လီရှောင်က ကျန်းချန်တို့ နှစ်ဦး မည်သူမည်ဝါဖြစ်ကြောင်း တိတ်တဆိတ် ခန့်မှန်းနေချိန်မှာပင် အခြားတစ်ဖက်တွင်လည်း ရွှယ်ဝူရှတို့ လူစု၏ အကြည့်သည် ကျန်းချန်တို့ ဆီသို့ ကျရောက်နေခဲ့သည်။
“အကြီးအကဲယင်.. ဒီနှစ်ယောက်ရဲ့ အသေးစိတ် အချက်အလက်တွေကို စုံစမ်းခိုင်းထားတာ ဘယ်လိုလဲ.. ဘာတွေသိရပြီလဲ”
ရွှယ်ဝူရှက မျက်မှောင်ကြုတ်ကာ ကျန်းချန်တို့ နှစ်ဦးကို ကြည့်ရင်း သူ၏ နံဘေးရှိ ပိန်ပါးပါး အဘိုးအိုကို ခပ်တိုးတိုး မေးလိုက်သည်။
“ဒီနှစ်ယောက်ရဲ့ မူလအစက အတော်လေး လျှို့ဝှက်ဆန်းကြယ်တယ်.. သူတို့က လေထဲကနေ ရုတ်တရက် ထွက်ပေါ်လာသလိုပဲ.. ကျွန်တော်လည်း ရှိသမျှ အဆက်အသွယ်တွေအကုန်သုံးပြီး ရှာကြည့်ပေမဲ့ သူတို့ ဘယ်နေရာက လာလဲ ဆိုတာ မသိခဲ့ဘူး”
ပိန်ပါးပါး အဘိုးအိုက ခေါင်းခါရမ်းလိုက်ပြီးနောက်တွင် လေးနက်စွာ ပြောလိုက်သည်။
“ဒါပေမဲ့ တစ်ခုတော့ သေချာတယ်.. ဒီနှစ်ကောင်က ကျွန်တော်တို့ ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေကနေ လာတာပဲ”
ထိုစကားကိုကြားလျှင် ရွှယ်ဝူရှ၏ မျက်ဝန်းများသည် အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်။
ထိုနေ့က ကုန်သွယ်ရေးစျေး တတိယအလွှာတွင် ထိုလျှို့ဝှက်ဆန်းကြယ်သော လူငယ်သည် လီရှောင်နှင့် ထိပ်တိုက်ရင်ဆိုင်ပြီး လီရှောင်ကိုပင် အသာစီး ရခဲ့သည်။
ယင်းမှာ လီရှောင်၏ ပေါ့ဆမှုကြောင့် ဖြစ်နိုင်သော်လည်း လျှို့ဝှက်ဆန်းကြယ်သော လူငယ်၏ ပင်ကိုစွမ်းရည်သည် အလွန်တရာ ထူးခြားသည်ကို သက်သေပြရန် လုံလောက်၏။
ထိုလူငယ်က သူနှင့် နှိုင်းယှဥ်လျှင်ပင် အနည်းငယ်မျှ နိမ့်ကျလိမ့်မည် မဟုတ်ချေ။
ရွှယ်ဝူရှသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် ဤကဲ့သို့ ကြောက်မက်ဖွယ်ရာကောင်းသော ပါရမီရှင် တစ်ဦး ရှိနေသည်ကို မယုံကြည်နိုင်အောင် ဖြစ်နေခဲ့သည်။
“ဒီလို ပါရမီရှင်မျိုး ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှာ ပုန်းအောင်းနေလိမ့်မယ်လို့ မထင်ထားခဲ့ဘူး.. သူတို့က သွေးဓားအင်မော်တယ်ဂိုဏ်းကများ ဖြစ်နေမလား”
ရွှယ်ဝူရှ၏ မျက်ဝန်းထဲတွင် ထက်ရှသော အလင်းတန်း တစ်ခု လက်ခနဲ ဖြစ်သွားခဲ့သည်။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် အထွတ်အထိပ်ကာလတွင် အင်မော်တယ် ကျင့်ကြံခြင်းစကြဝဠာ၏ ထိပ်တန်းအင်မော်တယ် ဂိုဏ်းကြီးဆယ်ဂိုဏ်း ထဲတွင် ပါဝင်ပြီး ယခု လက်ရှိသွေးနတ်ဆိုးဂိုဏ်းထက်ပင် များစွာ ပို၍ အင်အားကြီးခဲ့သည်။
ယခုအခါတွင် သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဆုတ်ယုတ်နေပြီ ဖြစ်သော်လည်း ပိန်သွားသော ကုလားအုပ်သည် မြင်းထက် ကြီးမားနေဆဲ ဟူသော ဆိုရိုးစကားကဲ့သို့ပင်။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ဤကဲ့သို့ ပါရမီရှင်မျိုးကို လျှို့ဝှက် ပျိုးထောင်ထားရန်မှာ မဖြစ်နိုင်သည်တော့ မဟုတ်ပေ။
“ဒါတော့ မဖြစ်နိုင်ဘူးထင်တယ် သခင်လေး”
ပိန်ပါးပါး အဘိုးအိုက ခေါင်းခါရမ်း၍ ပြောလိုက်သည်။
“ဒီနှစ်တွေအတွင်း ကျွန်တော်တို့ရဲ့ ဖိနှိပ်မှုအောက်မှာ သွေးဓားအင်မော်တယ်ဂိုဏ်းက တပည့်သစ် စုဆောင်းဖို့တောင် အနိုင်နိုင်ပဲ.. သူတို့က ဒီလိုမျိုး ပါရမီရှင်ကို ဘယ်လိုလုပ်ပြီး ပျိုးထောင်နိုင်မှာလဲ”
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ရှည်လျားသော သမိုင်းကြောင်း ရှိပြီး အခြေခံအုတ်မြစ်သည် အလွန်တရာပင် နက်ရှိုင်း၏။
သွေးဓားအင်မော်တယ်ဂိုဏ်းသည် ထိပ်တန်း ပါရမီရှင်များအား ပျိုးထောင်နိုင်စွမ်း ရှိသည်ကို ပိန်ပါးပါး အဘိုးအို သံသယမရှိပေ။
သို့သော်လည်း အဓိကအချက် အနေဖြင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် အစွမ်းထက် ပါရမီရှင် တပည့်ကို ရှာတွေ့နိုင်ရန် လိုအပ်၏။
ယခုအခါတွင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကို သူတို့သွေးနတ်ဆိုးဂိုဏ်းက ထိန်းချုပ်ထားပြီး သူတို့၏ ပိတ်ဆို့မှုအောက်တွင် ပါရမီရှင် တပည့်တစ်ဦးသည် သွေးဓားအင်မော်တယ်ဂိုဏ်းသို့ ဝင်ရောက်ရန်မှာ မဖြစ်နိုင်သလောက်ပင်။
ထို့ကြောင့် သွေးဓားအင်မော်တယ်ဂိုဏ်းသည် နက်ရှိုင်းသော အခြေခံအုတ်မြစ် ရှိသော်လည်း လေ့ကျင် ပျိုးထောင်ပေးရန် ပါရမီရှင်တပည့် မရှိသည့်အတွက် "ဆန်မရှိ၍ ထမင်းချက်ရခက်နေသော မိန်းမကောင်း"ကဲ့သို့ ဖြစ်နေခဲ့သည်။
ရွှယ်ဝူရှက မျက်မှောင်ကြုတ်ကာ ပြောလိုက်၏။
“တကယ်လို့ ဒီနှစ်ယောက်က သွေးဓားအင်မော်တယ်ဂိုဏ်းက မဟုတ်ဘူးဆိုရင် ဘယ်သူတွေ ဖြစ်နိုင်မလဲ”
ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေသည် သူတို့ သွေးနတ်ဆိုးဂိုဏ်းက ထိန်းချုပ်ထားသော နယ်မြေ ဖြစ်သည်။
ယခုအခါတွင် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေထဲ၌ သူ့ထက်ပင် မနိမ့်ကျသည် ကြောက်မက်ဖွယ်ပါရမီရှင် တစ်ဦး ရှိနေသော်လည်း သူတို့ သွေးနတ်ဆိုးဂိုဏ်းသည် လုံးဝ သတိမထားမိခဲ့ပေ။
ယင်းမှာ သူတို့ သွေးနတ်ဆိုးဂိုဏ်း အတွက် သတင်းကောင်းတစ်ခု မဟုတ်ချေ။
“သခင်လေး.. သိပ်မကြာခင်က သွေးနတ်ဆိုးဂိုဏ်းရဲ့ ပါရမီရှင်နှစ်ယောက်က ရွှယ်ချန်ကျဲနဲ့ လူငယ် တစ်ယောက်ရဲ့ လက်ထဲမှာ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးသွားခဲ့တယ်”
ထိုအခိုက်အတန့်တွင် စကားတစ်လုံးမှ ဝင်မပြောသေးသည့် သွေးရောင်ဆံပင်နှင့် အဘိုးအိုသည် ရုတ်တရက် လေးနက်စွာ ပြောလိုက်သည်။
သွေးရောင်ဆံပင်နှင့် အဘိုးအို၏ စကားကိုကြားလျှင် ရွှယ်ဝူရှ၏ မျက်ဝန်းများသည် ရုတ်တရက် ကျဥ်းမြောင်းသွားခဲ့၏။
သွေးနတ်ဆိုးဂိုဏ်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေကို နှစ်ပေါင်းများစွာ ထိန်းချုပ်လာခဲ့သည် ဖြစ်ရာ အကယ်၍ ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေ ထဲတွင် ဤကဲ့သို့ ပါရမီရှင်တစ်ဦး ရှိနေလျှင် သွေးနတ်ဆိုးဂိုဏ်းသည် မသိဘဲနေရန် မဖြစ်နိုင်ပေ။
သို့သော်လည်း မကြာသေးမီက စပြီး ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတွင် ပါရမီရှင်များကို သတ်ဖြတ်နိုင်သည့် ကြောက်မက်ဖွယ် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့သည်မှာ အမှန်ပင် ဖြစ်၏။
ထို့အပြင် ထိုလူသည် သူတို့ သွေးနတ်ဆိုးဂိုဏ်း၏ သစ္စာဖောက် ဖြစ်သည့် ရွှယ်ချန်ကျဲ၏ အပေါင်းအဖော်လည်းဖြစ်သည်။
ရွှယ်ချန်ကျဲသည် သွေးနတ်ဆိုးဂိုဏ်းကို တမင် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ပြီး သွေးနတ်ဆိုးဂိုဏ်း၏ ပါရမီရှင် နှစ်ဦးကို သတ်ဖြတ်ခဲ့သည်။
ထိုသတင်းသည် ဆိတ်ငြိမ်သွေးကောင်းကင် နယ်မြေတစ်ခုလုံးကိုပင် လှုပ်လှုပ်ရှားရှား ဖြစ်သွားစေခဲ့သည်။
ထို့အပြင် ရွှယ်ယန်မြို့စား ရွှယ်ချင်းယန်သည်လည်း ရွှယ်ချန်ကျဲတို့ နှစ်ဦး၏ လက်ထဲမှာပင် ကျဆုံးသွားခဲ့ရ၏။
ယခုတစ်ကြိမ် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သို့ လာရောက်ရသည့် ရည်ရွယ်ချက်မှာ ကပ်ဘေးဆေးလုံး အတွက်သာမက အခြား ရည်ရွယ်ချက်တစ်ခု ဖြစ်သည့် ရွှယ်ချန်ကျဲတို့ နှစ်ဦးကို ဖော်ထုတ်ရန် အတွက် ဖြစ်သည်။
သို့သော်လည်း ရွှယ်ချန်ကျဲတို့ နှစ်ဦးသည် သတိကြီးစွာ ထားနေပုံရပြီး သူ့အပေါ်တွင် မည်သည့် လှုပ်ရှားမှုမှ မပြုလုပ်ခဲ့ကြပေ။
သို့ရာတွင် ရွှယ်ချန်ကျဲတို့ နှစ်ဦး လှုပ်ရှားမှု မပြုလုပ်ခြင်းသည် သူ့အပေါ်တွင် တိုက်ခိုက်ရန် လက်လျော့လိုက်သည်ဟု မဆိုလိုချေ။
ထိုနှစ်ယောက်သည် စိမ်းလန်းသောမြစ်မြို့ကို ရောက်နှင့်နေခြင်းလည်း ဖြစ်နိုင်၏။
မျက်နှာချင်းဆိုင်မှ လျှို့ဝှက်ဆန်းကြယ်သော လူနှစ်ယောက်သည် ဆိတ်ငြိမ်သွေးကောင်းကင်နယ်မြေမှ လာသည် ဆိုလျှင် ၎င်းတို့သည် အမှန်တကယ်ပင် ရုပ်ဖျက်ထားသည့် ရွှယ်ချန်ကျဲတို့ နှစ်ဦး ဖြစ်နိုင်လောက်၏။
“သခင်လေးဝူရှ.. ကျွန်တော်လည်း ဒီနှစ်ယောက်ကို ရွှယ်ချန်ကျဲတို့ နှစ်ဦး ဖြစ်နိုင်ခြေများတယ်လို့ ထင်မိတယ်.. သူတို့ကို စမ်းသပ်လိုက်ရမလား”
ပိန်ပါးပါး အဘိုးအို၏ မျက်ဝန်းက လက်ခနဲ ဖြစ်သွားခဲ့ပြီး ခပ်တိုးတိုး မေးလိုက်သည်။
ရွှယ်ဝူရှက ခဏမျှ စဥ်းစားပြီးမှ ပြောလိုက်သည်။
“မြွေကို လန့်ပြေးအောင် မခြောက်မိစေနဲ့.. သူတို့ကို တိတ်တဆိတ်ပဲ လေလံပွဲပြီးတဲ့အထိ သတိထားပြီး စောင့် ကြည့်နေပါ”
ဤသည်က စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ ဌာနချုပ် ဖြစ်သည်။
အကယ်၍ ထိုနှစ်ယောက်က သူတို့ ထင်ထားသလို အမှန်တကယ် ဖြစ်နေလျှင်ပင် ဤနေရာတွင် သတ်၍ မရပေ။
ထို့အပြင် စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့၏ လေလံပွဲသည် စတင်တော့မည် ဖြစ်ရာ ယခုအချိန်တွင် သူ့အတွက် အရေးကြီးဆုံး အရာမှာ ကပ်ဘေးဆေးလုံးကို ရရှိရန်သာ ဖြစ်သည်။
အဆုံးသတ်တွင် ကပ်ဘေးဆေးလုံး ဆိုသည်မှာ သူ့ကို မဟာယာန အဆင့်သို့ ထိုးဖောက်ရန် အကူအညီပေးမည့် သော့ချက်ဆိုလည်း မမှားပေ။
“သခင်ကြီး.. ကျိုလီအင်မော်တယ်ဂိုဏ်းက လီရှောင်နဲ့ သွေးနတ်ဆိုးဂိုဏ်းက ရွှယ်ဝူရှတို့က ကျွန်တော်တို့ကို သတိထားပြီး စောင့်ကြည့်နေပုံပဲ”
မျက်နှာချင်းဆိုင်မှ အကြည့်များကို ခံစားမိလျှင် ရွှယ်ချန်ကျဲက ကျန်းချန်ကို ခပ်တိုးတိုး ပြောလိုက်သည်။
“အထူးသဖြင့် သွေးနတ်ဆိုးဂိုဏ်းက လူတွေပဲ.. သူတို့က ကျွန်တော်တို့ ဘယ်သူလဲ ဆိုတာ သိသွားလောက်ပြီလို့ ကျွန်တော် သံသယဖြစ်မိတယ်”
ကျန်းချန်ကမူ ထွေထွေထူးထူး ဂရုစိုက်မနေခဲ့ပေ။
“ဘာမှမစိုးရိမ်ပါနဲ့.. ဒါက စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့အစည်းရဲ့ ပိုင်နက်ပဲ.. သူတို့တွေ ငါတို့ကို ဘာမှလုပ်လို့မရဘူး”
စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့သည် ထိပ်တန်း အင်မော်တယ်ဂိုဏ်းကြီး ဆယ်ဂိုဏ်းထဲမှ စိမ်းလန်းသောမြစ်ဂိုဏ်းနှင့် ဆက်နွှယ် ပတ်သက်နေသော အဖွဲ့ ဖြစ်သည်။
ထို့ကြောင့် ကျိုလီအင်မော်တယ်ဂိုဏ်းဖြစ်စေ၊ သွေးနတ်ဆိုးဂိုဏ်းဖြစ်စေ၊ ဤနေရာတွင်မူ စိမ်းလန်းသောမြစ် ကုန်သွယ်ရေးအဖွဲ့ကို မျက်နှာသာပေးရပေလိမ့်မည်။
ထို့အပြင် သူက အုပ်စိုးသူ တစ်ပိုင်းအဆင့်ကို ထိုးဖောက်ခဲ့ပြီဖြစ်ရာ မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး မလှုပ်ရှားသရွေ့ သူ့ကို ဘာမျှ လုပ်ဆောင်နိုင်မည် မဟုတ်ပေ။
ယင်းအပြင် သူ၏ ခန္ဓာကိုယ်ထဲတွင် အင်မော်တယ် ခရစ္စတယ် အစိတ်အပိုင်းလည်း ရှိနေသေးပြီး အုပ်စိုးသူ စွမ်းအားများကလည်း စဥ်ဆက်မပြတ် တိုးပွားနေခဲ့သည်။
လေလံပွဲပြီးသည်နှင့် သူက စိမ်းလန်းသောမြစ် ကုန်သွယ်ရေး အဖွဲ့တွင် ဆယ်ရက်၊ ဆယ့်ငါးရက်ခန့် ကျင့်ကြံရုံမျှဖြင့် အုပ်စိုးသူ အဆင့်ကို အောင်မြင်စွာ ထိုးဖောက်နိုင်မည် ဖြစ်၏။
ထိုအချိန်သို့ ရောက်လျှင် သွေးနတ်ဆိုးဂိုဏ်း သို့မဟုတ် ကျိုလီအင်မော်တယ်ဂိုဏ်း တို့မှ မဟာယာနအဆင့် ကျင့်ကြံသူ ကိုယ်တိုင် ရောက်လာခဲ့လျှင်ပင် သူ့အနေဖြင့် လုံးဝ ကြောက်ရွံ့နေမည် မဟုတ်ပေ။
ကျန်းချန်က သူတို့၏ အထောက်အထား ပေါ်သွားမည်ကို ဂရုစိုက်ပုံ မရသည်ကို မြင်လျှင် ရွှယ်ချန်ကျဲသည် ထပ်မပြောတော့ဘဲ မျက်လုံးကို မှိတ်ကာ ကျင့်ကြံနေလိုက်သည်။
မိုးမခသွေးနတ်ဆိုးသစ်သီးကို မျိုချပြီးနောက်တွင် ရွှယ်ချန်ကျဲသည် သစ်သီး၏ စွမ်းအားကို ရက်အနည်းငယ်ကြာ စုပ်ယူခဲ့ရာ မဟာယာနအဆင့် စွမ်းအားများကို ထိတွေ့နိုင်နေပြီ ဖြစ်သည်။
သူ့ကို အချိန်အနည်းငယ်သာ ထပ်ပေးမည် ဆိုလျှင် မဟာယာန တစ်ပိုင်းအဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်၏။
ဤကဲ့သို့ စောင့်ဆိုင်းရင်းဖြင့် နာရီဝက်ခန့် အချိန်သည် မျက်တောင်တစ်ခတ် အတွင်း ကုန်ဆုံးသွားခဲ့သည်။
ထိုအခိုက်အတန့်မှာပင် ကြည်လင်ပြတ်သားသော ခေါင်းလောင်းသံ တစ်သံသည် အဆုံးသတ်တွင် ပဲ့တင်ထပ်လာခဲ့သည်။
ခေါင်းလောင်းသံကို ကြားလိုက်ရလျှင် ဆူညံနေသော လေလံခန်းမကြီးသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားခဲ့သည်။
လူတိုင်းသည် လေလံခန်းမ၏ အလယ်ဗဟိုရှိ ခရစ္စတယ်စင်မြင့် ဆီသို့ ကြည့်လိုက်ကြသည်။
ခရစ္စတယ်စင်မြင့် ပေါ်တွင် မည်သည့် အချိန်ကတည်းက ရောက်လာသည်ကို မသိရသည့် ဆံပင်များ ဖြူဖွေးနေသော အဘိုးအို တစ်ဦး ပြုံး၍ ရပ်နေသည်ကို အားလုံးက မြင်လိုက်ရ၏။
အခန်း(၂၅၁၀)ပြီး၏။
***