“စီနီယာ ကျွန်တော်လည်း ဒီကြေးနီပြားကို စိတ်ဝင်စားလို့ပါ.. ဒီကြေးနီပြားကို ကျွန်တော့်ဆီ ရောင်းပေးနိုင်မလား”
လီရှောင်က ကျန်းချန်ကို လျစ်လျူရှုကာ မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုကို တိုက်ရိုက်ပင် ပြောလိုက်သည်။
“သခင်လေးလီရှောင်.. သခင်လေးက ကုန်သွယ်ရေးစျေးရဲ့ စည်းမျဥ်းတွေကို ချိုးဖောက်နေတာပဲ.. ဒါက စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ နယ်မြေ ဆိုတာ သခင်လေး သိသင့်တယ်.. သခင်လေးက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်နေရင်တောင် ဒီနေရာမှာတော့ ထိန်းထိန်းသိမ်းသိမ်း နေထိုင်သင့်တယ်”
မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါ ဒီကြေးနီပြားကို ခုနကပဲ ဒီလူငယ်လေးဆီ ရောင်းလိုက်ပြီးပြီ.. ဒါကြောင့် သူ့ဆီ ကြေးနီပြား ပြန်ပေးလိုက်ပါ”
ထိုအခိုက်အတန့်တွင် လီရှောင်၏ မျက်ဝန်းထဲ၌ အေးစက်စက် အလင်းတန်းတစ်ခု ယှက်သန်းသွားခဲ့သည်။
အဘိုးအိုက သူ့ကို မျက်နှာသာပေးမည်ဟု သူထင်ထားခဲ့သော်လည်း လက်တွေ့တွင်မူ ထိုသို့ မဟုတ်ချေ။
ထို့ကြောင့် လီရှောင်က ဘာမှ ထပ်မပြောတော့ဘဲ ကျန်းချန်ကို တိုက်ရိုက်ပင် ကြည့်လိုက်သည်။
“ဒီကမိတ်ဆွေ ငါ့ကို ကြေးနီပြားပေးလိုက်တာက မင်းအတွက် အကောင်းဆုံးပဲ.. ကြေးနီပြားလေး တစ်ခုအတွက်နဲ့ မစော်ကားသင့်တဲ့လူကို မစော်ကားမိစေနဲ့.. ငါနဲ့ ရန်သူလုပ်တာက ဥာဏ်ရှိတဲ့ ရွေးချယ်မှုမဟုတ်ဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်သည် ခံစားချက် ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
“လီရှောင်.. ငါ နောက်ဆုံးတစ်ကြိမ် ထပ်ပြောမယ်.. ကြေးနီပြားကို ငါ့ဆီ ပြန်ပေးစမ်း”
လီရှောင်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက်အပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“တကယ်လို့ ငါက မပေးဘူးဆိုရင်ရော”
ထိုအခိုက်တွင် ကျန်းချန်၏ ပုံရိပ်သည် လက်ခနဲ ဖြစ်သွားခဲ့ပြီး နေရာကနေ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
နောက်ထပ် တစ်ခဏတွင် သူ၏ ပုံရိပ်သည် လီရှောင်၏ ရှေ့တွင် တစ္ဆေတစ်ကောင်နှယ် ရိပ်ခနဲ ပေါ်လာခဲ့ပြီး ကြေးနီပြားကို ဆုပ်ကိုင်ထားသော လီရှောင်၏ လက်ဖဝါးကို မြဲမြံစွာ ချုပ်ကိုင်လိုက်သည်။
ရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းသည် ပတ်ဝန်းကျင်ရှိ လူအားလုံးကို အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်စေခဲ့၏။
ဤနေရာတွင် ရှိနေသူ အားလုံးသည် လီရှောင် မည်သူမည်ဝါဖြစ်သည်ကို ကောင်းစွာ သိရှိထားကြသည်။
လီရှောင်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်တစ်ဦး ဖြစ်သည်။
အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် လီရှောင်ကို ယှဥ်နိုင်သူမှာ အလွန်တရာပင် ရှားပါးလှ၏။
ကပ်ဘေးအဆင့် ကျင့်ကြံသူများထဲတွင် လီရှောင်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ပြိုင်ဘက်ကင်းဟုပင် အမွှန်းတင်ခံရပြီး မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများနှင့်ပင် ရင်ဆိုင်နိုင်စွမ်း ရှိသည်။
ဤကဲ့သို့ ကပ်ဘေးအဆင့် အထွတ်အထိပ်တွင် ရှိသည့် ပြိုင်ဘက်ကင်း ပါရမီရှင်၏ လက်ဖဝါးကို ချုပ်ကိုင်နိုင်ခဲ့ခြင်းသည် တကယ်ကို မယုံကြည်နိုင်စရာပင်။
သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် မည်သည်နည်းနှင့်မျှ သာမန် လူတစ်ယောက် မဟုတ်သည်မှာ ထင်ရှားနေခဲ့၏။
“မင်းမှာ ဒီလိုစွမ်းရည် ရှိနေလိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး.. ဒါက ငါ့ကို အနည်းငယ် အံ့အားသင့်စေတယ်”
ကျန်းချန်က သူ၏ လက်ဖဝါးကို ချုပ်ကိုင်ထားသည်အား မြင်လျှင် လီရှောင်၏ အေးစက်စက် မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် တစ်ဦးအပြင် ကပ်ဘေး အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် လီရှောင်သည် သူ၏ စွမ်းရည် အပေါ်တွင် အလွန်တရာ ယုံကြည်မှု ရှိသည်။
သို့ရာတွင် သူ့ရှေ့မှ လျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် သူ၏ လက်ဖဝါးကိုပင် လျှပ်တစ်ပြက်အတွင်း ချုပ်ကိုင်နိုင်ခဲ့သည်။
သာမန် ကပ်ဘေးအထွတ်အထိပ်အဆင့် ကျင့်ကြံသူ တစ်ဦးပင် ထိုကဲ့သို့ အလွယ်တကူ မလုပ်ဆောင်နိုင်သည်မှာ သေချာ၏။
ဤကဲ့သို့သော လူမျိုးကို အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ တစ်ခုလုံးဖြင့် ကြည့်လျှင်ပင် ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကသာ လေ့ကျင့်ပေးနိုင်လိမ့်မည် ဖြစ်သည်။
သို့သော်လည်း လီရှောင်သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းမှ ထိပ်တန်း ပါရမီရှင် အားလုံးကို ကောင်းစွာ သိရှိထားခဲ့၏။
ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲတွင် မည်သည့် အင်အားစုက ဤကဲ့သို့ ပြိုင်ဘက်ကင်း ပါရမီရှင်ကို ပိုင်ဆိုင်ထားမှန်း သူ အမှန်တကယ် စဥ်းစား၍ မရခဲ့ပေ။
သို့သော်လည်း လီရှောင် အသေအချာ သိရှိထားသည်မှာ အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းသည် အပြင်ပန်းတွင် မြင်တွေ့ရသကဲ့သို့ ရိုးရှင်းခြင်း မရှိခြင်းပင်။
သာမန်လူများသည် သူ့ကို ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ဟု ဆိုကြသော်လည်း ကျိုလီအင်မော်တယ်ဂိုဏ်းတွင် သူ့ထက်ပင် ပိုမို ကြောက်စရာကောင်းသည့် တည်ရှိမှုမျိုးကို ဝှက်ထားသေးမှန်း မည်သူ သိနိုင်ပါမည်နည်း။
ယင်းကြောင့် ဤကောင်လေးသည်လည်း အင်မော်တယ်ဂိုဏ်းကြီး တစ်ဂိုဏ်းဂိုဏ်း၏ လျှို့ဝှက်စွာ ပျိုးထောင်ထားသည့် ပါရမီရှင်တစ်ဦး ဖြစ်နိုင်ပေသည်။
ယခုတစ်ကြိမ် ကျင်းပမည့် လေလံပွဲတွင် သူ၏ ပြိုင်ဘက်က တစ်ဦးတည်းသာ ရှိမည်ဟု လီရှောင် မူလက ထင်ခဲ့သည်။
သို့သော်လည်း ယခုအခါတွင် နောက်ထပ် တစ်ဦး ထပ်မံ တိုးလာခဲ့ချေပြီ။
“စိမ်းလန်းသောမြစ်မြို့မှာ ဒီလိုလူမျိုး ရှိနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီခရီးစဥ်က ပိုပြီး စိတ်ဝင်စားဖို့ ကောင်းလာပြီ”
အချင်းများနေသော ကျန်းချန်တို့ နှစ်ဦးကို ကြည့်ရင်း ရွှယ်ဝူရှ၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ကျန်းချန်က လီရှောင်ကို အေးစက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်လိုက်၏။
“လီရှောင်.. မင်းက ကျိုလီအင်မော်တယ်ဂိုဏ်းရဲ့ နံပါတ်တစ်ပါရမီရှင် ဖြစ်တဲ့အတွက် တခြားလူတွေက မင်းကို ကြောက်ရွံ့ကြပေမဲ့ အဲဒီ ဂုဏ်ဒြပ်တွေက ငါ့ရှေ့မှာတော့ ဘာမှ အသုံးမဝင်ဘူး.. ငါ မင်းနဲ့ ဒီမှာ အချိန်ဖြုန်းဖို့ စိတ်မပါဘူး.. အခုချက်ချင်း ကြေးနီပြားကို လွှဲပေးမယ် ဆိုရင် အချိန်မီသေးတယ်”
“ဟားဟား အတော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ”
လီရှောင်၏ မျက်နှာပေါ်ရှိ အပြုံးသည် ပို၍ပင် အေးစက်လာခဲ့သည်။
“ဒီနှစ်တွေအတွင်းမှာ ငါ့ရှေ့မှာ ဒီလိုစကားမျိုး ပြောရဲတာ မင်း ပထမဆုံးပဲ”
စကားဆုံးသည်နှင့် လီရှောင်၏ မျက်ဝန်း အတွင်းကနေ မှော်ဆန်သော အလင်းတန်း တစ်ခု ပွင့်ထွက်လာခဲ့သည်။
မကြာမီမှာပင် ထိုနေရာရှိ အခြေအနေသည် ရပ်တန့်သွားသလို ဖြစ်သွားခဲ့ပြီး ကျန်းချန်တို့ နှစ်ဦးသည် လှုပ်ရှားမှု မရှိဘဲ ကျောက်ရုပ်များ ကဲ့သို့ ရပ်နေခဲ့ကြသည်။
ဤအခိုက်အတန့်တွင် ကုန်သွယ်ရေးစျေး၏ တတိယအလွှာ တစ်ခုလုံးသည် တစပြင်နှယ် တိတ်ဆိတ်သွားခဲ့ပြီး လူတိုင်း၏ အကြည့်သည် ကျန်းချန်တို့ နှစ်ဦး ကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
အချိန်မည်မျှ ကြာသွားမှန်းပင် မသိရပေ။
လီရှောင်ကို ချုပ်ကိုင်ထားသော ကျန်းချန်၏ လက်ဖဝါးသည် ရုတ်တရက် ပြင်းပြင်းထန်ထန် ညှစ်ချလိုက်ရာ လီရှောင်၏ လက်ဖဝါး တစ်ခုလုံးသည် အင်အားမဲ့သွားခဲ့ပြီး ကိုင်ထားသော ကြေးနီပြားကို လွှတ်ချလိုက်ရသည်။
ကျန်းချန်က ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ကြေးနီပြားကို လက်ထဲသို့ ဖမ်းယူလိုက်သည်။
ကျန်းချန်၏ ဆန့်ကျင်ဘက်မှ လီရှောင်ကမူ ခြေလှမ်း ငါးလှမ်းခန့် နောက်သို့ ဆုတ်သွားခဲ့ရပြီး မျက်နှာတစ်ခုလုံး ဖြူဖျော့သွားခဲ့သည်။
ဤမြင်ကွင်းကို မြင်လျှင် ထိုနေရာရှိ ကြည့်ရှုနေသူအများအပြားသည် အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ကြရသည်။
ဂုဏ်သိက္ခာကြီးမားသော ကျိုလီအင်မော်တယ်ဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ကပ်ဘေးအဆင့် ကျင့်ကြံသူများထဲတွင် ပြိုင်ဘက်ကင်းဟု ကျော်ကြားသူသည် လျှို့ဝှက်ဆန်းကြယ်သော လူငယ်လေးနှင့် ရင်ဆိုင်ရာတွင် အမှန်တကယ်ပင် ရှုံးနိမ့်သွားခဲ့ရသည်။
“ဒါက တကယ်ကို မယုံနိုင်စရာပဲ”
“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ လူငယ်ရဲ့ နောက်ခံက ဘာများ ဖြစ်နေမလဲ”
“ဘာလို့ ဒီလောက်တောင် ကြောက်စရာကောင်းတဲ့ စွမ်းရည်မျိုးကို ပိုင်ဆိုင်ထားရတာလဲ”
“မင်းက တကယ် အတင့်ရဲတာပဲ”
လီရှောင်၏ အနောက်မှ အဘိုးအိုနှင့် အနက်ရောင်ယူနီကွန်းတို့သည် လီရှောင်၏ နံဘေးသို့ တိုက်ရိုက်ပင် ရောက်ရှိလာကြသည်။
မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦး၏ အားကောင်းသော အရှိန်အဝါသည် ကုန်သွယ်ရေးစျေး၏ တတိယအလွှာ တစ်ခုလုံးသို့ တမဟုတ်ချင်း ပျံ့နှံ့သွားခဲ့သည်။
“လီရှောင်.. ကုန်သွယ်ရေးစျေးကို တည်ထောင်ကတည်းက ဒီမှာ ဘယ်သူမှ ပြဿနာမရှာရဲဘူး.. မင်းက ကျူလီအင်မော်တယ်ဂိုဏ်းရဲ့ အဖွဲ့ဝင်တစ်ဦး ဖြစ်နေရင်တောင် ဒီအကျိုးဆက်ကို တာဝန်ယူနိုင်မှာ မဟုတ်ဘူး.. ဒါကြောင့် အခုပဲ ရပ်တန့်လိုက်ပါ”
ထိုအခိုက်အတန့်တွင် ကြေးနီပြားကို ရောင်းချခဲ့သော မီးခိုးရောင်ဝတ်ရုံဝတ် အဘိုးအိုထံကနေ အေးစက်စက် စကားသံ ထွက်ပေါ်လာခဲ့သည်။
“ဒီကိစ္စကို ငါမေ့လိုက်မှာမဟုတ်ဘူး.. မင်းကို ငါ မှတ်ထားလိုက်ပြီ”
လီရှောင်က ကျန်းချန်ကို စူးစိုက်ကြည့်လိုက်ပြီး သူ၏ နံဘေးရှိ လူနှစ်ဦးကို ပြောလိုက်သည်။
“မင်းတို့နှစ်ယောက် နောက်ဆုတ်လိုက်ကြ”
“သွားစို့”
ကျန်းချန်က လီရှောင်ကို ဂရုစိုက်မနေဘဲ ရွှယ်ချန်ကျဲကို ခေါ်ကာ တတိယအလွှာ၏ တံခါးဝ ဆီသို့ လျင်မြန်စွာ လျှောက်လှမ်းသွားခဲ့သည်။
သို့ရာတွင် သူက လီရှောင်၏ နံဘေးမှ ဖြတ်သွားချိန်တွင် ခြေလှမ်းကို အနည်းငယ် ရပ်တန့်လိုက်ပြီး သူတို့ နှစ်ဦးတည်းသာ ကြားနိုင်လောက်သော လေသံဖြင့် ပြောလိုက်၏။
“ငါ့ကို ရန်လာမစနဲ့.. မဟုတ်ရင် မင်း စိမ်းလန်းသောမြစ်မြို့ကနေ အသက်ရှင်လျက် ပြန်ထွက်သွားနိုင်မှာ မဟုတ်ဘူး”
ထိုစကားကို ပြောပြီးသည်နှင့် ကျန်းချန်သည် လီရှောင်၏ အလွန်အမင်း သုန်မှုန်နေသော မျက်နှာကို ဂရုစိုက်မနေတော့ဘဲ ရွှယ်ချန်ကျဲနှင့် အတူ လူမြင်ကွင်းကနေ ချက်ချင်းဆိုသလို ပျောက်ကွယ်သွားခဲ့သည်။
ကျန်းချန်တို့နှစ်ဦး ထွက်ခွာသွားသည်ကို သုန်မှုန်သော အမူအရာဖြင့် ငေးကြည့်နေပြီးနောက်တွင် လီရှောင်၏ မျက်ဝန်းထဲ၌ ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ငါ လီရှောင်က တစ်နေ့နေ့မှာ ခြိမ်းခြောက်ခံရလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. ဒီခရီးစဥ်က တကယ်ကို စိတ်ဝင်စားဖို့ကောင်းနေပြီ.. ဒီနှစ်ယောက်ရဲ့ နောက်ခံကို အခုချက်ချင်း စုံစမ်းလိုက်.. လေလံပွဲ မတိုင်ခင် သူတို့ရဲ့ အသေးစိတ် အချက်အလက်တွေကို ငါသိချင်တယ်”
အခန်း(၂၅၀၆)ပြီး၏။
***