ကြီးကြပ်ရေးမှု ရှဖေး၏ နေအိမ်ရှိ ဆိတ်ငြိမ်သော အခန်းတစ်ခန်းထဲတွင် ကျန်းချန်သည် မျက်လုံးများကို မှိတ်ထားပြီး တင်ပျဥ်ခွေကာ ငြိမ်သက်စွာ ထိုင်နေခဲ့သည်။
သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်နေသာ အရှိန်အဝါသည် ကြောက်မက်ဖွယ်ရာ ကောင်းသော အရှိန်အဟုန်ဖြင့် လျင်မြန်စွာ တိုးတက်နေခဲ့သည်။
အချိန်မည်မျှကြာသွားမှန်း မသိရပေ။
အဆုံးသတ်တွင် ကျန်းချန်သည် သူ၏ မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။
“သုံးရက်အတွင်းမှာ ငါ့ရဲ့ခန္ဓာကိုယ်ထဲက အုပ်စိုးသူစွမ်းအားက ဆယ်ပုံတစ်ပုံ အထိ ရောက်လာလိမ့်မယ်လို့ မထင်ထားခဲ့ဘူး”
သူ၏ ခန္ဓာကိုယ်အတွင်းမှ အင်အားကို ခံစားမိလျှင် ကျန်းချန်၏ နှုတ်ခမ်းထောင့်တွင် ကျေနပ်သောအပြုံး တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းသည် ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရင်စွမ်းအားကို အားဖြည့်ပေးနိုင်ပြီး အုပ်စိုးသူစွမ်းအား အဖြစ် အလိုအလျောက် ပြောင်းလဲပေးနိုင်မှန်း အတည်ပြုပြီးနောက်တွင် ကျန်းချန်သည် အလဟဿ ထိုင်မနေဘဲ အခြေအနေကို သိရှိရန် ကျင့်ကြံခဲ့သည်။
ချက်ချင်းဆိုသလိုပင် ကျန်းချန်သည် သူ၏ ကိုယ်ပိုင် ကျင့်ကြံမှုကလည်း သူ၏ ခန္ဓာကိုယ်အတွင်းမှ အုပ်စိုးသူစွမ်းအားကို တိုးတက်စေနိုင်ကြောင်း ရှာဖွေ တွေ့ရှိခဲ့သည်။
ထို့ကြောင့် ကျန်းချန်သည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အာရုံစူးစိုက်ကာ ကျင့်ကြံနေခဲ့သည်။
သုံးရက်မျှသာ ရှိသေးသော အချိန်တွင် ကျန်းချန်၏ ခန္ဓာကိုယ်အတွင်းရှိ နတ်ဘုရင် စွမ်းအားသည် အရည်အသွေးပိုင်းအရ ပြောင်းလဲသွားခဲ့ပြီး ခန္ဓာကိုယ်အတွင်းရှိ စွမ်းအား၏ ဆယ်ပုံတစ်ပုံခန့်ကို အုပ်စိုးသူစွမ်းအားက နေရာယူထားပြီ ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် ဤနှုန်းအတိုင်း ဆက်လက် တိုးတက်သွားမည် ဆိုလျှင် ဆယ့်ငါးရက်ခန့် အာရုံစူးစိုက်၍ ကျင့်ကြံရုံဖြင့် အုပ်စိုးသူအဆင့်ကို ထိုးဖောက်နိုင်ပေလိမ့်မည်။
“ဒီနေ့က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲနေ့ပဲ.. အရင်ဆုံး လေလံပွဲကို သွားကြည့်မယ်”
ကျန်းချန်က သူ့ဘာသာသူ တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်ပြီးနောက်တွင် မတ်တတ်ရကာ အခန်းအပြင်ဘက်သို့ လှမ်းထွက်လာခဲ့သည်။
ယခုအခါတွင် သူသည် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ အထောက်အပံ့ဖြင့် အုပ်စိုးသူ တစ်ပိုင်း အဆင့်သို့ အောင်မြင်စွာ ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အတွက် အုပ်စိုးသူအဆင့်သို့ ထိုးဖောက်ရန်မှာ လွယ်ကူသောကိစ္စ ဖြစ်နေပြီ ဖြစ်ရာ ကပ်ဘေးဆေးလုံး အပေါ်တွင် စိတ်ဝင်စားမှု ကြီးကြီးမားမား မရှိတော့ပေ။
သို့သော်လည်း ဤနေရာသို့ ရောက်နေပြီ ဖြစ်၍ ကျန်းချန်သည် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲကို ကြည့်ရှုလိုနေသေးသည်။
အဆုံးသတ်တွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲတွင် ထွက်ပေါ်လာနိုင်သည့် အရာများသည် မည်သည့်နည်းနှင့်မျှ သာမန်ပစ္စည်းများ မဟုတ်ပေ။
ထိုအထဲတွင် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းနှင့် ဆင်တူသော အရာမျိုးပင် ပေါ်လာနိုင်ပေသည်။
အကယ်၍ လေလံပွဲတွင် အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်းနှင့် ဆင်တူသော ရတနာတစ်ခု သို့မဟုတ် နှစ်ခုလောက် ရရှိနိုင်မည် ဆိုလျှင် သူ့အနေဖြင့် အကျိုးအမြတ်အမြောက်အများ ရရှိပေလိမ့်မည် မဟုတ်ပါလား။
အခန်းထဲမှ ထွက်လာပြီးနောက်တွင် ကျန်းချန်သည် ရွှယ်ချန်ကျဲနှင့်အတူ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲကျင်းပသည့် နေရာသို့ တိုက်ရိုက်ပင် သွားရောက်ခဲ့သည်။
ကပ်ဘေးဆေးလုံး၏ ကျော်ကြားမှုကြောင့် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲသည် စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေ ပတ်ဝန်းကျင်ရှိ အခြားသော နယ်မြေအသီးသီးမှ အစွမ်းထက် ကျင့်ကြံသူများကို ဆွဲဆောင်နိုင်ခဲ့သည်။
ထို့ကြောင့် ကျန်းချန်တို့ နှစ်ယောက် လေလံပွဲ တံခါးဝသို့ ရောက်ရှိလာသောအခါတွင် လူအုပ်ကြီးသည် ပြည့်နှက်နေခဲ့ချေပြီ။
“ကပ်ဘေးဆေးလုံးရဲ့ ဆွဲဆောင်မှုက တကယ်ကို မသေးဘူးပဲ"
"ကပ်ဘေးဆေးလုံး ဆိုတာက တိမ်မြုပ်ပျောက်ကွယ်နေတဲ့ ရှေးဟောင်းဆေးလုံးတစ်မျိုးပဲ.. အဲဒီဆေးလုံးရဲ့စွမ်းအားက မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို ဖန်တီးပေးနိုင်တာနဲ့ အတူတူပဲ.. ထိပ်တန်း အင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်းတောင်မှ ကပ်ဘေးဆေးလုံးကို အတော်လေး လိုချင်နေကြတယ်"
"တကယ်လို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က လေလံပွဲကို အလျင်စလို မကျင်းပဘဲ စိမ်းလန်းသောမြစ် ကောင်းကင်နယ်မြေ ပတ်ဝန်းကျင်က နယ်မြေတချို့ကိုပဲ သတင်းမဖြန့်ခဲ့ဘူး ဆိုရင် စိမ်းလန်သောမြစ် ကုန်သွယ်ရေးအဖွဲ့က အခုထက် အဆပေါင်းများစွာ ပိုပြီး စည်းကားနေမှာပဲ”
ရွှယ်ချန်ကျဲက ခပ်တိုးတိုး ပြောလိုက်သည်။
ကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦး အနေဖြင့် ရွှယ်ချန်ကျဲသည် ကပ်ဘေးဆေးလုံးက မည်မျှအထိ ဆွဲဆောင်မှုရှိမှန်း ကောင်းစွာ သိရှိထားခဲ့သည်။
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
“ငါတို့ အထဲဝင်ကြစို့”
ယခုအခါတွင် သူက အင်မော်တယ်ခရစ္စတယ် အစိတ်အပိုင်း၏ အကူအညီဖြင့် အုပ်စိုးသူ တစ်ပိုင်းအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
သူ့အတွက်မူ ကပ်ဘေးဆေးလုံးသည် မရှိမဖြစ် မဟုတ်တော့၍ တောင်ပေါ်တွင် ထိုင်ကာ ကျားနှစ်ကောင် တိုက်ခိုက်သည်ကို ကြည့်နေရုံသာ ဖြစ်၏။
အထူးသဖြင့် သွေးနတ်ဆိုးဂိုဏ်းမှ ရွှယ်ဝူရှ ဖြစ်သည်။
အကယ်၍ ရွှယ်ဝူရှသာ ကပ်ဘေးဆေးလုံး အတွက် တိုက်ခိုက်နေစဥ် အတွင်း ပြဿနာနှင့် ကြုံတွေ့ရလျှင် သူက ထိုအရေးကြီးသော အခိုက်အတန့်၌ သေစေလောက်သော ထိုးနှက်ချက် တစ်ခုကို ပေးစွမ်းမည် ဖြစ်ပြီး သွေးနတ်ဆိုးဂိုဏ်း၏ နံပါတ်တစ် ပါရမီရှင်ကို အဆုံးသတ်ပေးမည် ဖြစ်သည်။
ရှဖေးထံမှ အထူးဧည့်သည်တော် ဖိတ်စာ ရရှိထားသောကြောင့် ကျန်းချန်သည် လေလံပွဲ အတွင်းသို့ တန်းစီစောင့်ဆိုင်းနေစရာ မလိုဘဲ တိုက်ရိုက်ပင် ဝင်ရောက်နိုင်ခဲ့သည်။
လေလံပွဲ၏ တံခါးဝသို့ ဝင်ရောက်လိုက်သောအခါတွင် စင်္ကြန်လမ်း၏ အလင်းရောင်သည် အနည်းငယ် မှိန်ဖျော့နေခဲ့၏။
ကျန်းချန်တို့က စင်္ကြန်လမ်းအတိုင်း လျှောက်သွားခဲ့ရာ လမ်းအဆုံးတွင် လေလံပွဲကျင်းပသည့် နေရာသည် ကျန်းချန်တို့၏ မြင်ကွင်းရှေ့၌ ပေါ်လာခဲ့သည်။
ဤလေလံပွဲ ကျင်းပသော နေရာသည် ကျန်းချန် ယခင်က မြင်ဖူးသမျှ လေလံပွဲကျင်းပရာ နေရာများထက် ပို၍ ကြီးမား၏။
စီတန်းထားသော ထိုင်ခုံများနှင့် တောက်ပသော ခရစ္စတယ်များဖြင့် တည်ဆောက်ထားသည့် လေလံစင်မြင့်သည် လူကို အနည်းငယ်ပင် မျက်စိကျိန်းစေခဲ့သည်။
“သခင်လေး.. သခင်လေးရဲ့ ထိုင်ခုံနံပါတ်က ဘယ်လောက်လဲရှင့်”
ထိုအခိုက်အတန့်တွင် လှပသော အစေခံ မိန်းကလေး တစ်ဦးသည် သူ့အနားသို့ အလျင်အမြန် လျှောက်လာပြီး ကျန်းချန်ကို တရိုတသေ မေးလိုက်သည်။
“ထိုင်ခုံနံပါတ်လား”
ကျန်းချန်က ခဏမျှ မှင်တက်သွားပြီးနောက်တွင် ရှဖေး ပေးထားသည့် အထူးဧည့်သည်တော် ဖိတ်စာကို ထုတ်ပြလိုက်သည်။
“ငါ့မှာ ဒါပဲ ရှိတယ်”
ကျန်းချန်၏ လက်ထဲရှိ အထူးဧည့်သည်တော် ဖိတ်စာကို မြင်လျှင် အစေခံ မိန်းကလေး မျက်ဝန်းထဲတွင် အံ့အားသင့်သော အရိပ်အယောင် တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
လေလံပွဲ၏ အစေခံတစ်ဦး အနေဖြင့် ကျန်းချန်၏ လက်ထဲရှိ အထူးဧည့်သည်တော် ဖိတ်စာ၏ အထူး အဆင့်အတန်းကို သူမ သဘာဝကျစွာပင် မြင်နိုင်ခဲ့သည်။
ဤသည်မှာ ပထမတန်းစား အထူးဧည့်သည်တော် ဖိတ်စာ ဖြစ်သည်။
ယင်းက အထူးဖိတ်စာတချို့မှ လွဲလျှင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ အမြင့်ဆုံးအဆင့် အထူးဧည့်သည်တော် ဖိတ်စာ ဖြစ်၏။
လေလံပွဲတိုင်းတွင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ထုတ်ပေးသည့် ပထမတန်းစား အထူးဖိတ်စာ အရေအတွက်သည် အစောင်သုံးဆယ်ထက် မပိုပေ။
ထို့ကြောင့် ပထမတန်းစား အထူး ဧည့်သည်တော် ဖိတ်စာကို ရရှိနိုင်သူသည် မည်သို့မှ သာမန် လူတစ်ယောက် မဟုတ်သည်မှာ သေချာ၏။
“သခင်လေးက ကျွန်မတို့ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ ပထမတန်းစား အထူးဧည့်သည် ဖြစ်နေတာကိုး.. ကျွန်မ နောက်ကို လိုက်ခဲ့ပါရှင့်”
အစေခံမိန်းကလေးသည် ယခင်ကထက်ပင် ပို၍ ရိုသေကိုင်းညွှတ်သွားခဲ့ပြီး ကျန်းချန်ကို လေလံပွဲ အတွင်းသို့ လျင်မြန်စွာ ခေါ်ဆောင်သွားခဲ့သည်။
ကြီးမားလှသော လေလံပွဲ ကျင်းပရာနေရာတွင် အတန်ကြာ လျှောက်သွားပြီးနောက် အစေခံမိန်းကလေးသည် ကျန်းချန်ကို ခရစ္စတယ် လေလံစင်မြင့်၏ အနီးတွင် နေရာချပေးကာ အရိုအသေ ပေး၍ ထွက်ခွာသွားခဲ့သည်။
ကျန်းချန်က ကျယ်ဝန်းပြီး နူးညံ့သော ဇိမ်ခံထိုင်ခုံတွင် ထိုင်ချလိုက်ရင်း လေလံပွဲ ကျင်းပသည့် နေရာကို အကဲခတ် ကြည့်ရှုလိုက်သည်။
ကျင့်ကြံသူ အများအပြားသည် လေလံပွဲကို ရောက်ရှိနေခဲ့ကြပြီ ဖြစ်၏။
ကျန်းချန် တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့်ပင် တစ်ရာထက်မနည်းသော ကပ်ဘေးအဆင့် ကျင့်ကြံသူများနှင့် ဆယ်ဦးထက် မနည်းသော မဟာယာန တစ်ပိုင်းအဆင့် ကျင့်ကြံသူများ၏ အရှိန်အဝါကို ခံစားလိုက်ရသည်။
“အင်မော်တယ် ကျင့်ကြံခြင်း စကြဝဠာရဲ့ အင်အားက တကယ်ကို မသေးဘူးပဲ”
ကျန်းချန်က စိတ်ထဲတွင် သက်ပြင်းချမိလိုက်၏။
လေလံပွဲသို့ ရောက်ရှိနေသော အစွမ်းထက် ကျင့်ကြံသူများ၏ အင်အားဖြင့်ပင် သူတို့ နတ်ဘုရားနယ်မြေ တစ်ခုလုံးကို ချေမှုန်းရန် လုံလောက်၏။
“သခင်လေးလီရှောင်.. ဟိုကောင်လည်း ရောက်နေတယ်”
ကျန်းချန်က ခန်းမတစ်ခုလုံးကို လှည့်ပတ် ကြည့်ရှုနေစဥ်မှာပင် ကျန်းချန်တို့နှင့် မျက်နှာချင်းဆိုင်ရှိ ပထမတန်းစား အထူး ဧည့်သည်တော် ထိုင်ခုံရှိ လီရှောင်၏ နံဘေးမှ အဘိုးအိုက ခပ်တိုးတိုး ပြောလိုက်သည်။
“စိတ်မပူပါနဲ့ ငါဒီသတင်းကို ဂိုဏ်းဆီ အကြောင်းကြားပြီးပြီ.. ဂိုဏ်းက မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်လိမ့်မယ်.. ဒီကောင့်အတွက် ပြေးစရာမြေ မရှိစေရဘူး”
လီရှောင်က အေးစက်စက် ပြောလိုက်သည်။
“ဒီနေ့က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ရဲ့ လေလံပွဲနေ့ပဲ.. အရင်ဆုံး ကပ်ဘေးဆေးလုံးကို ရအောင် ယူလိုက်ဦးမယ်”
“စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့က ကပ်ဘေးဆေးလုံးကို လေလံတင်မယ် ဆိုတဲ့သတင်းက အတော်လေး အလျင်စလို ဖြစ်သွားခဲ့တဲ့ အတွက် စိမ်းလန်းသောမြစ်ကောင်းကင်နယ်မြေရဲ့ ပတ်ဝန်းကျင်နယ်မြေ အနည်းငယ်လောက်ကိုပဲ ဆွဲဆောင်နိုင်ခဲ့တယ်.. ဒါကြောင့် ဒီနေ့မှာ ငါတို့ရဲ့အကြီးမားဆုံး ပြိုင်ဘက်က သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှ တစ်ယောက်ပဲ ရှိလိမ့်မယ်”
အဘိုးအိုက ထိုစကားကိုပြောရင်း ရွှယ်ဝူရှ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သည်။
“ရွှယ်ဝူရှ အတွက် ငါမစိုးရိမ်ဘူး.. အဲဒီကောင်ကို ငါ ပိုပြီး စိုးရိမ်နေမိတယ်”
လီရှောင်က မျက်နှာချင်းဆိုင်ရှိ ကျန်းချန်ကို လှမ်းကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။
“အဲဒီကောင်က ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေက လာတယ် ဆိုတာ မင်းသေချာရဲ့လား”
အဘိုးအိုက ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲဒီကောင်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့နဲ့ အတူ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကနေ တကယ်ပဲ လာခဲ့တာပါ”
လီရှောင်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အမူအရာတစ်ခု ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။
“ဒီကောင့်လို လူမျိုးကို ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီး ဆယ်ဂိုဏ်းကပဲ ပျိုးထောင်နိုင်လိမ့်မယ်.. ဒါပေမဲ့ သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှကို စေလွှတ်လိုက်ပြီးပြီပဲ.. ကပ်ဘေးဆေးလုံး အတွက် နောက်ထပ် လူတစ်ယောက်ကို ဘယ်လိုလုပ်ပြီး လျှို့ဝှက်စေလွှတ်ဖို့ ဖြစ်နိုင်မှာလဲ.. တကယ်လို့ ဒီကောင်က သွေးနတ်ဆိုးဂိုဏ်းက မဟုတ်ဘူး ဆိုရင် ဒီကောင့်ရဲ့နောက်ခံက ဘာများ ဖြစ်နေမလဲ”
အခန်း(၂၅၀၉)ပြီး၏။
***