မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ ယုံကြည်ရခက်သော အဖြေကြောင့် ထိုနေရာရှိ လူအများစုသည် ကြေးနီပြားပေါ်တွင် စိတ်ဝင်စားမှု လျော့နည်းသွားကြသည်။
ကုန်သွယ်ရေး စျေးလောကသည် အလွန်တရာပင် နက်ရှိုင်းလှသည်ဖြစ်ရာ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ စကားတစ်ခွန်းကြောင့်ဖြင့် ဤကြေးနီပြားက ထျန်းယွိနှင့် အမှန်တကယ် ပတ်သက်နေမည်ဟု မည်သူမျှ အလွယ်တကူ ယုံကြည်လိမ့်မည် မဟုတ်ပေ။
ထို့အပြင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို တောင်းဆိုနေသော စျေးနှုန်းသည် မယုံကြည်နိုင်လောက်အောင် မြင့်မားလွန်းနေသဖြင့် ထိုနေရာရှိ ကျင့်ကြံသူ အများစုကို လက်ရှောင် သွားစေရန် လုံလောက်၏။
ရွှယ်ဝူရှ ကဲ့သို့ ငွေကြေးတတ်နိုင်သူများ ရှိနေလျှင်ပင် ကြေးနီပြား၏ စစ်မှန်သော အသုံးဝင်ပုံကို အသေအချာ မသိဘဲ စွန့်စားမှု ပြုကြလိမ့်မည် မဟုတ်ပေ။
အဆုံးသတ်တွင်မူ ယခုတစ်ကြိမ် သူတို့အားလုံး စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့သို့ လာရောက်ရသည့် အဓိကရည်ရွယ်ချက်သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က လေလံတင်တော့မည့် ကပ်ဘေးဆေးလုံးကြောင့် ဖြစ်သည်။
ယွမ်ကျောက်တုံး တစ်သန်း ဆိုသည်မှာ သူတို့အတွက် နည်းပါးသော ပမာဏ မဟုတ်ပေ။
အကယ်၍ ဤကြေးနီပြားအတွက် ယွမ်ကျောက်တုံး တစ်သန်း အသုံးပြုလိုက်လျှင် ကပ်ဘေးဆေးလုံး အတွက် လေလံဆွဲရာတွင် သူတို့ အပေါ် ကြီးမားသော သက်ရောက်မှု ရှိလာနိုင်ပေသည်။
ကျင့်ကြံသူ အများအပြားက ကြေးနီပြားနှင့် ပတ်သက်၍ နောက်ဆုတ်သွားသည်ကို မြင်လျှင် ကျန်းချန် အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။
သူက ရွှယ်ချန်ကျဲ ထံသို့ အသံလွှင့်ကာ မေးလိုက်သည်။
“ချန်ကျဲ မင်းဆီမှာ ယွမ်ကျောက်တုံး တစ်သန်း ရှိလား”
“ရှိတယ် သခင်ကြီး”
ရွှယ်ချန်ကျဲက အနည်းငယ် အံ့အားသင့်သွားသော်လည်း ပြန်လည် ဖြေကြားလိုက်သည်။
ယခင်က သူသည် သွေးနတ်ဆိုးဂိုဏ်း၏ ကပ်ဘေးအဆင့်ကျင့်ကြံသူ ဖြစ်ခဲ့ပြီး ယခုအခါတွင် ကပ်ဘေး အထွတ်အထိပ် အဆင့်ကို ရောက်ရှိနေသော ကျင့်ကြံသူ တစ်ဦး ဖြစ်သည်။
သူ စုဆောင်းထားသည့် ယွမ်ကျောက်တုံးများမှာ အဆင့်တက်ရန် အတွက် လိုအပ်သည့် ရတနာများကို ဝယ်ယူရန် ရည်ရွယ်ထားခြင်း ဖြစ်၏။
ယခုအခါတွင် ကျန်းချန်က သူ့အတွက် မိုးမခသွေးနတ်ဆိုးသစ်သီးကို ဝယ်ယူပေးထားပြီးပြီ ဖြစ်ရာ လောလောဆယ်တွင် အခြား ရတနာများကို ဝယ်ယူရန် မလိုအပ်တော့ပေ။
“စီနီယာ ဒီကြေးနီပြားကို ကျွန်တော်ဝယ်မယ်”
ကျန်းချန်က ခပ်ယဲ့ယဲ့ ပြုံးလိုက်ပြီး ရွှယ်ချန်ကျဲကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“ချန်ကျဲ စီနီယာကို ယွမ်ကျောက်တုံးတစ်သန်း ပေးလိုက်ပါ”
“ဝုန်း..”
ကျန်းချန်၏ စကားအဆုံးတွင် ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူ အများအပြား၏ အကြည့်သည် ကျန်းချန်၏ ခန္ဓာကိုယ် ပေါ်သို့ စုပြုံ၍ ကျရောက်လာခဲ့သည်။
လူအများအပြားက ကျန်းချန်ကို လူအ တစ်ယောက် ကဲ့သို့ ကြည့်နေခဲ့ကြသည်။
ပျက်စီးနေသော ကြေးနီပြား တစ်ချပ် အတွက် ယွမ်ကျောက်တုံး တစ်သန်းကို အမှန်တကယ် ပေးဝယ်သူ ရှိလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ပေ။
ရွှယ်ချန်ကျဲသည် စိတ်ထဲတွင် သံသယတချို့ ရှိနေသော်လည်း ကျန်းချန်၏ ညွှန်ကြားချက်ကို လိုက်နာကာ ယွမ်ကျောက်တုံး တစ်သန်းကို ထုတ်ယူ၍ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုထံ ပေးလိုက်သည်။
ကျန်းချန်က ကြေးနီပြားကို ဝယ်ယူရန် ယွမ်ကျောက်တုံးတစ်သန်းကို အမှန်တကယ် ထုတ်ပေးနေသည်အား မြင်လျှင် မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအို၏ မျက်ဝန်းထဲတွင် ဇဝေဇဝါအမူအရာများ ဖြစ်ပေါ်လာခဲ့၏။
သူက ဤကြေးနီပြားကို ထျန်းယွိ ကျင့်ကြံခဲ့သည်ဟု ယူဆရသည့် ရှေးဟောင်း အမွေအနှစ်နယ်မြေ အတွင်း စူးစမ်းရှာဖွေစဥ်က ရရှိခဲ့ခြင်း ဖြစ်သည်။
သို့သော်လည်း နှစ်အတန်ကြာအောင် ကြေးနီပြားကို အသေးစိတ် သုတေသန ပြုလုပ်ခဲ့သည့်တိုင် ထူးခြားသော အရာတစ်ခုကိုမျှ ရှာမတွေ့ခဲ့ပေ။
သူ့အနေဖြင့် ကြေးနီပြားကို ဤမျှအထိ စျေးတင်ထားခြင်းမှာ ကြေးနီပြား၏ လျှို့ဝှက်ချက်ကို သိရှိနိုင်သူ ရှိ၊မရှိ စမ်းသပ်လိုသောကြောင့်သာ ဖြစ်၏။
သူ့ရှေ့မှ ကောင်လေးသည် ကြေးနီးပြားကို ဝယ်ယူရန် ယွမ်ကျောက်တုံး တစ်သန်းကို တုံ့ဆိုင်းမှု မရှိဘဲ သုံးစွဲလိုက်ပုံထောက်လျှင် တစ်စုံတစ်ရာကို ရှာတွေ့သွား၍များ ဖြစ်နိုင်ပါသလော။
“ယူထားလိုက်.. ဒီကြေးနီပြားက မင်းအပိုင် ဖြစ်သွားပြီ”
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ခပ်ပြတ်ပြတ်ပင် ပြောလိုက်ပြီး သူ၏ လက်ဖဝါးကို ဝှေ့ယမ်းလိုက်ရာ ကြေးနီပြားသည် ကျောက်စိမ်းစင်မြင့်ထက်ကနေ ကျန်းချန် ထံသို့ ပျံသန်းသွားခဲ့သည်။
ကျန်းချန်က အလွန်အမင်း ဝမ်းသာသွားခဲ့ပြီး ကြေးနီပြားကို ဖမ်းရန် လက်လှမ်းလိုက်၏။
ကျန်းချန်၏ လက်ဖဝါးက ကြေးနီပြားနှင့် ထိတွေ့တော့မည့် အခိုက်အတန့်မှာပင် အနက်ရောင်အရိပ် တစ်ခုသည် ကျန်းချန်၏ ရှေ့ရှိ လေထုထဲတွင် တစ္ဆေတစ်ကောင်နှယ် ရုတ်တရက် ပေါ်လာခဲ့ပြီး ကြေးနီပြားကို ဖမ်းယူလိုက်သည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ နားထဲကို ခပ်ထေ့ထေ့ ရယ်သံတစ်သံ ဝင်ရောက်လာခဲ့သည်။
“ဟားဟား ဒီကမိတ်ဆွေ.. ငါလည်း ဒီကြေးနီပြားကို သဘောကျတယ်.. မိတ်ဆွေ ငါ့ကို ဒီကြေးနီပြား ပေးလို့ရမလား”
ထိုခဏဝယ် ကျန်းချန်၏ မျက်နှာ အမူအရာသည် ချက်ချင်းဆိုသလိုပင် အလွန်တရာ သုန်မှုန်သွားခဲ့သည်။
သူ့ရှေ့တွင် ပေါ်လာသူမှာ နဂါးပုံစံ ချည်ထိုးထားသော အနက်ရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် ခန့်ညားသော ရုပ်ရည်ရှိပြီး နူးညံ့သော အပြုံးကို ဆင်မြန်းထားသည့် လူငယ်တစ်ဦး ဖြစ်သည်။
သို့သော်လည်း ထိုအပြုံးသည် မည်သူ့ကိုမဆို ကြက်သီးထစေလောက်သော ခံစားချက် ပေးစွမ်းနေခဲ့၏။
အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ နောက်တွင် ပုံရိပ်နှစ်ခုသည် ကပ်ရပ် လိုက်ပါလာခဲ့သည်။
ထိုနှစ်ဦး၏ အရှိန်အဝါသည် အလွန်တရာပင် နက်ရှိုင်းပြီး ကျင့်ကြံခြင်း အဆင့်သည် မဟာယာန တစ်ပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ထိုနှစ်ယောက်အနက် မဟာယာန တစ်ပိုင်းအဆင့် အနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် အမျိုးသား၏ ခန္ဓာကိုယ်မှ အရှိန်အဝါသည် ကျန်းချန်ကို အလွန် ရင်းနှီးနေသကဲ့သို့ ခံစားရစေခဲ့၏။
“ဒီအနက်ရောင်ဝတ်စုံဝတ် လူလတ်ပိုင်းအရွယ် ကျင့်ကြံသူက ကျိုလီအင်မော်တယ်ဂိုဏ်းက အနက်ရောင် ယူနီကွန်း ဖြစ်နေတာပဲ”
ကျန်းချန်က ရုတ်တရက် မျက်မှောင်ကြုတ်သွားခဲ့သည်။
ဤအခိုက်အတန့်တွင် သူ၏ ကြေးနီပြားကို လုယူသွားသောလူငယ်မှာ မည်သူမည်ဝါ ဖြစ်မှန်း ကျန်းချန် ခန့်မှန်းရ လွယ်ကူသွားခဲ့၏။
ထိုလူငယ်သည် ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ်ပါရမီရှင် ဖြစ်သည့် လီရှောင်မှ လွဲ၍ အခြားသူ မဖြစ်နိုင်ပေ။
လီရှောင်၏ ရုတ်တရက် ဝင်ရောက် နှောင့်ယှက်မှုကြောင့် ဤနေရာရှိ လူအများအပြားသည် အံ့အားသင့်သွားကြသည်။
ဤနေရာရှိ လူများသည် လီရှောင် မည်သူမည်ဝါ ဖြစ်မှန်း ကောင်းစွာ သိရှိထားကြ၏။
ကျိုလီအင်မော်တယ်ဂိုဏ်းမှ ပါရမီရှင်သည် လျှို့ဝှက်ဆန်းကြယ်သော ကြေးနီပြားကို ဝင်ရောက် လုယူလိမ့်မည်ဟု သူတို့ မထင်ထားခဲ့ကြပေ။
ကြေးနီပြားသည် အမှန်တကယ်ပင် အံ့မခန်း ရတနာတစ်ပါး ဖြစ်နေပါသလော။
ထိုအခိုက်အတန့်တွင် ရွှယ်ဝူရှ၏ မျက်ဝန်းများတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ယခု တစ်ကြိမ် စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့သို့ လီရှောင် လာရောက်ရသည့် ရည်ရွယ်ချက်မှာ လေလံပွဲအတွက် ဖြစ်မှန်း ရွှယ်ဝူရှ ကောင်းစွာ သိရှိထားခဲ့သည်။
သို့ရာတွင် လေလံပွဲ မကျင်းပရသေးမီမှာပင် လီရှောင်သည် လျှို့ဝှက်ဆန်းကြယ်သော ကြေးနီပြားကို ဝယ်ယူရန် ယွမ်ကျောက်တုံး တစ်သန်းကို အကုန်အကျ ခံလိုနေခဲ့၏။
လီရှောင်၏ အမြင်တွင် ထိုကြေးနီပြား၏ တန်ဖိုးသည် ကပ်ဘေးဆေးလုံးထက်ပင် မြင့်မားနေပါသလော။
“သခင်လေး ကျွန်တော်တို့ရော ဝင်ပါကြမလား”
ထိုအခိုက်တွင် ရွှယ်ဝူရှ၏ အနောက်တွင် လိုက်ပါလာသည့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ တစ်ဦးက ခပ်တိုးတိုး မေးလိုက်သည်။
အကယ်၍ ထိုကောင်လေး တစ်ဦးတည်းသာ ကြေးနီပြားကို စိတ်ဝင်စားနေလျှင် သူတို့အနေဖြင့် ဂရုစိုက်နေမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင်မူ ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်သည်ပင် ကြေးနီပြားကို စိတ်ဝင်စားနေပုံ ရ၏။
ဤအချက်ကို ထောက်လျှင် ကြေးနီပြားသည် မည်သည့်နည်းနှင့်မျှ မရိုးရှင်းသည်မှာ ထင်ရှားနေခဲ့သည်။
“မလိုပါဘူး.. ငါစိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို လာတဲ့ ခရီးစဥ်မှာ အစကနေ အဆုံးအထိ ရည်ရွယ်ချက် တစ်ခုပဲ ရှိတယ်.. အဲဒါက ကပ်ဘေးဆေးလုံးကို အရယူဖို့ပဲ”
ရွှယ်ဝူရှက ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“လီရှောင်က အဲဒီကောင်လေးနဲ့ တိုက်ခိုက်ချင်တယ် ဆိုရင်လည်း တိုက်ခိုက်ပါစေ.. တကယ်လို့ သူက ကြေးနီပြားကို ဝယ်ဖို့အတွက် ယွမ်ကျောက်တုံး တစ်သန်း အကုန်အကျ ခံလိုက်မယ်ဆိုရင် ကပ်ဘေးဆေးလုံးကို လေလံအပြိုင် ဆွဲတဲ့အခါ ငါတို့အတွက် ပိုပြီး အကျိုးရှိစေလိမ့်မယ်”
စိမ်းလန်းသောမြစ် မြို့သို့ ရောက်ရှိလာပြီးနောက်တွင် ရွှယ်ဝူရှသည် ကပ်ဘေးဆေးလုံး အတွက် လေလံပွဲတွင် သူ အဓိက ယှဥ်ပြိုင်ရမည့် ပြိုင်ဘက်များကို ရှာဖွေထားခဲ့သည်။
ကျိူလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်သည် သူ၏ အကြီးမားဆုံး ပြိုင်ဘက်များထဲမှ တစ်ဦး ဖြစ်သည်မှာ သံသယဖြစ်ဖွယ်ရာမရှိပေ။
ယခုအခါတွင် လီရှောင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော ကြေးနီပြား အတွက် ယွမ်ကျောက်တုံး တစ်သန်းပင် အကုန်အကျခံရန် ဆန္ဒ ရှိနေသည်မှာ သူ့အတွက် ဝမ်းသာစရာပင် မဟုတ်ပါလော။
“မင်းက ကျိုလီအင်မော်တယ်ဂိုဏ်းက လီရှောင် မဟုတ်လား.. ဒါပေမဲ့ စိတ်မကောင်းပါဘူး.. ငါ ဒီကြေးနီပြားကို ဝယ်ပြီးပြီ. အခု မင်း လုပ်ရပ်က ဘာသဘောလဲ”
“ဟားဟား ငါလည်း ဒီကြေးနီပြားကို စိတ်ဝင်စားသွားလို့ပါ.. မိတ်ဆွေအနေနဲ့ ငါ့ကို မျက်နှာသာပေးပြီး ဒီကြေးနီပြားကို ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်.. ဒါဆိုရင် လီရှောင်က မိတ်ဆွေကို ကျေးဇူးတင်မိမှာပါ”
လီရှောင်က ကျန်းချန်ကို ကြည့်ကာ ပြုံး၍ ပြောလိုက်သည်။
ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး အနေဖြင့် လီရှောင်သည် သူ၏ နာမည်ဂုဏ်သတင်း အပေါ်တွင် အလွန်တရာ ယုံကြည်မှု ရှိသည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးတွင်ပင် သူ့ကို မျက်နှာသာမပေးရဲသူမှာ အလွန်တရာပင် ရှားပါးလှ၏။
“လီရှောင်.. မင်း ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေပြီ.. ငါက မင်းနဲ့ မရင်းနှီးဘဲ မင်းကို ဘာလို့ မျက်နှာသာပေးရမှာလဲ”
ကျန်းချန်က နှာခေါင်းရှုံ့ကာ အေးစက်စက် ပြောလိုက်သည်။
သူ၏ မျက်ဝန်းတွင် ဒေါသရိပ်များ ဖြစ်ပေါ်လာခဲ့၏။
“အခုချက်ချင်း ငါ့ရဲ့ ကြေးနီပြားကို ပြန်ပေးစမ်း”
အခန်း(၂၅၀၅)ပြီး၏။
***