~“ဘယ်သူကများ ကျုံးဖူမြို့ မြို့စားအိမ်တော်မှာ ဒီလောက်တောင် ရမ်းကားရဲရတာလဲကွ...”
အဝေးမှ ပျံ့လွင့်လာသော ထိုအသံကြောင့် မြင်းပေါ်တက်ရန် ပြင်နေသော ဆုမို၏ ခြေလှမ်းများ တုံ့ခနဲ ရပ်တန့်သွားသည်။
ခဏအကြာတွင် လူရိပ်အချို့ သူတို့ရှေ့သို့ ခုန်ပျံ ရောက်ရှိလာကြ၏။
ထိုအထဲမှ တစ်ယောက်သည် ခေါင်မိုးပေါ်တွင် သေဆုံးနေသော ကျိုးချင်ချွမ် ကို လှမ်းမြင်လိုက်ပြီး မျက်နှာ ကွက်ခနဲ ပျက် သွားသည်။
နောက်တစ်ယောက်ကမူ ဆုမိုကို မြင်လိုက်သည်နှင့် မျက်လုံးသူငယ်အိမ် ကျဉ်းမြောင်းသွားပြီး ခေါင်းဆောင်ဖြစ်သူ၏ နားနားသို့ ကပ်ကာ တီးတိုး မသိမသာ ရေရွတ် လိုက်သည်။
ခေါင်းဆောင် စကားမပြောရသေးမီမှာပင် နောက်ထပ် သတင်းတစ်ခုကို ကပျာကယာ လာရောက် ပေးပို့ကြပြန်သည်။
ဆက်တိုက် ကြားနေရသော သတင်းဆိုးများကြောင့် ခေါင်းဆောင်၏ မျက်နှာထားမှာ အမျိုးမျိုး ပြောင်းလဲနေ၏။
ခဏမျှ စဉ်းစားပြီးနောက် သူ စကားစပြောရန် ပြင်လိုက်စဉ်မှာပင် ဆုမိုက ဦးအောင် ဖြတ်ပြောလိုက်သည်။
“ခင်ဗျားက ကျုံးဖူမြို့ ဒုတိယမြို့စား ချီလု လား...”
“...ဟုတ်ပါတယ်...”
ချီလုသည် အချိန်ဆွဲမနေရဲဘဲ ကပျာကယာ လက်သီးဆုပ် အရိုအသေ ပြုလိုက်သည်။
ဒီနေ့ သူ သတင်းရထားသည်မှာ... လော့ဖုန်း အမိန့် အား ကိုင်ဆောင်ထားသူ တစ်ယောက် မြို့စားအိမ်တော်သို့ ရောက်လာပြီး ကျိုးချင်ချွမ်ကို တွေ့ခွင့်တောင်းနေသည် ဟူ၍ပင်။
ရှင်းနေသည်ပဲ... လာသည့် လူက ကောင်းသော ရည်ရွယ်ချက်နှင့် လာတာ မဟုတ်ချေ။
မြို့စားနှင့် ဒုတိယမြို့စား ရာထူးချင်း တူသည်ဟု ဆိုရသော်လည်း သူတို့ နှစ်ဦးကြားတွင် အဖုအထစ် ရှိနေသည်မှာ ကြာပြီ ဖြစ်၏။
ကျိုးချင်ချွမ် ကံဆိုးမိုးမှောင်ကျသည်ကို မြင်ချင်လွန်းသဖြင့် ချီလုသည် ပွဲကြည့်ရန် တဟားဟား ကြိတ်ရယ်ကာ ရောက်ချလာခြင်း ဖြစ်သည်။
သူ့စကားလုံးတွေက ပြင်းထန်ကောင်း ပြင်းထန်လိမ့်မည်။ သို့သော် တကယ်တမ်းတွင် သူသည် မီးလောင်ရာ လေပင့်ပြီး ပြဿနာ ပိုကြီးသွားအောင် လုပ်ချင်နေသူသာ။
သို့သော် ဒီနေ့ ပြဿနာက သူ ထင်ထားတာထက် အများကြီး ပိုကြီးနေ၏။
လော့ဖုန်း အမိန့် ကိုင်ဆောင်ထားသူက လော့ရှားမြို့၊ ဇီယန်အာမခံဌာန က ဆုမိုတဲ့လား...။
ချီလုသည် ဆုမိုနှင့် လူချင်း မရင်းနှီးသော်လည်း သတင်းစကားများတော့ အများကြီး ကြားဖူးသည်။
လူတိုင်းက ဆုမိုကို ရွှမ်ကျီတောင်ကြား တိုက်ပွဲတွင် အခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့သူ၊ သိုင်းပညာ အထွတ်အထိပ် ရောက်နေသူဟု အသိအမှတ်ပြုထားကြ၏။
သို့သော် ချီလု သိထားသည်က... ဆုမိုတွင် ပြိုင်ဘက်ကင်း သိုင်းပညာ ရှိရုံသာမက၊ သူ့၏ ဉာဏ်နီဉာဏ်နက်နှင့် စနစ်တကျ အကွက်ဆင်တတ်ပုံကလည်း ခန့်မှန်းရခက်လွန်းလှသည် ဟူ၍ပင်။
ခုနစ်ပါး အစွန်းရောက် ခန်းမ ၏ ခန်းမသခင်ကြီး ဖုန်းဝူရှန်သည် အာမခံပစ္စည်း လုယူမှုတစ်ခုနှင့် ပတ်သက်ပြီး ဆုမိုနှင့် ပြဿနာတက်ခဲ့ဖူးသည်။ လော့ရှားမြို့အထိ သွားပြီး ဆုမိုကို ရန်ရှာခဲ့၏။
မထင်မှတ်ထားသည်မှာ... ဆုမိုသည် စကားလုံး အနည်းငယ်ဖြင့် ဖုန်းဝူရှန်ကို ပြန်လွှတ်လိုက်နိုင်ရုံသာမက၊ ခန်းမသခင်များအကြား သွေးကွဲအောင်လည်း လုပ်ဆောင်နိုင်ခဲ့သည်။
လော့ရှားမြို့ပြင်တွင် ဖြစ်ပွားခဲ့သော ပရမ်းပတာ တိုက်ပွဲအပြီး၌ ခုနစ်ပါး အစွန်းရောက် ခန်းမ သည် သိုင်းလောကမှ ရုတ်ချည်း ပျောက်ကွယ် သွားခဲ့ရ၏။
ကောလာဟလတွေအရတော့ ဆုမိုက သဘောထားကြီးစွာဖြင့် ဖုန်းဝူရှန်နှင့် (၃) ကွက် ယှဉ်ပြိုင်ရန် သဘောတူခဲ့ပြီး တစ်ကွက်တည်းနှင့် အနိုင်ယူလိုက်သည် ဟု ဆိုကြ၏။
ဒါပေမဲ့ ချီလု အမှန်အတိုင်း သိပါသည်။ ဒါက မဟာမိတ်ခေါင်းဆောင်ကြီးက သူ့လူကို ကောင်းသတင်း ထွက်စေချင်၍ တမင် လွှင့်ထားသော သတင်းတွေပင်။
တကယ့် အမှန်တရားကတော့... ဆုမိုရဲ့ ရက်စက်ပြတ်သားသည့် နည်းဗျူဟာတွေကြောင့် ခုနစ်ပါး အစွန်းရောက် ခန်းမ ပြိုကွဲသွားခဲ့ရခြင်းပင်။ သူ့နာမည်ဂုဏ်သတင်း တက်လာပြီး ဟိုဘက်ကတော့ ပြာကျသွားခဲ့ရသည်လေ။
ထိုသို့သော ပုဂ္ဂိုလ်မျိုးသည် ယခု ကျုံးဖူမြို့သို့ ရောက်ရှိနေပြီ ဖြစ်၏။ ထို့အပြင် ကျိုးချင်ချွမ်ကိုလည်း လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်။
သူသာ စိတ်ဆန္ဒရှိပါက... မိမိကိုလည်း လက်ဝါးတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်စွမ်း ရှိသည် မဟုတ်ပါလား။
မဟာမိတ်ခေါင်းဆောင် ဝေရူဟန် ပေးအပ်ထားသော လော့ဖုန်းအမိန့်ကို ကိုင်ဆောင်ထားသည်ဖြစ်ရာ... ဆုမို၏ လုပ်ရပ်များက အကြောင်းပြချက် အပြည့်အဝ ခိုင်လုံနေပြီ ဖြစ်တော့၏။
ချီလု၏ ရင်ထဲတွင် နှလုံးခုန်သံများ မြန်ဆန်လာပြီး စိတ်နှလုံး လေးလံသွားရ၏။
“ကောင်းပြီ...”
ဆုမို ခေါင်းငြိမ့်လိုက်သည်။
“ကျွန်တော်လည်း ခင်ဗျားကို လိုက်ရှာဖို့ ကြံနေတာ... အခုတော့ လူကိုယ်တိုင် ရောက်လာပြီပေါ့...”
“ခေါင်းဆောင်ဆု ရောက်လာတာက ကွမ်ချွမ်း တစ္ဆေငါးကောင်.. ကျုပ်တို့ နယ်မြေထဲ ဝင်ပြီး ကျူးလွန် စော်ကားသွားတဲ့ ကိစ္စကြောင့်လား...”
ချီလုက ကပျာကယာ ဝင်ပြောလိုက်သည်။
“ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျုပ်.., ကျိုးချင်ချွမ်ကို အကြိမ်ကြိမ် သတိပေးခဲ့ပါသေးတယ်... ဒါပေမဲ့ သူက နားမထောင်ခဲ့ဘူး... ကျုပ်လက်အောက်မှာလည်း အရည်အချင်းရှိတဲ့လူ မရှိတော့ လွှတ်လိုက်တဲ့ လူတွေအကုန်လုံး အဲဒီ တစ္ဆေငါးကောင် လက်ချက်နဲ့ သေကုန်ကြတယ်...”
“ကျုပ် ကိုယ်တိုင် သွားဖမ်းဖို့ ကြံနေတုန်း အခုလို ဖြစ်သွားတာပါ...”
“ခုနလေးတင် ကျုပ်လူတွေက သတင်းလာပို့ကြတယ်... တစ္ဆေငါးကောင်ကြောင့် ပျက်စီးသွားတဲ့ အခြေအနေတွေကို ပြောပြကြတယ်... ကျုပ်.. ချီလု .. နောက်ကျသွားခဲ့ပြီ ဆိုပြီး နောင်တရနေတာပါ...”
“ခေါင်းဆောင်ဆု... ခင်ဗျားရဲ့ မေးခွန်းထုတ်မှုတွေက တရားမျှတပါတယ်ဗျာ...”
“ကျုပ်.. ချီလုမှာ အပြစ်ရှိပါတယ်”
ဆုမို၏ မျက်ခုံးများ အနည်းငယ် ပင့်တက်သွားသည်။ ချီလု ပြောသမျှ တစ်ခွန်းမှ မယုံပေ။
သို့သော် တစ်ခါတစ်ရံတွင် လူတွေ.. ဘာတွေးသလဲ ဆိုတာ အရေးမကြီးပေ။ အရေးကြီးသည်မှာ ဘာပြောသလဲ ဆိုတာသာ။
ဒီနေ့ ဖြစ်ပျက်ခဲ့သည့် ထူးခြားသော အခြေအနေအရ... ချီလုရဲ့ ဝန်ခံစကားတွေက ကျုံးဖူမြို့ တစ်မြို့လုံးကို ပျံ့နှံ့သွားမှာ သေချာသည်။ ကြာလာလျှင် လော့ဖုန်း မဟာမိတ်အဖွဲ့ တစ်ခုလုံး သိကုန်ကြလိမ့်မည်။
ဆုမိုသည် အတွေးနက်နေသော ပုံစံဖြင့် ခဏငြိမ်နေပြီးမှ ရုတ်တရက် ခေါင်းငြိမ့်လိုက်၏။
“ဆက်လုပ်ပါ...”
စကားဆုံးသည်နှင့် တစ်ပြိုင်နက် သူသည် လက်ထဲမှ ပစ္စည်းတစ်ခုကို ပေါ့ပါးစွာ ပစ်လိုက်သည်။
ချီလုသည် ဝှီး ခနဲ လေတိုးသံကို ကြားလိုက်ရပြီး မော့ကြည့်လိုက်ရာ တံဆိပ်ပြားတစ်ခု မိမိဆီသို့ ပျံဝဲလာသည်ကို တွေ့လိုက်ရ၏။
သူသည် လက်နှစ်ဖက်ဖြင့် ဖမ်းယူရန် ကပျာကယာ ပြင်ဆင်လိုက်သည်။ သို့သော် တံဆိပ်ပြားတွင် ပါဝင်သော ခွန်အားသည် ကြီးမားလွန်းလှသဖြင့် ထိမိလိုက်သည်နှင့် ဓာတ်လိုက်သကဲ့သို့ ခံစားလိုက်ရ၏။
သူ၏ လက်ဝါးများတွင် ချီ စွမ်းအင်များကို စုစည်းပြီး ခုခံသော်လည်း နောက်သို့ ခြေလှမ်းများစွာ ဆုတ်ခွာသွားရ၏။
သူ့ဘေးနားရှိ သိုင်းပညာရှင်အချို့က ဝင်ရောက် ကူညီကြ၏။
နှစ်ယောက်ပေါင်းတာတောင် အရှိန်ကို မထိန်းနိုင်။ နောက်ထပ် လူများ ဝင်ကူကြရာ (၅) ယောက်၊ (၆) ယောက် တန်းစီပြီး တွန်းကန်ထားရ၏။ သုံးကိုက်ကျော်လောက် နောက်ဆုတ်သွားပြီးမှ တံဆိပ်ပြားကို လက်ထဲတွင် မြဲမြံစွာ ဆုပ်ကိုင်နိုင်လိုက်ကြ၏။
မော့ကြည့်လိုက်သောအခါ မြင်းခွာသံများ အဝေးသို့ ပျောက်ကွယ်သွားပြီ ဖြစ်သည်။ အသံတစ်သံသာ လေထဲတွင် ပဲ့တင်ထပ် ကျန်ရစ်ခဲ့သည်။
“ပထမအချက်... အလောင်းကို ချက်ချင်း ရှင်းလင်းခိုင်းလိုက်ပါ...”
“ဒုတိယအချက်... (၇) ရက်အတွင်း ဒီတံဆိပ်ပြားကို ယူပြီး လော့ရှားမြို့ ကို လာခဲ့... မဟာမိတ်ခေါင်းဆောင် ဝေရူဟန် ဆီမှာ အပြစ်သွားတောင်းပါ...”
“ခင်ဗျားသာ ဝေရူဟန်ဆီမှာ ဖြေရှင်းချက် မပေးနိုင်ရင်... ကျွန်တော် ကိုယ်တိုင် ပြန်လာပြီး ခင်ဗျားဆီက ဖြေရှင်းချက် လာတောင်းမယ်...”
ချီလုသည် ငူငူကြီး ဖြစ် နေပြီး တံဆိပ်ပြားကို ဆုပ်ကိုင်လျက် ဆုမိုတို့ ထွက်ခွာသွားရာ လမ်းဘက်သို့ မမှိတ်မသုန်ကြည့် နေမိ၏။
အတော်ကြာမှ သူ သက်ပြင်းချလိုက်သည်။
“ငါ... ငါ အခု ဘာလုပ်ရမလဲ...”
ဘေးနားရှိ လူများက တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေကြ၏။ ဆုမို ပြောသွားသော စကားများက ရှင်းလင်းပြတ်သားလွန်းလှသည်။
ခင်ဗျားသာ ဝေရူဟန်ဆီ မသွားရင်... သူ ပြန်လာမယ်တဲ့။
သူ ကျိုးချင်ချွမ်ကို လာရှာတုန်းက ဘာဖြစ်သွားလဲ... အားလုံး မြင်ပြီးသွားကြပြီ လေ။
ဒါက အတိတ်က သင်ခန်းစာကို ယူပြီး အနာဂတ်အတွက် ပြင်ဆင်ဖို့ သတိပေးလိုက်တာပင်။
ပြီးတော့ ခုနက လော့ဖုန်း အမိန့်ကို ပစ်ပေးလိုက်တာက... သိုင်းပညာ စမ်းသပ်ပြလိုက်ခြင်းပင်။
ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်တာတောင် ဒီလောက် ခွန်အားပါနေသည်...။
ဒီလူရဲ့ သိုင်းပညာက တကယ့်ကို ကြောက်စရာ ကောင်းလွန်း၏။
သူ့စကားကို နားမထောင်ရင်... ဘာဖြစ်မလဲ ဆိုတာ တွေးကြည့်စရာတောင် မလိုတော့ချေ။
သို့သော်၊... သူ့စကားအတိုင်း လုပ်မည် ဆိုလျှင်ရော...
ဝေရူဟန်က သူ့ကို အသက်ရှင်ခွင့် ပေးပါ့မည်လော...။