~သုံးပါး အစွန်းရောက် ဂိုဏ်း ၏ လက်ကျန်ကိစ္စများကို ရှင်းလင်းရန်အတွက် မြို့စားဝူတောက်ယိုကို တာဝန်လွှဲပြောင်းပေးခဲ့သည်။
ကောင်းကင်ဂိုဏ်းချုပ်နှင့် လျိုယွင်ပညာရှင်တို့ နှစ်ဦးကိုမူ ရွှမ်ဟူမျှော်စင် သို့ ခေါ်ဆောင်သွားကြ၏။
ဟောက်ရန် ကျောင်းတော် တွင် ရောက်ရှိနေသော ယန်ရီဇီ၏ ရုပ်အလောင်း (အတု) ကိုလည်း ဝူတောက်ယို၏ အကူအညီဖြင့် နေရပ်ပြန်ပို့ခဲ့သည်။
ဆုမိုအဖို့ လုပ်စရာကျန်သည်မှာ ဟောက်ရန် ကျောင်းတော်မှ ဒေါသတကြီး ထွက်ခွာခဲ့သော နေ့ရက်မှစ၍ ပြတ်တောက်နေသော ဇာတ်လမ်းကို ပြန်လည်ဆက်စပ်ရန်သာ ရှိတော့သည်။
အများဆုံး လုပ်ရလျှင် တုန်းချန်နယ်မြေ ၌ ရက်အနည်းငယ်ကြာအောင် အချိန်ဆွဲနေပြီးမှ လျိုမိုတို့အဖွဲ့နှင့် မတော်တဆ လမ်းကြုံတွေ့ရသယောင် ဟန်ဆောင်လိုက်ရုံသာ။
ဤခရီးစဉ်တွင် ထွေထွေထူးထူး ပြောစရာမရှိလှပေ။
လူတိုင်း ခရီးတွင်ချင်သဖြင့် ကိုယ်ဖော့ပညာ ကို အစွမ်းကုန် ထုတ်ဖော်ကာ ခရီးနှင်ခဲ့ကြ၏။
ကျန်းရှောင်ရှောင်ကိုမူ ဆုမိုက ခေါ်ဆောင်လာခဲ့ပြီး (၁၀) ရက်ကျော် ကြာသောအခါ ကျီယန် ဆိပ်ကမ်း သို့ ပြန်လည်ရောက်ရှိလာကြသည်။
ထိုမှတစ်ဆင့် မြစ်သုံးစင်း ပင်လယ်အော် သို့ ပြန်ရန် တောင်ဘက်သို့ စုန်ဆင်းမည့် သင်္ဘောတစ်စင်းကို စီးနင်းလိုက်ကြ၏။
ဤတစ်ခါ သူတို့ စီးနင်းလိုက်သည်မှာ ခရီးသည်တင် သင်္ဘောကြီး ဖြစ်သည်။
ဤကဲ့သို့သော သင်္ဘောကြီးများသည် သာမန် ကုန်တင်သင်္ဘောများထက် ခရီးအများကြီး ပိုပေါက်သည်။ ရေလမ်းကြောင်း တစ်ဝက်နီးပါးကို ဖြတ်သန်းမောင်းနှင်လေ့ရှိသည်။
မြစ်သုံးစင်း ပင်လယ်အော် ဆိပ်ကမ်းမှ စတင်ထွက်ခွာပြီး ဖင်းကွမ် ဆိပ်ကမ်း အထိ ရောက်သည်။ ပြီးလျှင် ဖင်းကွမ်မှ ပြန်လှည့်လာသည်။
အသွားအပြန် ခေါက်တုံ့ခေါက်ပြန် ပြေးဆွဲနေသော လမ်းကြောင်းပင်။
မြစ်ကြောင်းတစ်လျှောက် ခရီးသည်တင်ဆောင်ခြင်းသည် လွယ်ကူသော အလုပ်မဟုတ်ပေ။ ရေလမ်းကြောင်းတစ်လျှောက်ရှိ သူခိုးဓားပြများကိုလည်း ဆက်ကြေးပေးရသေးသည်။
အဆက်အသွယ် ကောင်းမွန်ပြီး မျက်နှာပန်းလှမှသာ ဤလုပ်ငန်းတွင် အဆင်ပြေချောမွေ့နိုင်ပေမည်။
ထို့ကြောင့် ဤစီးပွားရေးကို လုပ်ကိုင်သူ သိပ်မရှိလှပေ။
လဝက်နေမှ သင်္ဘောတစ်စင်း ဖြတ်သွားသည်ကို တွေ့ရလျှင်ပင် ကံကောင်းသည်ဟု ဆိုရမလို။
ယခုတစ်ခေါက်တွင် ဆုမိုတို့အဖွဲ့ ကံကောင်းသည်ဟု ဆိုရမည်။ ဖင်းကွမ် ဆိပ်ကမ်းမှ ပြန်လာသော သင်္ဘောတစ်စင်းသည် ကျီယန် ဆိပ်ကမ်းတွင် ခရီးသည်အချို့ ချပေးရန် ဆိုက်ကပ်လာခိုက် သူတို့နှင့် အံကိုက် ကြုံကြိုက်သွားခြင်း ဖြစ်သည်။
အခွင့်ကောင်းကို လက်မလွှတ်ဘဲ ငွေတုံးအချို့ ပေးကာ သင်္ဘောပေါ်သို့ တက်လိုက်ကြ၏။
သင်္ဘောပေါ်တွင် အရပ်လေးမျက်နှာမှ လာသော ခရီးသွားများဖြင့် ပြည့်နှက်နေပြီး ဆူညံပွက်လောရိုက်နေ၏။
လျိုမိုနှင့် ဖုဟန်ယွမ်တို့သည် အာမခံဌာန၏ ဝန်ထမ်းများအသွင် ချက်ချင်း ကူးပြောင်းသွားကြပြီး ဆုမိုနှင့် ယန်ရှောင်ယွင်တို့၏ ဘေးတစ်ဖက်စီတွင် နေရာယူကာ မသိမသာ ကာကွယ်ပေးထားလိုက်သည်။
ကျန်းရှောင်ရှောင်သည်လည်း ရှေ့နားတွင် ဝင်ထိုင်လိုက်ပြီး သူစိမ်းများ အနားမကပ်ရဲအောင် မျက်နှာထားတင်းတင်းဖြင့် စောင့်ကြပ်နေလေ၏။
ဆုမိုသည် နားစွင့်နေလိုက်သည်။
လူအုပ်ကြီးသည် အကြောင်းအရာ မျိုးစုံကို ဒရောသောပါး ဆွေးနွေးငြင်းခုံနေကြ၏။ အများစုမှာ အရေးမပါသော သာမန်ကိစ္စများသာ ဖြစ်သည်။
သို့သော် သတင်းအချို့မှာမူ နားထောင်ရကျိုး နပ်ပေသည်။
ထိုအထဲမှ တစ်ခုမှာ ထာဝရည တောင်ကြား အကြောင်း ဖြစ်သည်။
ကျောက်လုံ ရေတပ်စခန်း အတွင်း၌ ထာဝရည တောင်ကြား၏ လှုပ်ရှားမှုများ ပေါ်ပေါက်ခဲ့သည်မှာ လူတိုင်းအသိပင် ဖြစ်သည်။
အထူးသဖြင့် ချူချိုယွီတို့ အဖွဲ့ ဘေးကင်းရာသို့ ထွက်ပြေးလွတ်မြောက်သွားပြီးနောက် လန်ယွဲ့နန်းတော် သို့ သတင်းပို့လိုက်ရာ နန်းတော်သခင်မကြီးမှာ ဒေါသအကြီးအကျယ် ထွက်သွားခဲ့သည်ဟု ဆိုသည်။
နန်းတော်သခင်မကြီးသည် ဂိုဏ်းကြီး (၇) ဂိုဏ်းကို ချက်ချင်း ဆက်သွယ်လိုက်သည်။ (ဇီယန်ဂိုဏ်းမှ လွဲ၍) ကျန်ဂိုဏ်းများအားလုံး ရေလမ်းကြောင်းတစ်လျှောက်သို့ ချီတက်လာကြ၏။
ထာဝရည တောင်ကြား၏ လက်တံများကို ဝိုင်းဝန်း ချေမှုန်းရန် ဖြစ်သည်။
ဤပုဂ္ဂိုလ်ကြီးများ၏ လှုပ်ရှားမှုသည် လျှပ်စီးပမာ မြန်ဆန်ပြတ်သားလှသည်။ ရေလမ်းကြောင်းတစ်လျှောက် ဖြစ်ပေါ်နေသော မငြိမ်မသက်မှုများသည် လွန်ခဲ့သော ရက်အနည်းငယ်ကမှ ငြိမ်သက်သွားခဲ့ခြင်း ဖြစ်သည်။
ဤသတင်းကို ကြားလိုက်ရသောအခါ ဆုမို မျက်ခုံးပင့်လိုက်မိ၏။ ထိုစဉ် လူတစ်ယောက်၏ ပြောသံကို ကြားလိုက်ရပြန်သည်။
“သူတို့က အာရုံလွှဲတဲ့ နည်းဗျူဟာကို သုံးလိုက်တာဗျ... ရေလမ်းကြောင်းတစ်လျှောက်မှာ မွှေနှောက်ပြီး ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ အာရုံကို ဆွဲဆောင်လိုက်တာ...”
“ကြားတာတော့ ညသခင် က တိတ်တဆိတ်နဲ့ ထျန်းချူမြို့ကို ထပ်ပြီး ဝင်တိုက်ဖို့ ကြိုးစားနေတယ်တဲ့...”
“ဂိုဏ်းကြီး (၇) ဂိုဏ်းက ရေလမ်းကြောင်းဘက်ကို အာရုံရောက်နေတော့ ညသခင်ရဲ့ လှုပ်ရှားမှုကို သတိမထားမိကြဘူး ထင်ပါရဲ့...”
“မဖြစ်နိုင်ပါဘူးဗျာ...”
နောက်လူတစ်ယောက်က လက်မြှောက်ကာ ဟန့်တား လိုက်ပြီး ချက်ချင်း ပြန်လည်ချေပသည်။
“ဂိုဏ်းကြီး (၇) ဂိုဏ်းက အမြော်အမြင် ကြီးမားပါတယ်... သူတို့အားလုံးက ပါးရည်နပ်ရည်ရှိတဲ့ ပညာရှင်ကြီးတွေပဲ... ညသခင်ရဲ့ ကလေးကစားစရာ လှည့်ကွက်လောက်ကို သူတို့ မမြင်ဘဲ နေမလားဗျ...”
“အမှန်အတိုင်း ပြောရရင် ကျုပ်မိတ်ဆွေတွေထဲမှာ ဂိုဏ်းကြီး (၇) ဂိုဏ်းက လူတွေ ပါတယ်။ ထျန်းချူမြို့ အခြေအနေကို ကျုပ် ကြားပြီးသား...”
“ဟောဗျာ... ပြောပါဦး...”
“ထွေထွေထူးထူးတော့ မဟုတ်ပါဘူးဗျာ... ခင်ဗျား ပြောသလိုပဲ ညသခင်က ဂိုဏ်းကြီးတွေ ရေလမ်းဘက် အာရုံရောက်နေတုန်း ထျန်းချူမြို့ကို ခိုးတိုက်ဖို့ ကြိုးစားတာပဲ...”
“ဒါပေမဲ့ သူတို့ မထင်ထားတာက ထျန်းချူမြို့မှာ ကောင်းကင်နှင့် မြေကြီး ပိုက်ကွန် ဆင်ပြီး အသင့်စောင့်နေကြတာ...”
“ဒီတိုက်ပွဲအပြီးမှာ ထာဝရည တောင်ကြားဘက်က အကြီးအကျယ် ရှုံးနိမ့်သွားတယ်လို့ ကြားတယ်...”
“ဟာ... ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ ဂိုဏ်းချုပ်တွေက တကယ့်ကို ဖြောင့်မတ်တဲ့ လမ်းစဉ်ရဲ့ ခေါင်းဆောင်တွေပဲ... တကယ် အတပ်သိ နေကြတာပဲကိုး...”
“ဒါကတော့ သေချာတာပေါ့... ဒါပေမဲ့ ညသခင်ကလည်း သာမန်လူမှ မဟုတ်တာ...”
“ဒီတစ်ခေါက် ဇီယန်ဂိုဏ်းချုပ် အပါအဝင် (၇) ယောက် ပေါင်းပြီး ညသခင်ကို ရင်ဆိုင်ကြတယ်လို့ ကြားတယ်...”
“လွန်ခဲ့တဲ့ နှစ် (၂၀) က တိုက်ပွဲလိုပါပဲဗျာ... သရေကျပြီး နှစ်ဖက်စလုံး အထိနာသွားကြတယ်တဲ့...”
နားထောင်နေသူများ အားလုံး မျက်လုံးများ ပြူးကျယ်ကုန်ကြ၏။
လူတစ်ယောက်က သက်ပြင်းချရင်း ပြောလာ၏။
“ညသခင်ရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာကောင်းတာပဲ... လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းကလည်း ဂိုဏ်းချုပ် (၇) ယောက်နဲ့ ယှဉ်ပြိုင်ခဲ့တယ်... အခု နှစ် (၂၀) ကြာတော့လည်း အဲဒီတုန်းကလိုပဲ ဘာမှ မကွာခြားဘူး...”
“ပြောရခက်တယ်ဗျ...”
ရှေ့နားမှ လူက ပြန်ပြောလိုက်သည်။
“လွန်ခဲ့တဲ့ နှစ် (၂၀) တုန်းက ညသခင်က တကယ်ကို အထွတ်အထိပ် ရောက်ခဲ့တာ မှန်တယ်... ဒါပေမဲ့ အဲဒီတုန်းက သူ ဘယ်သူတွေနဲ့ ရင်ဆိုင်ခဲ့ရတာလဲ... မျိုးဆက်ဟောင်း ဆရာသခင်ကြီးတွေနဲ့လေ...”
“အခုကြည့်... လန်ယွဲ့နန်းတော် သခင်မကြီး နေရာလည်း လူသစ်ရောက်နေပြီ... ဇီယန်ဂိုဏ်းချုပ်အိုကြီးကလည်း အသက်ကြီးပြီး အိုမင်းနေပြီ... သူ့သိုင်းပညာက လွန်ခဲ့တဲ့ နှစ် (၂၀) ကလောက် ဘယ်ကောင်းတော့မလဲ...”
“ကျန်တဲ့ ဂိုဏ်းချုပ်တွေထဲမှာလည်း တချို့က လူသစ်တွေ... တချို့က အသက်ကြီးနေပြီ... တချို့က သိုင်းပညာ သိပ်မရင့်ကျက်သေးဘူး...”
“ကျုပ်အမြင် ပြောရရင်တော့... ဒီ နှစ် (၂၀) အတွင်းမှာ ညသခင်ရဲ့ သိုင်းပညာက နိမ့်ကျသွားတာ ဖြစ်ဖို့များတယ်...”
ဤစကားကို ကြားလိုက်ရသောအခါ ရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ဂယက်ထသွားလေ၏။
လူအများစုက ဝင်ရောက်ဆွေးနွေး ငြင်းခုံကြလေတော့သည်။
တချို့က သိုင်းလောကသားများ ဖြစ်ကြပြီး၊ တချို့က သာမန် ခရီးသွားများသာ။ သို့သော် ယခုအချိန်တွင်မူ သူတို့၏ ဆွေးနွေးသံများသည် ဟိန်းညံသော ရယ်သံ များ၊ ငြင်းခုံသံများဖြင့် သက်ဝင်လှုပ်ရှားနေ၏။
ဆုမိုသည် ညသခင်အကြောင်းကို လီစစ်ယွင်နှင့် ချူချိုယွီတို့ထံမှ ကြားဖူးသလောက်သာ သိထားသည်။
ယခု သူတို့ပြောနေသည်များကို နားထောင်ရင်း တစ်စုံတစ်ခု လွဲချော်နေသည်ဟု ခံစားမိလိုက်သည်။
အာရုံလွှဲသည့် နည်းဗျူဟာဆိုတာ ဟုတ်ချင်မှ ဟုတ်လိမ့်မည်။
မူလက ရေလမ်းကြောင်းကိစ္စတွင် သူတို့ တကယ် အလုပ်တစ်ခုခု ဖြစ်မြောက်အောင် လုပ်ဖို့ ကြံစည်ခဲ့ခြင်း ဖြစ်နိုင်သည်။
သို့သော် ကျောက်လုံ ရေတပ်စခန်းတွင် မမျှော်လင့်သော အဖြစ်အပျက်များ ကြုံတွေ့ခဲ့ရသဖြင့် သူတို့၏ အကြံအစည် ပျက်စီးသွားခြင်း ဖြစ်တန်ရာ၏။
အကယ်၍ သူသာ ညသခင် နေရာတွင် ရှိနေမည်ဆိုလျှင်... ဤကဲ့သို့ အခြေအနေမျိုးတွင် ထျန်းချူမြို့ကို ဇွတ်တိုးပြီး တိုက်ခိုက်မည် မဟုတ်ပေ။
အာရုံလွှဲတယ်ဆိုတာက သိသာလွန်းသည်။ ဖြောင့်မတ်သော လမ်းစဉ်မှ ဂိုဏ်းကြီး (၇) ဂိုဏ်းက လူတွေက ငတုံးငအတွေမှ မဟုတ်ကြဘဲ။
ဤသို့ ဒရောသောပါး တိုးဝင်ခြင်းသည် ထောင်ချောက်ထဲသို့ ကိုယ်တိုင် ဆင်းသက်လိုက်ခြင်းနှင့် အတူတူပင် ဖြစ်နေပေလိမ့်မည်။