့ မည်သူမည်ဝါ ဖြစ်မှန်း ပေါ်ပေါက်သွားခဲ့သည်။
ထို့ကြောင့် သွေးနတ်ဆိုးဂိုဏ်းတွင် သူတို့ မည်သူမည်ဝါဖြစ်ကြောင်း ဖော်ထုတ်နိုင်သည့် နည်းလမ်းတချို့ ရှိနေသည်မှာ ထင်ရှားနေခဲ့၏။
ဤသို့ဖြင့်ပင် သူတို့နှစ်ဦးသည် ရှဖေး၏ ခြံဝန်းတွင် အခြေချကာ နေထိုင်ခဲ့ကြသည်။
ဒုတိယမြောက်နေ့ ရောက်မှသာ ရှဖေးသည် အနည်းငယ်ပင်ပန်းနွမ်းနယ်နေသော အသွင်အပြင်ဖြင့် ကျန်းချန်တို့ ရှေ့သို့ ရောက်လာခဲ့သည်။
“ညီနောင်ကျန်းချန်.. ဒါက လေလံပွဲရဲ့ အထူးဧည့်သည်တော်ဖိတ်စာပါ.. ဒီဖိတ်စာကို ယူပြီး လေလံပွဲကို တက်ရင် မင်းကိုအထူးတလှယ် ကြိုဆိုပါလိမ့်မယ်.. ဒါ့အပြင် အထူးဧည့်သည်တော် ဖိတ်စာရှိရင် လေလံပွဲမှာ မင်းဝယ်ယူသမျှ အရာတိုင်းအတွက် ဆယ်ရာခိုင်နှုန်း လျှော့စျေးကို ခံစားရလိမ့်မယ်”
ရှဖေးက အထူးဧည့်သည်တော် ဖိတ်စာကို ကျန်းချန်ထံ ပေးအပ်လိုက်သည်။
ကျန်းချန်က လက်သီးဆုပ်၍ ဂါဝရပြုကာ အလျင်အမြန်ပင် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် ကြီးကြပ်ရေးမှုးရှ”
“ညီနောင်ကျန်းချန် အားမနာပါနဲ့.. ငါကသာ မင်းကို ကျေးဇူးတင်ရမှာပါ.. မင်းရဲ့ အကူအညီသာ မပါရင် ဒီတစ်ခေါက် ငါ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ ဆီကို အသက်ရှင်လျက်တောင် ပြန်ရောက်မှာ မဟုတ်ဘူး”
ရှဖေးက လက်ကာပြ၍ ပြုံးကာ ပြောလိုက်သည်။
“ညီနောင်ကျန်းချန် အနေနဲ့ နောက်ရက်တွေမှာ ပျင်းနေရင် စိမ်းလန်းသောမြစ်မြို့က ကုန်သွယ်ရေးစျေးကို သွားကြည့်ပါလား.. အဲဒီနေရာမှာ တစ်ခါတစ်လေ ပစ္စည်းကောင်းတွေ အများကြီး ရှိတတ်တယ်.. ရှေးဟောင်းပစ္စည်းတွေလည်း အများကြီးရှိတယ်.. တစ်ခါတုန်းကဆိုရင် လူငယ်လေး တစ်ယောက်က ကုန်သွယ်ရေးစျေးမှာ ဆန်းကြယ်တဲ့ မှော်လက်နက် တစ်ခုကို တွေ့ရှိခဲ့ပြီး မဟာယာနအဆင့် ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦး ဖြစ်လာခဲ့ဖူးတယ်”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
သူက ရှဖေး ပြောပြသည့် ကုန်သွယ်ရေးစျေးကို အလွန်ပင် စိတ်ဝင်စားသွားမိသည်။
ယခုတစ်ကြိမ် စိမ်းလန်းသောမြစ်မြို့ ဆီသို့ သူလာရောက်ရသည့် အဓိက ရည်ရွယ်ချက်မှာ အဆင့်တက်ရန် အခွင့်အလမ်းကို ရှာဖွေရန် ဖြစ်သည်။
စိမ်းလန်းသောမြစ်မြို့၏ ကုန်သွယ်ရေးစျေးသည် ထိုမျှအထိ ထူးခြားနေလျှင် သူ၏ အဆင့်တက်မှု အတွက် လိုအပ်သည့်အရာကို ထိုနေရာတွင် ရှာတွေ့နိုင်လောက်၏။
အကယ်၍ ထိုအတိုင်းသာ ဖြစ်နေလျှင် ကပ်ဘေးဆေးလုံးအတွက် တကူးတက တိုက်ပွဲဝင်နေစရာပင် လိုအပ်တော့မည်မဟုတ်ပေ။
နောက်တစ်နေ့ နံနက်စောစောတွင် ရှဖေး စီစဥ်ပေးလိုက်သော လမ်းပြတစ်ဦးနှင့်အတူ ကျန်းချန်တို့သည် စိမ်းလန်းသောမြစ်မြို့ရှိ ကုန်သွယ်ရေးစျေးသို့ ရောက်ရှိလာခဲ့သည်။
စိမ်းလန်းသောမြစ် မြို့ရှိ ကုန်သွယ်ရေးစျေးသည် အထူး အဆောက်အအုံ တစ်ခုအတွင်း၌ တည်ရှိသည်။
ကျန်းချန်တို့ ကုန်သွယ်ရေးစျေး၏ တံခါးဝသို့ ရောက်ရှိလာချိန်တွင် စျေးအတွင်း၌ လူအသွားအလာ များပြားနေပြီ ဖြစ်သည်။
ဤကုန်သွယ်ရေးစျေးသည် တကယ်တမ်းတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ပံ့ပိုးမှုဖြင့် တည်ရှိနေခြင်း ဖြစ်ပြီး စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် စျေးကို စနစ်တကျ ရှိစေရန်အတွက် အစောင့်တချို့ကိုပင် စီစဥ်ပေးထားသည်။
သို့သော်လည်း ဤနေရာသို့ ဝင်ရောက်လာသူများ အတွက် ကန့်သတ်ချက်များ မရှိပေ။
ထိုအကြောင်းကြောင့်ပင် ကုန်သွယ်ရေးစျေးသည် လူမျိုးစုံ ရောပြွန်းနေသည်ဟုပင် ဆိုနိုင်၏။
ဤနေရာတွင် အချို့လူများသည် အလွန်တရာ တန်ဖိုးရှိသော ရတနာများကို အလွန်နည်းပါးသော စျေးနှုန်းဖြင့် ဝယ်ယူနိုင်ကြပြီး အချို့ကမူ စျေးနှုန်းကြီးကြီးမားမား ပေး၍ အမှိုက်များကို ဝယ်ယူမိတတ်ကြသည်။
ရှင်းလင်းစွာဆိုရလျှင် ကုန်သွယ်ရေးစျေး အတွင်းရှိ အရောင်းအဝယ် အားလုံးသည် မိမိ၏ ကျွမ်းကျင်မှုအပေါ်တွင်သာ မူတည်သည်။
ကုန်သွယ်ရေးစျေး အတွင်းသို့ ဝင်ရောက်ပြီးနောက်တွင် ကျန်းချန်သည် စျေးက အတော်လေး ကြီးကျယ်ခမ်းနားကြောင်း တွေ့ရှိခဲ့သည်။
မီတာထောင်ချီ ကျယ်ဝန်းသော ကုန်သွယ်ရေးစျေး အတွင်း စျေးဆိုင်အမျိုးမျိုး ရှိနေခဲ့၏။
ထိုစျေးဆိုင်များကို တစ်ဆိုင်ချင်းစီ လှည့်ပတ်ကြည့်ရှုလိုက်ပြီးနောက်တွင် ကျန်းချန်၏ မျက်နှာထက်၌ စိတ်ပျက်သော အရိပ်အယောင်များ ရုတ်တရက် ဖြစ်ပေါ်လာခဲ့သည်။
ဤကုန်သွယ်ရေးစျေးတွင် ပစ္စည်းအမျိုးအစား စုံလင်ပြီး ထူးဆန်းသော အရာ အများအပြား ရှိသလို အရည်အသွေးအတော်လေး ကောင်းမွန်သော်လည်း ကျန်းချန် အတွက်မူ သိပ်အသုံးမဝင်ပေ။
“ဆရာကျန်းချန်.. ကုန်သွယ်ရေးစျေးမှာ အလွှာသုံးလွှာ ရှိပါတယ်.. အပေါ်ထပ်ကို တက်သွားလေလေ ပိုပြီး တန်ဖိုးကြီးမားတဲ့အရာကို တွေ့ရလေလေပါပဲ.. ပထမအလွှာက သခင်ကြီးကျန်းချန်ကို စိတ်ကျေနပ်မှု မပေးနိုင်ဘူးဆိုရင် ဒုတိယအလွှာ ဒါမှမဟုတ် တတိယအလွှာကို သွားကြည့်နိုင်ပါတယ်”
ယင်းအချိန်တွင် ရှဖေး စီစဥ်ပေးထားသော လမ်းပြသည် ကျန်းချန် စိတ်ပျက်နေသည်ကို သတိပြုမိသွားခဲ့ပြီး အလျင်အမြန်ပင် ရှင်းပြလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် စိတ်အားတက်ကြွလာခဲ့ပြီး ချက်ချင်းဆိုသလိုပင် ပြောလိုက်သည်။
“ဒါဆိုရင် ငါတို့ကို ကုန်သွယ်ရေးစျေးရဲ့ ဒုတိယထပ်ဆီ ခေါ်သွားပေးပါ”
အခန်း(၂၅၀၁)ပြီး၏။
***