~ဆုမို မော့ကြည့်လိုက်သောအခါ မြို့စားအိမ်တော်၏ ခေါင်မိုးပေါ်တွင် လူလတ်ပိုင်း တစ်ယောက် မတ်တတ်ရပ်နေသည်ကို တွေ့လိုက်ရ၏။
လက်နှစ်ဖက်ကို နောက်သို့ပစ်ထားပြီး စူးရှသော မျက်ဝန်းများဖြင့် အာဏာစက် ပြင်းထန်သော အငွေ့အသက်များကို ထုတ်လွှတ်နေ၏။
သူ ခေါင်မိုးပေါ်တွင် ရပ်နေရခြင်းမှာ အထက်စီးမှ ဆက်ဆံချင်သောကြောင့် မဟုတ်ပေ။
အဓိက အကြောင်းရင်းမှာ တံခါးဝတွင် လူအုပ်ကြီး များပြားလွန်းနေသောကြောင့် ဖြစ်သည်။ သူ၏ လက်အောက်ငယ်သားများနှင့် ရောနှောပြီး တိုးဝှေ့နေလျှင် သိက္ခာကျမည် မဟုတ်ပါလော။
ထို့ကြောင့် ခေါင်မိုးပေါ်သို့ ခုန်တက်ပြီး မည်သူက လာရောက် ရမ်းကားနေသလဲ ဆိုသည်ကို စောင့်ကြည့်နေခြင်း ဖြစ်သည်။
ဆုမိုက ထိုလူကို တစ်ချက် ဝေ့ကြည့်လိုက်သည်။
“ခင်ဗျားက ကျိုးချင်ချွမ် လား...”
“ကျုပ်ပဲ... ခင်ဗျားက ဘယ်သူလဲ...”
“ဇီယန်အာမခံဌာန.. ဆုမို ”
“ဘာ...”
ကျိုးချင်ချွမ် အံ့အားသင့်သွားသည်။ သူ၏ မျက်နှာပေါ်တွင် ထိတ်လန့်တုန်လှုပ်သော အရိပ်အယောင်များ တရိပ်ရိပ် ဖြတ်ပြေးသွား၏။
လူတစ်ယောက်၏ နာမည်ကျော်ကြားမှုသည် သစ်ပင်၏ အရိပ်နှင့်တူသည် မဟုတ်ပါလော။
ဆုမိုသည် ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် နာမည်ကျော်ကြားခဲ့ပြီး အနောက်တောင်ပိုင်း သိုင်းလောက တစ်ခုလုံးကို လောကကို ကိုင်လှုပ် သွားစေခဲ့သူ ဖြစ်သည်။
သူ၏ သိုင်းပညာသည် မျိုးဆက်သစ် လူငယ်များထဲတွင် ထိပ်တန်းဟု သတ်မှတ်ခံထားရ၏။
ထို့အပြင် သူ၏ သိုင်းပညာကို ခဏထားလိုက်ဦး... ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် သူ လုပ်ဆောင်ခဲ့သော ကိစ္စများကြောင့် အနောက်တောင်ပိုင်း သိုင်းလောကတစ်ခုလုံးမှ လူမည်မျှ သူ့အပေါ် ကျေးဇူးတင်နေကြသနည်း။
အခြားသူများကို ထားလိုက်... ယွီလျိုစံအိမ် မှ လျူဆွေဖုန်း တစ်ယောက်တည်းကို တွေးကြည့်လိုက်လျှင်ပင် လုံလောက်နေချေပြီ။
လျူဆွေဖုန်း ဆိုသည်မှာ ဘယ်လို ပုဂ္ဂိုလ်မျိုးတဲ့လဲ။
လော့ဖုန်း မဟာမိတ်အဖွဲ့ ပင်လျှင် သူ့ကို မျက်နှာသာ ပေးရ၏။ ဆုမိုက လျူဆွေဖုန်း၏ အသက်သခင် ကျေးဇူးရှင် ဖြစ်နေသည် မဟုတ်ပါလော။
မူလက ကျိုးချင်ချွမ်သည် ဆုမိုကို အညတရ တစ်ယောက်ဟု ထင်မှတ်ခဲ့သည်။ လော့ဖုန်း အမိန့်ပြား တစ်ခုခုကို ကောက်ရပြီး လာရောက် ကံစမ်းနေသူဟု ထင်ခဲ့သည်။
သို့သော် မထင်မှတ်ဘဲ ဤမျှ ပြဿနာ ကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေရ၏။
ရုတ်တရက် သူသည် ဖိအားများစွာ ခံစားလိုက်ရ၏။
သို့သော် ဆုမိုက သူ့အတွေးများကို ဂရုမစိုက်ပေ။ ခပ်ဟဟ ရယ်လိုက်သည်။
“မြို့စားမင်းကျိုး... ဒီမှာ လူတစ်ယောက် ပါလာတယ်... ခင်ဗျား ကြည့်လိုက်ပါဦး...”
“လူတစ်ယောက် ဟုတ်လား...”
ကျိုးချင်ချွမ် မျက်နှာ၌အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ လျူဆွေဖုန်းများ ပါလာသလားဟု တွေးလိုက်မိ၏။
ဘာတွေ ဖြစ်ကုန်တာလဲ။
သူ ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် ဆုမို၏ နောက်ဘက် မလှမ်းမကမ်းမှ လူကောင်ကြီးတစ်ယောက်သည် မြင်းပေါ်တွင် တင်ထားသော လူတစ်ယောက်ကို ဆွဲမလိုက်ပြီး လက်ကောက်ဝတ်ကို ဝှေ့ယမ်းကာ ပစ်လိုက်သည်ကို တွေ့လိုက်ရ၏။
ထိုလူသည် သွေးသံရဲရဲဖြင့် သေလုမျောပါး ဖြစ်နေ၏။
လူကောင်ကြီး၏ လက်ထဲမှ လွတ်ထွက်လာသော ထိုလူသည် ကျိုးချင်ချွမ် ရှိရာသို့ အဟုန်ပြင်းစွာ ပျံသန်းလာသည်။
လေတိုးသံများ ဝှီး ခနဲ မြည်ဟည်းနေပြီး ပါဝင်သော ခွန်အားမှာ မသေးလှပေ။
ကျိုးချင်ချွမ် အငိုက်မိသွားသော်လည်း လက်နှစ်ဖက်ကို ချက်ချင်း ဆန့်ထုတ်ကာ ထိုလူ၏ ပခုံးများကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက် လက်များကို ကြက်ခြေခတ် ယှက်နွှယ်လိုက်ပြီး လေထဲတွင် တစ်ပတ် လှည့်စေကာ ပါလာသော အရှိန်ကို စနစ်တကျ ချေဖျက်လိုက်သည်။
ဖမ်းမိလိုက်သော လူကို အသေအချာ ကြည့်လိုက်သောအခါ အသက်ငွေ့ငွေ့သာ ကျန်တော့ကြောင်း တွေ့ရ၏။ အဝတ်အစားများ စုတ်ပြတ်သတ်နေပြီး အသားစများ လန်ထွက်ကာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေ၏။
မျက်နှာကိုပင် သဲသဲကွဲကွဲ မမြင်ရတော့ပေ။
ခဏမျှ သူ ကြောင်သွားပြီး...
“ခေါင်းဆောင်ဆု... ဒါ ဘာသဘောလဲ... ဒီလူက ဘယ်သူလဲ...”
“ကျုံးဖူမြို့ အရှေ့ဘက် မိုင် (၁၀၀) အကွာမှာ ရွာတစ်ရွာ ရှိတယ်... အဲဒီရွာက ခင်ဗျားရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိတယ် မဟုတ်လား...”
ဆုမိုက မေးခွန်းကို တိုက်ရိုက် မဖြေဘဲ တခြားစကား လှည့်ပြောလိုက်သည်။
“ဒါပေါ့... ရှိတာပေါ့...”
ကျိုးချင်ချွမ် မငြင်းရဲပေ။ အကယ်၍ သူသာ ခေါင်းခါလိုက်လျှင် ဝေရူဟန် က ဒါ သူ့နယ်မြေပါ ဟု ဝင်ပြောလာလိမ့်မည်။
“အဲဒီရွာက လူတွေ တစ်ညတည်းနဲ့ အကုန် အသတ်ခံလိုက်ရတယ်... ဒီကလေးတစ်ယောက်ပဲ အသက်ရှင် ကျန်ရစ်ခဲ့တာ... သူလည်း နှလုံးကြောမှာ ဒဏ်ရာအပြင်းအထန် ရထားပြီး သေလုနီးပါး ဖြစ်ခဲ့ရတယ်...”
ဆုမို ဆက်ပြောလိုက်သည်။ ကျိုးချင်ချွမ်၏ အကြည့်များက ဆုမို၏ ရင်ခွင်ထဲမှ ကလေးဆီသို့ ရောက်သွားသည်။
အစကတည်းက ကလေးကို သတိထားမိသော်လည်း ဘာကြောင့် ခေါ်လာမှန်း မသိခဲ့ပေ။
ယခု ကြားလိုက်ရသောအခါ သူ့နဖူးမှ ချွေးစေးများ စီးကျလာသည်။
သူ ကပျာကယာ ပြန်ပြောလိုက်သည်။
“ခေါင်းဆောင်ဆု... ကျုပ်စကား နားထောင်ပါဦးဗျာ...”
သို့သော် ဆုမိုက နားထောင်လိုစိတ် မရှိပေ။
“လူသတ်သမားတွေက အနောက်ဘက် ဝူရှန်ခန်းမ ကလာတဲ့ ကွမ်ချွမ်း တစ္ဆေငါးကောင် ပဲ... ခင်ဗျားလက်ထဲက လူက အဲဒီ တစ္ဆေငါးကောင်ထဲက တစ်ကောင်ပဲ...”
“ကျုပ် ခင်ဗျားကို မေးချင်တယ်... ဒီလူတွေ ကျုံးဖူမြို့နယ်မြေထဲ ဝင်လာတာကို ခင်ဗျား လုံးဝ မသိလိုက်ဘူးလား...”
ထိုအချိန်တွင် မြို့စားအိမ်တော်ရှေ့၌ စုဝေးနေသော ပြည်သူများသည် အဘယ်ကြောင့် ဤလူစု ရောက်ရှိလာပြီး ပြဿနာရှာနေရသနည်း ဆိုသည်ကို နားလည်သွားကြ၏။
သူတို့ ကျုံးဖူမြို့နယ်မြေထဲတွင် ရက်စက်ကြမ်းကြုတ်သော လူသတ်ပွဲကြီး ဖြစ်ပွားခဲ့သည်ကို လက်ပိုက်ကြည့်မနေနိုင်ဘဲ တရားမျှတမှုကို လာရောက် တောင်းဆိုနေခြင်း ဖြစ်သည်ကိုး။
ချက်ချင်းပင် အားလုံး၏ အကြည့်များက ကျိုးချင်ချွမ်ထံသို့ ရောက်ရှိသွားကြ၏။
ကျိုးချင်ချွမ်၏ မျက်နှာ ကွက်ခနဲ ပျက် သွားသည်။ ဆုမိုသည် လော့ဖုန်း မဟာမိတ်အဖွဲ့ဝင် မဟုတ်သဖြင့် သူ့ကိစ္စ မဟုတ်ကြောင်း ငြင်းဆိုရန် ကြံရွယ်လိုက်သည်။
သို့သော် ဆုမိုသည် လော့ဖုန်း အမိန့်ပေး တံဆိပ်ပြား ကို ကိုင်ဆောင်လာခဲ့သည်။
လော့ဖုန်း အမိန့်၏ အာဏာသည် ကြီးမားနိုင်သလို သေးငယ်နိုင်သည်။ သို့သော် ဝေရူဟန် အသက်ရှင်နေသရွေ့ ဝေ တံဆိပ်ပြားသည် အခြား တံဆိပ်ပြားများနှင့် မတူဘဲ အဆင့်အတန်း တစ်ခု ရှိနေ၏။
သာမန်အားဖြင့် တံဆိပ်ပြားတစ်ခုတည်းနှင့် အခြား မဟာမိတ်ခေါင်းဆောင်များကို အမိန့်ပေး၍ မရနိုင်သော်လည်း...
ပြဿနာက... ပထမအချက်၊ ဒါက ဝေတံဆိပ်ပြား ဖြစ်နေ၏။ ဒုတိယအချက်၊ ပါဝင်ပတ်သက်နေသူက ဆုမို ဖြစ်နေ၏။ တတိယအချက်၊ ဖြစ်ပျက်ခဲ့သော ကိစ္စက ဆိုးရွားလွန်းနေ၏။
ဒီအချိန်မှာ သူ့အနေနှင့် ပြန်ဖြေဖို့မှတပါး ရွေးချယ်စရာ မရှိတော့ပေ။
သူ အံကို ကြိတ်လိုက်ပြီး...
“ဒီကိစ္စကို... ကျုပ် ဘာမှ မသိဘူး...”
“မိုက်ရိုင်းလှချည်လား...”
ဆုမို ရုတ်တရက် ဒေါသပေါက်ကွဲကာ ဟိန်းဟောက် လိုက်သည်။
“လော့ဖုန်း မဟာမိတ်အဖွဲ့က မြို့လေးမြို့၊ မြစ်သုံးစင်း၊ ပင်လယ်အော်နှစ်ခု ကို အုပ်ချုပ်ပြီး ပြည်သူတွေကို စောင့်ရှောက်နေတာ...”
“ခင်ဗျားက မြို့စားတစ်ယောက် အနေနဲ့... ကွမ်ချွမ်း တစ္ဆေငါးကောင်လို လူစားမျိုးတွေ နယ်မြေထဲ ဝင်လာတာကိုတောင် အရိပ်အယောင်လောက်တောင် မသိဘူး ဟုတ်လား...”
“ဒါကြောင့် အပြစ်မဲ့တဲ့ ပြည်သူတွေ သွေးမြေကျပြီး သေဆုံးခဲ့ရတာပေါ့...”
“ကျိုးချင်ချွမ်... ခင်ဗျား အပြစ်ကို ဝန်ခံမလား...”
“လွန်လွန်းနေပြီ... ငါ့မှာ အပြစ်ရှိတယ် ဆိုဦးတော့... အာမခံဌာနတစ်ခုက ခေါင်းဆောင်လောက်ကများ ငါ့ကို လာပြီး စစ်ဆေးမေးမြန်းရဲတယ်ပေါ့...”
ကျိုးချင်ချွမ်၏ ရင်ထဲတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေ၏။ ဆုမိုက သူ့ကို အရေးယူရန် အကြောင်းပြချက် ရှာနေမှန်း သိလိုက်သည်။
ဝေတံဆိပ်ပြားကို ကိုင်ဆောင်ထားခြင်းက ဝေရူဟန်နှင့် ဆက်ဆံရေး မရိုးကြောင်း ပြသနေ၏။
ယခု ဝေရူဟန်က ဝေဇီယီ ကို လော့ဖုန်း မဟာမိတ်အဖွဲ့ထဲ သွတ်သွင်းနေချိန်ဖြစ်ရာ ဆုမိုက ဒါကို အခွင့်ကောင်းယူပြီး ဝေဇီယီအတွက် လမ်းရှင်းပေးနေခြင်း ဖြစ်တန်ရာ၏။ ပြိုင်ဘက်များကို ဖယ်ရှားပေးနေခြင်း ပေတည်း။
“ဟား... ဟား... ဟား...”
ဆုမိုက မိုးမွှန်အောင် ရယ်လိုက်သည်။
“ဒီနေ့ ကျွန်တော့်လက်ထဲမှာ လော့ဖုန်း အမိန့် ရှိနေလို့ လော့ဖုန်း မဟာမိတ်အဖွဲ့ ကိစ္စကို ဝင်ပါခွင့်ရှိတာ ထားလိုက်ဦး...”
“ဒီတံဆိပ်ပြား မပါရင်တောင်မှ... လောကကြီးရဲ့ အရေးကိစ္စဆိုတာ အားလုံးနဲ့ သက်ဆိုင်တယ်ဗျ... ခင်ဗျားက မဟာမိတ်ခေါင်းဆောင် တစ်ယောက်အနေနဲ့ ကိုယ့်တာဝန်ကို ပေါ့လျော့တယ်... မဟာမိတ်အဖွဲ့ တိုးတက်ဖို့လည်း မလုပ်ဘူး... ပြည်သူတွေရဲ့ အကျိုးကိုလည်း မကြည့်ဘူး... ကိုယ့်အုပ်ချုပ်မှုအောက်က ပြည်သူတွေ ရက်ရက်စက်စက် အသတ်ခံရတာကိုတောင် ဘာမှ မသိဘူးတဲ့လား...”
“တကယ့်ကို ရယ်စရာ ကောင်းလိုက်တာ...”
“ခင်ဗျားလို ခေါင်းဆောင်မျိုး ရှိနေတာထက် မရှိတာကမှ ပိုကောင်းဦးမယ်...”
စကားဆုံးသည်နှင့် သူသည် အရိပ်တခု ပျံတက် သကဲ့သို့ ခုန်တက်လိုက်ပြီး ကျိုးချင်ချွမ် ရှိရာသို့ တစ်ဟုန်ထိုး ပျံသန်းသွားသည်။
ကျိုးချင်ချွမ်သည် အသင့်ပြင်ထားပြီးသား ဖြစ်သည်။ ဒီအခြေအနေ ရောက်မှတော့ တိုက်ခိုက်ဖို့ပဲ ရှိတော့သည်ကို သူ သိသည်။ ချက်ချင်းပင် လက်ဝါးနှစ်ဖက်ကို ဆန့်ထုတ်ပြီး ဦးအောင် တိုက်ခိုက်လိုက်တော့၏။
သို့သော် ဆုမိုက မိမိ၏ လက်ဝါးချက်များကို ဂရုမစိုက်ဘဲ အထိခံလိုက်သည်ကို တွေ့လိုက်ရ၏။ လက်ဝါးများ ဆုမို၏ ကိုယ်ပေါ်သို့ ကျရောက်သွားသော်လည်း သံတုံးကို ရိုက်မိသကဲ့သို့ ခံစားလိုက်ရ၏။ ဆုမိုက မတုန်မလှုပ် ရှိနေသော်လည်း သူ့လက်မောင်းများမှာမူ ပြန်ကန်အားကြောင့် တုန်ခါသွားရ၏။
သွေးများ နှလုံးဆီသို့ ပြန်စီးဆင်းသွားပြီး ရင်ဘတ်အောင့်သွားသည်။ ထိုစဉ်မှာပင် ကောင်းကင်ကို ဖုံးလွှမ်းသွားသကဲ့သို့ ကြီးမားသော လက်ဝါးကြီးတစ်ခု သူ့မျက်နှာဆီသို့ တိုးဝင်လာသည်ကို မြင်လိုက်ရ၏။
ခေါင်းထဲတွင် ဝုန်း ခနဲ မြည်ဟည်းသွားပြီးနောက်... ကျိုးချင်ချွမ် ဘာမှ မသိတော့ပေ။
အောက်မှ ကြည့်နေသူများ မြင်လိုက်ရသည်မှာ... ဇီယန်ဂိုဏ်းချုပ် ဆုမိုသည် လေပေါ်သို့ ပျံတက်သွားပြီး ကျိုးချင်ချွမ်၏ လက်ဝါးချက်များကို ကြံ့ကြံ့ခံကာ ပြန်လည် တိုက်ခိုက်လိုက်ခြင်း ဖြစ်သည်။ ဆုမို၏ လက်ဝါးချက်သည် ကျိုးချင်ချွမ်၏ ဦးခေါင်းကို ရိုက်ချလိုက်ရာ ဦးနှောက်များ ပွင့်ထွက်သွားပြီး ပွဲချင်းပြီး သေဆုံးသွားလေတော့၏။
ထို့နောက် ဆုမိုသည် ခေါင်မိုးစွန်းကို ခြေဖျားဖြင့် တို့ထိပြီး မြို့စားအိမ်တော်ရှေ့သို့ ပြန်လည် သက်ဆင်းလာသည်။ အမတ်လျို၏ လက်ထဲမှ လော့ဖုန်း အမိန့် တံဆိပ်ပြားကို ပေါ့ပါးစွာ ပြန်လည် ယူဆောင်လိုက်သည်။
အမတ်လျို၏ မျက်နှာမှာ သွေးဆုတ်ပြီး ဖြူဖပ်ဖြူရော် ဖြစ်နေ၏။
“မင်း... မင်း...”
သို့သော် ဆုမိုက သူ့ကို တစ်ချက်ကလေးမျှ လှည့်မကြည့်တော့ပေ။ ကျန်းရှောင်ရှောင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။
“သွားကြစို့...”
ကျန်းရှောင်ရှောင်က သွားဖြဲကာ ရယ်လိုက်ပြီး လူအုပ်ကြီးကို တွန်းထုတ်ကာ လမ်းရှင်းပေးလိုက်သည်။
သူတို့နှစ်ဦး နောက်သို့ ချာခနဲ လှည့်ထွက် လိုက်ချိန်တွင် အဝေးမှ အသံတစ်သံ ပဲ့တင်ထပ်လာလေ၏။
“ဘယ်သူကများ ကျုံးဖူမြို့စားအိမ်တော်မှာ ဒီလောက်တောင် ရမ်းကားရဲရတာလဲကွ...”