~လူပုလေး၏ မလှမ်းမကမ်းတွင် အလောင်း တစ်လောင်း ရှိနေ၏။ ဦးခေါင်း တစ်ခုလုံး ကြေမွပျက်စီးနေပြီး သံခမောက်ကြီးပင် လိမ်တွန့်နေပြီ ဖြစ်သော်လည်း ဝတ်ဆင်ပုံအရ သူ့အပေါင်းအပါ တစ်ဦး ဖြစ်ကြောင်း သိသာထင်ရှားလှသည်။
သူ နောက်သို့ ချာခနဲ လှည့်ထွက် လိုက်ချိန်တွင် ခရမ်းရွှေရောင် တူကြီး သည် မိုးပေါ်မှ အရှိန်ဖြင့် ကျဆင်းလာပြီး သူ့ခေါင်းတည့်တည့်သို့ မြည်ဟိန်းသံ ပေးလျက် ဝင်ရောက်လာလေ၏။
“ဝုန်း...”
ခေါင်းခွံကွဲအက်သံနှင့်အတူ လူပုလေးသည် နောက်ဆုံးထွက်သက်ကို ရှူရှိုက်လိုက်ရလေ၏။
ဘယ်ကမှန်းမသိ ရောက်လာကြသော ဤလူစုသည် အတွင်းအားနှင့် သိုင်းပညာ အတော်အတန် ရှိကြသူများ ဖြစ်သည်။
ကံဆိုးသည်က သူတို့ ရန်သူရွေး မှားသွားခြင်းပင်။
ကျန်းရှောင်ရှောင် ဆိုသည်မှာ ဘယ်လိုလူစားမျိုးနည်း။
မွေးရာပါ ခွန်အားကြီးမားလွန်းသူ ဖြစ်ရာ ဆုမိုမှလွဲလျှင် ဤလောက၌ သူ့ကို ယှဉ်နိုင်သူ ဘယ်နှစ်ယောက် ရှိပါမည်နည်း။
ခေါင်မိုးပေါ်တွင် ရပ်နေသော ရန်သူကို လက်လှမ်းမမီနိုင်သော်လည်း လက်ထဲမှ ခြေတစ်ချောင်းထောက် ကြေးနီတူ ကြီးကို ဝှေ့ယမ်းပြီး အိမ်တိုင်ကို ရိုက်ချလိုက်သည့်အခါ မည်သည့်အိမ်က ခံနိုင်ရည် ရှိပါမည်နည်း။
အိမ်တစ်လုံးလုံး ဝုန်း ခနဲ ပြိုကျသွားလေ၏။
အရပ်မြင့်မြင့်နှင့် ယင်ယန်မျက်နှာပိုင်ရှင်သည် ထွက်ပြေးရန် ကပျာကယာ ကြိုးစားလိုက်သည်။ သို့သော် သူ မော့ကြည့်လိုက်ချိန်တွင် လက်ဝါးချက်တစ်ခု မိမိဆီသို့ တည့်တည့်ဝင်ရောက်လာသည်ကို တွေ့လိုက်ရ၏။
သူသည် အံကြိတ်ပြီး ထိုလက်ဝါးချက်ကို ခုခံလိုက်သည်။ သို့သော် အေးစက်လှသော စွမ်းအင်တစ်ခုက နှလုံးကြောဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။
အငိုက်မိသွားသဖြင့် ယင်ယန်မျက်နှာပိုင်ရှင်၏ တစ်ကိုယ်လုံး တုန်ခါသွားပြီး ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ သွားသည်။
အိမ်ဖြိုဖျက်နေသော ကျန်းရှောင်ရှောင်သည် လူတစ်ယောက် မိမိဆီ ရောက်လာသည်ကို တွေ့လိုက်ရ၏။
ကျန်းရှောင်ရှောင်သည် နှစ်ခါပြန်မကြည့်တော့ဘဲ လက်ထဲမှ ကြေးနီတူကြီးကို ပေါ့ပေါ့ပါးပါးပင် လွှဲရိုက်လိုက်သည်။
“ဂျွတ်...”
သံခမောက်ကြီး လိမ်တွန့်သွားပြီး ယင်ယန်မျက်နှာပိုင်ရှင်၏ ဦးခေါင်းသည် ပွဲချင်းပြီး ကြေမွသွားလေတော့သည်။
ဖုဟန်ယွမ်က မဲ့ပြုံးတစ်ချက် ပြုံး လိုက်၏။
“ငါ့ပြိုင်ဘက်ကွ...”
သို့သော် ကျန်းရှောင်ရှောင်က ဂရုမစိုက်ပေ။
ခေါင်မိုးပေါ်တွင် ရှိနေသော အမျိုးသမီးကမူ အိမ်ပြိုကျသွားသည့် အခိုက်အတန့်တွင် ဂျင်တစ်လုံး လည်သကဲ့သို့ ကိုယ်ကို လှည့်ပတ်လိုက်သည်။
“ဝှီး... ဝှီး... ဝှီး...”
လေတိုးသံများနှင့်အတူ သူမ၏ လက်များက လှုပ်ရှားသွားပြီး မရေမတွက်နိုင်သော လက်နက်ပုန်းများ သူတို့ဆီသို့ တဟုန်ထိုး ပျံသန်းလာလေ၏။
ကျန်းရှောင်ရှောင်က ခေါင်းလှည့်ကြည့်လိုက်ပြီး ရှေ့တိုးရန် ပြင်လိုက်သော်လည်း ဖုဟန်ယွမ်က သူ့ဘေးသို့ ရောက်နှင့်နေပြီ ဖြစ်သည်။ ဖုဟန်ယွမ်သည် လက်ကို ပေါ့ပါးစွာ ဆန့်ထုတ်လိုက်ပြီး မဟာကောင်းကင် နှင်းခဲချီကို ထုတ်ဖော်လိုက်သည်။
“ချွင်...”
ပျံသန်းလာသော လက်နက်ပုန်းများသည် သူတို့နှစ်ဦး၏ ရှေ့ တစ်ပေအကွာ၌ ရပ်တန့်သွားပြီး နှင်းခဲများ ဖုံးလွှမ်းသွားတော့၏။
ကျန်းရှောင်ရှောင်က ခေါင်းကို သည်းကြီးမည်းကြီး ငြိမ့်ပြရင်း ချီးကျူးလိုက်သည်။
“မဆိုးဘူး... မဆိုးဘူး... ပြန်ရောက်ရင် ခေါင်းဆောင်ကို ပြောပြီး ရှင့်ကို ကြက်ပေါင်တစ်ချောင်း ဆုချခိုင်းမယ်...”
ဖုဟန်ယွမ်၏ နှုတ်ခမ်းများ တွန့်သွားရသည်။
သူက 'မင်းရဲ့ ခွင့်ပြုချက် လိုလို့လားကွ' ဟူသော အကြည့်ဖြင့် ကြည့်လိုက်သည်။
သူ စိတ်ပျက်နေစဉ်မှာပင် ထိုအမျိုးသမီး၏ မျက်နှာသည် ရုတ်တရက် ပြုတ်ထွက်လာပြီး သူတို့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရ၏။
ဖုဟန်ယွမ် ကြောင်သွားသည်။
သိုင်းလောကတွင် လက်နက်ပုန်း ပေါင်းစုံ ရှိကြ၏။ မိုးမခရွက် ဓားပျံ၊ ကျိုင်းကောင်ကျောက်ခဲ၊ သံဆူးလေ၊ နှလုံးဖောက်သံချွန် စသည်ဖြင့်။
‘ဒါပေမဲ့ ကိုယ့်မျက်နှာကို လက်နက်ပုန်း လုပ်တဲ့လူမျိုးတော့ တစ်ခါမှ မတွေ့ဖူးဘူး။
ပြီးတော့ မျက်နှာကြီးက ဘယ်လိုလုပ် ပျံထွက်လာတာလဲ’
သူသည် အသေးစိတ် စဉ်းစားမနေတော့ဘဲ လက်နှစ်ဖက်ကို ပြန်သိမ်းကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။ ထို့နောက် မဟာကောင်းကင် နှင်းခဲချီ ကို တစ်ဟုန်ထိုး တွန်းထုတ်လိုက်၏။
ပျံသန်းလာသော မျက်နှာဖုံးနှင့် လက်နက်ပုန်းများသည် အရပ်လေးမျက်နှာသို့ လွင့်စဉ်သွားပြီး အဆောက်အဦးများပေါ်သို့ သွားရောက် စိုက်ဝင်ကုန်ကြသည်။
ထိုအချိန်တွင် အနက်ရောင်ဝတ် ဓားသမားသည် ကောင်းကင်မှ ထိုးဆင်းလာပြီး သူ၏ ဓားရှည်ဖြင့် ယန်ရှောင်ယွင်ကို ချိန်ရွယ်ထား၏။
ရုတ်တရက် ရောက်ရှိလာသော လက်နက်ပုန်းများကြောင့် သူ၏ တိုက်ကွက် အနည်းငယ် ပျက်ယွင်းသွားသည်။
အနက်ရောင်ဝတ် ဓားသမားသည် ဓားရှည်ကို ဝင့်လိုက်ပြီး ဓားအလင်းရောင်များဖြင့် လက်နက်ပုန်းများကို ကာကွယ်လိုက်ရ၏။
“ဂါး...”
နဂါးဟိန်းသံနှင့်အတူ ယန်ရှောင်ယွင်သည် မြေပြင်ပေါ်သို့ ခုန်ပျံတိုက်ခိုက် ဆင်းသက်လိုက်သည်။ သူမ၏ အတွင်းအား များသည် နဂါးတစ်ကောင် ကောင်းကင်သို့ ပျံတက်သကဲ့သို့ လှည့်ပတ်တက်လာ၏။
သူမဆီသို့ ဦးတည်လာသော လက်နက်ပုန်းများသည် လည်ပတ်နေသော စွမ်းအင်လှိုင်းများကြောင့် လွင့်စဉ်သွားပြီး သူမ၏ လှံသွားသည် တိမ်တိုက်များကို ထိုးခွဲသကဲ့သို့ ထိုးတက်သွားသည်။
လေပေါ်မှ ဓားသမားသည် ဤမျှ အားကောင်းသော လှံသိုင်းမျိုးကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
အငိုက်မိသွားပြီး စွမ်းအင်စုစည်းရန် ကြိုးစားနေခိုက်တွင်... သူသည် အဟောင်းအား ကုန်ဆုံးပြီး အသစ်အား မမွေးဖွားနိုင်သေးသော အခြေအနေသို့ ရောက်သွားပြန်သည်။
သူ၏ ဓားရှည်ဖြင့် ရင်ဘတ်ကို ကာကွယ်ရန် ကြိုးစားလိုက်သော်လည်း...
ဓားသွား ကျိုးပဲ့သံနှင့်အတူ ယန်ရှောင်ယွင်၏ နဂါးချောက်နက် လှံ သည် ဓားကို ဖောက်ထွက်ပြီး သူ့ရင်ဘတ်ကို ထိုးဖောက်ဝင်ရောက်သွားလေ၏။
နှစ်ဦးသား လေထဲတွင် ဖြတ်ကျော်သွားချိန်၌ ယန်ရှောင်ယွင်သည် သူ့ကျောဘက်မှ ထွက်နေသော လှံသွားကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် သူ့ကျောကုန်းကို ခြေဖြင့်ကန်ကာ အရှိန်ယူလိုက်ပြီး လှံကို လက်ကောက်ဝတ်ဖြင့် လွှဲပစ်လိုက်လေ၏။
“ဝှီး...”
နဂါးဟိန်းသံကဲ့သို့ အသံမြည်လျက် လှံတံသည် ထူးဆန်းသော အဝတ်အစား ဝတ်ဆင်ထားသည့် အမျိုးသမီးဆီသို့ တည့်တည့်မတ်မတ် ပျံသန်းသွားသည်။
ထိုအမျိုးသမီးသည် ဖုဟန်ယွမ်နှင့် တိုက်ခိုက်ထားသဖြင့် အရှိန်ပျက်နေခိုက် ဖြစ်၏။ သူမသည် သံပိုက်လုံးကဲ့သို့သော ဝတ်ရုံထဲသို့ ကိုယ်ကို ကျုံ့ဝင်လိုက်ပြီး တစ်မီတာခန့် နောက်ဆုတ်သွားသည်။
သူမ ခေါင်းပြူထွက်လာပြီး ဘာဖြစ်မှန်း မသိလိုက်ခင်မှာပင် နဂါးချောက်နက် လှံ သည် နဖူးတည့်တည့်ကို ဖောက်ဝင်သွားပြီး မြေကြီးပေါ်တွင် စိုက်ကျသွားလေတော့၏။
ကျန်းရှောင်ရှောင်သည် ခြေတစ်ချောင်းထောက် ကြေးနီတူ ကြီးကို ကိုင်ဆောင်ကာ ပြေးလာသော်လည်း ခြေတစ်လှမ်း နောက်ကျသွားခဲ့သည်။
ဖုဟန်ယွမ်က နောက်မှနေ၍ တဟားဟား အော်ရယ်ကာဖြင့် လှောင်ပြောင်လိုက်၏။
“ငါ့ပြိုင်ဘက်ကို လုချင်ဦးကွာ... ကောင်းတာပ...”
“ဒုခေါင်းဆောင် က တကယ်ကို မိုက်တာပဲ...”
ကျန်းရှောင်ရှောင်က လှည့်ကြည့်ပြီး အားရပါးရ ချီးကျူးလိုက်သည်။
ယန်ရှောင်ယွင် မြေပေါ်သို့ သက်ဆင်းလိုက်သည်နှင့် ကျန်းရှောင်ရှောင်က နဂါးချောက်နက် လှံ ကို ဆွဲနှုတ်ယူကာ သူမထံ သွားရောက် ပေးအပ်လိုက်သည်။
လျိုမိုကလည်း သူ၏ ခရမ်းရွှေရောင် တူကြီး ကို ပြန်ကောက်ယူလိုက်သည်။
ဖုဟန်ယွမ်ကမူ လက်ကို ခါရမ်းလိုက်သည်။ ကိုယ့်မျက်နှာကို လက်နက်ပုန်း လုပ်သော မိန်းမက နည်းနည်းတော့ ကြမ်းသားပဲ။
သူ့လက်မောင်းများ ယားကျိကျိ ဖြစ်နေသေးသည်။
ယန်ရှောင်ယွင်သည် လှံကို လှမ်းယူလိုက်ပြီး မလှမ်းမကမ်းရှိ ဆုမိုကို လှမ်းကြည့်လိုက်သည်။
ဆုမို၏ လက်မှ လွတ်အောင် ရှောင်နိုင်သည်မှာ ကံကောင်းလွန်းသော ထွက်ပြေးမှုတစ်ခုပင်။
ထိုအချိန်တွင် လူငယ်လေးသည် ဆုမို၏ လက်ထဲတွင် လည်ပင်းညှစ်ခံထားရ၏။ ဆုမိုက သူ့ကို ရှေ့သို့ ဆွဲခေါ်လာပြီး ပတ်ဝန်းကျင်ရှိ အလောင်းများကို ကြည့်ကာ ခေါင်းငြိမ့်လိုက်သည်။
“အရှင်တစ်ကောင် ချန်ထားလိုက်တာ ကောင်းတယ်...”
ပြောပြောဆိုဆိုပင် ဆုမိုသည် လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ မဟာနေမင်း ဖြန့်ကျက်လက်ဝါး၏ စွမ်းအင်များ လူငယ်လေး၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားပြီး အရိုးများကို ချေမွပစ်လိုက်သည်။
သူ့ကို မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး...
“မင်းတို့က ဘယ်သူတွေလဲ...”
လူငယ်လေးသည် သူ့အပေါင်းအပါများ၏ အလောင်းများကို ကြည့်ပြီး မျက်နှာ ကွက်ခနဲ ပျက် သွားသည်။
“ခင်ဗျားက ကျွန်တော်တို့ ဘယ်သူလဲ ဆိုတာတောင် မသိဘဲနဲ့ ဒီလောက် ရက်ရက်စက်စက် သတ်လိုက်တာလား...”
“ လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲမှာ သာမန်ပြည်သူတွေကို ကျူးလွန် စော်ကားပြီး သတ်ဖြတ်တဲ့ကောင်တွေကို ခြွင်းချက်မရှိ သေဒဏ်ပေးတယ်...”
ဆုမိုက အေးစက်သော မျက်လုံးဖြင့် ကြည့်ကာ ပြောလိုက်သည်။
“ငါမေးတာပဲ ဖြေ... ဖြေပြီးရင် မင်းကို ကောင်းကောင်းမွန်မွန် ခရီးပို့ပေးမယ်...”
“...ဟက်... ဘယ်လိုပဲဖြစ်ဖြစ် သေရမှာပဲဟာ... ဘာလို့ မေးနေဦးမှာလဲ...”
လူငယ်လေးက နှုတ်ခမ်းကို ကိုက်ပြီး မဲ့ပြုံးတစ်ချက် ပြုံး လိုက်သည်။
ဆုမိုက ခေါင်းငြိမ့်လိုက်သည်။
“အေးပါ... ဒါဆိုရင်လည်း မင်း သေဖို့အတွက် အချိန်နည်းနည်း ပိုစောင့်လိုက်ပေါ့…”