အင်မော်တယ်ကျောက်တိုင်က အေးစက်စက် ပြောလိုက်သည်။
“မင်းက အခု အင်မော်တယ် မဟုတ်သေးဘူး.. မင်းရဲ့ခန္ဓာကိုယ်ထဲမှာ အင်မော်တယ်စွမ်းအား မရှိသေးတဲ့ အတွက် အင်မော်တယ်ခရစ္စတယ်ရဲ့ စွမ်းအားကို တိုက်ရိုက် စုပ်ယူနိုင်မှာ မဟုတ်ဘူး.. မင်းအနေနဲ့ ဒါကို ဖြည်းဖြည်းချင်း စုပ်ယူမှပဲ ဖြစ်နိုင်လိမ့်မယ်”
ထိုစကားကိုကြားပြီးနောက်တွင် ကျန်းချန်သည် သူ၏ရှေ့ရှိ အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို တုံ့ဆိုင်းမှုမရှိ မျိုချလိုက်သည်။
ကျူလီအင်မော်တယ်ဂိုဏ်းမှ လီရှောင်သည် ဤအရာက အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း ဖြစ်မှန်း မသိသော်လည်း အင်မော်တယ်နှင့် ပတ်သက် ဆက်စပ်နေသည်ကို သိထားခဲ့သည်။
ထို့ကြောင့် လီရှောင်သည် လွယ်လွယ်နှင့် လက်လွှတ်ခံမည် မဟုတ်လောက်ပေ။
အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း အတွက်ဖြင့် လီရှောင်သည် ကျူလီအင်မော်တယ်ဂိုဏ်းမှ မဟာယာနအဆင့် ကျင့်ကြံသူကိုပင် ဆက်သွယ်ပေလိမ့်မည်။
ထို့ကြောင့် ကျန်းချန်သည် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းများကို အနည်းငယ်မျှ ချန်ထားရန်ပင် အစီအစဥ် မရှိခဲ့ပေ။
သူက အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ရန် အတွက် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ စွမ်းအားကို အမြန်ဆုံးအသုံးပြုရမည် မဟုတ်ပါလား။
“ကောင်လေး မင်းရူးနေလား.. အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းတစ်ခုလုံးကိုတောင် မင်းမျိုချရဲတယ်.. မသေချင်ဘူးဆိုရင် အခုချက်ချင်း မြန်မြန် ထွေးထုတ်စမ်း”
ကျန်းချန်က အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို တစ်လုတ်တည်းဖြင့် မျိုချလိုက်သည်အား မြင်လျှင် အင်မော်တယ်ကျောက်တိုင် ထံမှ ဒေါသတကြီး အော်ဟစ်သံသည် ကျန်းချန်၏ နားထဲတွင် လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။
အင်မော်တယ်ခရစ္စတယ် ဆိုသည်မှာ အင်မော်တယ်တစ်ဦး၏ စွမ်းအားအဆီအနှစ် ဖြစ်ပြီး သာမန် အင်မော်တယ်တစ်ဦး ဖြစ်နေလျှင်ပင် ထိုအထဲ၌ ပါဝင်နေသော စွမ်းအားသည် အလွန်တရာပင် ကြီးမားလှ၏။
ဤအင်မော်တယ်ခရစ္စတယ်သည် အစိတ်အပိုင်း တစ်ခုမျှသာ ဖြစ်သော်လည်း အထဲတွင် ကိန်းအောင်းနေသော စွမ်းအင်သည် အင်မော်တယ်ခရစ္စတယ် အစစ်အမှန်၏ သုံးပုံတစ်ပုံခန့် ရှိနိုင်သည် ဖြစ်ရာ ယင်းသည် နတ်ဘုရင်နဝမအဆင့်သာ ရှိသော ကျန်းချန် အတွက် ခံနိုင်ရည်ရှိမည့်အရာ မဟုတ်ပေ။
“စီနီယာမစိုးရိမ်ပါနဲ့.. ကျွန်တော် ဘာမှမဖြစ်ပါဘူး”
ကျန်းချန်က အင်မော်တယ်ကျောက်တိုင်၏ ဒေါသတကြီးသတိပေးသံကို ကြားလျှင် ခပ်ယဲ့ယဲ့ပြုံးကာ ပြန်ဖြေလိုက်သည်။
အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်သည် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း မည်မျှ အစွမ်းထက်သည်ကို သဘာဝကျစွာပင် နားလည်ထားခဲ့သည်။
ထို့ကြောင့် အင်မော်တယ်ခရစ္စတယ်တွင် ကိန်းအောင်းနေသော စွမ်းအားကို ကျန်းချန် ခံနိုင်ရည်မရှိမည်အား စိုးရိမ်နေခဲ့၏။
သို့သော် ကျန်းချန်သည် သူ၏ အခြေအနေကို ကောင်းစွာ သိရှိထားခဲ့သည်။
အဆ ၁၀၀ စနစ်ကို စတင် အသက်သွင်းပြီးကတည်းကပင် ကျန်းချန်သည် မည်သည့်အရာကိုပင် မျိချခဲ့ပါစေ၊ စွမ်းအားများ လျှံထွက်ပြီး ပေါက်ကွဲမည့် လက္ခဏာမျိုး တစ်ခါမှ မရှိခဲ့ဖူးချေ။
ထို့ကြောင့်လည်း အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းသည် အင်မော်တယ်စွမ်းအင် အဆီအနှစ် ဖြစ်နေသည့်တိုင် ကျန်းချန် စိတ်မပူခဲ့ခြင်းပင်။
ကျန်းချန်က အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို မျိုချလိုက်ပြီးနောက်တွင် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းသည် ချက်ချင်းဆိုသလိုပင် အလင်းတန်း တစ်ခု အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်၏ ဒန်တျန် အတွင်းသို့ နစ်မြုပ်သွားခဲ့ကာ ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ ဓားလမ်းစဥ် စွမ်းအင် ပင်လယ်ပြင်ကြီးထဲတွင် လွင့်မျောနေခဲ့သည်။
ထို့နောက်တွင်မူ ဘာမှ ထပ်မဖြစ်တော့ပေ။
ကျန်းချန်၏ စိတ်ထဲတွင် စနစ်၏ သတိပေးချက်များ မထွက်ပေါ်လာသလို ခန္ဓာကိုယ်သည်လည်း မည်သည့်တုံ့ပြန်မှုမှ မရှိခဲ့ချေ။
“ဘယ်လိုဖြစ်တာလဲဟ”
ကျန်းချန်က အချိန်အတော်ကြာအောင် မှင်တက်သွားခဲ့သည်။
ထို့နောက်တွင် သူက အင်မော်တယ်ကျောက်တိုင်ကို မမေးဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့သည်။
“စီနီယာ တစ်ခုခုများ အမှားအယွင်းဖြစ်သွားတာလား.. ကျွန်တော်မျိုချလိုက်တာ ဘာလို့ ဘာတုံ့ပြန်မှုမှ မရှိရတာလဲ”
“............”
အင်မော်တယ်ကျောက်တိုင် အတွင်းမှ စကားသံသည် ခဏမျှ တိတ်ဆိတ်သွားခဲ့၏။
သူ၏ မြင်နိုင်စွမ်းဖြင့် ဆိုလျှင် အမှားပြုလုပ်ရန် မည်ကဲ့သို့ ဖြစ်နိုင်ပါမည်နည်း။
ကျန်းချန် မျိုချလိုက်သောအရာသည် ဓားအင်မော်တယ် တစ်ပါး၏ အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း ဖြစ်သည်မှာ သေချာသလောက်ပင်။
သူ၏ အမြင်တွင် ထိုဓားအင်မော်တယ်၏ စွမ်းအင် အဆီအနှစ်သည် အလွန်တရာ ညံ့ဖျင်းသော်လည်း အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းတွင် ပါဝင်သော စွမ်းအင်သည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကိုပင် ချက်ချင်းဆိုသလို ပေါက်ကွဲသွားစေရန် လုံလောက်၏။
ကျန်းချန်၏ ကျင့်ကြံခြင်းအဆင့်သည် မဟာယာနအဆင့် ကျင့်ကြံသူများထက်ပင် အဆင့်နိမ့်နေသော်လည်း အင်မော်တယ် ခရစ္စတယ်၏ စွမ်းအားကို ခံနိုင်ရည်ရှိနေခြင်းမှာ အမှန်တကယ်ပင် မယုံကြည်နိုင်စရာ ကောင်းနေခဲ့သည်။
အင်မော်တယ်ကျောက်တိုင် နှုတ်ဆိတ်နေသော အချိန်မှာပင် စနစ်၏ သတိပေးသံသည် ကျန်းချန်၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့တော့သည်။
“ဒင်.. သင်က အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို မျိုချပြီး အဆ ၁၀၀ နားလည်မှုကို စတင်လိုက်ပါပြီ”
“ဒင်.. သင်က အုပ်စိုးသူ စွမ်းအားကို နားလည်သဘောပေါက်ပြီး အုပ်စိုးသူ စွမ်းအား အတွေ့အကြုံရမှတ် ဆယ်မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
စနစ်၏ သတိပေးချက်က ကျန်းချန်၏ စိတ်ထဲတွင် ပဲ့တင်ထပ်သွားသည်နှင့်အမျှ ကျန်းချန်သည် သူ၏ ခန္ဓာကိုယ် အတွင်းမှ အပြောင်းအလဲများကို ရှင်းလင်းစွာ ခံစားမိလိုက်သည်။
သူ၏ ခန္ဓာကိုယ်အတွင်းတွင် ဓားလမ်းစဥ် နတ်ဘုရင်စွမ်းအားထက် ပိုမို အစွမ်းထက်သော အရာတစ်ခု ရှိလာသကဲ့သို့ ခံစားခဲ့ရ၏။
ယင်းက အစအနမျှသာ ဖြစ်သော်လည်း ခန့်ညားသော ဓားလမ်းစဥ် နတ်စွမ်းအားများနှင့် ကြယ်တာရာများက အလယ်ဗဟိုတွင် ထား၍ ဝန်းရံစောင့်ကြပ်ထားသည် ဖြစ်ရာ ဓားလမ်းစဥ် နတ်စွမ်းအားများကို အုပ်စိုးသည့် ဘုရင်တစ်ပါးနှယ် ဖြစ်နေခဲ့သည်။
“ဒါက အုပ်စိုးသူအဆင့်ရဲ့ စွမ်းအားလား”
အုပ်စိုးသူအဆင့်၏ စွမ်းအားကို ခံစားမိလျှင် ကျန်းချန်သည် ခပ်တိုးတိုး ရေရွတ်မိလိုက်သည်။
အုပ်စိုးသူအဆင့်၏ စွမ်းအားသည် မျှော်လင့်ထားသည့်အတိုင်းပင် နတ်ဘုရင်အဆင့်စွမ်းအားနှင့် လုံးဝကို ကွဲပြားခြားနားနေခဲ့သည်။
ယခုအခါတွင် ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းရည်သည် ယခင်ထက် နှစ်ဆမက တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လက်ရှိ စွမ်းရည်ဖြင့်ဆိုလျှင် ကျန်းချန်သည် သာမန် မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် အင်မော်တယ်ကျောက်တိုင်၏ စွမ်းအားကို အသုံးမပြုဘဲ တစ်ခဏအတွင်း သတ်ဖြတ်နိုင်မည်ဟု ယုံကြည်ချက် ရှိနေခဲ့သည်။
“အခု ငါ့မှာ အုပ်စိုးသူအဆင့် စွမ်းအား ရှိနေပြီ ဆိုတော့ အုပ်စိုးသူ တစ်ပိုင်းအဆင့်လို့ သတ်မှတ်လို့ရနေပြီ.. င့ါအနေနဲ့ စစ်မှန်တဲ့ အုပ်စိုးသူအဆင့်ကို ထိုးဖောက်ချင်ရင်တော့ ငါ့ခန္ဓာကိုယ်ထဲက နတ်ဘုရင် စွမ်းအား အကုန်လုံးကို အုပ်စိုးသူ စွမ်းအားအဖြစ် ပြောင်းလဲရမယ် ထင်တယ်”
ကျန်းချန်က စိတ်ထဲတွင် အနည်းငယ် တွေးတောလိုက်သည်။
ဤသည်မှာ ဝေးကွာလှသော ခရီးလမ်းတစ်ခု ဖြစ်မည်မှာ သေချာ၏။
ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး သူ၏ အတွေးများကို ရှင်းထုတ်ကာ သူ၏ ဒန်တျန်ထဲတွင် လွင့်မျောနေသော အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို ကြည့်လိုက်သည်။
“ဒီအင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းထဲက စွမ်းအင်တွေကို ငါသိပ်မစုပ်ယူရသေးဘူး ထင်တယ်”
ကျန်းချန်၏ မျက်ဝန်းများက လက်ခနဲ ဖြစ်သွားခဲ့သည်။
ယခုလေးတင် အင်မော်တယ်ကျောက်တိုင်သည် ဤအင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ စွမ်းရည်က သူ့ကို အုပ်စိုးသူအဆင့်သို့ အလွယ်တကူ ထိုးဖောက်နိုင်မည်ဟု ပြောခဲ့သော်လည်း ယခု သူ့တွင် အုပ်စိုးသူ စွမ်းအား အစအနမျှသာ ရှိ၏။
“အခုမှတော့ ကြိုးစားကျင့်ကြံပြီး အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို သန့်စင်နိုင်မလား စမ်းကြည့်ရမယ်”
ကျန်းချန်က တစ်ကိုယ်တည်း တီးတိုး ရေရွတ်လိုက်သည်။
အင်မော်တယ်ကျောက်တိုင်က အင်မော်တယ်စွမ်းအား မရှိသူတစ်ဦးသည် ခရစ္စတယ်ထဲမှ စွမ်းအားကို မသန့်စင်နိုင်ဟု ပြောခဲ့သော်လည်း သူ့အနေဖြင့် စမ်းကြည့်ရုံမှ တစ်ပါး တခြားနည်းလမ်းမရှိပေ။
သို့သော်လည်း ကျန်းချန်က အင်မော်တယ်ခရစ္စတယ်၏ အစိတ်အပိုင်းများကို သန့်စင်ရန် ကြိုးစားတော့မည့် အချိန်မှာပင် စနစ်၏ နောက်ထပ် သတိပေးချက်တစ်ခုသည် သူ၏ စိတ်ထဲတွင် ထွက်ပေါ်လာခဲ့သည်။
“ဒင်.. သင်က အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းရဲ့ အားဖြည့်မှုကို ခံရပြီး အုပ်စိုးသူ စွမ်းအား အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်က ချက်ချင်းဆိုသလိုပင် မှင်တက်သွားခဲ့သည်။
သူ၏ ဒန်တျန်ထဲရှိ အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းသည် သူ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရင် စွမ်းအားကို အလိုအလျောက် အားဖြည့်ပေးနိုင်ပြီး အုပ်စိုးသူ စွမ်းအားအဖြစ် တဖြည်းဖြည်း ပြောင်းလဲပေးနိုင်ပုံ ရ၏။
သူ၏ ခန့်မှန်းချက်ကို အတည်ပြုရန် အတွက် ကျန်းချန်သည် ဘာမှမလုပ်ဘဲ တစ်ခဏမျှ စောင့်ဆိုင်းနေခဲ့သည်။
ဆယ်မိနစ်ခန့် အကြာမှာပင် ရင်းနှီးပြီးသား စနစ်၏ သတိပေးချက်သည် ထပ်မံ ထွက်ပေါ်လာခဲ့သည်။
“ဒင်..သင်က အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းရဲ့ အားဖြည့်ပေးမှုကို ခံရပြီး အုပ်စိုးသူစွမ်းအား အတွေ့အကြုံရမှတ် ၁၀မှတ်ကို အဆ ၁၀၀ ရရှိပါတယ်”
ကျန်းချန်၏ မျက်ဝန်းထဲတွင် အတိုင်းထက်အလွန် ဝမ်းသာသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။
ဤအင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းဖြင့် ဆိုလျှင် သူ၏ ခန္ဓာကိုယ် အတွင်းရှိ အုပ်စိုးသူ စွမ်းအားသည် တိုးပွားလာလိမ့်မည် ဖြစ်သည်။
အကယ်၍ ဤအတိုင်းသာ ဆက်သွားမည်ဆိုလျှင် သူ့အနေဖြင့် ဘာမှလုပ်စရာမလိုဘဲ အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ အားဖြည့်ပေးမှုအောက်တွင် အုပ်စိုးသူအဆင့်သို့ အလွယ်တကူ ထိုးဖောက်နိုင်ပေလိမ့်မည် မဟုတ်ပါလား။
“လခွမ်း ဘာလဲဟ”
ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းမှ အပြောင်းအလဲကို ခံစားမိလျှင် အင်မော်တယ်ကျောက်တိုင်၏ ဝိညာဥ်ထံကနေ တအံ့တဩရေရွတ်သံ ထွက်ပေါ်လာခဲ့သည်။
ထိုကောင်လေးသည် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းကို အထိအခိုက်မရှိ မျိုချနိုင်ရုံသာမက အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ စွမ်းအားကိုလည်း အဆက်မပြတ် စုပ်ယူကာ သန့်စင်နိုင်ခဲ့သည်။
အကယ်၍ ထိုကောင်လေး နေရာတွင် အင်မော်တယ်စစ်စစ် တစ်ဦးသာ ဆိုလျှင် သူ့အနေဖြင့် အံ့ဩစရာမရှိပေ။
သို့သော်လည်း ကျန်းချန်သည် အင်မော်တယ်အဆင့်နှင့် အလွန်တရာ အလှမ်းဝေးလွန်းနေသော ကျင့်ကြံသူ တစ်ဦးသာ ဖြစ်နေသေးသည် မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် အင်မော်တယ်ကျောက်တိုင်သည် ဓားအင်မော်တယ်ဧကရာဇ် ရှချင်းက အဘယ်ကြောင့် သူ့ရှေ့မှ ကောင်လေးကို ရွေးချယ်ခဲ့မှန်း အနည်းငယ် နားလည်သွားခဲ့သည်။
ထိုကောင်လေး၏ ခန္ဓာကိုယ် တည်ဆောက်ပုံသည် အမှန်တကယ်ပင် သာမန် မဟုတ်ပေ။
အခန်း(၂၅၀၈)ပြီး၏။
***