~အသံတိတ်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ရှန်မန် သွေးကြောကွက်၊ ဖုန်းရှီ သွေးကြောကွက် နှင့် ယွီထန် သွေးကြောကွက် တို့ကို အသီးသီး လျင်မြန်စွာ ဖိနှိပ်လိုက်လေ၏။
ထို့နောက် တုံ့ပြန်မှုကိုပင် မစောင့်တော့ဘဲ ဆက်လက် အမိန့်ပေးလိုက်သည်။
“အနီးအနားမှာ အသက်ရှင်ကျန်ရစ်သူတွေ ရှိမရှိ ရှာကြည့်ကြ... သေသေချာချာ ဂရုစိုက်ကြနော်... တချို့က အသက်မသေသေးတာ ဖြစ်နိုင်တယ်...”
“ဟုတ်ကဲ့...”
ယန်ရှောင်ယွင် အပါအဝင် အားလုံးက လက်သီးဆုပ် အရိုအသေပေးကာ အမိန့်ကို နာခံလိုက်ကြပြီး အရပ်လေးမျက်နှာသို့ အမြန် လူခွဲထွက်ခွာသွားကြ၏။
ဆုမိုသည် တစ်ခဏမျှ စဉ်းစားလိုက်ပြီးနောက် ခြေဖျားကို အသာအယာ ထောက်လိုက်ရာ ခေါင်မိုးပေါ်သို့ လွှားခနဲ ရောက်ရှိသွားသည်။ သူက ရွာတစ်ရွာလုံးကို စီးမိုးကြည့်ရှုနိုင်သည့် နေရာမှ အခြေအနေကို အကဲခတ်လိုက်၏။
ဆုမိုရင်ထဲမှ သက်ပြင်းချသံ တိုးတိုးလေး ထွက်ပေါ်လာကသည်။
'ကျွတ်... ဘဝဆိုတာ မမြဲပါလား...'
မကြာမီမှာပင် လျိုမို၊ ဖုဟန်ယွမ်နှင့် ကျန်းရှောင်ရှောင်တို့ ပြန်ရောက်လာကြ၏။ ဘာမျှ မတွေ့ရှိခဲ့ကြပေ။
ခေါင်မိုးပေါ်မှနေ၍ ဆုမို လှမ်းကြည့်လိုက်သောအခါ ယန်ရှောင်ယွင်သည် အိမ်ကြီးတစ်လုံးထဲမှ ကပျာကယာ ပြေးထွက်လာသည်ကို တွေ့လိုက်ရ၏။ သူမ၏ လက်ထဲတွင် (၇) နှစ်၊ (၈) နှစ် အရွယ် ကလေးတစ်ယောက်ကို ပွေ့ချီထားသည်။
“ဒီမှာ စောင့်နေကြ...”
အခြားသူများကို မှာကြားပြီးနောက် ဆုမိုသည် နတ်ဘုရား အသွင်ပြောင်း ကိုယ်ဖော့ပညာ အား အသုံးပြုလိုက်သည်။ မျက်တောင်တစ်ခတ်အတွင်း သူသည် ယန်ရှောင်ယွင်၏ ဘေးသို့ ရောက်ရှိသွားလေ၏။
“ရှောင်မို... ဒီကလေး အသက်ရှင်နေသေးတယ်...”
ဆုမို ခေါင်းငြိမ့်လိုက်ပြီး ကလေးကို လှမ်းယူလိုက်သည်။ အနည်းငယ် စစ်ဆေးကြည့်ပြီးနောက် သူ့မျက်မှောင်များ တွန့်ချိုးသွားသည်။
အချိန်မဆွဲတော့ဘဲ သူ၏ လက်ဝါးကို ကလေး၏ ကျောပြင်ပေါ်တွင် ကပ်လိုက်သည်။
ဤကလေးသည် နှလုံးကြောမှာ ပြင်းထန်သော ဒဏ်ရာ ရရှိထားခြင်းပင်။ သေသင့်နေပြီ ဖြစ်သော်လည်း ကံကောင်းထောက်မစွာ အသက်ငွေ့ငွေ့လေး ကျန်နေသေးခြင်း ဖြစ်၏။
အကယ်၍ အချိန်မီ မကုသလျှင် ခဏအတွင်း သေဆုံးသွားတော့မည်။
ဆုမိုသည် ရွှေခေါင်းလောင်း အဆင့် (၁၂) ကို ကျွမ်းကျင်ထားသူ ဖြစ်ရာ ကုသရေး လျှို့ဝှက်နည်းစနစ်များကိုလည်း တတ်မြောက်ထားပါသည်။
မူလက ဤနည်းစနစ်ကို ဟောက်ရန် ကျောင်းတော် တွင် ယန်ရီဇီအဖြစ် ဟန်ဆောင်ထားသော သွမ့်ဆုန်အား ကယ်တင်ရန် အသုံးပြုဖို့ ရည်ရွယ်ခဲ့၏။ သို့သော် သွမ့်ဆုန်က ယင်ယန် ပြန်လည်မွေးဖွားခြင်း ဆေးလုံးအား ကြိုတင် သောက်သုံးထားခဲ့သည်။ ထိုဆေးလုံးသည် သေမင်းလက်တွင်းမှ ပြန်လည်ဆွဲခေါ်နိုင်ပြီး ယင်နှင့် ယန်ကို ပြောင်းပြန်လှန်နိုင်သော အစွမ်းရှိ၏။
ဆုမို၏ အတွင်းအား စီးဝင်သွားမှုသည် ဆေးအာနိသင်ကို ပိုမို လျင်မြန်စေခဲ့ပြီး သွမ့်ဆုန်ကို စောစီးစွာ သတိရလာစေခဲ့သည်။
ယခုအခါ ဆုမို၏ အတွင်းအားများ ကလေး၏ ကိုယ်ထဲသို့ စီးဝင်သွားသောအခါ ခဏအတွင်းမှာပင် ကလေး၏ မျက်နှာ အရောင်အဆင်း ပြန်လည် ကောင်းမွန်လာသည်။ ရုတ်တရက် အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး နှစ်ချက်မျှ ချောင်းဆိုးလိုက်လေ၏။
သို့သော် သတိပြန်မရသေးပေ။
သွေးခုန်နှုန်းကို စမ်းသပ်ကြည့်ပြီးနောက် ဆုမို သက်ပြင်းချလိုက်သည်။
“သွေးခုန်နှုန်း တည်ငြိမ်သွားပါပြီ... နှလုံးကြောက အတော်လေး ထိခိုက်သွားတယ်... အသက်ကလည်း ငယ်သေးတော့ ကျင့်ကြံခြင်း အား အများကြီးကို ခံနိုင်ရည်မရှိဘူး... သုံးရက်လောက် သေချာ ပြုစုပေးမှ အန္တရာယ်ကင်းမယ့် အခြေအနေကို ရောက်လိမ့်မယ်...”
“အင်း...”
ယန်ရှောင်ယွင် ခေါင်းငြိမ့်လိုက်သည်။ သူမ၏ မျက်နှာထားမှာ အလွန် တင်းမာခက်ထန်နေ၏။
“ဒီလူတွေက... တကယ့်ကို အသည်းနှလုံး မရှိတဲ့ တိရိစ္ဆာန်တွေပဲ... ရက်စက်လိုက်ကြတာ... မိန်းမတွေ၊ လူအိုတွေကိုတောင် မချန်ဘူး... ငါတို့သာ ဒီကလေးကို ခဏလောက် နောက်ကျပြီးမှ တွေ့ရင် ပွဲချင်းပြီး သေသွားလောက်ပြီ...”
“(၇) နှစ်၊ (၈) နှစ် အရွယ် ကလေးကို ပေါ့ပါးစွာ ပွေ့ချီရင်း ဆုမို မေးလိုက်သည်။
“အစ်မယွင်... ဒီလူတွေရဲ့ သိုင်းကွက်တွေကို မှတ်မိလား...”
လျိုမိုတို့ ရှိရာသို့ လျှောက်သွားရင်း ယန်ရှောင်ယွင် ခေါင်းခါလိုက်၏။
“သူတို့ရဲ့ ပုံစံတွေ၊ သိုင်းကွက်တွေကို ကြည့်ရတာ ပြောရခက်တယ်...”
“သူတို့ တစ်ကိုယ်လုံးမှာ သတ်ဖြတ်လိုတဲ့ အငွေ့အသက်တွေ ဖုံးလွှမ်းနေတယ်... လုပ်ပုံကိုင်ပုံတွေကလည်း ရက်စက်ကြမ်းကြုတ်တယ်...”
“ရွှမ်ကျီတောင်ကြား တိုက်ပွဲတုန်းက အနောက်တောင်ဘက်က မိစ္ဆာဂိုဏ်း အများစုကို ရှင်းလင်းပြီးပြီလေ...”
“ဒီလူတွေက... ငါတို့ဘက်က မဟုတ်ဘူး ထင်တယ်...”
စကားပြောရင်း အခြားသူများ အနားသို့ ရောက်ရှိလာကြ၏။
ဆုမို စကားပြောရန် ပြင်လိုက်စဉ်မှာပင် မြေကြီးပေါ်၌ ကြေမွနေသော စာရွက်တစ်ရွက်ကို တွေ့လိုက်ရသည်။
ကောက်ယူပြီး ဖြန့်ကြည့်လိုက်သောအခါ လူငယ်တစ်ဦး၏ ပုံတူပန်းချီကို တွေ့ရ၏။
ရုပ်ရည်က သာမန်မျှသာ ဖြစ်သော်လည်း မျက်လုံးများက အမှတ်ရစရာ ကောင်းလှသည်။
ရှည်လျားပြီး ကောက်ကြောင်းဆန်ကာ အေးစက်သော အရောင်များ တောက်ပါနေ၏။
ပုံ၏ တစ်ဖက်တွင် စာလုံးသုံးလုံး ရေးသားထားသည်။
ဝမ်ချန်ရှင်း။
ဆုမို၏ မျက်ခုံး အနည်းငယ် ကျုံ့သွားရသည်။ သူသည် အရှင်ဖမ်းမိထားသော လူငယ်လေး အနားသို့ လျှောက်သွားပြီး ခြေထောက်ကို မြှောက်ကာ ဒုက္ခသည်များ သိုင်းကျမ်း၏ အစွမ်းကို ထုတ်လွှတ်လိုက်၏။
“ကဲ... ဘယ်လိုလဲ... ပြောစရာ စကားများ ရှိလာပြီလား...”
“သတ်... သတ်လိုက်စမ်းပါဗျာ”
ထိုလူသည် နှိပ်စက်ခံရမည်ကို မျှော်လင့်ထားသော်လည်း ဤမျှ ပြင်းထန်မည်ဟု ထင်မထားခဲ့ပေ။
ခန္ဓာကိုယ် တစ်ခုလုံးကို ရုတ်တရက် လွှမ်းခြုံသွားသော ပြင်းထန်လှသည့် နာကျင်မှုကြောင့် သူ၏ အတွေးများ အားလုံး ပျက်စီးသွားပြီး ဆန္ဒတစ်ခုတည်းသာ ကျန်ရစ်တော့သည်။ မြန်မြန် သေချင်လှပြီ... ဟူ၍။
“မင်းတို့က ဘယ်သူတွေလဲ... ဘယ်က လာတာလဲ... ဒီမှာ ဘာလာလုပ်တာလဲ...”
ဆုမိုက မေးခွန်း (၃) ခုကို အေးဆေးစွာ မေးလိုက်သည်။
“ကျွန်... ကျွန်တော်တို့က ကွမ်ချွမ်း တစ္ဆေငါးကောင်ပါ...”
“အနောက်ဘက်နယ်စပ် ကွမ်ချွမ်း က လာတာပါ...”
“ဝူရှန်ခန်းမက ဝမ်ချန်ရှင်းကို ဖမ်းဖို့ သေမိန့် ထုတ်ထားလို့... ကျွန်တော်တို့က ဆုကြေးလိုချင်လို့... ဒါကြောင့်... လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲကို စွန့်စားပြီး ဝင်လာတာပါ...”
“ဩော်... ဟုတ်လား...”
ဆုမိုက ထိုလူကို စိမ်းစိမ်းကြည့်ကာ အေးစက်စွာ ပြုံးလိုက်သည်။
“ဒါဆို... လော့ဖုန်း မဟာမိတ်အဖွဲ့ နယ်မြေထဲ ရောက်တာနဲ့ ဒီလို ရမ်းကားတော့တာပေါ့လေ...”
“...အစတုန်းကတော့ ပြဿနာ မရှာချင်ပါဘူး...”
“ဒါပေမဲ့ မထင်မှတ်ဘဲ လော့ဖုန်း မဟာမိတ်အဖွဲ့က လူတွေက မသိချင်ယောင်ဆောင် ပေးကြတယ်လေ... ပြီးတော့ သိုင်းလောကထဲမှာလည်း ဆရာကြီးတွေ မရှိတော့ဘူး ဆိုတော့... ကျွန်တော်တို့လည်း တဖြည်းဖြည်း ဘဝင်မြင့်လာပြီး...”
“ဝမ်ချန်ရှင်းနဲ့ ပတ်သက်တဲ့ သဲလွန်စ ရလား...”
“...”
ထိုလူက အနည်းငယ် တုံ့ဆိုင်းနေပြီးမှ ဖြေသည်။
“ခြေရာခံ လိုက်ကြည့်ရသလောက်တော့... သူက တုန်းချန် နယ်မြေထဲ ဝင်သွားဖို့ များတယ်...”
“တုန်းချန်မှာ သူ ဘာသွားလုပ်မှာလဲ...”
“မသိဘူး...”
ဆုမိုသည် ထိုလူကို အတွေးနက်နေ သော မျက်လုံးများဖြင့် ကြည့်လိုက်ပြီး ခေါင်းငြိမ့်လိုက်သည်။
“အခု မင်းကို သတ်လိုက်ရင် သက်သာလွန်းရာ ကျနေလိမ့်မယ်...”
“ပြီးတော့ ဒီနယ်မြေက သိုင်းပညာရှင်တွေ သဘောထား ပျော့ပျောင်းတယ်လို့ ထင်သွားဦးမယ်...”
“လျိုကြီးရေ... သူ့ခြေလက်တွေကို ချိုး... သိုင်းပညာကို ဖျက်ဆီးပစ်လိုက်... ပြီးရင် လော့ရှားမြို့ကို ခေါ်သွားပြီး ဝေရူဟန် ဆီ ပစ်ပေးလိုက်...”
လျိုမိုက တွန့်ဆုတ်မနေဘဲ ရှေ့တိုးကာ ထိုလူ၏ ခြေလက်များကို ချိုးပစ်လိုက်သည်။
ဆုမိုတုန်းက အဆစ်လွဲရုံသာ လုပ်ခဲ့သော်လည်း ဤတစ်ကြိမ်တွင်မူ အစစ်အမှန် ချိုးဖျက်ခြင်း ဖြစ်သည်။
ထို့နောက် သူ၏ ဒန်ထျန်အား ရိုက်ခွဲပြီး သိုင်းပညာကို ဖျက်ဆီးပစ်လိုက်သည်။ ပြီးလျှင် ကြိုးဖြင့် တုပ်ကာ မြင်းကျောကုန်းပေါ်တွင် တင်လိုက်သည်။
ဆုမို ဦးဆောင်သော အဖွဲ့သည် ရွာသားများ၏ အလောင်းများကို လိုက်လံကောက်ယူပြီး ရွာလယ်ကွင်းပြင်တွင် စုပုံထားလိုက်ကြ၏။
“ကျုံးဖူမြို့ ရဲ့ မြို့စားက ဘယ်သူလဲ...”
ပြန့်ကျဲနေသော အလောင်းများကို ကြည့်ရင်း ဆုမိုက ယန်ရှောင်ယွင်ကို ရုတ်တရက် မေးလိုက်သည်။
ယန်ရှောင်ယွင် တစ်ချက် စဉ်းစားလိုက်ပြီး...
“ပဉ္စမမြောက် မဟာမိတ်ခေါင်းဆောင် ကျိုးချင်ချွမ် နဲ့ ဒုတိယ မြို့စားကတော့ အဋ္ဌမမြောက် မဟာမိတ်ခေါင်းဆောင် ချီလု ပဲ...”
“မနက်ဖြန်ကျရင် ကျုံးဖူမြို့ကို ခရီးတစ်ခေါက် သွားရမယ်...”
ဆုမိုသည် ရင်ဘတ်အိတ်ကပ်ထဲမှ တံဆိပ်ပြားတစ်ခုကို စမ်းသပ်ထုတ်ယူလိုက်သည်။
“လော့ဖုန်း အမိန့်ပေး တံဆိပ်ပြားလား...”
ယန်ရှောင်ယွင် အံ့အားသင့်သွားသည်။
ထိုအခါ၊ ဆုမို သက်ပြင်းချလိုက်၏။
“ဦးလေးယန် ပြောတုန်းကတော့ လော့ဖုန်း မဟာမိတ်အဖွဲ့ထဲက အတွင်းစစ်က ပြီးခါနီးနေပြီ ဆိုပဲ...”
“ဒီအချိန်မှာ ကျွန်တော်က ပြဿနာ ထပ်မရှာချင်ပါဘူး... ဒါပေမဲ့ ဒီနယ်မြေက ကျုံးဖူမြို့ရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိနေတာလေ...”
“ဒီလို ကိစ္စမျိုး ဖြစ်ပျက်ခဲ့မှတော့... ဒီလူနှစ်ယောက် တာဝန်မကင်းဘူး...”
“ပြောရရင်... လော့ဖုန်း မဟာမိတ်အဖွဲ့ရဲ့ လက်ရှိအခြေအနေက သူတို့အချင်းချင်း ကိုက်နေကြလို့ ဖြစ်ရတာ သက်သက်တော့ မဟုတ်လောက်ဘူး...”
ယန်ရှောင်ယွင်သည် ဆုမိုကို သေသေချာချာ စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွားပြီး...
“နင် ဒီကိစ္စကို ဝင်ပါတော့မလို့လား... အရင်တုန်းက နင်ဆိုရင် ဒီလို ကိစ္စတွေကို စိတ်ဝင်စားမှာ မဟုတ်ဘူး…”