“ဆရာကျန်းချန် ကုန်သွယ်ရေးစျေးရဲ့ ဒုတိယအလွှာနဲ့တတိယအလွှာကို ဝင်ဖို့အတွက် ဝင်ကြေးပေးဆောင်ရပါမယ်.. ဒုတိယအလွှာအတွက် ဝင်ကြေးက ယွမ်ကျောက်တုံး ၁၀၀၀ ဖြစ်ပြီး တတိယအလွှာ အတွက်ကတော့ ယွမ်ကျောက်တုံး ၁၀၀၀၀ ဖြစ်ပါတယ်”
လမ်းပြဖြစ်သူက အလျင်အမြန်ပင် ပြောလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် မျက်ခုံးကို အနည်းငယ် ပင့်လိုက်မိသည်။
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ဤကုန်သွယ်ရေးစျေးကို အဘယ်ကြောင့် ပံ့ပိုးပေးထားမှန်း ယခုမှ သူကောင်းစွာ နားလည်သွားခဲ့သည်။
ဤကုန်သွယ်ရေး စျေးကွက်တွင် လူစီးဆင်းမှု အလွန်ပင် ကြီးမားသည်။
နေ့စဥ်နေ့တိုင်း ဤနေရာကို ရောက်ရှိလာကြသော လူများသည် မရေမတွက်နိုင်လောက်အောင်ပင် များပြား၏။
ဒုတိယအလွှာကို ဝင်လိုလျှင် တစ်ထောင် ပေးရပြီး တတိယအလွှာကို တစ်သောင်း ပေးရ၏။
ဝင်ကြေး သက်သက်ဖြင့်ပင် အင်မတန် များပြားသော ငွေကြေး ဖြစ်နေခဲ့ချေပြီ။
ထိုအခိုက်အတန့်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို ယွမ်ကျောက်တုံး တစ်ထောင် ဝင်ကြေးပေးခိုင်းကာ ကုန်သွယ်ရေးစျေး၏ ဒုတိယအလွှာသို့ ဝင်ရောက်ခဲ့သည်။
ကုန်သွယ်ရေးစျေး၏ ဒုတိယအလွှာသို့ ရောက်ရှိချိန်တွင် ဆူညံသံများသည် ရုတ်တရက် အတော်လေး တိတ်ဆိတ်သွားခဲ့သည်။
ဒုတိယအလွှာ၏ ဧရိယာသည် ပထမအလွှာထက် သေးငယ်ခြင်း မရှိပေ။
ထို့အပြင် ဒုတိယအလွှာရှိ ဆိုင်ခန်းများသည် ပထမအလွှာရှိ ဆိုင်ခန်းများထက် ပိုမို၍ပင် အဆင့်မြင့်သည်မှာ ထင်ရှား၏။
ဆိုင်ခန်းများတွင် မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသည့် ခရစ္စတယ် စင်မြင့်များ အစီအရီ ရှိနေကြသည်။
ထိုခရစ္စတယ် စင်မြင့်များသည် စင်မြင့်ပေါ်ရှိ ပစ္စည်းကို ကာကွယ်ရန် အတွက် မမြင်နိုင်သော အတားအဆီး တစ်ခုကို အလိုအလျောက် ဖန်တီးပေးထားနိုင်ကြောင်း ကျန်းချန် ခပ်ရေးရေး ခံစားမိခဲ့သည်။
အဝေးက တစ်ချက် ကြည့်လိုက်ရုံဖြင့်ပင် ခရစ္စတယ်စင်မြင့်ပေါ်ရှိ ပစ္စည်းများသည် အတော်လေး အဆင့်မြင့်နေသည်ကို တွေ့ရှိခဲ့ရ၏။
ဒုတိယအလွှာသို့ ဝင်ရောက်ရန် ယွမ်ကျောက်တုံး တစ်ထောင် ပေးဆောင်ရန် လိုအပ်သောကြောင့် အဆင့်နိမ့် ကျင့်ကြံသူ အများအပြားသည် ဒုတိယအလွှာသို့ ဝင်ရောက်လေ့ မရှိကြပေ။
အဆုံးသတ်တွင် ယွမ်ကျောက်တုံးတစ်ထောင် ဆိုသည်မှာ သန္ဓေဝိညာဥ်အဆင့် ကျင့်ကြံသူ အများစု အတွက် မနည်းလှသော ပမာဏ ဖြစ်၏။
ထိုအကြောင်းကြောင့်ပင် ဒုတိယအလွှာသို့ ဝင်ရောက်လာသော ကျင့်ကြံသူများသည် အနည်းဆုံး ဝိညာဥ်ခွဲထွက်ခြင်းအဆင့်သို့ ရောက်ရှိနေသူများ ဖြစ်ကြသည်။
ကျင့်ကြံသူများသည် မိမိတို့ နှစ်သက်သည့် ပစ္စည်းများကို တိတ်တဆိတ် ကြည့်ရှုနေကြပြီး လဲလှယ်မည့် အခြေအနေများကို ဆိုင်ရှင်နှင့် ခပ်တိုးတိုး ဆွေးနွေးနေခဲ့ကြသည်။
ကျန်းချန်၏ အကြည့်သည် ခရစ္စတယ်စင်မြင့်များ ဆီသို့ ရောက်ရှိနေခဲ့သည်။
ခရစ္စတယ်စင်မြင့်များ ပေါ်ရှိ အရာများသည် ပြင်ပကမ္ဘာတွင် ရှားပါးသော ကျင့်ကြံခြင်း ရတနာများ ဖြစ်ကြသော်လည်း ကျန်းချန်ကို ဆွဲဆောင်နိုင်သည့် အရာတစ်ခုမှ မရှိပေ။
ဒုတိယအလွှာတွင် ခဏမျှ လှည့်ပတ်ကြည့်ရှုပြီးနောက်တွင် ကျန်းချန်၏ နောက်၌ တိတ်တဆိတ် လိုက်ပါလာသော ရွှယ်ချန်ကျဲသည် ရုတ်တရက် ခြေလှမ်း ရပ်တန့်သွားခဲ့သည်။
သူ၏ အကြည့်သည် ဘယ်ဘက်ရှိ ခရစ္စတယ်စင်မြင့် ပေါ်သို့ ကျရောက်သွားခဲ့၏။
ကျန်းချန်က အံ့အားသင့်သွားခဲ့ပြီး ရွှယ်ချန်ကျဲ ကြည့်နေသည့်နေရာကို လှမ်းကြည့်လိုက်သည်။
ထိုအခါ လက်တစ်ဝါးစာ အရွယ်အစားခန့် ရှိသည့် ရှေးဟောင်း သစ်သားသေတ္တာလေး တစ်လုံးကို မြင်လိုက်ရသည်။
ထိုသစ်သားသေတ္တာထဲတွင် သွေးရောင်လွှမ်းနေသော ဘဲဥအသွင်အပြင် ရှိသည့် ဆန်းကြယ်သော သစ်သီးတစ်လုံး ရှိနေခဲ့သည်။
ခရစ္စတယ်စင်မြင့်တွင် ကာကွယ်ရေးအတားအဆီး ရှိနေသော်လည်း ကျန်းချန်သည် ထိုသွေးရောင်သစ်သီးကနေ ပျံ့လွင့်လာသည့် ပြင်းထန်သော သွေးစွမ်းအင်ကို ခံစားမိခဲ့သည်။
သံသယ ဖြစ်စရာ မလိုလောက်အောင်ပင် ထိုသွေးရောင်သစ်သီးသည် သွေးစွမ်းအင်ကို ကျင့်ကြံသူများ အတွက် စိတ်ကူးအိပ်မက်ထဲမှ ရတနာတစ်ပါး ဖြစ်သည်မှာ ထင်ရှားနေခဲ့၏။
“သခင်ကြီး.. ဒီသစ်သီးက မိုးမခသွေးနတ်ဆိုးသစ်သီး ဖြစ်မယ်ထင်တယ်”
မိုးမခသွေးနတ်ဆိုးသစ်သီးသည် စစ်မှန်သော အဆီအနှစ်စွမ်းအားများနှင့် သွေးများကို စုပ်ယူပြီး ပေါက်ဖွားလာသည့် နတ်ဆိုးသစ်သီး အမျိုးအစား ဖြစ်သည်။
ယေဘုယျအားဖြင့် ကျင့်ကြံသူ အများအပြား ကျဆုံးသွားသည့် ရှေးဟောင်း စစ်မြေပြင်များတွင်သာ ပေါက်ဖွားတတ်၏။
“သခင်ကြီး.. ဒီသစ်သီးကိုသာ ရမယ်ဆိုရင် ကျွန်တော့်အနေနဲ့ အဆင့်တက်ပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်လိမ့်မယ်”
မိုးမခသွေးနတ်ဆိုးသစ်သီးကို ကြည့်ရင်း ရွှယ်ချန်ကျဲ၏ မျက်ဝန်းထဲတွင် လိုချင်တပ်မက်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က အနည်းငယ် စဥ်းစားလိုက်ပြီးမှ ပြောလိုက်သည်။
“ဒါဆိုရင်လည်း မိုးမခသွေးနတ်ဆိုးသစ်သီးကို ဘာနဲ့ လဲလှယ်နိုင်မလဲ ဆိုတာ မေးကြည့်ကြတာပေါ့”
ကျန်းချန်သည် အင်မော်တယ် ကျင့်ကြံခြင်း စကြာဝဠာသို့ တစ်ဦးတည်းလာခဲ့ခြင်း ဖြစ်ပြီး ဤနေရာတွင် သူက အင်အားနည်းပါးကာ အားကိုးရာ လုံးဝမရှိပေ။
အကယ်၍ ရွှယ်ချန်ကျဲသာ မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦး သို့မဟုတ် မဟာယာနအဆင့် အထိ တက်လှမ်းနိုင်ခဲ့လျှင် နောင်အခါတွင် သွေးနတ်ဆိုးဂိုဏ်းကို ပြဿနာရှာရန် အတွက် သူ့အတွက် များစွာ အထောက်အကူ ဖြစ်စေပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်က တုံ့ဆိုင်းမနေဘဲ ရွှယ်ချန်ကျဲနှင့် အတူ မိုးမခသွေးနတ်ဆိုးသစ်သီး ရှိသည့် ခရစ္စတယ်စင်မြင့် ဆီသို့ လျှောက်သွားလိုက်သည်။
“ဒီကမိတ်ဆွေ ဘယ်ပစ္စည်းကို သဘောကျလို့လဲ”
ခရစ္စတယ်စင်မြင့်၏ အနားရှိ လမ်းစဥ်ပေါင်းစည်းခြင်း အဆင့် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို တစ်ဦးသည် ကျန်းချန်တို့ နှစ်ဦး ချဥ်းကပ်လာသည်ကို မြင်လျှင် ပြုံး၍ မေးလိုက်သည်။
ကျန်းချန်က အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို အပိုစကားများ ပြောမနေဘဲ မိုးမခသွေးနတ်ဆိုးသစ်သီး ဆီသို့ လက်ညှိုးထိုးပြကာ မေးလိုက်သည်။
“ငါ ဒီပစ္စည်းကို လိုချင်တယ်”
“ဟားဟား မိတ်ဆွေလေးက မိုးမခသွေးနတ်ဆိုးသစ်သီးကို သဘောကျနေတာကိုး”
အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ဒီ မိုးမခသွေးနတ်ဆိုးသစ်သီးကို ငါ့ရဲ့မိတ်ဆွေ တစ်ယောက်က ရှေးဟောင်းစစ်မြေပြင် တစ်ခုကနေ ကြီးမားတဲ့ ပေးဆပ်မှုတွေ ပြုလုပ်ပြီးမှ ရယူနိုင်ခဲ့တာပဲ. ဒီသစ်သီးက သာမန်ကျင့်ကြံသူတွေ အတွက် သိပ်ပြီး အသုံးမဝင်ပေမဲ့ သွေးစွမ်းအင်ကို ကျင့်ကြံသူတွေ အတွက်ကတော့ စိတ်ကူးအိပ်မက်ထဲက ရတနာတစ်ပါး ဖြစ်မှာ အသေအချာပဲ”
အနက်ရောင်ဝတ် အဘိုးအိုသည် စကားပြောနေရင်း ကျန်းချန်၏ နံဘေးရှိ ရွှယ်ချန်ကျဲကို လှမ်းကြည့်လိုက်သည်။
ထို့နောက်တွင် အဘိုးအိုက သူ၏ မုတ်ဆိတ်ကို သပ်ကာ ပြောလိုက်သည်။
“ဒီ မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်ရုံပဲ လက်ခံပြီး မရောင်းပါဘူး.. ငါ ဒီသစ်သီး အတွက် အသက်စွမ်းအင် အမျိုးအစား ရတနာနဲ့ပဲ လဲလှယ်ချင်ပါတယ်”
ထိုစကားကိုကြားလျှင် ရွှယ်ချန်ကျဲသည် မျက်မှောင် အနည်းငယ် ကြုတ်သွားခဲ့သည်။
အသက်စွမ်းအင် ရတနာသည် အလွန်တရာ ရှားပါးသော ရတနာအမျိုးအစား ဖြစ်သည်။
သူက ကြယ်တာရာကောင်းကင်ယံတွင် နှစ်အတန်ကြာ လုယက်ခဲ့သဖြင့် အရင်းအမြစ် များစွာ ရရှိခဲ့သော်လည်း အသက်စွမ်းအင် အမျိုးအစား ရတနာ တစ်ခုမှ မရရှိခဲ့ပေ။
ကျန်းချန်ကလည်း အနည်းငယ် တွေးတောနေခဲ့သည်။
အသက်စွမ်းအင် အမျိုးအစား ရတနာများသည် နတ်ဘုရားနယ်မြေတွင် ဖြစ်စေ၊ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတွင် ဖြစ်စေ၊ အလွန်တရာ ရှားပါးသော ရတနာအမျိုးအစား ဖြစ်သည်။
လက်ရှိ ကျန်းချန်တွင် ရှိနေသည့် တစ်ခုတည်းသော အသက်စွမ်းအင် ရတနာမှာ အသက်သစ်ကိုင်းပင် ဖြစ်၏။
ထို့အပြင် သူက အသက်သစ်ကိုင်းကို ပြီးခဲ့သည့် အကြိမ်က သုံးပုံ တစ်ပုံခန့် အသုံးပြုထားပြီးပြီ ဖြစ်သည်။
ကျန်းချန်က တစ်ခဏမျှ စဥ်းစားလိုက်ပြီးနောက်တွင် အသက်သစ်ကိုင်းကို ထပ်မံ၍ ခွဲထုတ်ကာ မိုးမခသွေးနတ်ဆိုးသစ်သီးကို ရွှယ်ချန်ကျဲ အတွက် လဲလှယ်ပေးရန် ဆုံးဖြတ်လိုက်သည်။
ယခုအခါတွင် ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် နတ်ဘုရင် နဝမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူကျင့်ကြံနေသည်မှာလည်း အသက်လမ်းစဥ် မဟုတ်သဖြင့် အသက်သစ်ကိုင်းသည် သူ့အတွက် သိပ်ပြီး အကျိုးမရှိတော့ပေ။
ထိုသို့ တွေးမိပြီးနောက်တွင် ကျန်းချန်သည် တုံ့ဆိုင်းမနေတော့ဘဲ သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ သုံးလက်မခန့်အရွယ်အစားရှိသော အသက်သစ်ကိုင်း တစ်ခက်သည် သူ၏ လက်ဖဝါးထဲတွင် ပေါ်လာခဲ့သည်။
သူက အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုကို ပြုံး၍ ကြည့်ကာ ပြောလိုက်သည်။
“ဒီအသက်သစ်ကိုင်းနဲ့ ခင်ဗျားရဲ့ မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်မယ် ဆိုရင် ဘယ်လိုသဘောရလဲ”
ကျန်းချန်၏ လက်ထဲရှိ အသက်သစ်ကိုင်းမှ ထွက်ပေါ်လာသော အသက်စွမ်းအား အရှိန်အဝါကို ခံစားမိလျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအို၏ မျက်ဝန်းများသည် ရုတ်တရက် အနည်းငယ် တောက်ပသွားခဲ့သည်။
သို့သော်လည်း အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် လဲလှယ်ရန် အလျင်မလိုခဲ့ပေ။
သူက ကျန်းချန်ကို တည်ငြိမ်စွာ ပြောလိုက်သည်။
“မိတ်ဆွေလေး.. မိုးမခသွေးနတ်ဆိုးသစ်သီးက ကမ္ဘာပေါ်မှာ ထူးခြားတဲ့ အရာတစ်ခုပဲ.. ဒီအသက်သစ်ကိုင်းနဲ့ မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်ရတာက င့ါဘက်က အနည်းငယ် ရှုံးနေသလိုပဲ”
“ဒါဆိုလည်း စိတ်မရှိပါနဲ့.. ကျုပ်မှာ ဒီအသက်သစ်ကိုင်း တစ်ခုပဲ ရှိတယ် တကယ်လို့ ခင်ဗျား မလဲချင်ဘူး ဆိုရင်လည်း ထားလိုက်တော့”
ထိုစကားကို ပြောပြီးနောက်တွင် ကျန်းချန်သည် လှည့်ထွက်သွားရန် ပြင်လိုက်သည်။
“မိတ်.. မိတ်ဆွေလေး ခဏနေပါဦး.. ငါမင်းနဲ့ လဲပါ့မယ်”
ကျန်းချန်က ဆိုင်ထဲကနေ ပြတ်ပြတ်သားသား ထွက်ခွာသွားတော့မည်ကို မြင်လျှင် အနက်ရောင်ဝတ်စုံဝတ် အဘိုးအိုသည် ကျန်းချန်ကို အလျင်အမြန်ပင် ဟန့်တားလိုက်သည်။
ထိုစကားကို ကြားလျှင် ကျန်းချန်သည် သူ၏ လက်ထဲရှိ အသက်သစ်ကိုင်း တစ်ခက်နှင့် မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်လိုက်သည်။
“ချန်ကျဲ.. မိုးမခသွေးနတ်ဆိုးသစ်သီးကို ယူထားလိုက်”
ကျန်းချန်က မိုးမခသွေးနတ်ဆိုးသစ်သီးကို ရရှိပြီးနောက်တွင် သူ၏ နံဘေးရှိ ရွှယ်ချန်ကျဲထံ ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ် သခင်ကြီး”
ရွှယ်ချန်ကျဲသည် ကျန်းချန်ကို ကျေးဇူးတင်သော အမူအရာဖြင့် မကြည့်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
ကျန်းချန်က သူ့အတွက် မိုးမခသွေးနတ်ဆိုးသစ်သီးကို လဲလှယ်ပေးလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။
ကျန်းချန်က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်း အားနာနေဖို့မလိုဘူး.. ပြောရရင် ငါတို့ရဲ့လက်ရှိအခြေအနေက သိပ်ကောင်းတာ မဟုတ်ဘူး.. မင်းအမြန်ဆုံး အဆင့်တက်နိုင်ဖို့ ငါမျှော်လင့်ပါတယ်”
အဆုံးသတ်တွင် သွေးနတ်ဆိုးဂိုဏ်းသည် ကိုင်တွယ်ရ မလွယ်ကူသော ဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။
ရွှယ်ချန်ကျဲသည် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း ပါရမီရှင်တစ်ဦး အဖြစ် သတ်မှတ်နိုင်သူ ဖြစ်သည်။
မဟာယာန တစ်ပိုင်းအဆင့်သို့ ရောက်ရှိသွားသည်နှင့် ရွှယ်ချန်ကျဲ၏ စွမ်းရည်သည် အလွန်တရာ ကြောက်မက်ဖွယ်ရာ ကောင်းသော အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူတို့နှစ်ဦး အတူတူ ပူးပေါင်းလိုက်သည်နှင့် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိကောင်း ရှိလာနိုင်ပေသည်။
ထို့အပြင် သွေးနတ်ဆိုးဂိုဏ်းကို ယှဥ်ပြိုင်နိုင်မည့် အခြေခံအင်အား တချို့လည်း ရှိလာပေလိမ့်မည်။
အခန်း(၂၅၀၂)ပြီး၏။
***