~ဤလူများ၏ ပြောစကားများကို ထောက်ချင့်ကြည့်လျှင် ဂိုဏ်းကြီး (၇) ဂိုဏ်းသည် ထာဝရည တောင်ကြား ၏ တိုက်ခိုက်မှုကို ဟန့်တားနိုင်ခဲ့သည်မှာ သေချာသလောက် ရှိနေပြီ ဖြစ်သည်။ သို့သော် ၎င်းအချက်ကပင် ညသခင် သည် ထျန်းချူမြို့ အတွင်းပိုင်းအထိ ထိုးဖောက်ဝင်ရောက် ခြင်း မရှိခဲ့ကြောင်း သက်သေပြနေပြန်သည်။
'ဒါက ဟန်ပြသက်သက်ပဲ... သူ့ရဲ့ အကွက်ချ ထားတဲ့ အကြံအစည်က ဒီလောက် ရိုးရှင်းပါ့မလား...'
ဆုမို၏ ရင်ထဲတွင် သံသယများ မြွေလိမ်မြွေကောက် တွားသွားနေသော်လည်း အတည်ပြုရန် ခက်ခဲနေသေးသည်။
'ထားလိုက်ပါတော့လေ... လော့ရှားမြို့ ပြန်ရောက်လို့ ဒီပြက်လုံးထုတ်နေတဲ့ ဈာပနပွဲကြီး ပြီးသွားရင် ဇီယန်ဂိုဏ်း ကို သွားလည်ရမယ်... အဲဒီကျမှ အဖြေက ရှင်းမှာ...'
ဆုမို.. စဉ်းစား နေစဉ်မှာပင် နားထဲသို့ အသံတစ်သံ တိုးဝင်လာပြန်သည်။
"ပြောရရင်တော့ ထာဝရည တောင်ကြား လုပ်ရပ်က မိုက်မဲလွန်းရာ ကျနေတာပဲဗျာ..."
ထိုစကားကို ကြားလိုက်သည်နှင့် ဝိုင်းဖွဲ့နေသူ အများစုက မထီမဲ့မြင် ကဲ့ရဲ့ သလို နှာခေါင်းရှုံ့လိုက်ကြ၏။
"ခင်ဗျားက ဘေးလူပါဗျာ... ညသခင်ရဲ့ အတွေးနက်နေ တဲ့ အကြံအစည်တွေကို ခင်ဗျားက ဘယ်လိုလုပ် သိနိုင်မှာလဲ..."
"ဟုတ်ပါ့... ဂိုဏ်းကြီး (၇) ဂိုဏ်းရဲ့ အစီအမံတွေကိုတောင် နားမလည်ဘဲနဲ့ လာပြီး ဆရာကြီး လုပ်နေတယ်..."
လူအများက ဝိုင်းဝန်း လှောင်ပြောင်လိုက်ကြသော်လည်း ထိုလူကမူ ဂရုမစိုက်ပေ။ သူက ခပ်ပြုံးပြုံး ဖြင့်ပင် ပြန်မေးလိုက်သည်။
"ခင်ဗျားတို့... ကိုယ်တော်ဟုန်ယွင်ကို မေ့နေကြပြီလား..."
"ဟုန်ယွင် တာအိုကိုယ်တော်..."
တစ်ယောက်သောသူ၏ နှုတ်ဖျားမှ လွှတ်ခနဲ အော်ဟစ် သံ ထွက်ပေါ်လာသည်။ ထိုအမည်သည် တောလမ်းလောက သားများ သုံးစွဲလေ့ရှိသော အခေါ်အဝေါ်ပင်။
ဆုမိုသည် ထိုလူကို မသိမသာ လှမ်းကြည့်လိုက်ပြီးမှ အကြည့်ကို ပြန်ရုပ်သိမ်းလိုက်သည်။
"နေပါဦး... ဒီကိစ္စနဲ့ ကိုယ်တော်ဟုန်ယွင်နဲ့ ဘာဆိုင်လို့လဲဗျ..."
"ဆိုင်တာပေါ့ဗျာ... ကျောက်လုံ ရေတပ်စခန်း ကိစ္စ ဖြစ်ပြီးကတည်းက ဘုန်းကြီးဟုန်ယွင်က ရေလမ်းခရီးက သူခိုးဓားပြတွေကို မျက်ကွယ်ပြုပြီး ထွက်ခွာ သွားတာလေ... ကျီယန် ဆိပ်ကမ်း ဘက်ကို ဦးတည်သွားပြီး ရုတ်တရက်ကြီး ပျောက်သွားခဲ့တာ..."
ထိုလူက အသံကို နှိမ့်လိုက်ပြီး လျှို့ဝှက်ချက် တစ်ခုကို ပြောပြသကဲ့သို့ ဆိုလေ၏။
"ခင်ဗျားတို့ မသိကြဘူးလား... တကယ်တော့ ဘုန်းကြီးဟုန်ယွင်က ထျန်းချူမြို့ ဘက်ကို ခရီးနှင်သွားတာဗျ..."
ဤစကားကို ကြားလိုက်ရသောအခါ ရှိသမျှလူကုန် အသက်ရှူမှားသွားကြ၏။
ထျန်းချူမြို့ ဆိုသည်မှာ တုန်းချန် ဂိုဏ်းများနှင့် မိစ္ဆာဂိုဏ်းသားတို့ ထိပ်တိုက်တွေ့ဆုံကာ လောကကို ကိုင်လှုပ် မည့် တိုက်ပွဲမြေပြင် မဟုတ်ပါလော။
ဘုန်းကြီးဟုန်ယွင်က မိစ္ဆာဂိုဏ်းသားတွေကို တရားချဖို့ သွားတာများလား။
လူတိုင်း တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြစဉ် စကားစပြောသူက ကျေနပ်အားရစွာဖြင့် တဟားဟား ရယ်သံ တစ်ချက် ပြုလိုက်သည်။
"ခင်ဗျားတို့ကလည်းဗျာ... ရှင်းနေတာပဲကို... ရေတပ်စခန်းမှာတုန်းက ကျောက်လုံအသင်းထဲမှာ တစ်ခုခုကို တွေ့သွားလို့ သူ့စိတ်အကြံ ပြောင်းသွားတာ နေမှာပေါ့..."
"လူတွေကို တာအိုဗုဒ္ဓလမ်းစဉ်ထဲ သွတ်သွင်းချင်ရင်... မိစ္ဆာဂိုဏ်းက မိစ္ဆာသားပေါက် တွေကို အရင်ဆုံး ပြုပြင်ပေးရမယ်လို့ သူ ယူဆသွားတာ ဖြစ်မယ်..."
"သာဓုပါဗျာ... ကိုယ်တော်ဟုန်ယွင်ရဲ့ စေတနာက တကယ့်ကို အတိုင်းအဆမဲ့ပါပဲ..."
"ဟုတ်တယ်... ဟုတ်တယ်..."
ဝိုင်းဖွဲ့နေသူများ၏ အသံများ ဆူညံသွား၏။
"မိစ္ဆာဂိုဏ်းတွေဆိုတာ ရက်စက်ကြမ်းကြုတ်ဖို့ ဝန်မလေး ကြဘူးဗျ... သူတို့အုပ်ချုပ်မှုအောက်က ပြည်သူတွေဆိုတာ လောကငရဲ ဖြစ်နေ တာ..."
"ဒါပေါ့ဗျာ... ယူချွမ်ဂိုဏ်း ဆိုရင် ကျင့်ကြံဖို့အတွက် လူရှင်တွေကို ဖမ်းတယ်... ထာဝရည တောင်ကြား ဆိုရင် လူကို အရှင်လတ်လတ် အရေခွံခွာတယ်..."
" ကျိလေ ကောင်းကင်နန်းတော် ဆိုရင် ပိုဆိုးသေး... သူတို့ သဘောကျတဲ့ လူဆိုရင် အိပ်ရာပေါ် ဆွဲတင်ပြီး ရှိသမျှ အတွင်းအား နဲ့ အဆီအနှစ်တွေကို စုပ်ယူပစ်တာ... ပြန်ထွက်လာရင် အရိုးပေါ် အရေတင်ပဲ ကျန်တော့တယ်..."
" ကျိလေ ရတနာမျှော်စင် အောက်မှာဆိုရင် အရိုးစုတွေက တောင်လိုပုံနေတာတဲ့... သူတို့ ကျူးလွန် ခဲ့တဲ့ အပြစ်တွေက ရေတွက်လို့တောင် မကုန်နိုင်ပါဘူးဗျာ..."
"ဒါက အကောင်းနဲ့ အဆိုးရဲ့ သဘာဝပဲလေ... အခု ကျွန်တော်တို့ ဒီနယ်မြေမှာ အေးအေးဆေးဆေး စီးပွားရှာ၊ ဝတ်နိုင်စားနိုင် နေကြတာကလည်း ဖြောင့်မတ်တဲ့ သိုင်းပညာရှင်တွေ ဝိုင်းပြီး ဖေးမ စောင့်ရှောက်ထားလို့ပဲ..."
"မဟုတ်ရင် ကျွန်တော်တို့ ဘယ်လိုလုပ် ဒီလို နေ့ရက်ကောင်းတွေကို ပိုင်ဆိုင်နိုင်ပါ့မလဲ..."
"ဟုတ်လိုက်လေဗျာ... ဒါကြောင့် ပြောတာပေါ့... ဆရာတော်ဟုန်ယွင်သာ သူ့ရဲ့ သိုင်းပညာ နဲ့ မိစ္ဆာဂိုဏ်းသားတွေကို လမ်းမှန်ရောက်အောင် ဆုံးမပေးနိုင်ရင် တကယ့်ကို မဟာကုသိုလ်ကြီးပါပဲဗျာ..."
"ဒါနဲ့ နေပါဦး... အခု ဆရာတော်ဟုန်ယွင် ဘယ်လိုနေသေးလဲဗျ..."
နောက်ဆုံးမေးခွန်းက အစောပိုင်း စကားစခဲ့သူထံ ဦးတည်လာသည်။ ထိုလူက ခပ်ပြုံးပြုံး လုပ်လိုက်ရင်း...
"ဆရာတော်ဟုန်ယွင်က တကယ့်ကို သီလသမာဓိနဲ့ ပြည့်စုံတဲ့ တာအိုကိုယ်တော်းမြတ်ပါဗျာ... သူ ထျန်းချူမြို့ကို ရောက်ပြီး သိပ်မကြာဘူး... မိစ္ဆာဂိုဏ်းလောကမှာ လှုပ်လှုပ်ရှားရှားတွေ ဖြစ်ကုန်ရော..."
" ကျိလေ ကောင်းကင်နန်းတော် ရဲ့ ဒုတိယ နန်းတော်သခင်မ ကူပ်ိရန် ဆိုတာ ဗြုန်းစားကြီး ပျောက်ကွယ် သွားတယ်တဲ့ဗျို့..."
"ဟေ..."
လူတိုင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြ၏။
ကျိလေ ကောင်းကင်နန်းတော်၏ ဒုတိယ သခင်မ ကူပ်ိရန်... ဒီနာမည်က သူတို့အတွက် စိမ်းနေသော်လည်း ကျိလေ ကောင်းကင်နန်းတော် ဆိုသည်ကတော့ နာမည်ကြီးလွန်းလှသည်။
"သူက... ဆရာတော်ဟုန်ယွင်နဲ့ တွေ့သွားတာများလား..."
"ဆရာတော်က တာအိုဗုဒ္ဓတရားတော်မှာ နှံ့စပ်တယ် ဆိုပေမယ့်... ဒီမိန်းမလှလေးရဲ့ ဆွဲဆောင်မှုအောက်မှာ ကျရှုံးသွားပြီလား မသိဘူးနော်..."
"ပေါက်ကရတွေ မပြောစမ်းပါနဲ့ဗျာ... ဆရာတော်ဟုန်ယွင်က လူဆိုးတွေကို ချွတ်ဖို့ စိတ်ပိုင်းဖြတ်ထားတာ... ကူပ်ိရန်လို အဆင့်နိမ့်တဲ့ မိန်းမလောက်ကို စိတ်လှုပ်ရှားပါ့မလား..."
လူအများက ကိုယ့်ထင်ရာကိုယ် စွတ်ပြောရင်း ပွဲကျနေကြ၏။ ခရီးသွားရသည်မှာ ပျင်းဖို့ ကောင်းလှရာ ဤကဲ့သို့ ကောလာဟလများကို အရက်မြည်းရင်း ပြောဆိုရသည်က အကောင်းဆုံး ဖျော်ဖြေမှုပင်။
ဆုမိုကမူ ဘာမှဝင်မပြောဘဲ ငိုင် ၍ နားထောင်နေသည်။
'ကူပ်ိရန်ကို ဆရာတော်ဟုန်ယွင် တရားချလိုက်တာ မဟုတ်ဘူး... ဝူတောက်ယို ဖမ်းခေါ်သွားတာ...'
ဤ ဒုတိယ နန်းတော်သခင်မ ဆိုသူမှာ နောက်ခံရာဇဝင် ထူးခြားသည်။
မူလက သူမသည် သုံးပါး အစွန်းရောက် ဂိုဏ်းက ကျိလေ ကောင်းကင်နန်းတော် ထဲသို့ ထည့်သွင်းထားသော လျှို့ဝှက်သူလျှို တစ်ဦး ဖြစ်၏။
မထင်မှတ်ထားသည်မှာ သူမ၏ ပါရမီက တစ်ဟုန်ထိုး တိုးတက် လာပြီး သာမန်တပည့်အဆင့်မှ ဒုတိယ နန်းတော်သခင်မ နေရာအထိ တက်လှမ်းနိုင်ခဲ့ခြင်းပင်။
ထို့ကြောင့်လည်း ကောင်းကင်ဂိုဏ်းချုပ်က သူမကို အထင်ကြီး လေးစားခဲ့သည်။
သို့သော် ထုန်းယွင် ကိစ္စ ဖြစ်ပြီးကတည်းက သုံးပါး အစွန်းရောက် ဂိုဏ်းသည် သူလျှိုများအပေါ် သဘောထား ပြောင်းလဲသွားခဲ့၏။
ကောင်းကင်ဂိုဏ်းချုပ်က ကူပ်ိရန်ကို အလေးထားသည် ဆိုသော်ငြား လျှို့ဝှက်ချက်များကိုမူ အကုန် ဖွင့်ချမပြခဲ့ပေ။
ထို့ကြောင့် သူမ သိထားသော အချက်အလက်များသည် လျိုယွင် စာပေပညာရှင် လောက်ပင် မများပြားပေ။
ယခု တာဝန်က အရေးကြီးသဖြင့် ကောင်းကင်ဂိုဏ်းချုပ်သည် အစားထိုး လူတစ်ယောက် လိုအပ်လာသည်။ သာမန်လူ ဆိုလျှင်လည်း အရာရောက်မည် မဟုတ်သဖြင့် ကူပ်ိရန်ကို ပစ်မှတ်ထားလိုက်ခြင်း ဖြစ်၏။
'ဒီမိန်းမက စိတ်ဝင်စားဖို့ ကောင်းတယ်... ကျိလေ ကောင်းကင်နန်းတော် ရဲ့ လွှမ်းမိုးမှု ခံလိုက်ရလို့လားတော့ မသိဘူး... အလှအပ မက်မောပြီး ဒုက္ခခံရမှာကို သေမလောက် ကြောက်တယ်...'
အနည်းငယ် ခြိမ်းခြောက်လိုက်သည်နှင့် သူမ သိသမျှ အကုန်လုံးကို အန်ချ တော့သည်။
ပြောရရင် သူမ၏ ထွက်ဆိုချက်များကြောင့် ကောင်းကင်ဂိုဏ်းချုပ် ရေးပေးလိုက်သော စာရင်းကို အတည်ပြုနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို့နောက်တွင်မူ ဝူတောက်ယိုက သူမကို အသုံးဝင်သော ကုန်ပစ္စည်းတစ်ခုသဖွယ် သိမ်းဆည်းထားလိုက်သည်။
ကျိလေ ကောင်းကင်နန်းတော်သည် တုန်းချန်ဂိုဏ်းများ၏ အဓိက ရန်သူတော်ကြီး ဖြစ်သည်။ ကူပ်ိရန်သာ သူတို့လက်ထဲ ရောက်နေလျှင် အရှေ့ဘက်သို့ ခြေဆန့်ပြီး ညှိနှိုင်းရာ၌ ပိုမို လွယ်ကူသွားပေလိမ့်မည်။
လော့ဖုန်း မဟာမိတ်အဖွဲ့ အနေဖြင့် သူတစ်ပါး နယ်မြေကို ကျူးကျော်လိုစိတ် မရှိကြောင်း၊ စီးပွားရေး သက်သက်သာ လုပ်ဆောင်လိုကြောင်း ပြသနိုင်လျှင် ရလဒ်ကောင်းများ ထွက်ပေါ်လာနိုင်၏။
ဤအထိ ဆုမို ကြားလိုက်ရသည်များက သူ သိပြီးသား ကိစ္စများ၏ နောက်ဆက်တွဲများသာ ဖြစ်သည်။
သို့သော် နောက်ရက်အနည်းငယ် အကြာတွင် ဝူရှန်ခန်းမ နှင့် ပတ်သက်သော ကောလာဟလ တစ်ခုကို ထပ်မံ ကြားလိုက်ရပြန်သည်။
ဤသတင်းသည် ဝူရှန်ခန်းမ မှ ကုန်သည်တစ်ဦး ယူဆောင်လာခြင်း ဖြစ်ပြီး အနည်းငယ် နောက်ကျနေပုံ ရ၏။