~ယန်ရှောင်ယွင် ပြောသည်မှာ မှန်ပါသည်။ အတိတ်က ဆုမိုသာဆိုလျှင် ဤကဲ့သို့ အခြေအနေမျိုးကို ကြုံတွေ့ရပါက ဖြောင့်မတ်သော ဒေါသများဖြင့် ပေါက်ကွဲနေလိမ့်မည်။
ထိုလူများကိုလည်း သူ သတ်ဖြတ်ခဲ့မိမည်မှာ သေချာသည်။
သို့သော်၊... အဲဒီလောက်ပါပင်။
လော့ဖုန်း မဟာမိတ်အဖွဲ့ ဘယ်လို လည်ပတ်နေသလဲ ဆိုတာကိုတော့ သူ စိတ်ဝင်စားခဲ့မည် မဟုတ်ပေ။
မဟာမိတ်အဖွဲ့ အတွင်းရေး ပြဿနာများသည် ဆုမိုအတွက် အတင်းအဖျင်း စကားဝိုင်း တစ်ခုထက် မပိုခဲ့ပေ။
သူနှင့် မပတ်သက်သရွေ့... ဥပမာ - ဇူချိုယန်က သူ့ကို သတ်ချင်နေတာမျိုး၊ ဝူတောက်ယိုနှင့် ယန်ရီဇီ တို့၏ မဟာမိတ်ဖွဲ့မှုကို ဖျက်ဆီးချင်တာမျိုး မဟုတ်သရွေ့... သူ တကယ်ကို ဂရုမစိုက်ချင်ခဲ့ပေ။
သို့သော်၊ ယခုတော့ အခြေအနေတွေက ပြောင်းလဲသွားခဲ့ချေပြီ။
ဆုထျန်းယန် ၏ ဘဝဇာတ်ကြောင်းများ၊ ယန်ရီဇီ ၏ ဘဝအကွေ့အကောက်များ... အားလုံးက မိမိနှင့် နီးကပ်စွာ ဆက်နွှယ်နေကြ၏။
နောက်ကွယ်မှ ရန်သူတော်ကြီး၏ အသေးစိတ် အချက်အလက်များသည် ယခုအချိန်ထိ ဝေဝါးနေဆဲ ဖြစ်ပြီး သဲသဲကွဲကွဲ မသိရသေးပေ။
အာမခံဌာနလေး တစ်ခုတည်းကို အားကိုးပြီး... ဒီလောက် ကြီးမားသည့် အဖွဲ့အစည်းကြီးကို ဘယ်လို ရင်ဆိုင်နိုင်ပါ့မည်နည်း။
ဒီအချိန်မှာ သူ၊ ဆုမိုအနေနှင့် အနာဂတ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ ပိုလုပ်ထားရပေတော့မည်။
မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ကို လွှမ်းခြုံထားသော လော့ဖုန်း မဟာမိတ်အဖွဲ့သည် နောင်တစ်ချိန်တွင် အသုံးဝင်လာနိုင်သည်။
ဘယ်သူက လော့ဖုန်း မဟာမိတ်အဖွဲ့ကို ထိန်းချုပ်မလဲ ဆိုတာ... သူ့အတွက် သာမန်ကိစ္စ တစ်ခု မဟုတ်တော့ပေ။
သူသည် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ပြီး ယန်ရှောင်ယွင်ကို ခပ်ပြုံးပြုံး ကြည့်ကာ ပြောလိုက်သည်။
“အဲဒါက အရင်တုန်းကလေ အစ်မရဲ့... အခုက အခုပဲ...”
ယန်ရှောင်ယွင်က အတွေးနက်နေ သော ပုံစံဖြင့် ခေါင်းကို အသာအယာ ငြိမ့်လိုက်သည်။
ထိုညက သူတို့ ခရီးဆက်မထွက်ကြတော့ဘဲ ရွာထဲမှာပင် တစ်ညတာ စခန်းချ နားခိုလိုက်ကြ၏။
ကွမ်ချွမ်း တစ္ဆေငါးကောင် ဟု ခေါ်သော လူများထဲမှ လေးယောက်မှာမူ မီးလောင်ကျွမ်းထားသော အလောင်းကောင်များ အဖြစ်သို့ ပြောင်းလဲသွားကြပြီ ဖြစ်သည်။
သူတို့၏ အလောင်းများကို ရှာဖွေစစ်ဆေးခြင်းသည် မလုပ်မဖြစ် လုပ်ရမည့် ကိစ္စပင်။
သို့သော် ထူးထူးခြားခြား ဘာမှ မတွေ့ရပေ။ ငွေတုံး အနည်းငယ် ရသော်လည်း မများလှသဖြင့် ဆုမိုက အကုန် သိမ်းယူလိုက်၏။
ပုပုကွကွလူ၏ သံလက်သည်းကွင်း မှာမူ ပစ္စည်းကောင်း ဖြစ်သဖြင့် စစ်နိုင်ပစ္စည်းအဖြစ် သိမ်းဆည်းလိုက်သည်။
ထူးခြားသည်မှာ ထိုအမျိုးသမီး၏ ဝတ်ရုံပင်။
မည်သည့် ပစ္စည်းဖြင့် ပြုလုပ်ထားမှန်း မသိရသော်လည်း အလွန် ခိုင်ခံ့မာကျော၏။ ပုံစံက ထူးဆန်းနေသော်လည်း ကုန်ကြမ်းပစ္စည်းက စိတ်ဝင်စားဖို့ ကောင်းသဖြင့် ဆုမို သိမ်းထားလိုက်သည်။ နောင်ကျမှ ကျွမ်းကျင်သော လက်နက် ပညာရှင် တစ်ဦးဦးကို ရှာပြီး ပြန်လည် ပြုပြင်ခိုင်းရမည်။
နောက်ဆုံး ကျန်ရစ်သည်က ထိုကလေးငယ်။
အစောပိုင်းက အိပ်ပျော်နေသော်လည်း သန်းခေါင်ယံအချိန်တွင် ကိုယ်ပူချိန် မြင့်တက်လာပြီး ဖျားနာလာသည်။
မိဘများကို တမ်းတပြီး အော်ဟစ်ငိုယိုနေသဖြင့် အတော်လေး ကြေကွဲဖွယ် ဖြစ်နေ၏။
ယန်ရှောင်ယွင်က ရေနွေးတည်ပြီး ကလေး၏ ကိုယ်ကို ရေပတ်တိုက်ပေးသည်။ မူလက ဆုမို ဘေးမှ ကူညီပေးနေသော်လည်း ကလေးအဝတ်အစား ချွတ်လိုက်သောအခါ ယန်ရှောင်ယွင်က သူ့ကို မောင်းထုတ်လိုက်သည်။
ဘာကြောင့်လဲဆိုတော့... မိန်းကလေး ဖြစ်နေလို့ပါတဲ့။
(၇) နှစ်၊ (၈) နှစ် အရွယ်သာ ရှိသေးသော်လည်း ဆုမိုကဲ့သို့ ယောကျ်ားရင့်မာကြီး တစ်ယောက် ကြည့်ရှုရန် မသင့်တော်ဟု ယူဆသောကြောင့် ဖြစ်သည်။
ဆုမိုခမျာ ဘာမှ မတတ်နိုင်ဘဲ ဖုဟန်ယွမ်နှင့် လျိုမိုတို့ကို ဆွဲခေါ်ကာ တံခါးဝတွင် ထိုင်ပြီး ကြယ်ရေနေရတော့သည်။
တစ်ညလုံး ဗျာများပြီးနောက်ဆုံးတွင် ကလေး၏ အဖျား ကျသွားလေ၏။
ကလေးသည် နှစ်နှစ်ခြိုက်ခြိုက် ပြန်လည် အိပ်ပျော်သွားသည်။
မိုးလင်းသောအခါမှ ကလေးက နိုးလာတော့သည်။
ယန်ရှောင်ယွင်နှင့် အခြားသူများကို မြင်လိုက်ရသောအခါ ကလေးက လန့်သွားပြီး ကုတင်ထောင့်သို့ ကပျာကယာ တိုးကပ်သွားသည်။ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ယန်ရှောင်ယွင်က တတ်နိုင်သမျှ နူးညံ့သိမ်မွေ့သော အသံဖြင့် ချော့မော့ပြောဆို လိုက်သည်။
“မကြောက်ပါနဲ့ ကလေးရယ်... အစ်မတို့က လူဆိုးတွေ မဟုတ်ပါဘူး...”
ယန်ရှောင်ယွင်က ချောမောလှပပြီး ဆုမိုကလည်း ခန့်ညားသော ရုပ်ရည်ရှိသောကြောင့် ဖြစ်ပါလိမ့်မည်။
ချောမောလှပသော မောင်နှံတစ်တွဲကို မြင်လိုက်ရသောအခါ စိတ်ထဲတွင် အနည်းငယ် သက်သာရာ ရသွားတတ်သည်မှာ သဘာဝပင်။
ကလေး၏ မျက်နှာထား တဖြည်းဖြည်း လျော့ကျသွားသည်။
ထို့နောက် လျိုမိုနှင့် ဖုဟန်ယွမ်တို့ကို မြင်လိုက်ရ၏။
လျိုမိုရော ဖုဟန်ယွမ်ပါ ရိုးသားဖြူစင်သော ရုပ်ရည်ရှိပြီး အိမ်နီးနားချင်း ဦးလေးကြီးများကဲ့သို့ ပြုံးပြနေကြသဖြင့် လူဆိုးရုပ် မပေါက်ပေ။
ကျန်းရှောင်ရှောင် ဆိုသည့် ကောင်မလေးကတော့... ဒီဝက်ဝံကြီးက လူမသတ်ဘူးဆိုလျှင် အမြဲတမ်း အန္တရာယ်ကင်းမည့်ပုံ ပေါက်နေတတ်သည်။
ထို့ကြောင့် ကလေးမလေး စိတ်အေးသွားရ၏။
လူအားလုံးကို လိုက်ကြည့်ပြီးနောက် သူမ တစ်ခုခုကို သတိရသွားပုံရပြီး ကုတင်ပေါ်မှ ဆင်းရန် ကြိုးစားလိုက်သည်။
သို့သော် ဆုမိုက သူမကို ပြန်လှဲခိုင်းလိုက်သည်။
ကလေးမလေးသည် အလိုအလျောက် ဆုမို၏ လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး ကိုက်ရန် ကြိုးစားလိုက်သော်လည်း တစ်ဝက်မှာပင် ရပ်တန့်သွားသည်။ ဆုမိုကို စိမ်းစိမ်းကြည့်ကာ သတိထားနေ၏။
ဆုမို သက်ပြင်းချလိုက်သည်။
“မင်းရဲ့ ဒဏ်ရာတွေက မပျောက်သေးဘူး... ဒီနေ့ ချီ လည်ပတ်အောင် ကုသမှု ခံယူရဦးမယ်... စိတ်မလှုပ်ရှားနဲ့... စိတ်လှုပ်ရှားရင် နှလုံးကြောကို ထိခိုက်ပြီး ဒဏ်ရာ ပိုဆိုးသွားလိမ့်မယ်...”
“ကျေး... ကျေးဇူးတင်ပါတယ် ဦးလေး... ဒါပေမဲ့... သမီး... သမီး မိဘတွေကို ရှာချင်လို့ပါ...”
ကလေးမလေးက ဆုမို စိတ်ဆိုးမှာ ကြောက်သဖြင့် တိုးညှင်းသော အသံဖြင့် မသိမသာ ရေရွတ် ရှာသည်။
ဆုမို သက်ပြင်းချလိုက်ပြီး လက်ကို လွှတ်ပေးလိုက်သည်။
“အစ်မယွင်... သူ့ကို အပြင်ခေါ်သွားပြီး ပြလိုက်ပါ...”
“အင်း...”
ယန်ရှောင်ယွင်က သဘောတူပြီး ကလေးကို ခေါ်ထုတ်သွားသည်။
ခဏကြာသောအခါ ငိုသံများ ထွက်ပေါ်လာသည်။
ယန်ရှောင်ယွင် ပြန်ဝင်လာသောအခါ ကလေးမလေးကို ပွေ့ချီထားရ၏။ ထင်ထားသည့်အတိုင်းပင် ကလေးမလေးမှာ ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ ကာ သတိမေ့သွားပြန်ချေပြီ။
ယန်ရှောင်ယွင်က ကလေးကို ဆုမိုထံ လွှဲပြောင်းပေးလိုက်သည်။ ဆုမိုက သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်ရင်း...
“သွားကြစို့...”
ကလေးမလေးကို ဒီမှာ ဆက်ထားခဲ့လို့ မဖြစ်တော့ပေ။ ခရီးစဉ်တစ်လျှောက်လုံး သူတို့နှင့်အတူ ခေါ်ဆောင်သွားရပေတော့မည်။
အပြင်ဘက်တွင် တစ်ညလုံး အော်ဟစ်အကူအညီတောင်းခဲ့သော ကွမ်ချွမ်း တစ္ဆေငါးကောင် အဖွဲ့ဝင် လူငယ်လေးသည် မောပန်းနွမ်းနယ်ပြီး အိပ်ပျော်တော့မည့် အချိန်တွင် မြင်းခွာသံများ ကြားလိုက်ရ၏။
ဝေဝါးနေသော အသိစိတ်ထဲတွင် လက်ကောက်ဝတ်ကို ဆွဲခံလိုက်ရသော အားတစ်ခုကို ခံစားလိုက်ရပြီး သူ၏ တစ်ကိုယ်လုံး ရုတ်တရက် အဟုန်ပြင်းစွာ ပစ်လွှင့် ခံလိုက်ရသကဲ့သို့ ပါသွားလေ၏။
ခဏအတွင်းမှာပင် တစ်ကိုယ်လုံး နာကျင်ကိုက်ခဲလာတော့သည်။
ဆုမိုနှင့် အဖွဲ့သားများက မြင်းများကို ဒရောသောပါး ဒုန်းစိုင်းနှင်နေကြရာ ထိုလူငယ်လေးမှာ ခဏအတွင်း သွေးသံရဲရဲ ဖြစ်သွားရရှာသည်။
ဆုမိုတို့ကမူ သူ့အသက်ရှင်ခြင်း၊ သေခြင်းကို ဂရုမစိုက်ပေ။ တရွတ်တိုက် ဆွဲခေါ်လာရင်း နေ့လည်ပိုင်းတွင် ကျုံးဖူမြို့သို့ ရောက်ရှိလာကြ၏။
မြို့တံခါးဝတွင် လော့ဖုန်း မဟာမိတ်အဖွဲ့ မှ အစောင့်များ ရှိနေကြ၏။
မြင်းတစ်အုပ် ဒရောသောပါး ဝင်ရောက်လာသည်ကို မြင်လိုက်ရသောအခါ ရပ်တန့်မည့်ပုံ မပေါ်သဖြင့် သူတို့သည် လက်နက်များကို ဆွဲထုတ်ကာ ပြိုင်တူ တားဆီးလိုက်ကြ၏။
သို့သော် မထင်မှတ်ထားသော အချိန်တွင် လေပြင်းတစ်ချက် ဝှီး ခနဲ တိုက်ခတ်လာသည်။
“ဒိုင်း...”
အဝေးတစ်နေရာမှ တံဆိပ်ပြားတစ်ခု ပျံဝဲလာပြီး မြို့ရိုးနံရံကို ဝင်ဆောင့်မိလေ၏။
ဧရာမ ကျောက်တုံးကြီးများဖြင့် တည်ဆောက်ထားသော မြို့ရိုးနံရံပေါ်တွင် တံဆိပ်ပြားသည် နစ်ဝင်သွားပြီး အက်ကွဲကြောင်းများ ပင့်ကူအိမ်သဖွယ် ဖြာထွက်သွားလေတော့သည်။