ကုန်သွယ်ရေးစျေး၏ တတိယအလွှာမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် စျေးအတွင်း၌ အချိန်အကြာကြီး ဆက်လက် မနေထိုင်တော့ပေ။
အဆုံးသတ်တွင် ကျိုလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်သည် သူ၏လက်ထဲမှ ကြေးနီပြားကို အလွန်အမင်း စိတ်ဝင်စားနေပုံရ၏။
ဤစိမ်းလန်းသောမြစ် မြို့အတွင်း၌ လီရှောင်သည် အလွယ်တကူ လုယူရဲမည် မဟုတ်သော်လည်း "မဖြစ်နိုင်တာ ဘာမှမရှိဘူး" ဟူသော စကားအတိုင်းပင် သူ့အနေဖြင့် သတိထားရလိမ့်မည် ဖြစ်သည်။
လီရှောင်သာ စတင် လှုပ်ရှားလာမည် ဆိုလျှင် ကပ်ဘေး အထွတ်အထိပ် အဆင့်သို့ ရောက်ရှိနေသည့် ပါရမီရှင် တစ်ဦးနှင့် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူ နှစ်ဦးသည် သူ့အတွက် ပြဿနာများစွာ ပေးစွမ်းနိုင်ပေသည်။
ထို့အပြင် နံဘေးတွင် ရွှယ်ဝူရှလည်း ရှိနေသေး၏။
အကယ်၍ သူနှင့် ရွှယ်ချန်ကျဲသာ လီရှောင်တို့နှင့် အစွမ်းကုန် တိုက်ခိုက်ကြမည် ဆိုလျှင် ရွှယ်ဝူရှသည် သူတို့ မည်သူမည်ဝါဖြစ်မှန်း ရိပ်စားမိသွားနိုင်ပြီး ထိုအချိန်တွင် အခြေအနေသည် ပို၍ပင် ရှုပ်ထွေးသွားပေလိမ့်မည် မဟုတ်ပါလား။
ထိုအကြောင်းကြောင့်ပင် ကျန်းချန်သည် ကုန်သွယ်ရေးစျေးမှ ထွက်ခွာလာပြီးနောက်တွင် ရှဖေး၏ နေအိမ်သို့ တိုက်ရိုက်ပင် ပြန်လာခဲ့သည်။
နေအိမ်သို့ ပြန်ရောက်ပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲကို တံခါးဝတွင် စောင့်ကြပ်ရန်နှင့် သူ၏ အခန်းထဲသို့ မည်သူ့ကိုမှ အနားမကပ်စေရန် အမိန့်ပေးခဲ့ပြီး အခန်းထဲတွင်သာ အောင်းနေခဲ့သည်။
အခန်းထဲသို့ ရောက်ပြီးနောက်တွင် ကျန်းချန်သည် ချက်ချင်း ဆိုသလိုပင် သူ၏ လက်ဖဝါးကို လှုပ်ရှားလိုက်ရာ ပစ္စည်းနှစ်ခုသည် သူ၏ရှေ့တွင် ပေါ်လာခဲ့၏။
ယင်းမှာ ကြေးနီပြားနှင့် ဒဏ္ဍာရီလာ အင်မော်တယ် ကျောက်တိုင် တို့ပင် ဖြစ်သည်။
“စီနီယာ.. အခု ဒီကြေးနီပြားက ဘာလဲဆိုတာ ကျွန်တော့်ကို ပြောပြလို့ရပြီလား”
ကျန်းချန်သည် သာမန်ထက်ပင် ပိုမို၍ သာမန်ဆန်နေသည့် ကြေးနီပြားကို စူးစမ်းစွာ စိုက်ကြည့်နေခဲ့သည်။
ကြေးနီပြားက မည်သည့်နေရာတွင် ထူးခြားနေသလဲ ဆိုသည်ကို သူ အမှန်တကယ် မမြင်နိုင်ခဲ့ပေ။
“ကောင်လေး မင်းသာ တကယ်လို့ ဒီကြေးနီပြားရဲ့ လျှို့ဝှက်ချက်ကို မြင်နိုင်မယ်ဆိုရင် ဒီပစ္စည်းက မင်းရဲ့လက်ထဲကို ဒီလောက် လွယ်လွယ်နဲ့ ဘယ်ရောက်လာပါ့မလဲ”
အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်က အထင်အမြင်သေးစွာဖြင့် ပြောလိုက်သည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာမှာ အင်မော်တယ်လမ်းစဥ် ပြတ်တောက်သွားတာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ.. ဒီနေရာက မဟာယာနအဆင့် ကျင့်ကြံသူတွေတောင်မှ ဒီကြေးနီပြားရဲ့ မူလအစကို မြင်နိုင်မှာ မဟုတ်ဘူး.. ဒါပေမဲ့ ကျိုလီအင်မော်တယ်ဂိုဏ်းက ဒီကြေးနီပြားဆီကနေ တစ်ခုခုကို ရှာတွေ့သွားပုံပဲ”
ကျန်းချန်က တအံ့တဩ ပြောလိုက်သည်။
“အဲဒီကောင်လေး ရှာတွေ့သွားတာက သူ့ရဲ့နံဘေးမှာ ကျိလင်နတ်ဆိုးသားရဲ့ မျိုးဆက်ဖြစ်တဲ့ သားရဲတစ်ကောင် ရှိနေလို့ပဲ.. အဲဒီ သားရဲရဲ့ သွေးမျိုးဆက်က သိပ်မကောင်းပေမဲ့လည်း စွမ်းရည်တချို့တော့ နိုးထနေခဲ့ပြီ”
ကျန်းချန်က အံ့အားသင့်သွားခဲ့သည်။
“ကျိလင်နတ်ဆိုးသားရဲရဲ့ မျိုးဆက်က အနက်ရောင်ယူနီကွန်းကို ပြောတာလား”
“ဟုတ်တယ်.. အနက်ရောင်ယူနီကွန်းက အလွန်ဆုံး ဒီကြေးနီပြားပေါ်မှာ ရှိတဲ့ အင်မော်တယ် အရှိန်အဝါလောက်ကိုပဲ အာရုံခံနိုင်တာပါ.. ဒီကြေးနီပြားက ဘာလဲဆိုတာ ဒီသားရဲလည်း မသိပါဘူး”
ထိုစကားကိုကြားလျှင် ကျန်းချန်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ အင်မော်တယ်လမ်းစဥ်သည် ပြတ်တောက်နေခဲ့ပြီး ထိပ်တန်း အင်မော်တယ်ဂိုဏ်ကြီး ဆယ်ဂိုဏ်းသည် အင်မော်တယ် ဖြစ်လာနိုင်မည့် အခွင့်အရေးများကို အစဥ်မပြတ် ရှာဖွေနေကြသည် ဖြစ်ရာ အင်မော်တယ်နှင့် ပတ်သက်သည့် မည်သည့်အရာကိုမျှ အလွယ်တကူ လက်လွှတ်ခံမည် မဟုတ်ပေ။
အနက်ရောင်ယူနီကွန်း အနေဖြင့် ကြေးနီပြားထဲမှ အင်မော်တယ် အရှိန်အဝါကို ခံစားမိရုံဖြင့်ပင် ကျိုလီအင်မော်တယ်ဂိုဏ်း တစ်ဂိုဏ်းလုံးကို ရူးသွပ်သွားစေရန် လုံလောက်မည်ဖြစ်သည်။
“ပြဿနာပဲ.. သွေးနတ်ဆိုးဂိုဏ်ကိုတောင် မဖြေရှင်းရသေးဘူး ကျိုလီအင်မော်တယ်ဂိုဏ်းကို ရန်စမိပြန်ပြီ”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
သို့သော်လည်း ကိစ္စက ဤအခြေအနေအထိ ရောက်ရှိနေပြီဖြစ်ရာ ကျန်းချန်သည် အတွေးများမနေတော့ပေ။
ဤကြေးနီပြားတွင် အင်မော်တယ်စွမ်းအင် ပါဝင်၍ ကြေးနီပြားသည် အင်မော်တယ်လောကမှ ပစ္စည်း ဖြစ်နိုင်ပေသည်။
သူ့ကို နောက်တစ်ကြိမ် ထပ်မံ ရွေးချယ်ခိုင်းလျှင်ပင် သူက တုံ့ဆိုင်းမနေဘဲ ကြေးနီပြားကို အရယူရန်သာ ရွေးချယ်မိမည် ဖြစ်သည်။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ကာ အင်မော်တယ်ကျောက်တိုင်ကို မေးလိုက်သည်။
“စီနီယာ.. ဒီကြေးနီပြားက ဘာလဲဆိုတာ ကျွန်တော် သိလို့ရမလား”
“ဒီပစ္စည်းက အင်မော်တယ်လောကမှာတော့ ရှားပါးတဲ့ပစ္စည်း မဟုတ်ပါဘူး.. မင်းရဲ့ လက်ရှိစွမ်းရည်က တိုးတက်ဖို့ လိုအပ်နေလို့သာပေါ့.. ဒီလိုမှ မဟုတ်ရင်တော့ ဒီပစ္စည်းက ငါ့မျက်စိထဲမှာ အမှိုက်နဲ့ ဘာမှမခြားဘူး.. ဒါပေမဲ့ မင်းအတွက်တော့ ဒါက အစိတ်အပိုင်းလေး တစ်ခုပဲ ဖြစ်နေရင်တောင် ကြီးမားတဲ့ အခွင့်အရေး တစ်ခုပဲ.. သေချာကြည့်ထား ငါ ဒီပစ္စည်းကို မူလပုံစံ ဖြစ်အောင် ပြန်လည် ပြုပြင်ပေးမယ်”
စကားဆုံးသည်နှင့် အင်မော်တယ်ကျောက်တိုင် ထံကနေ လျှို့ဝှက်ဆန်းကြယ်သော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြေးနီပြားကို လွှမ်းခြုံသွားခဲ့သည်။
“အစိတ်အပိုင်းလား”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်၏ အလင်းရောင် လွှမ်းခြုံမှုအောက်ရှိ ကြေးနီပြားကို စူးစမ်းစွာ ကြည့်နေခဲ့သည်။
ဤကြေးနီပြားက မည်သည့်အရာ၏ အစိတ်အပိုင်း ဖြစ်နေမလဲ ဆိုသည်ကို သူမသိပေ။
အင်မော်တယ်ကျောက်တိုင်ထံမှ အလင်းတန်းများ လွှမ်းခြုံပြီး သိပ်မကြာမီမှာပင် ပုံသဏ္ဌာန် မှန်မှန်ကန်ကန်နှင့် ကြည်လင်တောက်ပသော ခရစ္စတယ် အစိတ်အပိုင်း တစ်ခုသည် ကျန်းချန်၏ မြင်ကွင်းထဲတွင် ပေါ်လာခဲ့သည်။
ထိုခရစ္စတယ် အစိတ်အပိုင်း၏ အပေါ်တွင် ခပ်ဖျော့ဖျော့ အင်မော်တယ် အလင်းတန်းများ ဖြာထွက်နေခဲ့၏။
ယင်းက အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သော်လည်း မြင့်မြတ်ပြီး မည်သူမျှ မကျူးကျော်ရဲသည့် ထက်မြက်သော ဓားဆန္ဒများ ထွက်ပေါ်နေခဲ့သည်။
ကျန်းချန်၏ လက်ရှိစွမ်းရည်ဖြင့်ပင် ထိုခရစ္စတယ်အစိတ်အပိုင်းမှ ထွက်ပေါ်လာသည့် ဓားဆန္ဒ အရှိန်အဝါဖိအားအောက်တွင် ကိုယ့်ကိုယ်ကိုယ် သိမ်ငယ်သလို ခံစားမိခဲ့သည်။
“အင်မော်တယ်အရှိန်အဝါ.. ဒါက တကယ့် အင်မော်တယ်အရှိန်အဝါပဲ”
ကျန်းချန်သည် ဤကဲ့သို့ အင်မော်တယ် အရှိန်အဝါကို ထာဝရရှင်သန်ခြင်း နန်းတော်တွင် ခံစားခဲ့ရဖူးသည်။
“စီနီယာ.. ဒါ ဒါက ဘာခရစ္စတယ်ရဲ့ အစိတ်အပိုင်းလဲ
.. ဒါက အင်မော်တယ်လက်နက်ရဲ့ အစိတ်အပိုင်းများလား”
ကျန်းချန်က မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် တအံ့တဩ မေးလိုက်သည်။
အင်မော်တယ်ကျောက်တိုင်က လေးနက်စွာ ပြန်ဖြေလိုက်၏။
“ဒါက အင်မော်တယ် အစိတ်အပိုင်းရဲ့ လက်နက် မဟုတ်ဘူး.. ဒါက အင်မော်တယ် ခရစ္စတယ်ရဲ့ အစိတ်အပိုင်းပဲ.. မင်းတို့နတ်ဘုရား နယ်မြေက အုပ်စိုးသူအဆင့်နဲ့ အင်မော်တယ်ကျင့်ကြံခြင်း စကြဝဠာက မဟာယာနအဆင့် ကျင့်ကြံသူတွေရဲ့ နောက်ဆုံးအဆင့်က အင်မော်တယ်အဆင့်ကို ထိုးဖောက်ပြီး အင်မော်တယ်လောကကို တက်လှမ်းဖို့ပဲ"
"အင်မော်တယ်တစ်ယောက် ဖြစ်လာတာနဲ့ ထာဝရရှင်သန်နိုင်ပြီး မသေမျိုးဘဝကို ရရှိလိမ့်မယ်.. အင်မော်တယ်တွေ မသေနိုင်တဲ့ အခြေခံအုတ်မြစ်က သူတို့ရဲ့ ခန္ဓာကိုယ်ထဲမှာ အင်မော်တယ် ခရစ္စတယ်တစ်ခုကို ပေါင်းစည်းထားတာကြောင့်ပဲ.. ပြောရရင် အင်မော်တယ် ခရစ္စတယ်က အင်မော်တယ် တစ်ယောက်ရဲ့ စွမ်းအားအနှစ်သာရပဲ”
ကျန်းချန်၏ မျက်ဝန်းများတွင် တောက်ပသော အလင်းတန်းများ လက်ခနဲ ဖြစ်သွားခဲ့သည်။
“စီနီယာ ဒါဆို ကျွန်တော့်ရှေ့က ဒီအစိတ်အပိုင်းက အင်မော်တယ်ခရစ္စတယ်ရဲ့ အစိတ်အပိုင်းပေါ့”
“ဟုတ်တယ်.. ဒါက အင်မော်တယ် တစ်ယောက်ရဲ့ အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းပဲ.. ဒါ့အပြင် ဒါက ဓားအင်မော်တယ် တစ်ယောက်ရဲ့ အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းလည်း ဖြစ်တယ်”
အင်မော်တယ်ကျောက်တိုင်က လေးနက်စွာ ပြောလိုက်သည်။
“တကယ်လို့ မင်းသာ ဒီအင်မော်တယ် ခရစ္စတယ်ကို အသုံးပြုလိုက်မယ်ဆိုရင် အုပ်စိုးသူအဆင့်ကို အလွယ်တကူ ထိုးဖောက်နိုင်ပြီး အချိန်တိုအတွင်း အင်မော်တယ်လောကကို တက်လှမ်းနိုင်လိမ့်မယ်”
အင်မော်တယ်ကျောက်တိုင်ထံမှ စကားကိုကြားလျှင် ကျန်းချန်၏ မျက်ဝန်းများသည် အရောင်လက်သွားခဲ့သည်။
ဤအင်မော်တယ်ခရစ္စတယ်ဟု ခေါ်သော အရာသည် နတ်ဘုရားနယ်မြေရှိ နယ်မြေနတ်ဘုရား သလင်းကျောက်နှင့် အနည်းငယ် ဆင်တူသည်မှာ သံသယဖြစ်ဖွယ်ရာ မရှိပေ။
သို့သော် နယ်မြေနတ်ဘုရား သလင်းကျောက်သည် ပေါင်းစည်းယူရခြင်း ဖြစ်ပြီး အင်မော်တယ် ခရစ္စတယ်ကမူ အင်မော်တယ် တစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် တိုက်ရိုက်မွေးဖွားလာခြင်း ဖြစ်ရာ နယ်မြေနတ်ဘုရား သလင်းကျောက်သည် အင်မော်တယ် ခရစ္စတယ်ကို မည်သို့မှ နှိုင်းယဥ်၍ မရနိုင်ပေ။
ကံကောင်းစွာဖြင့် ယခုတစ်ကြိမ်တွင် အင်မော်တယ်ကျောက်တိုင်၏ သတိပေးမှုကြောင့် အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းကို ဝယ်ယူနိုင်ခဲ့သည်။
ဆိုရလျှင် အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်း၏ တန်ဖိုးသည် ကပ်ဘေးဆေးလုံးထက်ပင် အဆပေါင်းများစွာ ပိုမိုမြင့်မား၏။
ဤတစ်ခေါက်တွင် သူက အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းကို ရရှိခဲ့၍ ဤခရီးစဥ်သည် အလွန်ပင် ထိုက်တန်နေခဲ့ပြီ ဖြစ်သည်။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး သူ၏ ရင်ထဲမှ စိတ်လှုပ်ရှားမှုများကို ဖိနှိပ်လိုက်သည်။
သူ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်းများ ဖြစ်ပေါ်လာခဲ့၏။
ယခုအခါတွင် သူ၏ စွမ်းရည်သည် အားမနည်းသော်လည်း အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာ၏ မဟာယာနအဆင့် ကျင့်ကြံသူများနှင့် ယှဥ်ပြိုင်ရန် ခဲယဥ်းနေသေးသည်။
ထို့ကြောင့် သူက သူ၏ လှုပ်ရှားမှုများကို အကန့်အသတ်ဖြင့်သာ လှုပ်ရှားနေခဲ့ရသည်။
ဤအင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းဖြင့် ဆိုလျှင် သူက အချိန်တိုအတွင်း အုပ်စိုးသူ အဆင့်ကို ထိုးဖောက်နိုင်ပေလိမ့်မည်။
ထိုအချိန်သို့ ရောက်လျှင် သူ့အနေဖြင့် အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရှိ မဟာယာနအဆင့် ကျင့်ကြံသူများကို အလွန်အမင်း စိုးရိမ်နေစရာမလိုတော့ဘဲ အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာတစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် ဖြစ်အောင် လုပ်ဆောင်နိုင်မည့် စွမ်းအားမျိုး အမှန်တကယ် ပိုင်ဆိုင်သွားလိမ့်မည် ဖြစ်၏။
ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ အင်မော်တယ်ကျောက်တိုင်ကို တိုက်ရိုက်ပင် မေးလိုက်သည်။
“စီနီယာ ဒီအင်မော်တယ် ခရစ္စတယ်အစိတ်အပိုင်းရဲ့ စွမ်းအားကို ဘယ်လိုအသုံးပြုရမလဲ ဆိုတာ ကျွန်တော့်ကို ပြောပြပေးပါ”
အခန်း(၂၅၀၇)ပြီး၏။
***